အခန်း ၂၈
Vol. 3 Ch. 28
အခန်း (၂၈) အဝေးတွင်စွန့်ပစ်၍ အနီးတွင်မြှုပ်နှံခြင်း၊ ဖမ်းဆီးရေးစတင်ခြင်း
မိလ္လာမြောင်းကြီးမှာ ချွန်းဟွာလမ်း၏ အောက်တည့်တည့်တွင် တည်ရှိသည်။ ချွန်းဟွာလမ်းမထက်တွင်မူ ဖြတ်သန်းသွားလာနေကြသော လူအုပ်ကြီးဖြင့် စည်ကားလှပြီး ရဲတပ်ဖွဲ့ဝင်များနှင့် ခရီးသွားဧည့်သည်များကို နေရာအနှံ့တွင် မြင်တွေ့နိုင်သည်။
ဤကဲ့သို့သော အခြေအနေမျိုးတွင် မည်သူကများ ဤနေရာ၌ အလောင်းလာပစ်ရန် ရွေးချယ်မည်ကို တွေးတောစရာပင်။ မည်သည့်နေရာမှ ရရှိလာသော သတ္တိများဖြင့် ဤနေရာတွင် အလောင်းလာပစ်ရဲသည်ကို စဉ်းစားမရနိုင်ချေ။ လူမိသွားမည်ကို အနည်းငယ်မျှပင် မကြောက်ရွံ့ကြသည်မှာ အံ့ဩဖွယ်ကောင်းလှသည်။
လီရှန်း၏ မျက်လုံးအိမ်များ ကျုံ့ဝင်သွားပြီးနောက် ရွှီရှန်း ဆိုလိုသော အဓိပ္ပာယ်ကို လီရှန်း ချက်ချင်း သဘောပေါက်သွားသည်။
"အဝေးမှာစွန့်ပစ်ပြီး အနီးမှာမြှုပ်နှံတာမျိုးပေါ့..."
လီရှန်း၏ နှုတ်မှ ရုတ်တရက် ရေရွတ်သံ ထွက်ပေါ်လာသည်။
"မင်းဆိုလိုချင်တာက... လူသတ်သမားတွေဟာ မိလ္လာမြောင်းအကြောင်းကို အလွန်ကျွမ်းဝင်နေတယ်... ဒီနေရာကို ဘယ်သူမှ လာမှာမဟုတ်ဘူးလို့ အပြည့်အဝ ယုံကြည်နေတဲ့အတွက်ကြောင့်... မိလ္လာမြောင်းထဲမှာ အလောင်းလာပစ်ဖို့ ရွေးချယ်ခဲ့တာပေါ့..."
အဝေးတွင်စွန့်ပစ်၍ အနီးတွင်မြှုပ်နှံခြင်း ဆိုသည်မှာ ဝါရင့် မှုခင်းရဲအရာရှိကြီးများက ရာဇဝတ်မှုခင်းများနှင့် ပတ်သက်၍ သတ်မှတ်ထားသော အခြေခံသီအိုရီတစ်ခု ဖြစ်သည်။
ယေဘုယျအားဖြင့် လူသတ်သမားနှင့် နီးကပ်သောနေရာရှိ အလောင်းများမှာ မြှုပ်နှံဖုံးကွယ်ခံရလေ့ရှိပြီး လူသတ်သမားနှင့် ဝေးကွာသောနေရာရှိ အလောင်းများမှာမူ ဖြစ်သလို စွန့်ပစ်ခံရလေ့ရှိသည်။ ဤသည်မှာ လူသားတို့၏ ခန္ဓာကိုယ်မှ မှတ်တမ်းတင်ထားသော မှတ်ဉာဏ်များကြောင့် ဖြစ်ပေါ်လာသည့် မသိစိတ်မှ အလိုအလျောက် တုံ့ပြန်သော အန္တရာယ် သတိပေးချက်ပင် ဖြစ်သည်။
အန္တရာယ် ခံစားရမှု အနည်းအများမှာလည်း ပတ်ဝန်းကျင်နှင့် ရင်းနှီးကျွမ်းဝင်မှုအပေါ် မူတည်နေတတ်သည်။ ဥပမာအားဖြင့် အနီးတွင်မြှုပ်နှံခြင်း၌ လူသတ်သမားသည် ပတ်ဝန်းကျင် မြေပြင်အနေအထားကို ကျွမ်းဝင်နေပါက သူတစ်ပါး အလွယ်တကူ မြင်တွေ့နိုင်မည့် လမ်းမပေါ်သို့ ဖြစ်သလို စွန့်ပစ်လိမ့်မည် မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ကျွမ်းဝင်နေသောကြောင့်သာ မည်သူမျှ မသွားရောက်နိုင်သည့် နေရာကို ရှာဖွေမြှုပ်နှံကာ လူသတ်သမား၏ စိုးရိမ်ထိတ်လန့်မှုများကို ဖျောက်ဖျက်၍ စိတ်အေးလက်အေး နေထိုင်နိုင်မည် ဖြစ်သည်။
အကယ်၍ မြေပြင်အနေအထားကို မကျွမ်းဝင်ပါက မည်မျှပင် သေချာစွာ မြှုပ်နှံထားစေကာမူ ထိတ်လန့်တုန်လှုပ်နေမည်သာ ဖြစ်သည်။ ထိုသို့သော အခြေအနေမျိုး မဖြစ်စေရန် လူသတ်သမားနှင့် အလွန်ဝေးကွာသော နေရာသို့ သွားရောက်ရမည် ဖြစ်သည်။ ၎င်းကို အဝေးတွင်စွန့်ပစ်ခြင်းဟု ခေါ်ဆိုပြီး ဝေးလံသော အရပ်သို့ သွားရောက် စွန့်ပစ်ခြင်းပင် ဖြစ်သည်။
အနီးတွင်မြှုပ်နှံခြင်းမှာ ရှာဖွေတွေ့ရှိရန် ခက်ခဲသော်လည်း တွေ့ရှိသွားပါက လူသတ်သမားကို အလွယ်တကူ ဖမ်းဆီးရမိနိုင်သည်။ အဝေးတွင်စွန့်ပစ်ခြင်းမှာ အလွယ်တကူ တွေ့ရှိနိုင်သော်လည်း လူသတ်သမားကို ရှာဖွေဖမ်းဆီးရန် အလွန်ခက်ခဲလှသည်။
ဝေးလံသော အရပ်သို့ သွားရောက်၍ မြှုပ်နှံရန်ဆိုသည်မှာလည်း လက်တွေ့ မကျလှပေ။ ကီလိုမီတာ ဆယ်ဂဏန်း ရာဂဏန်းခန့် ဝေးကွာသော ဒေသတွင် အလောင်းဖွက်ရန် နေရာကောင်း ရှိမရှိကို ရင်းနှီးကျွမ်းဝင်သူ အလွန်ရှားပါးလှသည်။ လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့ဝင်များ၏ မျက်စိအောက်၌ပင် အလောင်းဖွက်ရဲသော သတ္တိမျိုးကိုမူ ဆိုဖွယ်ရာပင် မရှိတော့ချေ။
"စွန့်ပစ်တယ်ဆိုတာက လွှင့်ပစ်လိုက်တာ... မြှုပ်နှံတယ်ဆိုတာက ဖုံးကွယ်ဖွက်ထားတာကို ခေါ်တယ်..."
"လူသတ်သမားတွေက အလောင်းကို ဖွက်ထားကြတယ်... ဖွက်ထားတယ်ဆိုတာ ရင်းနှီးကျွမ်းဝင်မှုကို ကိုယ်စားပြုပြီး... အလောင်းဖွက်ထားတဲ့ နေရာအပေါ် အပြည့်အဝ ယုံကြည်မှု ရှိနေတာကို ပြသနေတယ်... အရမ်းကို သိသာထင်ရှားတာက... တစ်ဖက်လူဟာ ဒီနေရာကို အလွန်ကျွမ်းဝင်နေပြီး... မိလ္လာမြောင်းရဲ့ လုံခြုံမှု အတိုင်းအတာကိုလည်း သေချာပေါက် နားလည်ထားတယ်..."
ရွှီရှန်းက ရှင်းလင်းစွာ ဖွင့်ဟပြောဆိုလိုက်သည်။
မိလ္လာမြောင်းက အမှန်တကယ် လုံခြုံစိတ်ချရသလားဆိုသည်မှာ စဉ်းစားစရာပင်။ သေးငယ်သော ရေပိုက်လိုင်းများဆိုလျှင် အခါအားလျော်စွာ ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ရန် လိုအပ်နိုင်သည်။ သို့သော် မှုခင်းဖြစ်ပွားရာ နေရာကဲ့သို့သော မြို့ပြ၏ မိလ္လာမြောင်း အကြီးစားများကိုမူ မည်မျှကြာမှ တစ်ကြိမ် ရှင်းလင်းရေး ပြုလုပ်လေ့ရှိသည်ကို တွေးကြည့်နိုင်သည်။ နှစ်နှစ်မှ သုံးနှစ်ကြာမှသာ တစ်ကြိမ် ပြုလုပ်လေ့ရှိသည်။
လုံခြုံမှု အပြည့်အဝ ရှိလှသည်။ ကံဆိုးသူ နှစ်ဦးသာ မိလ္လာမြောင်းထဲသို့ ပြုတ်မကျခဲ့ပါက ယခုအချိန်အထိ ဤအမှုကြီးကို မည်သူမျှ သိရှိနိုင်မည် မဟုတ်ပေ။ စက်တင်ဘာလ၏ ရာသီဥတုနှင့် ဘက်တီးရီးယားများ ခိုအောင်းပေါက်ဖွားရာ မိလ္လာမြောင်းထဲတွင် နှစ်နှစ်တာ အချိန်ကာလဆိုသည်မှာ မည်သည့်အရာကိုမဆို အရည်ပျော်ကျသွားစေရန် လုံလောက်လှသည်။
အရိုးများ ကျန်ရှိနေသေးလျှင်ပင် တိုက်စားခံရပြီး ရွှံ့နွံများ ဖုံးလွှမ်းသွားကာ မည်သည့်အရာမှန်း ခွဲခြား၍ရနိုင်မည် မဟုတ်တော့ချေ။
နှစ်နှစ် သုံးနှစ်ကြာပြီးနောက် ရှာဖွေတွေ့ရှိသွားနိုင်ခြေ ရှိမရှိကိုမူ ထည့်သွင်းစဉ်းစားမည် မဟုတ်ပေ။ လက်ရှိအချိန်တွင်ပင် လူသတ်သမား အချို့မှာ ရောဂါကြောင့် သေဆုံးသွားခဲ့ပြီ ဖြစ်ရာ နောက်ထပ် နှစ်နှစ် သုံးနှစ် အကြာတွင် ဖြစ်လာမည့် ကိစ္စများကို လူသတ်သမားများ ဂရုစိုက်နေမည် မဟုတ်ပေ။ လာမည့် နှစ်နှစ် သုံးနှစ်အထိ အသက်ရှင်နိုင်ခြင်း ရှိမရှိကိုသာ လူသတ်သမားများ အရင်ဆုံး စဉ်းစားရမည် ဖြစ်သည်။
"ဘယ်လိုလူမျိုးက မိလ္လာမြောင်းအကြောင်းကို အရမ်းကျွမ်းဝင်နေမလဲ..."
ရွှီရှန်းက မေးခွန်းထုတ်လိုက်သည်။
"ဒါမှမဟုတ်... တပ်ခွဲမှူး လီ... ခင်ဗျားအိမ်အကြောင်းကို ဘယ်သူက အသိဆုံးဖြစ်မလဲလို့... ခင်ဗျား ထင်လဲ..."
လီရှန်း၏ အိမ်အကြောင်းကို မည်သူက အသိဆုံးဖြစ်မည်ကို တွေးကြည့်လျှင် လီရှန်း ကိုယ်တိုင်သာ ဖြစ်သည်။
"ငါ ကိုယ်တိုင်ပေါ့..."
လီရှန်းက သက်ပြင်းတစ်ချက် ချလိုက်သည်။
"မှန်ပါတယ်... မိလ္လာမြောင်း အလုပ်သမားတွေကလည်း... မိလ္လာမြောင်း အကြောင်းကို အလွန်တရာ ကျွမ်းဝင်နေကြတယ်..."
ရွှီရှန်းက လေးနက်သော မျက်နှာထားဖြင့် ခေါင်းညိတ်ပြလိုက်သည်။
အမှုဖွင့်ထားစဉ် ကာလအတွင်း ရဲတပ်ဖွဲ့က မိလ္လာမြောင်း အလုပ်သမားများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သော်လည်း သံသယဖြစ်ဖွယ် တစ်စုံတစ်ရာကိုမျှ မတွေ့ရှိခဲ့ချေ။ သို့သော် လက်ရှိ ရှုထောင့်မှ ပြန်လည် သုံးသပ်ကြည့်မည် ဆိုလျှင် အဖြေက ရှင်းလင်းနေသည်။
"မိလ္လာမြောင်းထဲမှာ အချိန်ကြာမြင့်စွာ အလုပ်လုပ်ကိုင်နေရတဲ့ အလုပ်သမားတွေအတွက်... ရောဂါကင်းရှင်းဖို့ဆိုတာ ကောင်းကင်ပေါ် တက်ရတာထက်တောင် ပိုခက်ခဲသေးတယ်..."
"တစ်ကြိမ် ရောဂါရသွားပြီဆိုရင်လည်း... ဆက်ပြီး အလုပ်လုပ်ကိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး..."
ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် အမြဲတမ်း အလုပ်လုပ်ကိုင်နေရသူများ အနေဖြင့် အရေပြား ထိခိုက်ဒဏ်ရာများ ရရှိလေ့ရှိသည်။ ထိုကိစ္စမှာ အလုပ်မပြောင်းမချင်း ရှောင်လွှဲ၍ မရနိုင်သော ကိစ္စဖြစ်သည်။
သန့်ရှင်းသော နေရာတွင် နေထိုင်ပါက ရောဂါဘယ ကင်းဝေးပြီး ညစ်ပတ်သော နေရာတွင် နေထိုင်ပါက ရောဂါ အလွယ်တကူ ကူးစက်နိုင်သည်ကို သာမန်လူတိုင်း သိရှိကြသည်။
မိလ္လာမြောင်းထဲတွင် ဗိုင်းရပ်စ်ပိုးမွှား မျိုးစုံ ပြည့်နှက်နေပြီး ဖန်ကွဲစများ သို့မဟုတ် သံမှိုများကို မကြာခဏ ထိတွေ့ကိုင်တွယ်ရလေ့ရှိသည်။ ထိုအရာများက အရေပြားကို ခြစ်မိပြီး အသားထဲသို့ စူးဝင်သွားပါက မည်သို့သော ဗိုင်းရပ်စ်ပိုးများ ကူးစက်နိုင်မည်ဆိုသည်မှာ ကြောက်ခမန်းလိလိပင် ဖြစ်သည်။
ပြင်ပ အကာအကွယ်များကို အပြည့်အဝ လုပ်ဆောင်ထားလျှင်ပင် အသက်ရှူခြင်းအတွက် လုံခြုံမှု မရှိနိုင်ပေ။ မိလ္လာမြောင်းထဲတွင် အောက်ဆီဂျင်ဘူးကို လွယ်ထားပြီး ညစ်ညမ်းသော အနံ့အသက်များကို မရှူရှိုက်ဘဲ နေနိုင်မည်မဟုတ်ပေ။
ထိုသို့လုပ်ဆောင်ရန် လက်တွေ့မကျလှရာ အနံ့အသက်ဆိုးများကို ရှူရှိုက်မိပါက အပေါ့စား အနေဖြင့် အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း သို့မဟုတ် အဆုတ်ရောင်ရောဂါများ ရရှိနိုင်သည်။ ပြင်းထန်ပါက ခန္ဓာကိုယ်ကြီး တစ်ခုလုံး ယိုယွင်းပျက်စီးသွားခြင်းမှာ အလွန် ပုံမှန်ကိစ္စတစ်ခုသာ ဖြစ်သည်။ တိုက်ဆိုင်လှစွာပင် လူသတ်သမား အဖွဲ့ထဲတွင် အဆုတ်ကို ခွဲထုတ်ယူငင်သူ တစ်ဦး ပါဝင်နေခဲ့သည်။
"ဒါဆို ဆိုလိုချင်တာက... လူသတ်သမားတွေထဲက တစ်ယောက်ဟာ မိလ္လာမြောင်း အလုပ်သမား ဖြစ်နေတာပေါ့..."
"လူသတ်သမားက မိလ္လာမြောင်းရဲ့ တည်ဆောက်ပုံကို သေချာ သိရှိထားပြီး... ဘယ်နေရာကို ရှာဖွေစစ်ဆေးမှာ မဟုတ်ဘူးဆိုတာကိုပါ သိနေတယ်... ဒါကြောင့် အခြားလူတွေနဲ့ ပူးပေါင်းပြီး... နစ်နာသူတွေရဲ့ အလောင်းကို မိလ္လာမြောင်းထဲမှာ ဖွက်ထားခဲ့ကြတာပဲ..."
လီရှန်းက လေးနက်စွာ တွေးတောရင်း ပြောဆိုလိုက်သည်။
လီရှန်းက အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ဖုန်းကို ထုတ်ယူကာ ဟန်ယန်ထံသို့ ခေါ်ဆိုလိုက်သည်။
"ရှောင်ဟန်... ချွန်းဟွာလမ်း အနီးတဝိုက်က မိလ္လာမြောင်း တာဝန်ယူထားတဲ့ ကုမ္ပဏီက အလုပ်သမားတွေကို... နောက်တစ်ခေါက် သေချာ ပြန်စစ်ဆေးပေး..."
"လက်ရှိ အလုပ်လုပ်နေသူရော အလုပ်ထွက်သွားတဲ့ သူတွေကိုပါ အကုန်စစ်ရမယ်... အချိန်ကာလကိုတော့ လွန်ခဲ့တဲ့ ငါးနှစ်အတွင်းလို့ သတ်မှတ်ထားလိုက်... ပြင်းထန်တဲ့ ရောဂါဝေဒနာ ခံစားရပြီး အလုပ်ထွက်သွားတဲ့ လူတွေကို... အထူးသေချာ စစ်ဆေးပေးပါ..."
အလုပ်သမားများကို စစ်ဆေးခဲ့ဖူးသော်လည်း ဖျားနာနေသူများနှင့် အလုပ်ထွက်သွားသူများကိုမူ ထည့်သွင်း စစ်ဆေးခဲ့ခြင်း မရှိသေးချေ။
"အဲဒါနဲ့ တစ်ဆက်တည်း တည်းခိုခန်းတွေကိုပါ... တစ်ခါတည်း စစ်ဆေးခိုင်းလိုက်ပါ..."
ရွှီရှန်းက ရုတ်တရက် ဝင်ရောက် သတိပေးလိုက်သည်။
တည်းခိုခန်းများဆိုသည့် စကားကြောင့် လီရှန်း၏ ဖုန်းခေါ်ဆိုနေသော လက်များ ရပ်တန့်သွားသည်။
"ဘာ တည်းခိုခန်းတွေလဲ..."
"နစ်နာသူတွေရဲ့ သေဆုံးပုံကို... မှတ်မိသေးတယ် မဟုတ်လား..."
ရောဂါကြောင့် သေဆုံးသွားသော လူသတ်သမားများကို ဖယ်ထုတ်လိုက်ပါက နစ်နာသူများတွင် သေဆုံးပုံ နှစ်မျိုးသာ ရှိသည်။ ပထမတစ်မျိုးမှာ ဓားဖြင့် အထိုးခံရ၍ သေဆုံးခြင်း ဖြစ်ပြီး ဒုတိယတစ်မျိုးမှာ အသက်ရှူကြပ်၍ သေဆုံးခြင်း ဖြစ်သည်။
"အသက်ရှူကြပ်ပြီး သေဆုံးတယ် ဆိုတာက... ခန္ဓာကိုယ် ကြံ့ခိုင်မှုပိုင်းမှာ အပြတ်အသတ် သာလွန်နေတဲ့ အခြေအနေမျိုးကလွဲရင်... ဘယ်သူမှ တစ်ဖက်လူကို လက်နဲ့အုပ်ပြီး ဒဏ်ရာ မကျန်အောင် သတ်လို့မရဘူး... အများအားဖြင့် ကိရိယာ တစ်ခုခုကို အကူအညီယူမှသာ ဖြစ်နိုင်လိမ့်မယ်..."
ရွှီရှန်းက ရှင်းပြလိုက်သည်။
မည်သည့် ကိရိယာကို အသုံးပြုခဲ့သည်ဆိုသည်မှာ စဉ်းစားစရာပင်။ ပလတ်စတစ်အိတ်များကို အသုံးပြုခဲ့ခြင်းလောဟု တွေးစရာရှိသည်။ ရုပ်ရှင်ဇာတ်လမ်းများထဲတွင် ဤကဲ့သို့သော လုပ်ကြံမှုမျိုးကို မကြာခဏ တွေ့ရလေ့ရှိသည်။ သို့သော် အမှန်တကယ် လက်တွေ့တွင်မူ ပလတ်စတစ်အိတ်ကို အလွယ်တကူ ဆွဲဆုတ်ပစ်နိုင်ပြီး လက်နှစ်ဖက်စလုံး ကြိုးတုပ်ခံထားရလျှင်ပင် သွားဖြင့် ကိုက်ဖြဲ၍ အပေါက် ဖောက်နိုင်စွမ်း ရှိသည်။
ပါးစပ်ကို တိပ်ဖြင့် ပိတ်ထားပြီး လက်နှစ်ဖက်ကို ကြိုးတုပ်ထားမှသာ ထိုသို့ သတ်ဖြတ်၍ ရနိုင်မည် ဖြစ်သည်။ သို့သော် အလောင်းများ၏ ကိုယ်ပေါ်တွင် ထိုကဲ့သို့ ကြိုးတုပ်ခံထားရသော ဒဏ်ရာများကို လုံးဝ မတွေ့ရှိရပေ။
"ဒီအချက်ကို သေချာ မှတ်ထားပါ... ပြီးတော့ ကျွန်တော်တို့ ဆက်ပြီး စဉ်းစားကြည့်ရအောင်... လူသတ်သမားတွေက နစ်နာသူတွေဟာ နယ်ဝေးကလာတဲ့ သူတွေ ဟုတ်မဟုတ်ဆိုတာကို... ဘယ်လိုနည်းလမ်းနဲ့ စစ်ဆေးခဲ့ကြသလဲ..."
ရွှီရှန်းက ယုတ္တိမတန်သော အချက်တစ်ခုကို ထောက်ပြလိုက်သည်။
လမ်းပေါ်တွင် ထူးခြားသော ရုပ်ရည်သွင်ပြင် မရှိသည့် လူတစ်ဦးကို တွေ့လိုက်ရပါက ထိုလူသည် ဒေသခံ ဟုတ်မဟုတ် ဆိုသည်ကို ခွဲခြား သိရှိနိုင်ရန် အလွန်ခက်ခဲသည်။ သာမန် မျက်စိဖြင့် ကြည့်ရုံသက်သက်ဖြင့် လုံးဝ ဆုံးဖြတ်၍ မရနိုင်ချေ။ တစ်ဖက်လူက လေယူလေသိမ်း မတူညီစွာ စကားပြောဆိုခြင်း သို့မဟုတ် ကိုယ်တိုင် ဖွင့်ဟပြောဆိုခြင်းမျိုး ရှိမှသာ သိရှိနိုင်မည် ဖြစ်သည်။
သို့သော် လမ်းမကြီးများပေါ်တွင် နယ်ဝေးမှ လာရောက်သူ မည်မျှရှိနိုင်မည်ကို တွေးကြည့်ရမည်။ လူသတ်သမားများက လမ်းပေါ်တွင် တွေ့သမျှ လူတိုင်းကို လိုက်လံတားဆီးကာ နယ်ဝေးမှ လာသူ ဟုတ်မဟုတ် မေးမြန်းနေရန် အကြောင်းမရှိပေ။ ထိုသို့ လုံးဝ လုပ်ဆောင်မည် မဟုတ်ပေ။ သို့သော် ခြွင်းချက် တစ်ခုတော့ ရှိနေသည်။
"အကယ်၍ ဘူတာရုံ အပေါက်ဝမှာသာ စောင့်နေမယ်ဆိုရင်... မျက်စိရှေ့က ဖြတ်သွားတဲ့ လူတွေထဲမှာ နယ်ဝေးကလာတဲ့ လူဦးရေ အချိုးအစားက... အများကြီး မြင့်တက်သွားလိမ့်မယ် မဟုတ်လား..."
လီရှန်းမှာ မှင်သက်သွားပြီး ရုတ်တရက် ကိစ္စတစ်ခုကို သတိရသွားသည်။ ချွန်းဟွာလမ်း တည်ရှိရာ နေရာမှာ ဘူတာရုံ လေဆိပ်တို့နှင့် သိပ်မဝေးကွာလှပေ။
"မင်း ဆိုလိုချင်တာက... လူသတ်သမားတွေဟာ ဘူတာရုံ အပေါက်ဝမှာနေပြီး... ပစ်မှတ်တွေကို ရှာဖွေခဲ့ကြတယ်ပေါ့..."
လီရှန်းက ရုတ်တရက် အော်ဟစ်လိုက်ပြီး ရွှီရှန်းကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။ ထိုသို့ဆိုလျှင် ရဲတပ်ဖွဲ့အနေဖြင့် တရားခံများကို တိုက်ရိုက် သွားရောက် ဖမ်းဆီးရန် ကြိုးပမ်းနိုင်ပြီ ဖြစ်သည်။
"အဲဒီလောက်တင် မကသေးဘူး..."
ရွှီရှန်းက ခေါင်းခါပြလိုက်သည်။
"ဘူတာရုံကနေ ဆင်းလာတဲ့ လူတွေထဲမှာ... နယ်ဝေးက လူတွေအပြင်... ခရီးသွားပြီး ပြန်လာတဲ့ ဒေသခံတွေလည်း ပါဝင်နေနိုင်သေးတယ်..."
"လူပျောက် တိုင်ကြားတဲ့ ဖုန်းခေါ်ဆိုမှု တစ်ခုမှ မရှိခဲ့တာကို ထောက်ရှုကြည့်ရင်... လူသတ်သမားဟာ ရာနှုန်းပြည့် သေချာပေါက် နယ်ဝေးကလူကို ရွေးချယ်နိုင်စွမ်း ရှိနေပြီး... အခြားသူတွေ သံသယမဖြစ်စေနိုင်တဲ့ စိစစ်ရေး လုပ်ငန်းစဉ် တစ်ခုကိုပါ အသုံးပြုထားတယ်..."
"ဒါဆိုရင် အဲဒီ စိစစ်ရေး လုပ်ငန်းစဉ်က ဘာဖြစ်မလဲ..."
ပထမအချက်အနေဖြင့် လူသတ်သမားမှာ ဘူတာရုံ အပေါက်ဝတွင် ရှိနေရမည် ဖြစ်သည်။ ဒုတိယအချက်မှာ လူသတ်သမားများသည် သေချာပေါက် ဒုတိယအဆင့် စိစစ်မှုကို ပြုလုပ်မည်ဖြစ်ပြီး ထိုစိစစ်သည့် နည်းလမ်းမှာလည်း အခြားသူများကို သံသယဝင်စေမည် မဟုတ်ပေ။
ဥပမာအားဖြင့် လူတစ်ဦးကို ကျန်ဆန်းမြို့ ဒေသခံ ဟုတ်မဟုတ် ရုတ်တရက် သွားရောက် မေးမြန်းမည်ဆိုပါက သေချာပေါက် သံသယ ဖြစ်စေမည်ဖြစ်သည်။ သို့သော် အခြားနည်းလမ်း တစ်ခုပြောင်း၍ မေးမြန်းမည်ဆိုပါက အဖြေက ရှင်းလင်းသွားမည် ဖြစ်သည်။ ယခုခေတ်ကာလတွင် ကားပေါ်မှ ဆင်းလိုက်သည်နှင့် လူအုပ်ကြီးက ဝိုင်းအုံလာပြီး တည်းခိုခန်းများတွင် တည်းခိုရန် လာရောက် မေးမြန်းတတ်ကြသည့်ပုံစံမျိုး ဖြစ်သည်။
'အစ်ကိုလေး... ဟိုတယ်မှာ တည်းမလား...'
မျက်စိတစ်မှိတ်အတွင်း လီရှန်း၏ ဦးနှောက်ထဲတွင် လျှပ်စီးကြောင်း တစ်ခု ဖြတ်သန်းသွားသကဲ့သို့ ရွှီရှန်း ယခင်က ပြောခဲ့သော စကားများအားလုံး တစ်ဆက်တည်း ပေါင်းစပ်သွားခဲ့သည်။
"တည်းခိုခန်းတွေပဲ..."
လီရှန်းက လက်ထဲရှိ အရာကို စူးရဲစွာ စိုက်ကြည့်နေသည်။
ဟိုတယ်များ တည်းခိုခန်းများနှင့် ဧည့်ရိပ်သာများ စသည့် နေထိုင်ရာ နေရာသုံးမျိုးစလုံး၏ ဝန်ဆောင်မှု ပေးရသော ဖောက်သည် ကိုးဆယ်ရာခိုင်နှုန်းမှာ နယ်ဝေးမှ လာရောက်သူများသာ ဖြစ်သည်။ အိမ်နှင့် ကီလိုမီတာ အနည်းငယ်သာ ကွာဝေးသော လူတစ်ဦးအနေဖြင့် ဟိုတယ်တွင် တည်းခိုရန် အကြောင်းပြချက် မရှိပေ။
မြို့တွင်းသို့ ရောက်ရှိနေပြီဖြစ်ရာ အဘယ်ကြောင့် တက္ကစီငှား၍ အိမ်သို့ တိုက်ရိုက် မပြန်ဘဲ နေမည်နည်း။ အချိန် အရမ်းနောက်ကျနေ၍ဟု အကြောင်းပြချက် ပေးကောင်းပေးနိုင်သည်။ ဖြစ်နိုင်ခြေ ရှိသော်လည်း အလွန်ဆုံး နောက်ကျလှ ညဆယ့်တစ်နာရီ ဝန်းကျင်ခန့်သာ ရှိသေးပြီး ထိုအချိန်တွင် ဘူတာရုံ အပေါက်ဝ၌ တက္ကစီများ ရှိနေသေးသည်။
သေချာပေါက် ဒေသခံများလည်း တည်းခိုနိုင်သော်လည်း မှတ်ပုံတင် ထုတ်ပြလိုက်သည်နှင့် နယ်ဝေးမှလာသူ ဟုတ်မဟုတ် ဆိုသည်ကို ရှင်းလင်းစွာ သိမြင်သွားမည် ဖြစ်သည်။
အသက်ရှူကြပ်၍ သေဆုံးခြင်းနှင့် ပတ်သက်၍ တွေးကြည့်ရမည်။ လူတစ်ဦးကို အသက်ရှူကြပ် သေဆုံးစေရန် ကိုယ်ပေါ်တွင် ထင်ရှားသော ဒဏ်ရာ မကျန်စေဘဲ အများဆုံး အသုံးပြုလေ့ရှိသည့် လက်နက်မှာ မည်သည့်အရာ ဖြစ်မည်ကို စဉ်းစားရမည်။ ခေါင်းအုံးပင် ဖြစ်သည်။
ဤနည်းအားဖြင့် လူသတ်သမားများသည် နစ်နာသူများ ကားပေါ်မှ ဆင်းလာချိန်တွင် မှတ်ပုံတင်ကို စစ်ဆေးကာ တည်းခိုခန်း ငှားရမ်းစေပြီးနောက် သတ်ဖြတ်ခြင်း ကိုယ်တွင်းအင်္ဂါများကို ခွဲထုတ် စားသောက်ခြင်းများကို ပြုလုပ်ကြသည်။ ထို့နောက် အနီးအနားရှိ မိလ္လာမြောင်းထဲတွင် အလောင်းကို ဖွက်ထားခဲ့ပြီး နစ်နာသူ၏ မှတ်ပုံတင်ကို အသုံးပြုကာ ကားလက်မှတ် ဝယ်ယူ၍ သတင်းအချက်အလက်များကို ရှုပ်ထွေးသွားစေရန် ဖုံးကွယ်ကြသည်။
လူသတ်သမားက ဟိုတယ်တွင် တည်းခိုရန်ပင် မလိုအပ်ချေ။ နယ်ဝေးမှလာသူ ဖြစ်ကြောင်း အတည်ပြုပြီးသည်နှင့် တစ်နေရာရာသို့ လှည့်စားခေါ်ဆောင်သွားကာ တိုက်ရိုက် သတ်ဖြတ်ခြင်းကလည်း လုံးဝ ဖြစ်နိုင်ခြေ ရှိနေသည်။
ထိုအချက်ကို တွေးမိသောအခါ ရွှီရှန်း ရုတ်တရက် ရပ်တန့်သွားသည်။ ရွှီရှန်းက မိုဘိုင်းဖုန်းကို ထုတ်ယူကာ အချိန်ကို တစ်ချက် ကြည့်လိုက်သည်။
"တပ်ခွဲမှူး လီ... အမှုဖွင့်ကတည်းကနေ အခုအချိန်အထိ... နေ့တစ်ဝက်နဲ့ တစ်ညတောင် ကုန်ဆုံးသွားခဲ့ပြီ..."
"ဒီလောက် အချိန်ဆိုရင်... ခွေးတစ်ကောင်တောင် ချွန်းဟွာလမ်းကို ရဲတွေ ပိတ်ဆို့ထားတယ်ဆိုတာ... သိလောက်ပြီ..."
"အသက်ကို ဉာဏ်စောင့်တယ်ဆိုတဲ့... အဲဒီ သေမထူး နေမထူး ရာဇဝတ်ကောင်တွေက... ရဲတွေနဲ့ ထိပ်တိုက် ရင်ဆိုင်ဖို့ ရွေးချယ်ကြမလား... အကယ်၍ မရွေးချယ်ဘူးဆိုရင်ရော... သူတို့ ဘာတွေများ ဆက်လုပ်ကြမလဲ..."
"ဥပမာအားဖြင့်... ပုန်းအောင်းနေတာမျိုးပေါ့..."
ရွှီရှန်းက စေတနာကောင်းဖြင့် သတိပေးစကား ဆိုလိုက်သည်။
"တစ်ခါတလေကျရင်... သူတို့တွေ ထွက်ပြေးသွားလောက်ပြီလို့... ထင်စရာ ရှိနေတယ်..."
'ထွက်ပြေးသွားပြီဆိုပါလား…ဂဏန်းနှစ်လုံး အရေအတွက်ရှိသော နစ်နာသူများကို သတ်ဖြတ်ခဲ့သည့် လူသတ်သမားများက ရဲတပ်ဖွဲ့ဝင်များ၏ မျက်စိရှေ့မှောက်တွင် ထွက်ပြေးသွားပြီဆိုပါလား…နောက်ပြောင်နေခြင်းလား'ဟု တွေးတောစရာပင်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လီရှန်း၏ ဖနောင့်မှနေ၍ ခေါင်းထိပ်အထိ သွေးများ ဆောင့်တက်သွားခဲ့သည်။ လီရှန်း၏ မျက်လုံးများတွင် ဒေါသမီးများ တောက်လောင်နေပြီး ဆေးရုံတွင် စစ်ဆေးနေသော ရဲတပ်ဖွဲ့ဝင် အားလုံးကို ချက်ချင်း စုစည်းလိုက်သည်။ တစ်ချိန်တည်းမှာပင် စကားပြောစက်ကို ထုတ်ယူလိုက်ပြီး အပိုစကားများ မဆိုတော့ချေ။ လီရှန်းက လေကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး သွားကြားထဲမှ စကားလုံး နှစ်လုံးကို အတင်းညှစ်ထုတ်ကာ ပြောဆိုလိုက်သည်။
"ဖမ်းကြ…”