အခန်း ၃၂
Vol. 4 Ch. 32
အခန်း ၃၂ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အလွန် အနေရခက်သွားခြင်း
ရဲတပ်ဖွဲ့က ကုမ္ပဏီကို သွားရှာမည်လားဆိုလျှင် သေချာပေါက် သွားရှာမည်သာ ဖြစ်သည်။ ဤကိစ္စကြောင့် ကျန်ဆန်းမြို့၏ ထမင်းအိုးကြီး ရိုက်ခွဲခံရလုနီးပါး ဖြစ်သွားခဲ့ရပြီ ဖြစ်သည်။
"သောက်ကျိုးနည်း... ဒီတိရစ္ဆာန် လေးကောင်..."
ညနေ ငါးနာရီ အချိန်တွင် လီရှန်းက လေကို ပြင်းပြင်းရှူသွင်းလိုက်ပြီး စစ်ကြောရေးခန်းထဲမှ ဆဲရေးတိုင်းထွာကာ ထွက်လာခဲ့သည်။
"ဟိုကုမ္ပဏီကိုလည်း အထက်က လူလွှတ်ပြီး ကိုင်တွယ်နေပြီ... မီးသတ်လုံခြုံရေး ပြဿနာ... ငွေစာရင်း ပြဿနာ... ဖိနှိပ်မှု ပြဿနာနဲ့ အလုပ်သမား ဥပဒေ... ဒီခွေးကောင်တွေ အဲဒီအထဲက တစ်ခုခုနဲ့တော့ သေချာပေါက် ငြိတော့မှာပဲ..."
ရွှီရှန်း ပြုံးလိုက်သည်။ သူက ထိုကိစ္စအတွက် လုံးဝ စိုးရိမ်ပူပန်နေခြင်း မရှိချေ။
"ဒီအမှု ဘယ်တော့လောက် ပိတ်သိမ်းနိုင်မလဲ..."
"မြန်ပါတယ်... အမြန်ဆုံး တစ်ပတ်အတွင်းပဲ... ဒီအမှုက အရမ်းကြီးလွန်းတော့ အထက်လူကြီးတွေလည်း တော်တော်လေး စိတ်လောနေကြတယ်... ပြဿနာ အသစ်တွေ ထပ်မထွက်လာခင် အမြန်ဆုံး အမှုပိတ်သိမ်းချင်နေကြတာ..."
လီရှန်းက စီးကရက်ကို ဖွာရှိုက်လိုက်ပြီး လက်ရန်းကို မှီကာ တိတ်ဆိတ်စွာ ဆေးလိပ်သောက်နေသည်။
အမှုတစ်မှုတည်းနှင့် သေဆုံးသွားသူ အရေအတွက်မှာ လွန်ခဲ့သော ငါးနှစ်စာ စုစုပေါင်းထက်ပင် ပိုမို များပြားနေခဲ့သည်။ ဒီနှစ်ထဲတွင် မည်သို့ ဖြစ်ပျက်နေကြောင်း နားလည်နိုင်စွမ်း မရှိတော့ချေ။ တစ်လတာ ကာလအတွင်း ခွေးကိုယ်လူခေါင်း အမှုနှင့် ကျိန့်ချန် တို့၏ အမှုများကြောင့် သေဆုံးသူ အရေအတွက်မှာ လျိုကျိုးပြည်နယ် တစ်ခုလုံးနီးပါးကိုပင် မီတော့မည် ဖြစ်သည်။
"ဒါနဲ့... အထက်က မင်းအတွက် ဂုဏ်ပြုဆု တောင်းခံပေးလိမ့်မယ် ထင်တယ်..."
အမှုပိတ်သိမ်းမည့် အကြောင်း ပြောရင်း လီရှန်းက ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားသည်။
"ဂုဏ်ပြုဆု... ငွေဘယ်လောက်ရမှာလဲ..."
ရွှီရှန်းက ပြုံးလိုက်သည်။ ဤအရာကသာ မှုခင်းစုံထောက် လိုချင်သော အရာပင် ဖြစ်သည်။
"ဘာတွေများ ငွေ ငွေ လာလုပ်နေတာလဲ... အရမ်း အောက်တန်းကျမနေဘူးလား..."
လီရှန်းက ညည်းညူ ဆဲဆိုလိုက်သည်။
ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ဂုဏ်ပြုဆု ဆိုသည်မှာ ငွေကြေးထက် အဆပေါင်းများစွာ ပို၍ အသုံးဝင်လှပေသည်။
"ငါထင်တာတော့ ယွမ်ငါးသိန်း ဝန်းကျင်လောက် ရနိုင်တယ်... ဒါပေမဲ့ မင်းက စာချုပ်ချုပ်ထားပြီး ရဲတပ်ဖွဲ့ဝင် အဆင့်အတန်း ရနေပြီဆိုတော့ ဆုကြေးငွေက တော်တော်လေး လျော့သွားလိမ့်မယ်... အဲဒီအစား တံဆိပ်လိုမျိုး တစ်ခုခုတော့ ချီးမြှင့်လိမ့်မယ် ထင်တယ်..."
စကားဆုံးသည်နှင့် လီရှန်းက ရွှီရှန်းကို အလွန်အမင်း အားကျသော အမူအရာဖြင့် ကြည့်လိုက်သည်။
ခွေးကိုယ်လူခေါင်း အမှုက ဒုတိယအဆင့် ဂုဏ်ပြုဆု ရရှိခဲ့သည်။ သေဆုံးသူ အရေအတွက် လေးဦးရှိပြီး အမှုဖော်ထုတ်ချိန် သုံးရက်သာ ကြာမြင့်ခဲ့သည်။
ယခုအမှုအတွက် မည်သို့ ရှိမည်ကို စဉ်းစားစရာပင်။ အမှုဖော်ထုတ်ချိန် မြန်ဆန်မှုက ဂုဏ်ပြုဆု အကဲဖြတ်ခြင်းအပေါ် သက်ရောက်မှု ရှိနိုင်သော်လည်း နစ်နာသူ အရေအတွက် အခြေခံက ဤနေရာတွင် အထင်းသား ရှိနေသည်။
ဤမျှကြီးမားသော ဂုဏ်ပြုဆုကို ဒုတိယအဆင့်တွင်သာ ကန့်သတ်ထားရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း လီရှန်း အသေအချာ သိရှိထားသည်။ အကယ်၍ ဒုတိယအဆင့် မဟုတ်ပါက မည်သည့်အဆင့် ဂုဏ်ပြုဆု ဖြစ်လာမည်ကို တွေးတောရင်း လီရှန်းက သက်ပြင်းတစ်ချက် ချလိုက်သည်။
"မင်း တကယ်ပဲ အချိန်ပြည့် မှုခင်းရဲအရာရှိ လာမလုပ်တော့ဘူးလား..."
"ငါ သေချာ ပြောရဲတယ်... ဒီအမှု တစ်ခုတည်းနဲ့တင် မင်း နောင်တစ်ချိန် အတွေ့အကြုံ ယူရင်းနဲ့ကို ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးအထိ ရောက်သွားနိုင်တယ်..."
"ဒါကြီး လုပ်ပြီး ဘာသွားလုပ်ရမှာလဲ..."
ရွှီရှန်းက လက်ယမ်းပြလိုက်သည်။ ရွှီရှန်းသည် ယခင်ဘဝကတည်းက ဤအလုပ်ကို လုံလောက်အောင် လုပ်ခဲ့ပြီးဖြစ်သည်။ စနစ်၏ တာဝန်များက အမှုအခင်းများနှင့် ပတ်သက်မနေပါက အလောင်းများကို တကယ်ပင် မကြည့်ရှုလိုတော့ချေ။ အလောင်းမှ ထွက်သော ဆီများက အရေပြားထဲသို့ စိမ့်ဝင်သွားပြီး အနံ့စွဲကျန်ရစ်ခဲ့သော ခံစားချက်မှာ လုံးဝ မကောင်းလှပေ။
"နောက်တစ်ခုက... ရဲတွေက ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း ရှိခွင့်မှ မရှိတာ..."
ရွှီရှန်းက ပြုံး၍ ဆိုလိုက်သည်။
ဤကမ္ဘာရှိ ရဲတပ်ဖွဲ့မှာလည်း ယခင်ဘဝနှင့် အတူတူပင် ဖြစ်သည်။ အချိန်ပြည့် ရဲတပ်ဖွဲ့ဝင် အဆင့်အတန်းက ကိုယ်ပိုင်ဆိုင်ဖွင့်၍ စီးပွားရေး လုပ်ကိုင်ခွင့်ကို ပိတ်ပင်ထားသည်။ ရွှီရှန်းတွင် ရဲတပ်ဖွဲ့ဝင် အဆင့်အတန်း ရှိနေသော်လည်း ရဲရာထူးမှာ ပြောင်းလဲမည် မဟုတ်ပေ။ ခံစားခွင့်များသာ ရရှိမည်ဖြစ်ပြီး အမှန်တကယ် အာဏာသက်ရောက်မှု ရှိမည် မဟုတ်ချေ။ ၎င်းမှာ ဤကမ္ဘာတွင်သာ သီးသန့်တည်ရှိသော အထူး ငှားရမ်းမှု စာချုပ်တစ်မျိုး ဖြစ်ပြီး အဆင့်မြှင့်တင်ထားသော မှုခင်းစုံစမ်းထောက်လှမ်းရေး အတိုင်ပင်ခံ နေရာပင် ဖြစ်သည်။
"သွားပြီ... ဆုကြေးငွေကို ငါ့လက်ထဲ ရောက်အောင် ပို့ပေးဖို့ မမေ့နဲ့ဦး..."
ရွှီရှန်းက မှာကြားလိုက်သည်။
စကားဆုံးသည်နှင့် ရွှီရှန်းက အပြင်ဘက်သို့ ထွက်သွားခဲ့သည်။ ထွက်ခွာသွားသော ရွှီရှန်း၏ ကျောပြင်ကို ကြည့်ရင်း လီရှန်း၏ လက်ထဲတွင် တစ်စုံတစ်ရာ လိုအပ်နေသကဲ့သို့ ခံစားနေရသည်။
'ကျွတ်... စုံစမ်းစစ်ဆေးတာလည်း တော်တော်လေး ပြီးပြည့်စုံနေပြီဆိုတော့... မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို သတင်းပို့လို့ ရပြီ...'
လီရှန်းက အကြည့်များကို ရုပ်သိမ်းလိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဤအမှုကို ဖော်ထုတ်နိုင်လိမ့်မည်ဟု လီရှန်း တကယ်ပင် မတွေးမိခဲ့ချေ။ အချိန် ဆယ်ရက်တည်းဖြင့် မှုခင်းဖြစ်ပွားရာ နေရာတွင် မည်သည့် သဲလွန်စမှ မရှိဘဲ အစောဆုံး သေဆုံးချိန် တစ်နှစ်အထိ နောက်ကြောင်းပြန် လိုက်ရမည့်အပြင် နစ်နာသူ အရေအတွက် ဂဏန်းနှစ်လုံး ရှိနေသော အမှုကြီးကို ဖော်ထုတ်ရန်မှာ နောက်ပြောင်နေခြင်းသာ ဖြစ်တန်ရာသည်။
ဤကဲ့သို့သော အမှုမျိုးကို တစ်ပတ်အတွင်း မှုခင်းဖြစ်ပွားရာ နေရာမှ အသုံးဝင်သော အချက်အလက်များ ရှာဖွေတွေ့ရှိလျှင်ပင် အလွန် ကောင်းမွန်နေပြီ ဖြစ်သည်။ သို့သော် ယခုအခါတွင် အမှုကြီး ပေါ်ပေါက်သွားခဲ့ပြီ ဖြစ်သည်။ ဆယ်ရက် မဟုတ်ပေ။ ငါးရက်ခွဲတည်းဖြင့် အမှုကို တိုက်ရိုက် ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
အကယ်၍ ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့သာ ရောက်လာပါက ယခုအချိန်အထိ အခင်းဖြစ်ပွားရာ နေရာကို စစ်ဆေးနေဆဲသာ ရှိမည်ဖြစ်ပြီး လူသတ်သမား၏ အရိပ်အယောင်လေးပင် ရှာတွေ့နိုင်ဦးမည် မဟုတ်ကြောင်း ကျိန်းသေပေသည်။ ထိုအချက်ကို တွေးမိသောအခါ လီရှန်းမှာ မသိမသာ ခေါင်းမော့သွားပြီး နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားကာ ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်မိသည်။
'ဒီတစ်ကြိမ် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး အကြောင်း မပြောသေးရင်တောင်... မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကတော့ အနည်းနဲ့အများ အံ့ဩတုန်လှုပ်သွားလောက်ပြီ...'
အမှုကို အခြားသူ၏ အကူအညီဖြင့် ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သော်လည်း ထိုသို့ အကူအညီ ရယူနိုင်ခြင်းမှာလည်း အရည်အချင်း တစ်ခုပင် ဖြစ်သည်။ မှုခင်းစုံစမ်းထောက်လှမ်းခြင်း ဆိုသည်မှာ မူလကတည်းက ကျွမ်းကျင်သူ အသီးသီး၏ အကူအညီဖြင့် အမှုကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာကာ ဖော်ထုတ်ရသော အလုပ်အကိုင် တစ်ခုသာ ဖြစ်သည်။
"သွားမယ်... မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို သွားပြီး မျက်နှာလုပ်ကြမယ်..."
ထိုအချိန်တွင် မှုခင်းစုံစမ်းထောက်လှမ်းရေး တပ်ဖွဲ့ခွဲရုံးအတွင်း၌ ဖြစ်သည်။
အလုပ်ဆင်းရန် ပြင်ဆင်နေကြရမည့် လူများမှာ ရုံးခန်းထဲတွင် ထိုင်နေကြပြီး လူတိုင်း၏ မျက်လုံးများက သွေးကြောများဖြင့် နီရဲနေကြသည်။
"အမှု အခြေအနေ ဘယ်လိုရှိလဲ..."
တပ်ဖွဲ့ခွဲမှူး ဆူချန် က စီးကရက်ကို ဖွာရှိုက်လိုက်ပြီး မီးခိုးများ မှုတ်ထုတ်ကာ ပတ်ဝန်းကျင်ရှိ လူများကို ကြည့်လိုက်သည်။
ရဲတပ်ဖွဲ့ဘက်မှ နယ်ဝေးမှလာသူများကို ပစ်မှတ်ထား ရှာဖွေနေကြောင်း သတင်းမပေါက်ကြားစေရန် ရွှီရှန်းနှင့် လီရှန်းတို့က လူအများအပြားကို အသိမပေးခဲ့ချေ။ အမှုစုံစမ်းစစ်ဆေးခြင်းကို အခြားသော တပ်ခွဲမှူးများထံ လွှဲအပ်ထားခဲ့သည်။ ရွှီရှန်းနှင့် လီရှန်းတို့ ကိုယ်တိုင်မူ အဖွဲ့ငယ်တစ်ခုကို ခေါ်ဆောင်ကာ ဘူတာရုံသို့ သွားရောက်ပြီး ခန့်မှန်းချက်များကို အတည်ပြုခဲ့ကြသည်။ ထိုကာလ တစ်လျှောက်လုံးတွင် ရဲစခန်းသို့ မည်သည့် သတင်းပို့မှုမျှ မလုပ်ခဲ့ပေ။
"စုံစမ်းစစ်ဆေးမှုတွေ... ဆက်လုပ်နေတုန်းပါပဲ..."
ရဲတပ်ဖွဲ့ဝင် တစ်ဦးက သတင်းပို့လိုက်သည်။
"စုံစမ်းတုန်း... သောက်ကျိုးနည်း အခုထိ စုံစမ်းတုန်းပဲလား..."
ဆူချန် က မနေနိုင်တော့ဘဲ အသံကျယ်ကြီးဖြင့် ဆဲဆိုလိုက်သည်။
ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ပေးလာသော ကြီးမားလှသည့် ဖိအားများနှင့် မြို့တော်ဘက်မှ ဖိအားများက ဆူချန်ကို အသက်ရှူမဝအောင် ဖြစ်စေခဲ့သည်။ သို့သော် မတတ်နိုင်ချေ။ တတိယအဆင့် မြို့တော်အဖြစ် အမြန်ဆုံး အဆင့်မြှင့်တင်နိုင်ရန်အတွက် ကျန်ဆန်းမြို့ အနေဖြင့် လုံလောက်သော အရည်အချင်းများကို မဖြစ်မနေ ပြသရမည် ဖြစ်သည်။
သို့သော် ယခု ငါးရက်ခွဲ ရှိသွားပြီ ဖြစ်သော်လည်း ရလဒ်မှာ စုံစမ်းဆဲ စစ်ဆေးဆဲ ဆိုသည့် စကားများသာ ထွက်ပေါ်နေသည်။ စုံစမ်းဆဲ ဟူသော စကားလုံးက ဆူချန်၏ ဒေါသကို ပိုမို ဆွပေးလိုက်သလို ဖြစ်သွားသည်။
"လီရှန်း ရော..."
"လီရှန်း အဲဒီကောင် ဘယ်ထွက်သွားတာလဲ... အခုချက်ချင်း လာတွေ့ခိုင်းလိုက်..."
ဆူချန် က လုံးဝ သည်းမခံနိုင်တော့ချေ။ လက်ရှိအချိန်တွင် တပ်ဖွဲ့ခွဲမှူးကြီးမှာ ပြစ်တင်ဝေဖန်မှုများကို ထမ်းပိုးထားရသော်လည်း လက်အောက်ငယ်သားများက လုံးဝ အသုံးမကျဖြစ်နေသည်။
ဘေးဘက်ရှိ ရဲတပ်ဖွဲ့ဝင်က ထိုပြဿနာများကြားမှ အမြန်ဆုံး ရှောင်ထွက်ကာ လီရှန်းကို သွားခေါ်ရန် ပြင်လိုက်သည်။ သို့သော် ကံမကောင်းစွာဖြင့် လီရှန်းက ရောက်ရှိလာခဲ့သည်။
"ခေါင်းဆောင်... ကျွန်တော့်ကို ခေါ်နေတာလား..."
လီရှန်း၏ အသံက ပြတင်းပေါက် အနီးမှ ထွက်ပေါ်လာသည်။ လီရှန်းက ပြတင်းပေါက် မှန်တံခါး အပြင်ဘက်မှနေ၍ အထဲသို့ ခိုးကြောင်ခိုးဝှက် လှမ်းကြည့်နေသည်။
လီရှန်း ရောက်လာပြီဟုတ်ပါလား။ မည်သည့်အချိန်က ရောက်လာသနည်း။ ဤနေရာသို့ ဘာလာလုပ်သနည်း။ ပတ်ဝန်းကျင်ရှိ လူများ ထိုအကြောင်းကို သေချာ မစဉ်းစားရသေးမီမှာပင် လီရှန်း၏ ပြုံးဖြီးဖြီး ဖြစ်နေသော မျက်နှာကို မြင်လိုက်ရသော ဆူချန်၏ ရင်ထဲတွင် အမည်မသိ ဒေါသမီးတောက်များ ရုတ်တရက် ထတောက်လာခဲ့သည်။
"ပြုံးနေတယ်..."
"ပြုံးနိုင်သေးတယ်ပေါ့လေ..."
"သောက်ကျိုးနည်း အမှုက မျက်ခုံးမွေး မီးလောင်နေပြီ... မင်းလို မှုခင်းတပ်ဖွဲ့ တပ်ခွဲမှူးက ပြုံးနေနိုင်သေးတယ်ပေါ့..."
"မင်းမှာ တိုးတက်ချင်စိတ် ဆိုတာ နည်းနည်းလေးတောင် မရှိတော့ဘူးလား..."
"လီရှန်း... မင်း ဒီတပ်ခွဲမှူး နေရာမှာ ဆက်ထိုင်ချင်သေးရဲ့လား... ဆက်မထိုင်ချင်ရင် အခုချက်ချင်း ထွက်သွားလိုက်စမ်း..."
ဆူချန် က တိုက်ရိုက် မတ်တပ်ရပ်လိုက်ပြီး လီရှန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"ငါးရက်ခွဲ ရှိသွားပြီ..."
"ငါးရက်ခွဲ အတိအကျ ရှိသွားပြီ... အမှုက သဲလွန်စ တစ်စက်လေးတောင် မရသေးဘူး... မင်းတို့ ရဲတွေက ထမင်းအလကား စားနေကြတာလား..."
"ငါ့ကို သေချာ ပြောစမ်း... ထမင်းအလကား စားနေကြတာ ဟုတ်လား မဟုတ်ဘူးလား..."
"ဝက်အကောင်ရာချီကို မိလ္လာမြောင်းထဲ သွားတူးခိုင်းရင်တောင် သဲလွန်စ နည်းနည်းပါးပါး ရလာဦးမယ်..."
"မင်းတို့ကောင်တွေ အကုန်လုံး အသုံးမကျတဲ့ အမှိုက်တွေလား..."
လွန်ခဲ့သော ရက်အနည်းငယ် အတွင်း စုပုံနေခဲ့သော ဒေါသများမှာ ယခုအခိုက်အတန့်တွင် ပေါက်ကွဲထွက်ရန် ပစ်မှတ်ကို ရှာတွေ့သွားခဲ့ပြီ ဖြစ်သည်။ အထက်လူကြီးများ ဆဲဆိုရာတွင် တကယ်ပင် စကားလုံး ကြွယ်ဝလှပေသည်။ ဆူချန် က အရည်အချင်းပိုင်းမှစ၍ လုပ်သက် အတွေ့အကြုံ ယခင်က အရေးမယူခဲ့သော ကိစ္စရပ်များအထိ အစအဆုံး အကုန်ဆွဲထုတ်လာပြီး လီရှန်း၏ မျက်နှာရှေ့တွင် ပြင်းပြင်းထန်ထန် ပြစ်တင် ဆဲဆိုတော့သည်။
လီရှန်း မှာ လုံးဝ ကြောင်အမ်းသွားခဲ့သည်။ လီရှန်းမှာ လှုပ်ရှား၍လည်း မရ ငြိမ်နေ၍လည်း မရ ဖြစ်နေသည်။ ငြိမ်နေပါကလည်း ဆူချန် က အသေကောင်လို ရပ်နေသည်ဟု ထပ်မံ ဆဲဆိုဦးမည် ဖြစ်သည်။
လီရှန်း တစ်ယောက် အလွန်အမင်း နစ်နာနေသည်ဟု ခံစားနေရချိန်တွင် ဆူချန် မှာ ဆဲဆိုရသည်ကို အားရကျေနပ်သွားခဲ့ပြီ ဖြစ်သည်။
"ဟူး... ပြောစမ်း... မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို လာပြီး ဘာလုပ်ချင်လို့လဲ..."
ဆူချန် က ရေတစ်ငုံ သောက်လိုက်ပြီး လီရှန်း၏ ရှေ့တွင် ရပ်ကာ စွေကြည့်ရင်း မေးလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး... ခေါင်းဆောင်ကို သတင်းတစ်ခု လာပေးတာပါ..."
လီရှန်း က ပြန်ဖြေလိုက်သည်။
"ဘာသတင်းလဲ..."
"အမှု ပေါ်သွားပြီ..."
"ဟမ်..."
ဆူချန် ၏ ရေသောက်နေသော လှုပ်ရှားမှုမှာ ရုတ်တရက် ရပ်တန့်သွားသည်။ ဆူချန် က ခေါင်းကို အမြန်မော့လာပြီး အပြစ်ကင်းစင်ကာ အန္တရာယ် မရှိသည့်ပုံစံ ပေါက်နေသော လီရှန်း၏ မျက်နှာကို စိုက်ကြည့်လိုက်သည်။
လီရှန်း မှာ အလွန် ဝမ်းနည်းနေခဲ့သည်။ မျက်နှာလာလုပ်ရန် ရောက်လာခြင်း ဖြစ်သော်လည်း ရောက်ရောက်ချင်းပင် ခေါင်းပေါ်မှနေ၍ အပြင်းအထန် ဆဲဆိုခံလိုက်ရခြင်း ဖြစ်သည်။
"အမှု ပေါ်သွားပြီ..."
"ပေါ်သွားပြီ..."
"မင်းက ဘာဖြစ်လို့ သတင်းမပို့တာလဲ..."
"ကျွန်တော် ပို့သားပဲ... အရင်ကတောင် သတင်းပို့ထားသေးတယ်... မကြာခင် တပ်ဖွဲ့က စစ်ဆင်ရေး တစ်ခု လုပ်စရာ ရှိတယ်ဆိုပြီး..."
"မင်းက နေ့တိုင်း သတင်းပို့နေပြီးတော့... နေ့တိုင်း ဘာမှ မရခဲ့ဘူး ဆိုတာချည်းပဲ မဟုတ်ဘူးလား..."
"ဟုတ်တယ်လေ... ပြီးတော့ ဒီနေ့ ဖမ်းဆီးရေး အောင်မြင်သွားပြီလေ..."
ဆူချန် မှာ လုံးဝ ဆွံ့အသွားခဲ့သည်။
ထိုသို့ဆိုလျှင် စောစောက ဆူချန် ဆဲဆိုခဲ့သည်များက မည်သို့ ဖြစ်သွားမည်နည်း။ မျက်စိတစ်မှိတ်အတွင်းမှာပင် လေထုကြီး တစ်ခုလုံး အေးခဲသွားပြီး ဆူချန်နှင့် လီရှန်းတို့ နှစ်ဦးစလုံး တိတ်ဆိတ်စွာ စဉ်းစားခန်း ဝင်သွားကြသည်။ အလွန် အနေရခက်သော အခြေအနေကြီး ဖြစ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် နေရောင်ခြည် အပန်းဖြေဥယျာဉ်အတွင်း၌ ဖြစ်သည်။
"ဟေး... စားဖိုမှူး အမှုကို အခြေခံပြီး ပြင်ဆင်ထားတဲ့ သရဲအိမ် ပြကွင်းသစ်..."
"အကျိုးသက်ရောက်မှု ဘယ်လိုရှိမလဲ မသိသေးဘူး…”