← Chapters

အခန်း ၂၇

Vol. 3 Ch. 27

အခန်း ၂၇

Vol. 3 Ch. 27

အခန်း (၂၇) ဟန်နီဘယ်၊ ပေါ်ဖိုင်ရီးယား ရောဂါ

ရှေးခေတ်ကာလတွင် လူအများ ရွံရှာကြောက်ရွံ့ကြသော အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် တစ်ခုရှိခဲ့သည်။ ထိုအလုပ်မှာ သေဒဏ်ပေးသည့် ကွပ်မျက်သူပင် ဖြစ်သည်။ ရုပ်ရှင် ဇာတ်လမ်းများထဲတွင် ဓားမကြီးကို ကိုင်ဆောင်ကာ သေဒဏ်ကျခံရမည့် အကျဉ်းသား၏ လည်ပင်းပေါ်သို့ အရက်များ မှုတ်ထုတ်လေ့ရှိသော လူသတ်သမားများ ဖြစ်သည်။

ကွပ်မျက်သူများမှာ ခန္ဓာကိုယ် တောင့်တင်းခိုင်မာပြီး လက်မောင်းအား အလွန်ကောင်းမွန်ကြသည်။ ထိုအလုပ်အကိုင်တွင် ဘေးပေါက်ငွေ ရှာဖွေနိုင်သော နည်းလမ်းအချို့ ရှိနေတတ်သည်။ ကွပ်မျက်သူ အများစုမှာ ငွေကြေးလက်ခံရယူကာ အကျဉ်းသားများကို နာကျင်မှုမရှိဘဲ အမြန်သေဆုံးသွားစေရန် ခုတ်ပိုင်းပေးတတ်ကြသည်။ ငွေမရပါက အားကို လျှော့ချကာ အချက်ပေါင်းများစွာ ခုတ်ပိုင်းမှသာ သေဆုံးစေရန် လုပ်ဆောင်တတ်ကြသည်။

သို့သော် လူသိနည်းလှသော အခြားငွေရှာသည့် နည်းလမ်းတစ်ခုလည်း ရှိနေသေးသည်။ ထိုနည်းလမ်းမှာ စိတ်ပျက်ဖွယ် ကောင်းလှသည်။

"လူသားစားတာပဲ..."

ထိုအချိန်တွင် ဆေးရုံအခန်းထဲ၌ ရွှီရှန်းက လီရှန်းကို မျက်နှာထား လေးလေးနက်နက်ဖြင့် စိုက်ကြည့်နေသည်။ ရွှီရှန်းက စကားလုံး တစ်လုံးချင်းစီကို ပီပြင်ပြတ်သားစွာ ပြောဆိုလိုက်သည်။

"ကွပ်မျက်သူတွေက သေဆုံးခါစ အကျဉ်းသားတွေရဲ့ လည်ပင်းကနေ ထွက်ကျလာတဲ့ သွေးတွေကို သေချာခံယူထားပြီး သူတို့ကို ငှားရမ်းထားတဲ့ အလုပ်ရှင်တွေဆီ သီးသန့် ပြန်လည်ရောင်းချတတ်ကြတယ်..."

"အဲဒီသွေးတွေကို သေဒဏ်ကျ အကျဉ်းသားတွေရဲ့ ဘဝသက်တမ်းကနေ ထွက်ပေါ်လာတဲ့ အနှစ်သာရတွေလို့ သတ်မှတ်ကြတယ်... ဆေးစွမ်းကောင်း တစ်လက်လို သောက်သုံးလိုက်ရင် ရောဂါဘယတွေကို ကုသနိုင်တယ်လို့ ယုံကြည်ကြတယ်..."

"ဒါ့အပြင် လူ့နှလုံး လူ့အဆုတ်နဲ့ ကျောက်ကပ်တွေပါ ပါသေးတယ်..."

"အကျဉ်းသားတွေရဲ့ အလောင်းတွေက မှောင်မိုက်တဲ့ နေရာတစ်နေရာမှာ စဉ်းတီတုံးပေါ်က ဝက်တစ်ကောင်လိုမျိုး ပတ်ဝန်းကျင်က လူတွေ ခွဲဝေယူငင်တာကို ခံကြရတယ်..."

ထိုစကားများကို ကြားလိုက်ရသောအခါ လီရှန်း၏ ရင်ထဲတွင် တဒိတ်ဒိတ် ခုန်သွားကာ ကျောရိုးတစ်လျှောက် အေးစက်သွားသည်။

'လူသားစားတယ်... ဒီအမှုကြီးက ဒီလောက်အထိတောင် အခြေအနေ ဆိုးရွားသွားပြီလား...'

အနောက်နိုင်ငံများတွင် အလွန်နာမည်ကြီးသော ဂျက်ဖရီ လီယွန်နယ် ဒါမာ ၏ လူသားစားသည့် အမှုကြီးကို ယနေ့ထက်တိုင် လူတိုင်း မှတ်မိနေကြဆဲ ဖြစ်သည်။ ကမ္ဘာပေါ်တွင် အဆိုးရွားဆုံးနှင့် အထင်ရှားဆုံးသော ရာဇဝတ်မှုကြီးများထဲမှ တစ်ခုအဖြစ် သတ်မှတ်ထားကြသည်။

ဂျက်ဖရီ လီယွန်နယ် ဒါမာ ဟူသော အမည်နာမကို လူသိပ်မသိနိုင်သော်လည်း ထိုလူသတ်သမားကို အခြေခံ၍ ဖန်တီးထားသော နာမည်တစ်လုံး ရှိနေသည်။ ထိုအမည်မှာ ဟန်နီဘယ် ပင်ဖြစ်သည်။

ယခုအခါ အရှေ့နိုင်ငံတွင် ဤကဲ့သို့သော အမှုမျိုး ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။ လီရှန်း၏ တစ်ကိုယ်လုံးတွင် ချွေးစေးများ ပျံကျလာသည်။ အမှန်တကယ်ပင် အကြောက်တရားကြောင့် ချွေးများ ရွှဲနစ်လာခြင်း ဖြစ်သည်။

လီရှန်း၏ ရင်ထဲတွင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေသည်။ တပ်ခွဲမှူးကြီးသည် လက်ထဲရှိ ဆေးစစ်ချက် အစီရင်ခံစာကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိသည်။ သဲလွန်စများ ရရှိထားပြီး အမှုဖော်ထုတ်နိုင်မည့် အချိန်နှင့် တဖြည်းဖြည်း နီးကပ်လာသော်လည်း လီရှန်း၏ ခန္ဓာကိုယ်ကြီးမှာ မသိမသာ တုန်ယင်နေသည်။

အချိန်အတော်ကြာမှ လီရှန်းမှာ အသိစိတ် ပြန်ဝင်လာသည်။ တပ်ခွဲမှူးကြီးက ခြောက်သွေ့နေသော နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်ပြီး ရွှီရှန်းကို ကြောင်အမ်းအမ်း ကြည့်ကာ စကားဆိုလိုက်သည်။

"ဒါ... သူတို့တွေ တကယ်ကြီး လုပ်နေကြတာလား..."

"လူသတ်ပြီး နှလုံးကိုစားရင်... တကယ် ရောဂါပျောက်နိုင်လို့လား..."

တကယ် ပျောက်ကင်းနိုင်ပါသလား။

"ဘယ်သူ သိနိုင်မှာလဲ..."

ရွှီရှန်းက လက်ယမ်းပြလိုက်သည်။ သို့သော် ရွှီရှန်းက လုံးဝ ငြင်းဆန်လိုက်ခြင်း မရှိဘဲ လီရှန်းကို အမှုတွဲ ဥပမာအချို့ ပြောပြလိုက်သည်။ မှုခင်းအတိုင်ပင်ခံက ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် စကားဆက်ပြောလိုက်သည်။

"ငါးဆယ် ခုနှစ်တွေ ဝန်းကျင်လောက်က... ရောဂါဝေဒနာ ခံစားနေရတဲ့ အရှေ့နိုင်ငံသား တစ်ယောက်ဟာ ဓားတစ်လက်ကို ကိုယ်မှာဆောင်ပြီး ဆင်ဖြူတော်နိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်ခဲ့တယ်... သူမှာ ပြင်းထန်တဲ့ နှလုံးရောဂါ ရှိနေပြီး နေ့စဉ်နဲ့အမျှ ရောဂါဝေဒနာကို ခံစားနေရတယ်... ဆေးကုဖို့လည်း ငွေမရှိခဲ့ဘူး... တစ်နေ့မှာတော့ သူဟာ ကောလာဟလ တစ်ခုကို ယုံကြည်သွားပြီး ရောဂါကုဖို့အတွက် လူသတ်ပြီး နှလုံးကို ခွဲထုတ်ယူငင်ဖို့ ရွေးချယ်ခဲ့တယ်..."

"နှစ်အနည်းငယ် အချိန်အတွင်းမှာပဲ... သူဟာ ကလေးငယ် ရှစ်ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး... နှလုံး အသည်းနဲ့ အဆုတ်တွေကို ခွဲထုတ် စားသောက်ခဲ့တယ်..."

"ဒီအမှုရဲ့ ဆိုးရွားယုတ်မာမှုက ဘယ်လောက်အထိ ကြီးမားလဲဆိုရင်... တရားခံ ဖမ်းဆီးခံရပြီး သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတဲ့ အချိန်မှာတောင်... ရုပ်အလောင်းကို မီးသင်္ဂြိုဟ်ခြင်း မပြုဘဲ မံမီခြောက်အဖြစ် ဖန်တီးပြီး ပြတိုက်မှာ အမြဲတမ်း ပြသထားခဲ့ရတယ်..."

အကြောက်မက်ဖွယ် အကောင်းဆုံး အချက်မှာ လူသတ်သမားက ထိုနည်းလမ်းသည် အမှန်တကယ် ထိရောက်မှုရှိကြောင်း ထွက်ဆိုသွားခြင်းပင် ဖြစ်သည်။ လူသားစားလိုက်တိုင်း လူသတ်သမား၏ ရောဂါဝေဒနာများမှာ သက်သာသွားခဲ့သည်ဟု ဆိုသည်။

သို့သော် ထိုအမှုတွင် သံသယဖြစ်ဖွယ် အချက်များ ရှိနေပြီး သူတစ်ပါးက လုပ်ကြံစွပ်စွဲထားခြင်း ဖြစ်နိုင်ခြေလည်း ရှိနေသည်။ သို့တိုင်အောင် ကမ္ဘာပေါ်တွင် ဤကဲ့သို့သော အမှုမျိုး အမှန်တကယ် တည်ရှိနေကြောင်းကိုမူ ငြင်းပယ်၍ မရနိုင်ချေ။

"အနောက်နိုင်ငံတွေရဲ့ ဒဏ္ဍာရီလာ သွေးစုပ်ဖုတ်ကောင် ဗန်ပိုင်းယားတွေနဲ့... အရှေ့နိုင်ငံ ဒဏ္ဍာရီတွေထဲက သွေးစုပ်ဖုတ်ကောင် ကျန်းရှီတွေ အကြောင်းကို... ခင်ဗျား ကြားဖူးမှာပေါ့..."

"ဒီသတ္တဝါတွေရဲ့ မူလဇာစ်မြစ်က... ပေါ်ဖိုင်ရီးယား လို့ခေါ်တဲ့ ရောဂါတစ်မျိုး ခံစားနေရသူတွေဆီကနေ ဆင်းသက်လာတာ... အဲဒီရောဂါသည်တွေက အလင်းရောင်ကို ကြောက်တယ်... မီးကို ကြောက်တယ်... ကိုယ်ပေါ်က အရေပြားတွေကလည်း လူသေအလောင်းလို ဖြူရော်နေတတ်တယ်... ပြီးတော့ သွေးကို အလွန်အမင်း စွဲလမ်းမက်မောတဲ့ လိုအင်ဆန္ဒ တစ်ခုလည်း ရှိနေတယ်... ရောဂါသည် အတော်များများက လူသတ်ပြီး နစ်နာသူတွေရဲ့ သွေးကို စုပ်ယူသောက်သုံးဖို့ ရွေးချယ်တတ်ကြတယ်..."

ပေါ်ဖိုင်ရီးယား ရောဂါမှာ လက်တွေ့ဘဝတွင် အမှန်တကယ် တည်ရှိနေသော ရောဂါတစ်မျိုး ဖြစ်သည်။ ရောဂါရလာပါက သွေးသောက်ရပြီး ထိုသို့သောက်သည်ကို အခြားသူများ မြင်တွေ့သွားသောအခါ ဒဏ္ဍာရီထဲမှ သွေးစုပ်ဖုတ်ကောင်များ ဖြစ်လာခဲ့ရသည်။ သွေးသောက်ခြင်းက တကယ် အကျိုးရှိပါသလား။ အမှန်တကယ် အကျိုးသက်ရောက်မှု ရှိနေပေသည်။

"ကိုယ်တွင်းအင်္ဂါတွေကို စားသုံးတာက အကျိုးရှိတယ်ဆိုတဲ့ အချက်ကို... သိပ္ပံပညာက လုံးဝ အသိအမှတ် မပြုထားဘူး... လူတိုင်းကလည်း ဒါကို ရှေးရိုးစွဲ အယူသီးမှုတစ်ခု ဆိုးရွားတဲ့ အရာတစ်ခုအဖြစ် တညီတညွတ်တည်း သတ်မှတ်ထားကြတယ်... ဒါပေမဲ့..."

ရွှီရှန်းက ဆေးစစ်ချက် အစီရင်ခံစာ နှစ်စောင်ကို ပြန်လည် သိမ်းယူလိုက်သည်။ ရွှီရှန်းက စာရွက်ပေါ်ရှိ အချက်အလက်များကို တိတ်ဆိတ်စွာ ကြည့်ရှုနေသည်။ လူတစ်ယောက်က ကျောက်ကပ် ပျက်စီးနေပြီး နောက်တစ်ယောက်က နှလုံးရောဂါ ဖြစ်နေသည်။ ဤရောဂါ နှစ်မျိုးစလုံးမှာ ကုသ၍မရနိုင်သော ရောဂါဆိုးကြီးများ မဟုတ်သော်လည်း အောက်ခြေ လူတန်းစားများအတွက်မူ သေမင်းနှင့် တိုက်ရိုက် ရင်ဆိုင်ရမည့် ရောဂါဆိုးကြီးများပင် ဖြစ်သည်။ အကြောင်းရင်းမှာ ငွေကြေး မရှိသောကြောင့် ဖြစ်သည်။

"ဒါပေမဲ့ တပ်ခွဲမှူး လီ... မမေ့ပါနဲ့... ဘယ်လိုလူမျိုးတွေကများ ဒီလို ကောလာဟလတွေကို ယုံကြည်ပြီး... အသက်စွန့် အန္တရာယ်ခံရဲကြမလဲလို့ ခင်ဗျား ထင်လဲ..."

လီရှန်းက ရွှီရှန်းကို စိုက်ကြည့်လိုက်ပြီး ခြောက်သွေ့နေသော နှုတ်ခမ်းများကို အနည်းငယ် လှုပ်ရှားလိုက်ကာ ခါးသက်သက် မျက်နှာထားဖြင့် စကားဆိုလိုက်သည်။

"ထွက်ပေါက် ပိတ်နေတဲ့ လူတွေပေါ့..."

"မှန်ပါတယ်... ထွက်ပေါက် ပိတ်နေတဲ့ သူတွေပါပဲ..."

ရွှီရှန်းက မတ်တပ်ရပ်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။

ဆေးရုံများသို့ သွားရောက် လေ့လာကြည့်မည်ဆိုလျှင် ကုသ၍ မရနိုင်တော့သော ရောဂါသည် အများစု၏ မိသားစုများတွင် အယူသီးမှုများ အနည်းနှင့်အများ ရောနှော ပါဝင်နေတတ်ကြောင်း မြင်တွေ့ရမည် ဖြစ်သည်။ ဥပမာအားဖြင့် ဘုရားကျောင်းများတွင် ယတြာချေခြင်း ဖုန်းရွှေပညာကို ယုံကြည်ခြင်းနှင့် အခြေခံအကျဆုံး အနေဖြင့် ဘာသာရေးကို ယုံကြည်ကိုးကွယ်ကာ ဘုရားသခင်၏ စောင့်ရှောက်မှုကို ဆုတောင်းခြင်းများ ပြုလုပ်တတ်ကြသည်။

"ကျွန်တော်တို့ အရင်က ပြောခဲ့ဖူးသလိုပဲ... လူသတ်ရင် ပေးဆပ်ရမယ့် တန်ဖိုးတစ်ခု ရှိတယ်... အဲဒီတန်ဖိုးကတော့ သေနတ်ကျည်ဆန်ပဲ... ဒီအရာက လူတိုင်းကို ရာဇဝတ်မှု မကျူးလွန်ရဲအောင် ခြိမ်းခြောက် ဟန့်တားထားနိုင်တယ်..."

"ဒါပေမဲ့ လူသတ်သမား ကိုယ်တိုင်က အချိန်တိုင်း အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ် ဆိုရင်ရော... အဲဒီ သေနတ်ကျည်ဆန်က ဘာများ ခြိမ်းခြောက်နိုင်စွမ်း ရှိတော့မှာလဲ..."

ဥပဒေတွင် အရေးယူ၍ မရနိုင်သော လူတန်းစား သုံးမျိုး ရှိသည်။ ပထမ အမျိုးအစားမှာ ကလေးသူငယ်များ ဖြစ်သည်။ ဒုတိယ အမျိုးအစားမှာ သက်ကြီးရွယ်အိုများ ဖြစ်သည်။ တတိယ အမျိုးအစားမှာမူ ကုသ၍ မရနိုင်သော ရောဂါသည်များပင် ဖြစ်သည်။ ကလေးသူငယ်များက ကိစ္စမရှိလှသော်လည်း သက်ကြီးရွယ်အိုများနှင့် ရောဂါသည်များကိုမူ အရေးမယူခြင်း မဟုတ်ဘဲ အရေးယူရန် မဖြစ်နိုင်ခြင်းသာ ဖြစ်သည်။

ထိုလူများအတွက် နောက်ထပ် အချက်တစ်ချက် ထပ်ပေါင်းထည့်လိုက်မည် ဆိုပါစို့။ ဆွေမျိုးသားချင်း မရှိခြင်း မိဘ သားသမီး မရှိခြင်းဆိုသည့် အခြေအနေမျိုးသာ ထပ်တိုးလာမည်ဆိုပါက ထိုလူများ၏ မျက်စိထဲတွင် ဥပဒေဆိုသည်မှာ လုံးဝ အသုံးမဝင်သော အရာတစ်ခု ဖြစ်သွားတော့သည်။ ဥပဒေ၏ အမြင့်ဆုံး ပြစ်ဒဏ်မှာ သေဒဏ်သာ ဖြစ်သည်။

သို့သော် ထိုသူများမှာ မူလကတည်းက သေမင်းနှင့် ရင်ဆိုင်နေရသူများ ဖြစ်သည်။ တစ်နည်းပြောရလျှင် ထိုလူများအနေဖြင့် မည်မျှပင် ဆိုးရွားယုတ်မာသော ကိစ္စများကို လုပ်ဆောင်ခဲ့စေကာမူ ဥပဒေက ထိုသူများကို မူလရှိနေရမည့် အခြေအနေတွင်သာ ဆက်လက် ရှိနေစေခြင်း ဖြစ်ရာ လုံးဝ ထူးခြားသွားမည် မဟုတ်ပေ။

"ဒီအမှုက တရားခံတွေအတွက် ပြောရရင်..."

"တပ်ခွဲမှူး လီ... အကယ်၍ ခင်ဗျားသာ ဆိုရင်ရော... လူသတ်ဖို့ ရွေးချယ်မှာလား... မရွေးချယ်ဘူးလား..."

ရွှီရှန်းက ရုတ်တရက် မေးခွန်း ပြန်ထုတ်လိုက်သည်။

လူသတ်မည် ကောလာဟလများကို ယုံကြည်မည်ဆိုပါက အသက်ရှင်နိုင်မည့် အခွင့်အရေး အနည်းငယ် ရရှိနိုင်မည် ဖြစ်သော်လည်း ဖမ်းဆီးခံရပါက သေချာပေါက် သေဆုံးရမည် ဖြစ်သည်။ အကယ်၍ လူမသတ်လျှင်ရော။ လူမသတ်ပါကလည်း သေချာပေါက် သေဆုံးရမည်သာ ဖြစ်သည်။

လီရှန်းမှာ မည်သို့မျှ ပြန်လည် ချေပနိုင်ခြင်း မရှိတော့ချေ။

"ကြည့်လိုက်ပါ... အခု ရှာဖွေတွေ့ရှိထားတဲ့ ဒီလူနှစ်ယောက်လိုမျိုးပဲ..."

ရွှီရှန်းက လက်ထဲရှိ ဆေးစစ်ချက် အစီရင်ခံစာကို လှုပ်ယမ်းပြလိုက်သည်။

"သူတို့ လူမသတ်လည်း... ဒီအချိန်ကာလမှာပဲ သေဆုံးရမှာပဲ... လူသတ်ရင်လည်း ဒီအချိန်ကာလမှာပဲ သေဆုံးရမှာပဲ... ဒါပေမဲ့ လူသတ်လိုက်ခြင်းက အသက်ရှင်နိုင်မယ့် ထွက်ပေါက် တစ်ခုကို ပေးစွမ်းနိုင်တယ်ဆိုရင်... သူတို့က ဘာဖြစ်လို့ လူမသတ်ဘဲ နေရမှာလဲ..."

"ကိုယ်ကျင့်တရားကြောင့်လား..."

အသက်အန္တရာယ်နှင့် ရင်ဆိုင်လာရချိန်တွင် ကိုယ်ကျင့်တရား ဟူသော စကားလုံး နှစ်လုံး၏ တန်ဖိုးကို လုံးဝ မယုံကြည်သင့်ပေ။

လီရှန်း၏ မျက်နှာပေါ်တွင် နာကျင်ခါးသက်မှုများ ပေါ်လွင်နေသည်။

"ဒီတော့ မင်း ဆိုလိုချင်တာက... တရားခံတွေက ကုသလို့မရနိုင်တဲ့ ရောဂါဆိုးတွေ ခံစားနေရတယ်... သူတို့က နောက်ဆုံး မျှော်လင့်ချက်လေးကို လူသတ်တဲ့အပေါ်မှာ ပုံအောထားကြပြီး... ရောဂါကုသဖို့အတွက် ကိုယ်တွင်းအင်္ဂါတွေကို စားသုံးကြတယ်ပေါ့..."

ရွှီရှန်းက ခေါင်းညိတ်ပြလိုက်သည်။

"ဆေးရုံတွေကို စစ်ဆေးရမလား..."

လီရှန်းက ခေါင်းမော့ကာ ရွှီရှန်းကို ကြည့်လိုက်သည်။

မည်သည့်အမှုတွင်မဆို လူသတ်သမား၏ ပစ်မှတ်ကို ရှာဖွေတွေ့ရှိသွားပါက အမှုကြီးတစ်ခုလုံး ချက်ချင်း လင်းလက်ရှင်းလင်းသွားမည် ဖြစ်သည်။

"ကျန်ဆန်းမြို့က ကြီးမားတဲ့ ဆေးရုံကြီးတွေ... ရွာတွေ မြို့နယ်တွေထဲက ရာနဲ့ချီတဲ့ ဆေးခန်းငယ်လေးတွေကို... ကျွန်တော်တို့ရဲ့ ဒီလောက်လေးပဲရှိတဲ့ ရဲအင်အားနဲ့ အကုန်လုံး စစ်ဆေးနိုင်ပါ့မလား..."

ရွှီရှန်းက ပြန်လည် မေးခွန်းထုတ်လိုက်သည်။

နေ့စဉ်နှင့်အမျှ ကုသ၍ မရနိုင်သော ရောဂါဆိုးကြီးများ ခံစားနေရသူများ အများအပြား ရှိနေသည်။ အခြေခံ လူဦးရေက အလွန်များပြားလှရာ ကျန်ဆန်းမြို့ တစ်မြို့တည်း မဆိုထားနှင့် နောက်ထပ် မြို့တစ်မြို့စာ ရဲအင်အား ထပ်တိုးလာလျှင်ပင် အားလုံးကို လိုက်လံစစ်ဆေးရန် မဖြစ်နိုင်ချေ။ အထူးသဖြင့် ယခုလက်ရှိ အချိန် ရှစ်ရက်သာ ကျန်ရှိတော့သည့် အခြေအနေတွင် ပို၍ပင် မဖြစ်နိုင်တော့ပေ။

"ဒါဆို ဘယ်လို စစ်ဆေးရမလဲ..."

လီရှန်းက မျက်မှောင်ကြုတ်လိုက်ပြီး ရင်ထဲတွင် အနည်းငယ် ဂနာမငြိမ် ဖြစ်လာသည်။

သဲလွန်စများ ရရှိနေပြီ ဖြစ်ရာ ဆက်လက် စုံစမ်းစစ်ဆေးသွားပါက အမှုကို သေချာပေါက် ဖော်ထုတ်နိုင်မည် ဖြစ်သည်။ သို့သော် ရဲအင်အားနှင့် အချိန်က လုံးဝ ခွင့်မပြုပေ။ ထိုအခြေအနေမှာ အကျင့်စာရိတ္တနှင့် ပညာရေး ထူးချွန်သော ကျောင်းသားတစ်ဦးသည် အထက်တန်း သုံးနှစ်တာလုံး ပင်ပန်းဆင်းရဲစွာ ကြိုးစားခဲ့ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထိပ်တန်း တက္ကသိုလ်ကြီးတစ်ခုကို သေချာပေါက် ဝင်ခွင့်ရမည် ဖြစ်သော်လည်း စာမေးပွဲ ဖြေဆိုမည့်ရက်တွင် ရုတ်တရက် ဖျားနာသွားပြီး နောက်တစ်နှစ် ပြန်လည်ဖြေဆိုခွင့် မရှိတော့သည့် အခြေအနေမျိုးနှင့် အလွန်တူညီနေသည်။ ဤခံစားချက်မှာ သာမန် နာကျင်ကြေကွဲမှုမျိုး မဟုတ်တော့ချေ။

"ဘယ်လို စစ်ဆေးရမလဲဆိုရင်... မှုခင်းဖြစ်ပွားရာ နေရာကနေ စစ်ဆေးရမှာပေါ့..."

ရွှီရှန်းက ပြတ်သားစွာ ပြောဆိုလိုက်သည်။ ရွှီရှန်းက ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

"တပ်ခွဲမှူး လီ... အမှုစဖြစ်ကတည်းကနေ အခုအချိန်အထိ... ကျွန်တော် အမြဲတမ်း တွေးနေမိတဲ့ ကိစ္စတစ်ခု ရှိတယ်..."

"ကိစ္စတစ်ခု... ဘာကိစ္စများလဲ..."

လီရှန်း၏ မျက်မှောင်များ စုကြုံ့သွားသည်။

"မိလ္လာမြောင်း ရှိနေတဲ့ အပေါ်ဘက် နေရာမှာ... လူတွေ အဆက်မပြတ် သွားလာနေပြီး တစ်နေ့ကို လူဦးရေ သောင်းနဲ့ချီ ဖြတ်သန်းသွားလာနေကြတယ်... နေရာတိုင်းမှာလည်း ရဲတွေက ကင်းလှည့်နေကြတယ်... ခင်ဗျား စဉ်းစားကြည့်ပါဦး..."

"လူသတ်သမားက... ဘယ်လိုနည်းနဲ့များ အလောင်းတွေကို အဲဒီနေရာမှာ ဖွက်ထားဖို့ တွေးမိသွားတာလဲ..."

ရွှီရှန်းက မျက်လုံးများကို မှေးစင်းလိုက်သည်။

"တစ်နည်းပြောရရင်..."

"သူတို့တွေက ဘယ်ကများ ရဲတင်းတဲ့ သတ္တိတွေ ရလာပြီး... အလောင်းတွေကို မိလ္လာမြောင်းထဲ ဖွက်ထားရဲတာလဲ…”

All Chapters