အခန်း ၂၉
Vol. 3 Ch. 29
အခန်း (၂၉) ထွက်ပြေး၍မလွတ်နိုင်သော လူသတ်သမား
နေရာတစ်ခု၏ လုံခြုံရေးအပေါ် အလွန်အမင်း ယုံကြည်ချက်ထားရှိပါက ထိုနေရာကို အလွန်ရင်းနှီးကျွမ်းဝင်ပြီး အသေးစိတ် သိရှိနားလည်ထားခြင်းပင် ဖြစ်ရမည်။
သေခါနီးအချိန်တွင် တစ်စုံတစ်ရာကို အပ်နှံမည်ဆိုပါက လမ်းမပေါ်မှ ကျပန်းလူတစ်ယောက်ကို အပ်နှံမည်မဟုတ်ဘဲ စိတ်နေသဘောထားကို သိရှိကာ ယုံကြည်စိတ်ချရသူကိုသာ အပ်နှံမည် ဖြစ်သည်။ ထိုသဘောတရားအတိုင်းပင် ဖြစ်သည်။
လူသတ်သမားများသည် မိလ္လာမြောင်း၏ လုံခြုံရေးအပေါ် လွန်ကဲစွာ ယုံကြည်နေခဲ့ကြသည်။ လူသတ်သမားများသည် အလောင်းကို အပိုင်းပိုင်းခုတ်ထစ်၍ ပစ်ချခြင်းမျိုးပင် မလုပ်ဆောင်ခဲ့ချေ။ မိလ္လာမြောင်း၏ လုံခြုံမှုက ထိုသို့လုပ်ဆောင်ရန် မလိုအပ်ဟု လူသတ်သမားများ၏ မသိစိတ်က မှတ်ယူထားခြင်းပင် ဖြစ်သည်။
ထိုသို့ဆိုလျှင် ထိုနေရာကို ဤမျှလောက် ကျွမ်းဝင်နေသူများမှာ မည်သူများ ဖြစ်နိုင်မည်နည်း။
နောက်တစ်နေ့ နေ့လယ်ခင်းအချိန်တွင် ဖုန်းထဲမှ ဟန်ယန်၏ စိတ်လောနေသော အသံ ထွက်ပေါ်လာသည်။
"ခေါင်းဆောင်... လွန်ခဲ့တဲ့ လေးနှစ်က မိလ္လာမြောင်း အလုပ်သမား တစ်ယောက် ကျန်းမာရေး အခြေအနေကြောင့် ကိုယ့်သဘောနဲ့ကိုယ် အလုပ်ထွက်သွားခဲ့တယ်..."
"အဲဒီအလုပ်သမား နာမည်က ကျိန့်ချန် လို့ ခေါ်တယ်... စစ်ဆေးကြည့်တဲ့အခါမှာ ကျိန့်ချန်မှာ ပြင်းထန်တဲ့ အဆုတ်ရောင်ရောဂါကနေ ဖြစ်လာတဲ့ နာတာရှည်ရောဂါ ရှိနေပြီး မိလ္လာမြောင်းထဲမှာ ဆက်အလုပ်လုပ်ဖို့ မဖြစ်နိုင်တော့ဘူး..."
"ရောဂါဖြစ်နေတဲ့ အချိန်မှာ ကုမ္ပဏီဘက်က ဖိအားပေးပြီး ကိုယ့်သဘောနဲ့ကိုယ် အလုပ်ထွက်အောင် လုပ်ခဲ့တယ်..."
"လုပ်ငန်းခွင် ထိခိုက်မှု လျော်ကြေးငွေ အလုံအလောက် မရခဲ့တဲ့အတွက် အစပိုင်းက ဖြစ်နေတဲ့ အဆုတ်ရောင်ရောဂါက တဖြည်းဖြည်း ပိုဆိုးလာခဲ့တယ်..."
"အဲဒီနောက် နှစ်အနည်းငယ်အတွင်းမှာ ကျိန့်ချန်က တစ်နိုင်ငံလုံးက ဆေးရုံကြီးတွေမှာ လှည့်လည် ကုသရင်း အကြွေးတွေ အများကြီး တင်သွားခဲ့တယ်... ရွာက အိမ်ကိုတောင် ရောင်းချလိုက်ရတယ်..."
"နှစ်ထောင့်သုံးခုနှစ်မှာ ကျိန့်ချန်က ကျန်ဆန်းမြို့မှာ အကြွေးပုန်းရှောင်နေပြီး တစ်ခါမှ ထွက်မလာခဲ့သလို ဆေးကုသနေတယ် ဆိုတဲ့ သတင်းလည်း မကြားရတော့ဘူး..."
'လွန်ခဲ့တဲ့ လေးနှစ်က အလုပ်သမား... လွန်ခဲ့တဲ့ လေးနှစ်က အလုပ်ထွက်သွားတဲ့ အလုပ်သမားပဲ...'
လီရှန်း၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားသည်။ အမှုမှာ မိလ္လာမြောင်း အလုပ်သမားများနှင့် သက်ဆိုင်နိုင်ကြောင်းကို ရဲတပ်ဖွဲ့ဝင်များ စဉ်းစားမိခဲ့ကြသည်။ စစ်ဆေးမှုများပင် ပြုလုပ်ခဲ့ကြသည်။ သို့သော် လီရှန်းတို့ ထည့်မစဉ်းစားမိခဲ့သည့် အချက်မှာ လက်ရှိ အလုပ်လုပ်နေသူများ မဟုတ်ဘဲ လေးနှစ်တာ ကာလအတွင်း အလုပ်ထွက်သွားခဲ့ကြသည့် ရေတွက်၍မရနိုင်သော အလုပ်သမားများထဲမှ သတိထားမိစရာ မရှိသော သူတစ်ဦး ဖြစ်နေခြင်းပင် ဖြစ်သည်။
ဖျားနာနေသူများ ဆိုသည့် သဲလွန်စအထိ စုံစမ်းစစ်ဆေးနိုင်ခြင်း မရှိခဲ့ပါက ရိုးသားအေးဆေးပုံပေါက်သော ကျိန့်ချန်က ရာဇဝတ်မှု ကျူးလွန်သူ မသင်္ကာသူ ဖြစ်နေမည်ကို ရဲတပ်ဖွဲ့ဝင်များ လုံးဝ တွေးမိမည် မဟုတ်ချေ။
"သောက်ကျိုးနည်း... အဲဒီကုမ္ပဏီကို သေချာ စောင့်ကြည့်ထား... ရဲမှူးကြီးတို့ကိုပဲ ကိုင်တွယ်ခိုင်းလိုက်တော့..."
လီရှန်းက သွားကြားထဲမှ စကားလုံးများကို အတင်းညှစ်ထုတ်ကာ ပြောလိုက်သည်။
အမှုမှာ အလွန် ကြီးမားလွန်းလှရာ ကျန်ဆန်း မြို့တစ်မြို့လုံးကို မီးပုံပေါ် တင်ကင်ထားသကဲ့သို့ ဖြစ်နေသည်။ ယခုအခါ ကုမ္ပဏီ၏ တာဝန်မဲ့မှုနှင့် ငွေမပေးချင်မှုများကြောင့် ဤမျှ ဆိုးရွားသော ကိစ္စကြီး ဖြစ်လာရကြောင်း သိရှိလိုက်ရသည်။ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် အထက်လူကြီးများ ထိုအကြောင်းကို ကြားပါက မျက်နှာများ မည်မျှအထိ စိမ်းကားသွားမည်ကို လီရှန်း ကြိုတင် မြင်ယောင်နေမိသည်။
"ကျန်တဲ့ လူသတ်သမားတွေရဲ့ မည်သူမည်ဝါဖြစ်ကြောင်း သဲလွန်စ ရပြီလား..."
လီရှန်းက အသံနှိမ့်ကာ ဒေါသတကြီး မေးလိုက်ပြီး ဘူတာရုံကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ ထိုအချိန်တွင် လီရှန်းသည် ရဲဝတ်စုံကို ဝတ်ဆင်ထားခြင်း မရှိဘဲ အရပ်ဝတ်ဖြင့် ဘူတာရုံတွင် ဆောင့်ကြောင့်ထိုင်နေကာ မျက်လုံးများက ပတ်ဝန်းကျင်ရှိ လူများကို အဆက်မပြတ် အကဲခတ်နေသည်။
"ဖျားနာနေတဲ့ လူတွေက အဲဒီလောက် အများကြီးကို... ဘယ်သူက သိနိုင်မှာလဲ..."
ရွှီရှန်းက ပန်းကန်ထဲမှ ခေါက်ဆွဲများကို စုပ်ယူစားသောက်လိုက်ရင်း ပတ်ဝန်းကျင်ကို ကြည့်ရှုနေသည်။ ရုံးတွင်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များ ရှာဖွေတွေ့ရှိထားသော သတင်းအချက်အလက်များအရ ကျိန့်ချန်၏ မှတ်ပုံတင် အချက်အလက်များဖြင့် မကြာသေးမီက မည်သည့် နေရာတွင်မှ စာရင်းသွင်းထားခြင်း မရှိသလို ခရီးသွားလာထားခြင်းလည်း မရှိချေ။
တစ်နည်းဆိုရသော် ကျိန့်ချန်သည် ကျန်ဆန်းမြို့တွင် ရှိနေဆဲပင် ဖြစ်သည်။ သေချာပေါက် ကျိန့်ချန် အနေဖြင့် အခြားသူ၏ မှတ်ပုံတင် အချက်အလက်များကို အသုံးပြုကာ ခရီးသွားလာခြင်းမျိုးလည်း ဖြစ်နိုင်သည်။ သို့သော် ထိုအချက်က အရေးမကြီးတော့ချေ။
"သူတို့မှာ ပိုက်ဆံမရှိဘူး... ထွက်ပြေးချင်ရင်တောင် အရမ်းဝေးဝေး ပြေးလို့ရမှာ မဟုတ်ဘူး..."
ရွှီရှန်းက ခေါက်ဆွဲ အနည်းငယ် ထပ်စားလိုက်ပြီး ပတ်ဝန်းကျင် အခြေအနေကို ကြည့်ကာ ပြောလိုက်သည်။
"တပ်ခွဲမှူး လီ... ကျွန်တော်က သရဲအိမ် ဖွင့်ထားတဲ့သူမို့လို့... ထိတ်လန့်ကြောက်ရွံ့ခြင်း ဆိုတဲ့ စကားလုံးနှစ်လုံးနဲ့ ပတ်သက်ပြီး နားလည်မှု ပိုနက်နဲတယ်..."
"ကျွန်တော့်ရဲ့ သရဲအိမ်မှာ အချိန်ကုန်သက်သာဖို့နဲ့ ဂိမ်းကစားတဲ့ လေထု ပိုကောင်းလာစေဖို့ ရှစ်ယောက်တစ်ဖွဲ့ဖွဲ့ပြီး ဝင်ကစားခိုင်းလေ့ ရှိတယ်..."
"အတွေ့အကြုံတွေအရ ကြည့်မယ်ဆိုရင်... လူများတဲ့ အဖွဲ့ထဲမှာ ဖြစ်ပေါ်လာတဲ့ အကြောက်တရားက... တစ်ယောက်တည်း ကစားတာထက် လူတွေကို ပိုပြီး စိတ်ဓာတ်ကျ ပြိုလဲသွားစေတတ်တယ်..."
"အကြောင်းရင်း အနည်းငယ် ရှိတယ်... အကြောက်တရားဆိုတာ ကူးစက်တတ်ပြီး တဖြည်းဖြည်း ပိုပိုပြင်းထန်လာတတ်တယ်... အကယ်၍ အဖွဲ့ဝင်တွေ တစ်ယောက်ပြီးတစ်ယောက် စိတ်ဓာတ်ပြိုလဲသွားပြီး... အကြောက်တရားက ကိုယ့်ဆီ ချဉ်းကပ်လာတာကို ခံစားလိုက်ရပြီဆိုရင်... ကစားတဲ့သူတွေ ရင်ဆိုင်ရမယ့် အခက်အခဲက တစ်ယောက်တည်း ကစားတာထက် အများကြီး ပိုဆိုးသွားလိမ့်မယ်..."
အလွန် ရိုးရှင်းသော သဘောတရားပင် ဖြစ်သည်။ ကြောက်ရွံ့နေချိန်တွင် လူတစ်ဦးသည် ပတ်ဝန်းကျင်မှ အချက်အလက်များကို အများဆုံး ဖမ်းယူမိတတ်သလို ကိုယ်ပိုင် စိတ်ကူးယဉ် ထိတ်လန့်မှုများလည်း ဖြစ်ပေါ်လာတတ်သည်။ သို့သော် ဘေးပတ်ဝန်းကျင်တွင် မိမိကဲ့သို့ ကြောက်ရွံ့နေသူ အများအပြား ရှိနေပါက ထိုသူများ၏ အကြောက်တရားများကိုပါ ထပ်ဆင့် ဖမ်းယူမိပြီး မိမိ၏ အကြောက်တရားကို ပိုမို ကြီးမားလာစေသည်။
ထို့နောက် ပတ်ဝန်းကျင်ရှိ လူများကလည်း မိမိ၏ အကြောက်တရားကို ပြန်လည် ဖမ်းယူသွားကြပြီး မိမိကလည်း ထိုသူများ၏ အကြောက်တရားကို နောက်တစ်ဖန် ပြန်လည် ဖမ်းယူမိပြန်သည်။ ဤသည်မှာ အဆုံးမရှိ လည်ပတ်နေသော ထွက်ပေါက်ပိတ်နေသည့် အခြေအနေဆိုးကြီး တစ်ခုပင် ဖြစ်သည်။
"ထိုနည်းတူစွာပဲ... လူသတ်သမားတွေဟာ အဖွဲ့လိုက် ပုံစံနဲ့ ရှိနေကြတယ်..."
"ဒါ့အပြင် လူသတ်သမားတွေအဖွဲ့ထဲမှာ လူတွေ တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေပြီ... သေမင်းက တံစဉ်ကြီးကိုင်ပြီး အသက်ရှင်နေသေးတဲ့ လူတွေဆီကို တဖြည်းဖြည်း ချဉ်းကပ်လာနေပြီ..."
"ဒီလိုအခြေအနေမျိုးမှာ ဒီလူတွေက အသက်ကို ပိုပြီး တွယ်တာလာကြလိမ့်မယ်... ဒါကြောင့် အပေါင်းအပါတွေ ဖြစ်နေတဲ့ နစ်နာသူတွေရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ခွဲထုတ်ပြီး စားသောက်ခဲ့ကြတာပဲ..."
"တစ်နည်းပြောရရင်... တစ်ဖက်လူတွေဟာ အသက်ရှင်ဖို့အတွက် ဘာမဆို လုပ်ရဲတဲ့ အခြေအနေကို ရောက်နေကြပြီ..."
ရွှီရှန်းက ပတ်ဝန်းကျင်ရှိ လူများကို အကဲခတ်နေရင်း ပါးစပ်ထောင့်ရှိ ဆီအပေအကျံများကို သုတ်လိုက်သည်။
"ဒီလို လူမျိုးတွေက ပိုက်ဆံရှိတဲ့ အခြေအနေမှာ... စားချင်သောက်ချင်စိတ်ကို ဖြည့်ဆည်းဖို့ လုပ်ကြမလား... ဒါမှမဟုတ် ဆေးဝါးတွေ သွားဝယ်ကြမလား ဆိုတာကို... ခင်ဗျား ဘယ်လို ထင်လဲ..."
'ဆေးဝါးတွေများ သွားဝယ်ကြမလား...'
ဆေးဝယ်သောက်ရန် ငွေမရှိသဖြင့် ကောလာဟလများကို ယုံကြည်ကာ အသက်ရှင်သန်ရန်အတွက် လူသတ်ခဲ့သူများ ဖြစ်သည်။ ထိုသို့သော လူမျိုးများ ကိုယ်ပေါ်တွင် ငွေရှိနေပါက မည်သည့်အကြောင်းကြောင့် ဆေးမဝယ်ဘဲ နေမည်နည်း။ အကယ်၍ အမှုဖြစ်ပွားပြီးနောက် ရက်ပေါင်းဆယ်ဂဏန်းခန့် ကြာမြင့်သွားပါက လူသတ်သမားများတွင် ငွေကြေးစုဆောင်း၍ ထွက်ပြေးရန် အချိန်ရရှိနိုင်သည်။
သို့သော် ယခု သုံးရက်သာ ရှိသေးသည်။
'ဓားပြတိုက်မှာလား...'
ရောဂါသည် တစ်သိုက်က ဓားပြတိုက်ရန်မှာ မဖြစ်နိုင်ချေ။ တိုက်၍ ရခဲ့လျှင်ပင် ရဲတိုင်လိုက်ပါက အားလုံး လမ်းဆုံးသွားမည် ဖြစ်သည်။ ထို့ကြောင့် လူသတ်သမားများတွင် ထွက်ပြေးရန် ငွေကြေး မရှိကြောင်း သေချာသွားပြီ ဖြစ်သည်။
ထွက်ပြေးရန်အတွက် ကားလက်မှတ်ဖိုးသာ လိုအပ်သည်ဟု မထင်မှတ်သင့်ပေ။ စားစရိတ် နေစရိတ် ခရီးစရိတ် စသည်ဖြင့် အားလုံးအတွက် ငွေကြေး လိုအပ်သည်။ အထူးသဖြင့် လူသူစိမ်းကျက်၍ မရင်းနှီးသော နေရာသို့ ရောက်ရှိသွားပါက လူသားစားခြင်းကို ပြုလုပ်ရန် နည်းလမ်းမရှိသလို မလုပ်ရဲတော့သည့် အခြေအနေမျိုးတွင် သေမင်းကို ထိုင်စောင့်နေရုံသာ ရှိတော့မည် ဖြစ်သည်။
"မလောပါနဲ့... ခဏလောက် စောင့်ကြည့်ရအောင်... သူတို့တွေ ပြဿနာ ရှိနေပြီဆိုတာကို သတိမထားမိသေးတာလည်း ဖြစ်နိုင်တယ်..."
ရွှီရှန်းက ပြုံး၍ ပြောလိုက်သည်။
"အဲဒီလိုပဲ ဖြစ်ပါစေလို့ ဆုတောင်းရမှာပဲ..."
လီရှန်း၏ မျက်နှာမှာ အနည်းငယ် မှိုင်းညို့သွားသည်။ လီရှန်း ကြောက်ရွံ့နေသည်မှာ လူသတ်သမားများက ရဲများကို မြင်တွေ့ပြီးနောက် ထွက်ပြေးရန် ရွေးချယ်သွားမည်ကိုပင် ဖြစ်သည်။ အကယ်၍ မထွက်ပြေးပါက တစ်နေ့နေ့တွင် လူသတ်သမားများကို ဖမ်းဆီးနိုင်မည်မှာ သေချာသည်။ မိလ္လာမြောင်း အလုပ်သမား ကျိန့်ချန် ထံမှစတင်၍ ရှာဖွေရေး စက်ဝိုင်းကို တဖြည်းဖြည်း ကျဉ်းမြောင်းလာစေကာ လူသတ်သမားများကို ဖမ်းဆီးနိုင်သည်။
ထို့နောက် ထိုမှတစ်ဆင့် ပတ်ဝန်းကျင်ရှိ လူများကို ဆက်လက် ရှာဖွေနိုင်မည် ဖြစ်သည်။ သို့သော် လူသတ်သမားများသာ ထွက်ပြေးသွားပါက သေချာပေါက် သေဆုံးရမည် ဆိုသော်လည်း ဆယ်ရက်အတွင်း လုံးဝ ဖမ်းဆီးမိမည် မဟုတ်ချေ။
"ခဏနေကျရင် သေချာ ဂရုစိုက် ကြည့်ထား... အထူးသဖြင့် ဂုဏ်သိက္ခာ လုံးဝမရှိတဲ့ ပုံစံမျိုး ပြသနေတဲ့ လူတွေကိုပေါ့..."
ရွှီရှန်းက ပတ်ဝန်းကျင် အခြေအနေကို ကြည့်ရှုရင်း ရုတ်တရက် စကားဆိုလိုက်သည်။
'ဂုဏ်သိက္ခာ လုံးဝမရှိတဲ့သူတွေ...'
လီရှန်းက မျက်ခုံးပင့်လိုက်ပြီး နားမလည်နိုင်စွာဖြင့် ရွှီရှန်းကို ကြည့်လိုက်သည်။ ရွှီရှန်းက မျက်လုံးများကို မှေးစင်းလိုက်ပြီး ဘူတာရုံကို အကဲခတ်နေရင်း ပေါ့ပေါ့ပါးပါးပင် စကားဆိုလိုက်သည်။
"တပ်ခွဲမှူး လီ... လူတွေဟာ သေမင်းနဲ့ နီးကပ်လာလေလေ... ကိုယ်ကျင့်တရား စည်းမျဉ်းတွေ ပျောက်ဆုံးလာလေလေပဲ... အဲဒီစည်းမျဉ်းတွေရဲ့ ပြယုဂ်က များသောအားဖြင့် ဂုဏ်သိက္ခာ ဆိုတဲ့ စကားလုံးနှစ်လုံးပေါ်မှာ မူတည်နေတယ်... တစ်နည်းပြောရရင်..."
"လူတွေဟာ သေမင်းနဲ့ နီးကပ်လာလေလေ..."
"ဂုဏ်သိက္ခာ ဆိုတာ မရှိတော့လေလေပဲ..."
"ကျွန်တော့်မှာ အကြံတစ်ခု ရှိတယ်..."
ကျန်ဆန်းမြို့၏ အမှုကြီးမှာ အပြင်ဘက်သို့ သတင်းမပေါက်ကြားသေးပေ။ အထက်လူကြီးများက သတင်းကို အလွန်တင်းကျပ်စွာ ပိတ်ဆို့ထားခဲ့သည်။ ထို့ကြောင့် နယ်ဝေးမှလာသူ အများစုမှာ ဤမျှ ဆိုးရွားသော အမှုကြီး ဖြစ်ပွားထားကြောင်း မသိရှိကြဘဲ ကျန်ဆန်းမြို့သို့ လာရောက်၍ ပင်လယ်နှင့် တောင်တန်းများကို ကြည့်ရှုခံစားလိုကြဆဲ ဖြစ်သည်။
ထို့ကြောင့် ခရီးသွား ဧည့်သည် အရေအတွက်မှာ လျော့ကျသွားခြင်း မရှိသည့်အပြင် ရာသီဥတု အခြေအနေကြောင့် ယခင်ကထက်ပင် ပိုမို များပြားနေခဲ့သည်။
ဘူတာရုံ ထွက်ပေါက်တွင် ခန္ဓာကိုယ် တုတ်ခိုင်သော ဦးလေးကြီးများနှင့် အဒေါ်ကြီးများက ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ထွက်ပေါက်မှ ထွက်လာသူများကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြသည်။
"ကျန်း မိသားစု တည်းခိုခန်း... တစ်ညကို ယွမ်နှစ်ဆယ်ပဲ... တစ်ညကို ယွမ်နှစ်ဆယ်ပဲနော်... လူလေး လာတည်းမယ်ဆိုရင် အဒေါ်က ဈေးလျှော့ပေးဦးမှာ..."
"လူလေး တည်းခိုခန်း ရှာနေတာလား... ဦးလေးဆီမှာ ဝန်ဆောင်မှုတွေ အများကြီး ရှိတယ်..."
"လာ လာ လာ... အဒေါ်ဆီ လာခဲ့... အဒေါ်ဆီမှာ လှပတဲ့ မိန်းကလေးတွေ အများကြီး ရှိတယ်..."
ညခုနစ်နာရီ အချိန်ခန့်တွင် ဖြစ်သည်။ ရုပ်ရည်ချောမောသော ရွှီရှန်း ထွက်လာသည်နှင့် တပြိုင်နက် လူအုပ်ကြီး၏ ဝိုင်းအုံခြင်းကို ခံလိုက်ရပြီး မျက်နှာပေါ်တွင် အနေရခက်သော အမူအရာများ ပေါ်လွင်နေသည်။ လေးထောင့်ကျကျ မျက်နှာပေါက် ရှိသော အမျိုးသားတစ်ဦးက လူအုပ်ထဲမှနေ၍ ရွှီရှန်းကို ကြည့်ကာ စကားဆိုလိုက်သည်။
"လူလေးက ဘယ်အရပ်ကလဲ... ဦးလေးဆီက တည်းခိုခန်းက ဈေးသက်သာတယ်... လာတည်းမလား..."
ရွှီရှန်းက ရှက်သွေးဖြာစွာ ပြုံးလိုက်သည်။
"ဦးလေး... ကျွန်တော်က နယ်ဝေးကနေ ခရီးထွက်လာတာပါ... တည်းခိုခန်းအတွက်က ကျွန်တော့်မှာ ပိုက်ဆံ သိပ်မပါလာဘူး..."
"တစ်နေ့ကို ဆယ်ယွမ်လောက်ဆို အဆင်ပြေနိုင်မလား ခင်ဗျာ..."
'တစ်နေ့ကို ဆယ်ယွမ်တဲ့လား... ငါတို့ကိုများ ပရဟိတသမားတွေလို့ ထင်နေတာလား...'
မျက်စိတစ်မှိတ်အတွင်းမှာပင် ဖော်ရွေသော အဒေါ်ကြီးများက အပြုံးများကို ရုပ်သိမ်းလိုက်ကြပြီး ကားပေါ်မှ ဆင်းလာသော အခြား ခရီးသည်များဆီသို့ အသီးသီး ထွက်ခွာသွားကြသည်။ မူလက ဆူညံပွက်လောရိုက်နေသော မြင်ကွင်းမှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။
သို့သော် လေပြေတစ်ချက် တိုက်ခတ်လာပြီး ရွှီရှန်း၏ မျက်နှာပေါ်သို့ ဖြတ်သန်းသွားသည်။ လေထဲတွင် သဲ့သဲ့လေး ရောနှောပါဝင်နေသော ဆေးရည်အနံ့တစ်မျိုးကို ရရှိလိုက်သည်။ ပိန်လှီသော လူရိပ်တစ်ခုက အနားသို့ ကပ်လာပြီး မျက်နှာပေါ်တွင် ဖားယားသော အပြုံးမျိုးကို ပြသလိုက်သည်။
"လူလေး... ဦးလေးတို့ရဲ့ တည်းခိုခန်းက အခုမှ စဖွင့်တာမို့လို့..."
"တစ်ညကို ဆယ်ယွမ် ဆိုလည်း ရပါတယ်…”