အခန်း ၃၅
Vol. 4 Ch. 35
အခန်း ၃၅ မီမီ... ရူးနေတာလား
"ရှောင်ရှန်း... ဒီတစ်ယောက်က ဘယ်သူလဲ..."
"ကျန်းပါ တဲ့... သူ့ကို ဦးလေးပါး လို့ပဲ ခေါ်လိုက်..."
"မဟုတ်ဘူး... ပြောချင်တာက... ဘာလို့ တခြားလူကို အိမ်ခေါ်လာပြန်တာလဲလို့..."
ည ဆယ်နာရီခွဲ အချိန်တွင် ဟန်ယွဲ့က ရွှီရှန်းနှင့်အတူ လိုက်ပါလာသော ကျန်းပါကို ကြည့်ရင်း စဉ်းစားခန်း ဝင်သွားလေသည်။
ဟန်ယွဲ့၏ အိမ်မှာ အတော်လေး ဝေးကွာလှသဖြင့် အလုပ်ဆင်းရန် အဆင်ပြေစေရန် သရဲအိမ်တွင် တိုက်ရိုက် နေထိုင်ခြင်း ဖြစ်၏။ သရဲအိမ်တွင် ဝန်ထမ်းများအတွက် သီးသန့် အိပ်ခန်းများ ရှိပေသည်။ နေရာအကျယ်ကြီး ရှိနေသဖြင့် အလဟဿ မဖြစ်စေရန် အသုံးပြုထားခြင်း ဖြစ်ချေသည်။
"ဒုတိယမြောက် ပြကွင်းတစ်ခု ဖန်တီးဖို့ ပြင်ဆင်နေတာ..."
ရွှီရှန်းက စားပွဲရှေ့တွင် ထိုင်ကာ ရေတစ်ခွက် ငှဲ့လိုက်သော်လည်း ဟန်ယွဲ့က လုယူသွားပြီး ပျားရည်ဖျော်ရည် တစ်ခွက်နှင့် အစားထိုး ပေးလိုက်လေသည်။
"ပြကွင်းတစ်ခုတည်းဆိုရင်... ဘယ်လောက်ပဲ ကြောက်စရာကောင်းနေပါစေ... အကြိမ်ရေ များလာရင် ဧည့်သည်တွေလည်း ရိုးအီသွားမှာပဲ..."
"ပြီးတော့... အခုဆိုရင် အောင်မြင်သွားတဲ့ ဧည့်သည်တွေလည်း တဖြည်းဖြည်း များလာပြီ..."
"အချိန်မီ ဒုတိယ ပြကွင်းကို မဖွင့်နိုင်ရင်... ဧည့်သည်တွေရဲ့ စိတ်ဝင်စားမှုက အမြန်ဆုံး ပျောက်ကွယ်သွားလိမ့်မယ်..."
အိမ်ပြန်ချိန် ပြကွင်းကို တစ်ကြိမ် ကစားလျှင် ယွမ်ဆယ်ယွမ် ကျသင့်ပေသည်။ အကယ်၍ အကောင်းဆုံး ဧည့်သည် အဖြစ် သတ်မှတ်ခံရပါက ယွမ်တစ်ရာ ဆုကြေးရရှိမည် ဖြစ်၏။ သာမန်အားဖြင့် ခြောက်ကြိမ် ခုနစ်ကြိမ်ခန့် ကစားပြီးပါက အကြောက်တရား လျော့နည်းသွားပြီး အောင်မြင်နိုင်ခြေ များပြားသဖြင့် ထိုဧည့်သည်များမှာ အနည်းနှင့်အများ ငွေကြေး အမြတ်အစွန်း ရရှိသွားကြလေသည်။
သို့သော် ငွေရပြီးနောက်ပိုင်းတွင် ရည်မှန်းချက် မရှိတော့သဖြင့် စိတ်ဝင်စားမှုလည်း သဘာဝကျကျ ပျောက်ကွယ်သွားမည် ပင်။
ထို့ကြောင့် ဒုတိယ ပြကွင်း၏ အရေးပါမှုက ပေါ်လွင်လာချေပြီ။
"ဒါပေမဲ့ အခု လက်ထဲမှာ ပိုက်ဆံ သိပ်များများစားစား မရှိတော့ဘူးလေ..."
ဟန်ယွဲ့က ခါးစည်းစပတ်ကို ဝတ်ဆင်ထားပြီး ခုံပုလေးပေါ်တွင် ထိုင်ကာ လက်တစ်ဖက်က ဘောပင်ကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်က စာရွက်ကို ကိုင်ထားလေသည်။
"ဒီလမှာ ဦးလေးကျန်းနဲ့ ဦးလေးလီတို့ အတွင်းခံ ရောင်းရငွေ တော်တော်များပေမယ့်... ပြကွင်းအသစ်တစ်ခု ဖန်တီးဖို့ ကုန်ကျစရိတ်အတွက်ဆိုရင်တော့ မလောက်သေးဘူး..."
"လောက်ပါတယ်..."
ရွှီရှန်း အနည်းငယ် စဉ်းစားလိုက်ပြီး ပြုပြင်မွမ်းမံရန် ငွေမလိုကြောင်းကိုတော့ ဖွင့်မပြောခဲ့ချေ။
"ခွေးကိုယ်လူခေါင်း အမှုက ရတဲ့ ဆုကြေးငွေနဲ့... ချွန်းဟွာလမ်း အမှုက ဆုကြေးငွေတွေ ပေါင်းလိုက်ရင်... အကြွေးတချို့ကို ဆပ်ဖို့ လုံလောက်တဲ့အပြင်... ဒုတိယ ပြကွင်း ပြဿနာကိုပါ ဖြေရှင်းနိုင်တယ်..."
"တိရစ္ဆာန်လမ်းကြား ရဲ့ အပြင်အဆင်ပိုင်းကိုတောင်... ပစ္စည်းတွေ သွားဝယ်နေတုန်းမှာ ခွေးကိုယ်လူခေါင်း ဆုကြေးငွေနဲ့ အကုန် ရှင်းလင်းပြီးသွားပြီ... အခု ဝန်ထမ်း ပြဿနာပဲ ကျန်တော့တာ..."
ပြုပြင်မွမ်းမံခြင်းများ ပြီးသွားပြီဆိုသည့် စကားကြောင့် ဟန်ယွဲ့၏ လှပသော မျက်နှာလေးပေါ်တွင် ကြောင်အမ်းအမ်း အမူအရာများ ပေါ်လွင်လာလေသည်။ ဟန်ယွဲ့မှာ အိမ်ရှင်မ တစ်ဦး ဖြစ်သော်လည်း ထိုကိစ္စကို လုံးဝ မသိရှိခဲ့ချေ။
'ဒုက္ခပါပဲ... ဒီကောင်လေးကတော့... တကယ့်ကို လွန်နေပြီ...'
"ဒါဆို... သူက ပြကွင်းအသစ်အတွက် ဝန်ထမ်းပေါ့..."
ဟန်ယွဲ့က ရွှီရှန်းနှင့် ဆက်မငြင်းခုံတော့ဘဲ ဘေးဘက်တွင် အေးဆေးတည်ငြိမ်စွာ ရပ်နေသော ကျန်းပါကို လှမ်းကြည့်လိုက်လေသည်။
"ဟုတ်တယ်..."
ရွှီရှန်း ပြုံးလိုက်ပေသည်။
"လာ... ဦးလေးပါး... အားလုံးကို နှုတ်ဆက်လိုက်ပါဦး..."
"အော်... ဒီကလေးက ဦးလေးပါး ရဲ့ အခန်းဖော်ပဲ... အခန်းက နှစ်ယောက်ခန်း ဖြစ်ပြီး... လိုအပ်တဲ့ အသုံးအဆောင်တွေကို မနက်ဖြန် ကျရင် လာပို့ပေးမယ်..."
ထိုသို့ပြောရင်း ရွှီရှန်းက ဘေးဘက်တွင် မျက်လုံးကြောင်တောင်တောင်ဖြင့် ရပ်နေသော လီရှူကို လက်ညှိုးထိုးပြလိုက်လေသည်။
လီရှူမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အစားအသောက် ကောင်းကောင်း စားရသဖြင့် အနည်းငယ် ဝဖြိုးလာသော်လည်း သာမန်လူများနှင့် ယှဉ်လျှင် ပိန်ပါးနေဆဲ ပင်။ လီရှူ၏ အကျင့်စရိုက်မှာလည်း ယခင်ကဲ့သို့ အမြဲတမ်း သတိဝီရိယ ကြီးမားနေခြင်းမျိုး မရှိတော့ဘဲ ရွယ်တူ ကလေးများကဲ့သို့ အနည်းငယ် အအ တတ ပုံစံမျိုး ဖြစ်လာလေပြီ။
ထိုအချိန်တွင် လီရှူက မျက်စိရှေ့ရှိ အမျိုးသားကြီးကို အထက်အောက် အကဲခတ်နေပေသည်။
ကျန်းပါမှာ ကျက်သရေရှိပြီး ယဉ်ကျေးသိမ်မွေ့သော လူလတ်ပိုင်း အမျိုးသား တစ်ဦး ဖြစ်ကာ အဝတ်အစားများမှာလည်း သန့်ရှင်းသပ်ရပ်နေပြီး အလွန် နွေးထွေးသော အသွင်အပြင် ရှိချေသည်။ ထိုသူက မိမိ၏ အခန်းဖော် ဖြစ်လာမည်ကို လီရှူ အံ့ဩနေလေသည်။
ကျန်းပါကလည်း လီရှူကို အထက်အောက် အကဲခတ်နေ၏။ နောက်ဆုံးတွင် လီရှူ မနေနိုင်တော့ဘဲ မေးခွန်းထုတ်လိုက်လေသည်။
"ခင်ဗျားကို သူဌေးက ဘယ်အမှိုက်ပုံကနေ ကောက်လာတာလဲ..."
ကျန်းပါ တစ်ယောက် လုံးဝ ဆွံ့အသွားချေပြီ။
'အမှိုက်ပုံကနေ... ကောက်လာတယ်...'
ကျန်းပါသာမက ဘေးရှိ လူများအားလုံးလည်း ကြက်သေသေသွားကြလေသည်။ လီရွှေမှာ မျက်နှာလေး နီမြန်းသွားပြီး အစ်ကိုဖြစ်သူ၏ အင်္ကျီစကို အလျင်အမြန် ဆွဲလိုက်၏။ လီရှူမှာ အနည်းငယ် နားမလည်နိုင် ဖြစ်သွားပြီး ပတ်ဝန်းကျင်ရှိ လူများကို လှည့်ကြည့်လိုက်ပေသည်။
"အာ... ခင်ဗျားတို့ အားလုံးကိုလည်း သူဌေးက အမှိုက်ပုံကနေ ကောက်လာတာ မဟုတ်ဘူးလား..."
ပွင့်ပွင့်လင်းလင်း ပြောရလျှင် လီရှူ ရောက်လာကတည်းက ဦးလေးကျန်း၊ ဦးလေးလီနှင့် ဟန်ယွဲ့ အပါအဝင် အားလုံးကို ရွှီရှန်းက အမှိုက်ပုံမှ တစ်ယောက်ချင်းစီ ကောက်ယူလာခြင်း ဖြစ်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်လေသည်။
သို့သော် ယခု ကြည့်ရသည်မှာ ထိုသို့ မဟုတ်ပုံရပေ။ မိမိ တစ်ယောက်တည်းသာ အကောက်ခံရခြင်း ဖြစ်နေကြောင်း သိလိုက်ရ၏။ မဟုတ်သေးချေ လီရှူမှာ အလုပ်ခန့်အပ်ခံရခြင်း ဖြစ်ပြီး မီမီ တစ်ကောင်တည်းသာ ကောက်ယူခံရခြင်း ဖြစ်ချေသည်။
"ကျွန်တော့် နာမည်က ကျန်းပါ ပါ... အသက် သုံးဆယ့်သုံးနှစ် ရှိပါပြီ... အတည်တကျ နေထိုင်တဲ့ နေရာ မရှိသေးသလို အိမ်ထောင်လည်း မကျသေးပါဘူး... အရင်က ကျန်း မိသားစု ခေါက်ဆွဲဆိုင်မှာ စားဖိုမှူး လုပ်ခဲ့ပြီး... နေ့တိုင်း ညဆယ်နာရီအထိ အချိန်ပို လုပ်ရပါတယ်..."
"ဆေးလိပ် မသောက်တတ်ပါဘူး... အရက်ကိုလည်း နည်းနည်းပါးပါးပဲ သောက်ပါတယ်... ည ဆယ့်တစ်နာရီဆို အိပ်ရာဝင်ပြီး နေ့တိုင်း ရှစ်နာရီပြည့်အောင် အိပ်ပါတယ်... အိပ်ရာမဝင်ခင် နွားနို့နွေးနွေး တစ်ခွက် သောက်လေ့ရှိပြီး အကြောလျှော့ လေ့ကျင့်ခန်း မိနစ်နှစ်ဆယ်လောက် လုပ်ပါတယ်... အိပ်ရာပေါ် ရောက်တာနဲ့ ချက်ချင်း အိပ်ပျော်သွားတတ်ပြီး မနက်မိုးလင်းတဲ့အထိ တစ်ရေးတည်း အိပ်လေ့ရှိပါတယ်... ပင်ပန်းနွမ်းနယ်မှုတွေနဲ့ ဖိအားတွေကို နောက်တစ်နေ့အထိ လုံးဝ သယ်မသွားပါဘူး... ဆရာဝန်တွေကလည်း ကျွန်တော့်ကို လုံးဝ ပုံမှန်ပါပဲလို့ ပြောကြပါတယ်..."
ကျန်းပါက ပြုံး၍ မိတ်ဆက်လိုက်လေသည်။
"ဒါပေမဲ့... အားလုံးပဲ ကျွန်တော့်ကို ဦးလေးပါး လို့ ခေါ်လို့ ရပါတယ်..."
'ဦးလေးပါး တဲ့လား...'
အလွန် ထူးဆန်းသော အမည်နာမ ပင်။ ကျန်းပါ၏ အကဲခတ်နေသော အကြည့်များမှာ ပြဿနာ မရှိဟု ထင်ရသော်လည်း လီရှူ၏ စိတ်ထဲတွင် တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု ခံစားနေရ၏။ မိမိအား လူတစ်ယောက်ကဲ့သို့ ကြည့်နေခြင်း မဟုတ်ကြောင်း ခံစားလိုက်ရလေသည်။ သို့သော် ထိုအရာများကို လီရှူ ဂရုမစိုက်တော့ပေ။
"ကောင်းပါပြီ... ဦးလေးပါး ကို အခန်းဆီ လိုက်ပို့ပေးမယ်... ကျွန်တော်တို့ အခန်းက တော်တော်ကျယ်တယ်... သီးသန့် အိမ်သာလည်း ပါသေးတယ်... လာ..."
လီရှူက မည်သည့်အရာကိုမျှ စိုးရိမ်ပူပန်ခြင်း မရှိဘဲ ကျန်းပါကို ဆွဲခေါ်ကာ သရဲအိမ် အတွင်းပိုင်းသို့ ဝင်သွားလေသည်။ ကျန်းပါက ရွှီရှန်းနှင့် ဟန်ယွဲ့ကို ပြုံးပြနှုတ်ဆက်လိုက်ပြီးနောက် ခါးကို မတ်မတ်ထားကာ ဖြည်းညင်းစွာ လိုက်ပါသွားပေသည်။ ကျန်းပါ၏ အမူအရာမှာ အလွန် အေးဆေးတည်ငြိမ်နေချေသည်။
ရွှီရှန်း ထိုမြင်ကွင်းကို ကြည့်ရင်း မျက်ခုံးများ တဖြတ်ဖြတ် လှုပ်သွားလေ၏။
'ဒီအခြေအနေကို ဘယ်လို ပြောရမလဲ...'
'ဦးလေးပါး နဲ့ လူသတ်သမားလေး... ဝန်ထမ်း အိပ်ခန်းထဲကို ပြုံးပျော်ပြီး အတူတူ ဝင်သွားကြတယ်ပေါ့...'
ရွှီရှန်း တိတ်ဆိတ်သွားလေသည်။ အထူးဝန်ထမ်း နှစ်ဦးစလုံး၏ နောက်ခံ အတွေ့အကြုံနှင့် စိတ်နေသဘောထားများကို ကြည့်လျှင် ရွှီရှန်းသာ သွားရောက် မခေါ်ယူခဲ့ပါက အနာဂတ်တွင် ရာဇဝတ်မှု ကျူးလွန်မည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားနိုင်ခြေ အလွန်များပြားပေသည်။ အထူးသဖြင့် လီရှူ ပင်။
လီရှူ ဖြတ်သန်းခဲ့ရသော ပတ်ဝန်းကျင်မှာ အဆိုးတကာ့ အဆိုးဆုံးများသာ ဖြစ်သဖြင့် အနာဂတ်တွင် ဥပဒေချိုးဖောက်ကာ ခိုးဆိုးလုယက်မှုများ ကျူးလွန်လာမည်မှာ သေချာသလောက် ရှိနေလေသည်။ ကျန်းပါလည်း ထိုနည်းတူချေ။
မိမိ၏ တွေးခေါ်မှုက လက်ရှိ ရပ်တည်နေသော အလွှာထက် မြင့်မားနေသော်လည်း အခြေအနေကို ပြောင်းလဲနိုင်စွမ်း မရှိသည့်အခါ ထိုသူသည် အလွန်အမင်း စိတ်ဖောက်ပြန်လာပြီး မည်သည့် ကိစ္စမျိုးကိုမဆို ကျူးလွန်လာနိုင်ကြောင်း ရွှီရှန်း အံ့သြမည် မဟုတ်ပေ။
ဤဝန်ထမ်း အိပ်ခန်းသာ ရဲတပ်ဖွဲ့၏ ဝင်ရောက်ဖမ်းဆီးခြင်း ခံရပါက အလုပ်သင် ရဲအရာရှိ တစ်ဦးပင် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးအထိ ရာထူးတိုးသွားနိုင်လောက်ကြောင်း ရွှီရှန်း တွေးမိလိုက်၏။ မိမိ၏ သရဲအိမ်ကြီးမှာ ရာဇဝတ်ကောင်များ စုဝေးရာ ဌာနချုပ်ကြီး ဖြစ်လာမည် မဟုတ်ကြောင်း ရွှီရှန်း မျှော်လင့်မိလေသည်။
"ကိစ္စမရှိပါဘူး... ငါ့ရဲ့ တရားမျှတမှု... ကြင်နာမှုနဲ့ သတ္တိရှိတဲ့ မြင့်မြတ်တဲ့ ကိုယ်ကျင့်တရားတွေက... သူတို့ကို လမ်းမှန်ပေါ် ရောက်အောင် လမ်းပြပေးနိုင်မှာပါ..."
ရွှီရှန်းက သက်ပြင်းချကာ ရေရွတ်လိုက်ပြီး မိမိကိုယ်ကိုယ်ပင် ကြည်နူးသွားလေသည်။ သို့သော် ဤသရဲအိမ်အတွင်းရှိ လူများထဲတွင် မသင်္ကာသူ အဖြစ် ဖမ်းဆီးစစ်ဆေးခံခဲ့ရဖူးသူမှာ မည်သူဖြစ်ကြောင်းကိုမူ သေချာစွာ စဉ်းစားရန် မလိုအပ်တော့ချေ။
"ဘာတွေ လျှောက်ပြောနေတာလဲ..."
ဟန်ယွဲ့က ခါးထောက်လိုက်ပြီး ရွှီရှန်းကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်ချိန်တွင် အထီးကျန်ဆန်သော ခံစားချက်တစ်ခုက ရင်တွင်းသို့ ဝင်ရောက်လာလေသည်။
ကလေးလေး အရွယ်ရောက်လာပြီ ဖြစ်၏။ မည်သည့်ကိစ္စကိုမဆို သူမနှင့် တိုင်ပင်ခြင်း မရှိတော့ချေ။ နောင်တစ်ချိန်တွင် သူမကို လိုအပ်တော့မည် မဟုတ်ကြောင်း တွေးမိလိုက်ပေသည်။ ထိုအရာများကို စဉ်းစားမိသောအခါ ဟန်ယွဲ့ ခေါင်းငုံ့သွားပြီး မတတ်သာသည့် ဒေါသနှင့် စိတ်အနှောင့်အယှက် ဖြစ်မှုတို့က ရင်ထဲတွင် ပြည့်နှက်လာလေသည်။
"ဘာဖြစ်လို့လဲ..."
ရွှီရှန်းက အနားသို့ ကပ်သွားပြီး စိတ်ကောက်နေသော ဟန်ယွဲ့၏ မျက်နှာလေးကို ကြည့်လိုက်၏။
"ဘာမှမဖြစ်ဘူး... စောစော အိပ်တော့... ညဉ့်မနက်စေနဲ့..."
ဟန်ယွဲ့က ခပ်ပေါ့ပေါ့ပင် ပြန်ပြောလိုက်လေသည်။
"ညဉ့်နက်တာက ကျန်းမာရေးအတွက် မကောင်းဘူး..."
ပြောဆိုပြီးနောက် ဟန်ယွဲ့သည် မိမိ၏ အခန်းဆီသို့ လျှောက်သွားလေတော့သည်။ ရွှီရှန်း ခေါင်းကုတ်လိုက်ပြီး အောက်သို့ ငုံ့ကြည့်လိုက်ရာ ခြေသလုံးနားတွင် ခေါင်းစောင်းကာ လျှာထွက်နေသော ခွေးလေး မီမီကို တွေ့လိုက်ရ၏။
"မီမီ... ယွဲ့လျန် ဘာဖြစ်သွားတာလဲ ဆိုတာ မင်း သိလား..."
ရွှီရှန်း ဆောင့်ကြောင့်ထိုင်လိုက်ပြီး ခွေးလေး၏ ခေါင်းကို ပွတ်သပ်ကာ မေးလိုက်လေသည်။ မီမီ တစ်ကောင် ကြောင်အမ်းသွားပြီး ရွှီရှန်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေပေသည်။
'ဟမ်...'
'ငါ့ကို မေးနေတာလား...'
မီမီမှာ ရွှီရှန်းကို ကြောင်တောင်တောင်ဖြင့် ကြည့်နေမိ၏။ အချိန်အတန်ကြာသည်အထိ မီမီထံမှ မည်သည့် တုံ့ပြန်မှုမျှ မရရှိသောအခါ ရွှီရှန်းက ခွေးလေးကို ဒေါသတကြီး ချလိုက်ပြီး တိရစ္ဆာန်လမ်းကြား ပြကွင်းဆီသို့ လျှောက်သွားလေသည်။
"ဟွန်း... စကားလေး တစ်ခွန်းတောင် မပြောတတ်ဘူး... မင်းကို အလကား ကျွေးမွေးထားရတာပဲ..."
'ဟင်...'
'ရူးများ ရူးနေလား...'
ထွက်ခွာသွားသော ရွှီရှန်း၏ ကျောပြင်ကို ကြည့်ရင်း မီမီ စဉ်းစားခန်း ဝင်သွားချေပြီ။ မိမိက တကယ်ပဲ စကားပြောတတ်နေပြီး မိမိကိုယ်တိုင် မသိခြင်းများ ဖြစ်နေမည်လားဟု တွေးတောမိလေသည်။
ထိုသို့ တွေးမိပြီးနောက် မီမီက စမ်းသပ်သည့် အနေဖြင့် အသံထွက်ကြည့်လိုက်၏။
"ဝုတ်..."
အလွန် ကောင်းမွန်ပေသည်။ ထွက်ပေါ်လာသော အသံမှာ ခွေးဟောင်သံ အစစ်အမှန် ပင်။ မီမီ ထပ်မံ၍ တိတ်ဆိတ်သွားပြန်လေသည်။
'သေချာတယ်... ဒီလူ ရူးနေတာ...'
'ငါ့နာမည်ကလည်း ဘာအဓိပ္ပာယ်မှန်း မသိဘူး... ရူးချင်စရာ ကောင်းလိုက်တာ...'
ည ဆယ့်တစ်နာရီ အချိန် တိရစ္ဆာန်လမ်းကြား ပြကွင်းအတွင်း၌ ရွှီရှန်းက တိတ်ဆိတ်စွာဖြင့် စနစ်ကို ဖွင့်လိုက်လေသည်။
"ပြကွင်းကို ပြုပြင်မွမ်းမံမယ်…”