အခန်း ၄၀
Vol. 4 Ch. 40
အခန်း ၄၀ ကြီးမားသော တာဝန်တွဲကြီးကို စတင် လှုံ့ဆော်လိုက်ခြင်း
ကျောက်လုံ နောက်သို့ လှည့်ကြည့်လိုက်သော အခိုက်အတန့်တွင် အမျိုးသားတစ်ဦးက ကျောက်လုံတို့ဆီသို့ သတိလွတ်နေသူ တစ်ဦးကဲ့သို့ ပြေးလာနေသည်ကို မြင်တွေ့လိုက်ရ၏။ ထိုအမျိုးသား၏ မျက်နှာပေါ်တွင် ရူးသွပ်နေသည့် အမူအရာများ အပြည့်အနှက် ပေါ်လွင်နေပြီး ခန္ဓာကိုယ်မှာ အပြင်းအထန် တုန်ရီနေပေသည်။
ထိုသူမှာ ကျိုးရွှင် ပင်။
"ကျိုးရွှင်... ရပ်လိုက်စမ်း"
ကျောက်လုံက ဖိနပ်တစ်ဖက် ကျွတ်ထွက်သွားသည်အထိ ပြေးလာသော ကျိုးရွှင်ကို အလျင်အမြန် တားဆီးလိုက်လေသည်။ ကျိုးရွှင်၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ကျန်ရှိနေသေးပြီး တားဆီးလိုက်သူမှာ ကျောက်လုံ ဖြစ်နေကြောင်း မြင်တွေ့လိုက်ရမှသာ ရင်တွင်းရှိ ကြောက်ရွံ့မှုများ အနည်းငယ် လျော့ကျသွားချေသည်။
"ကျိုးရွှင် ဘာဖြစ်လာတာလဲ"
"လီဟူ ရော"
စကားပြောရင်း ကျောက်လုံ မျက်မှောင်ကြုတ်သွားလေ၏။ ကျောက်လုံမှာ ဤသရဲအိမ်ကို ပြဿနာလာရှာခြင်း ဖြစ်သော်လည်း ယခု အခြေအနေကို ကြည့်ရသည်မှာ အခြား အဖွဲ့တစ်ဖွဲ့လုံး ဒုက္ခရောက်သွားသည့် ပုံစံပေါက်နေချေသည်။
လီဟူ၏ နာမည်ကို မကြားလိုက်ရလျှင် တော်သေးသော်လည်း ကြားလိုက်ရသည်နှင့် တပြိုင်နက် ကျိုးရွှင် တစ်ကိုယ်လုံး ကြက်သေသေသွားတော့၏။ ထို့နောက် ခေတ္တမျှ ကြောင်အမ်းသွားပြီး ကျိုးရွှင်၏ မျက်လုံးများတွင် မျက်ရည်များ ရစ်သိုင်းလာပေသည်။
"အစ်ကိုလီ... အစ်ကိုလီက..."
"လီဟူ ဘာဖြစ်သွားတာလဲ... မြန်မြန် ပြောစမ်းပါ"
ကျောက်လုံ၏ မျက်မှောင်များ ပိုမို စုကြုံ့သွားလေသည်။
"ကျိုးရွှင် ပြေးထွက်လာနိုင်ခဲ့တယ်... အစ်ကိုလီက ပြေးမလွတ်ခဲ့ဘူး... ဟီးဟီး"
အရပ် တစ်မီတာ ရှစ်ဆယ်ခန့်ရှိပြီး တောင့်တင်းခိုင်မာသော ကျိုးရွှင် တစ်ယောက် ကလေးငယ် တစ်ဦးကဲ့သို့ အသံထွက်၍ ငိုကြွေးနေချေသည်။
"ဘာတွေ ဖြစ်ခဲ့တာလဲ... ဖြည်းဖြည်းချင်း သေချာ ပြောပြစမ်းပါ"
အခြေအနေ မမှန်ကြောင်း ကျောက်လုံ ရိပ်မိသွားလေ၏။ ကျိုးရွှင်၏ သတ္တိကို ကျောက်လုံ ကောင်းစွာ သိရှိထားပေသည်။ လီဟူကို မမီနိုင်သော်လည်း သာမန်လူများထက် အဆပေါင်းများစွာ သတ္တိကောင်းသူ ဖြစ်၏။ သို့မဟုတ်ပါကလည်း ကျောက်လုံတို့၏ အဖွဲ့အတွင်းသို့ ရွေးချယ်ခံရမည် မဟုတ်ချေ။
သို့သော် ယခုအခါတွင်မူ ထိုမျှလောက်အထိ ထိတ်လန့်ကြောက်ရွံ့နေခြင်း ပင်။
"လူသတ်သမား... စားသောက်ဆိုင် ထဲမှာ လူသတ်သမား ရှိတယ်"
ကျိုးရွှင် အလွန်အမင်း စိတ်လှုပ်ရှား တုန်လှုပ်လာလေသည်။
"စားသောက်ဆိုင် က ဝန်ထမ်း အသတ်ခံလိုက်ရပြီ... လူသတ်သမားက လိမ်ပြီး... လူတစ်ယောက်ကို..."
"ကျိုးရွှင် နောက်ကို လှည့်မကြည့်ရဲဘဲ ထွက်ပြေးလာခဲ့တာ... အစ်ကိုလီ ကတော့ ပြေးမလွတ်ခဲ့ဘူး... အစ်ကိုလီ သေချာပေါက်..."
'လူသတ်သမား'
'လူသားစားတာလား'
'လီဟူ အသတ်ခံလိုက်ရပြီလား'
ကျောက်လုံ၏ သူငယ်အိမ်များ ကျုံ့ဝင်သွားလေ၏။ မျက်စိရှေ့ရှိ ကျိုးရွှင်ကို ကြည့်ရင်း ကျောက်လုံ၏ ခေါင်းထဲတွင် မည်သည့်အရာကို တွေးတောရမည်မှန်း မသိအောင် ဖြစ်သွားချေပြီ။
'လူကို အရေခွံခွာပြီး... အသားတုံးတွေ အဖြစ် ခုတ်ထစ်ထားတယ်'
'ဒီစကားတွေက... ဘာလို့ ဒီလောက်တောင် ရင်းနှီးနေရတာလဲ'
ကျောက်လုံ တစ်ဦးတည်းသာ မဟုတ်ဘဲ ကျောက်လုံ၏ အနောက်တွင် ရပ်နေသော ဧည့်သည် နှစ်ဦးစလုံးမှာလည်း ရုတ်တရက် တောင့်တင်းသွားကြပြီး မျက်စိရှေ့ရှိ ကျိုးရွှင်ကို လှမ်းကြည့်လိုက်ကြပေသည်။
ကျောက်လုံ ကြောင်အမ်းသွားပြီး ကိုင်ဆောင်ထားသော ခြင်းတောင်းကို ကျိုးရွှင်၏ မျက်စိရှေ့သို့ ရုတ်တရက် ချပြလိုက်လေသည်။
"မီးဖိုချောင် ထဲက အသားတုံးတွေ ဆိုတာ..."
"ဒီလိုမျိုးတွေလား"
ကျိုးရွှင် ကြောင်အမ်းသွားပြီး အလိုအလျောက် အောက်သို့ ငုံ့ကြည့်လိုက်၏။
ခြင်းတောင်း အတွင်း၌ သွေးသံရဲရဲ ဖြစ်နေသော အသားတုံးများကို မြင်တွေ့လိုက်ရပြီး အလွန်အမင်း ရွံရှာဖွယ် ကောင်းလှပေသည်။
ထိုအသားတုံးများထဲမှ အချို့မှာ ကြည့်လိုက်သည်နှင့် လူ့လက်များနှင့် အလွန် တူညီနေချေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နေရာရှိ လူများအားလုံး ဆွံ့အသွားကြပြီး ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားချေသည်။
စူးရှသော အော်ဟစ်သံကြီး ထွက်ပေါ်လာချိန်အထိ ပင်။
"အား"
ကျိုးရွှင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး နောက်တစ်စက္ကန့်တွင် မျက်ဖြူလန်ကာ သတိလစ် မေ့မြောသွားတော့၏။
ကျောက်လုံ တံတွေး တစ်ချက် မျိုချလိုက်ပြီး မြေပြင်ပေါ် လဲကျသွားသော ကျိုးရွှင်ကို ကြည့်လိုက်လေသည်။ ကျိုးရွှင်၏ တုံ့ပြန်မှုက ဤကိစ္စမှာ သာမန် မဟုတ်ကြောင်း အတည်ပြုပေးနေချေပြီ။
ကျောက်လုံ နောက်သို့ လှည့်ကာ ပတ်ဝန်းကျင်ရှိ ဧည့်သည်များကို ကြည့်လိုက်ရာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကြည့်နေကြပေသည်။
"မင်းတို့... ဒီကိစ္စကို ဘယ်လို ထင်လဲ"
ဤကိစ္စမှာ ယုံကြည်နိုင်စရာ မရှိသဖြင့် ကျောက်လုံ၏ စိတ်ထဲတွင် အလိုအလျောက် ငြင်းပယ်ထားသော်လည်း ကျိုးရွှင်၏ အခြေအနေကို မြင်တွေ့လိုက်ရသောအခါ အနည်းငယ် တွေဝေသွားလေသည်။
"ရုတ်တရက် အလုပ်လေး ရှိလို့..."
ဧည့်သည် တစ်ဦးက ဝင်ရောက် ပြောဆိုလိုက်၏။ ထိုဧည့်သည်မှာ အလွန်အမင်း ထိတ်လန့်နေပြီး နာရီဝက်ခန့် အချိန်ဖြုန်းကာ ဝန်ထမ်းများ လာခေါ်မည့် အချိန်ကိုသာ စောင့်ဆိုင်းနေချင်တော့သည်။
"အစ်ကို... စွန်းချန် လည်း မသွားတော့ဘူး..."
စွန်းချန်က လည်ပင်းကို ပုကာ တိုးတိုးလေး ပြောလိုက်ပေသည်။
ကျောက်လုံမှာ ဧည့်သည်များ ကြောက်ရွံ့နေသည်ကို မြင်သောအခါ အံကြိတ်လိုက်ပြီး စားသောက်ဆိုင် ရှိရာသို့ တစ်ဦးတည်း ထွက်လာခဲ့လေသည်။ အသက်ရှင်နေလျှင် လူကို မြင်ရမည် ဖြစ်ပြီး သေဆုံးသွားလျှင်လည်း အလောင်းကို တွေ့ရမည် ပင်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် လူသားစားသည် ဆိုသည်ကို ကျောက်လုံ လုံးဝ မယုံကြည်ချေ။ ကျိုးရွှင်၏ ခန့်မှန်းချက်များနှင့် ယုတ္တိဗေဒ သက်သေခံချက်များ အားလုံးမှာ အလွန် အစစ်အမှန်နှင့် တူနေသော်လည်း ကျောက်လုံက လက်မခံနိုင်ပေ။
သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ ခြေလှမ်း အနည်းငယ်မျှပင် မလှမ်းရသေးမီ အခြေအနေ ပြောင်းလဲသွားလေ၏။
ကျိုးရွှင် ပြေးလာခဲ့သော လမ်းကြောင်း အတိုင်း လျှောက်သွားစဉ်မှာပင် ရုတ်တရက် လူရိပ်တစ်ခုက ကျောက်လုံ၏ မျက်စိရှေ့သို့ ရောက်လာပြီး မျက်နှာချင်းဆိုင် ဆုံတွေ့သွားတော့သည်။
ကျောက်လုံ ခြေလှမ်းများ ရပ်တန့်သွားချေပြီ။ ကျောက်လုံ သည် မှောင်မိုက်နေသော လမ်းကြားလေး အတွင်း၌ ရပ်ကာ မျက်စိရှေ့ရှိ အနောက်တိုင်း ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားကြီးကို ကြည့်နေမိလေသည်။
ထိုအမျိုးသားကြီး၏ ခန္ဓာကိုယ်မှာ တောင့်တင်းခိုင်မာပြီး တစ်ကိုယ်လုံးတွင် ကျက်သရေရှိသော အသွင်အပြင်များ လွှမ်းခြုံနေပေသည်။ ထိုအမျိုးသားကြီး၏ လက်တစ်ဖက်တွင် အနောက်တိုင်း ဟင်းချက်ဓား တစ်လက်ကို ကိုင်ဆောင်ထားပြီး ကျန်လက်တစ်ဖက်တွင်မူ ခေါင်းပြတ် တစ်ခေါင်း ပါရှိနေ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကျောက်လုံ၏ မျက်နှာမှာ သွေးဆုတ်ကာ ဖြူရော်သွားတော့၏။ သွေးသံရဲရဲ ခေါင်းပြတ်ကြီးကို ကြည့်ရင်း ကျောက်လုံ၏ မျက်လုံးများမှာ မျက်တောင်ပင် မခတ်နိုင်တော့ချေ။
'ဒါက လီဟူရဲ့ ခေါင်းလား'
ကျောက်လုံ အတိအကျ မသိသော်လည်း ကြည့်လေလေ ထိုအရေခွံ ခွာထားသော ခေါင်းကြီးမှာ မှတ်ဉာဏ်ထဲရှိ လီဟူ၏ ရုပ်ရည်နှင့် ပိုတူလေလေ ဖြစ်ကြောင်း ခံစားလာရလေသည်။
'ဒါဆိုရင် မျက်စိရှေ့က လူကြီးက'
ရုတ်တရက် ကျောက်လုံ၏ ခန္ဓာကိုယ်မှာ အပြင်းအထန် တုန်ရီလာပြီး ယခင်က ကျောက်လုံ၏ ခန့်မှန်းချက်များ အားလုံး မှားယွင်းနေကြောင်း သိရှိသွားတော့သည်။
ခြေလှမ်းပင် မလှမ်းနိုင်တော့အောင် တောင့်တင်းနေသော ကျောက်လုံကို ဦးလေးပါး ကြည့်လိုက်လေ၏။ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ဦးလေးပါး က ဓားကိုင်ထားသော လက်ကို နောက်သို့ ဝှက်လိုက်ပြီး ကျောက်လုံကို ကြည့်ကာ အလွန် ဖော်ရွေသည်ဟု ထင်ရသော အပြုံးတစ်ခုကို ပြသလိုက်ပေသည်။
"မင်းက"
"သက်သတ်လွတ် စားတဲ့သူလား"
ကျောက်လုံ၏ မျက်နှာမှာ စက္ကူချပ် တစ်ချပ်ကဲ့သို့ ဖြူရော်သွားတော့၏။
နေရောင်ခြည် အပန်းဖြေဥယျာဉ် အတွင်းရှိ သရဲအိမ် အဝင်ပေါက် ရှေ့တွင် ဖြစ်လေသည်။
"လူတွေ... လူတွေ လာကြပါဦး"
"ဆရာဝန် ရော... ဆရာဝန် ဘယ်မှာလဲ"
"ဒါတွေက ဘာတွေ ဖြစ်ကုန်တာလဲ... လူဆယ်ယောက် အကောင်းကြီး ဝင်သွားတာ... ဘာလို့ လေးယောက်က မေ့လဲပြီး ပြန်ထွက်လာရတာလဲ"
"ကျန်တဲ့ လူတွေကလည်း ဘာလို့ အရူးတွေလို ဖြစ်နေကြတာလဲ"
"ဒါ ဘာတွေ ဖြစ်ကုန်တာလဲ"
"ဖယ်ပေးကြပါဦး... လမ်းမပိတ်ထားကြပါနဲ့"
ဧည့်သည်များ သတိလစ်သွားသည်နှင့် တပြိုင်နက် ဦးလေးပါး က အခြားဝန်ထမ်းများကို ချက်ချင်း အကြောင်းကြားပြီး လျှို့ဝှက်တံခါးမှ တစ်ဆင့် အပြင်သို့ သယ်ထုတ်သွားစေခဲ့ခြင်း ဖြစ်ချေသည်။ ထို့အပြင် ကျိုးရွှင် ထွက်ပြေးသွားသဖြင့် ဒုတိယ အဖွဲ့ပါ ပြကွင်း တစ်ခုလုံးတွင် ထိတ်လန့်တကြား ထွက်ပြေးနေကြလေသည်။
ထို့ကြောင့် ဦးလေးပါး က ဧည့်သည်များ အန္တရာယ် တစ်ခုခု ဖြစ်မည်ကို စိုးရိမ်သဖြင့် သရုပ်ဆောင်ရာတွင် သုံးသော ဓားကို ကိုင်ကာ နောက်မှ လိုက်သွားခဲ့ခြင်း ပင်။
သို့သော် ဝမ်းနည်းစရာ ကောင်းသည်မှာ ထိုဧည့်သည်များက ဦးလေးပါး ၏ စေတနာကို လုံးဝ နားမလည်ခဲ့ကြချေ။ ဦးလေးပါး က အကူအညီ ပေးရန် အနီးသို့ ချဉ်းကပ်သွားတိုင်း ထိုဧည့်သည်များမှာ သွေးဆုတ်မတတ် ကြောက်ရွံ့သွားကြလေသည်။ ဧည့်သည်များ၏ တက်ကြွလှုပ်ရှားမှုကို ဦးလေးပါး အလွန် သဘောကျသော်လည်း ဦးလေးပါးကို မြင်သည်နှင့် နှုတ်ပင် မဆက်ဘဲ ထွက်ပြေးသွားကြသဖြင့် ဦးလေးပါး ၏ ရင်ထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်သွားပေသည်။
"ဘာတွေ ဖြစ်ကုန်တာလဲ... ဘာလို့ ပါးစပ်က အမြှုပ်တွေတောင် ထွက်နေတာလဲ"
ရွှီရှန်း က ကျိုးရွှင် ၏ ပါးစပ်ထောင့်မှ ထွက်နေသော အမြှုပ်များကို ကြည့်ရင်း လုံးဝ တုံ့ဆိုင်းနေခြင်း မရှိဘဲ ရှေးဦးသူနာပြုစုခြင်းကို ချက်ချင်း စတင် လုပ်ဆောင်လိုက်လေသည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် ကျိုးရွှင် သတိရနေခဲ့ပြီ ဖြစ်၏။ ပြကွင်း အတွင်း၌ပင် ဝန်ထမ်းများက ကယ်ဆယ်လိုက်သဖြင့် သတိပြန်လည်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် သတိလစ်သွားစဉ် ဆီးထွက်ကျသွားသဖြင့် ရှက်ရွံ့ကာ သတိမရချင်ယောင် ဆောင်နေခဲ့ခြင်း ဖြစ်ချေသည်။
အရေးအကြီးဆုံး အချက်မှာ ကျိုးရွှင် မသေသေးကြောင်း ဦးလေးပါး သိရှိသွားပါက ဓားဖြင့် ထိုးသတ်မည်ကို ကြောက်ရွံ့နေခြင်း ပင်။ အပြင်သို့ ရောက်ရှိလာပြီး ရွှီရှန်း ရှေးဦးသူနာပြုစုခြင်း စတင်ချိန်မှသာ...
"လူ... လူသတ်နေတယ်"
ဖြူရော်နေသော မျက်နှာဖြင့် ကျိုးရွှင် က မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်၏။ အားအင်ချည့်နဲ့နေသော အကြည့်များဖြင့် ရွှီရှန်း ကို ကြည့်ကာ လက်နှစ်ဖက်ဖြင့် ရွှီရှန်း ၏ အင်္ကျီစကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။
"အစ်ကိုလီ သေသွားပြီ... အထဲမှာ လူသတ်သမား ရှိတယ်... လူသတ်သမားက လူတွေ အများကြီး သတ်ထားတယ်... ရဲကို... ရဲကို မြန်မြန် ဖုန်းဆက်ပါ"
"ရဲကို ဖုန်းဆက်ပေးကြပါ"
"ဒီကို ရဲတွေ ခေါ်ပေးကြပါ... အထဲမှာ လူသတ်သမား ရှိနေတယ်"
'လူသတ်သမား'
'ဘယ်က လူသတ်သမား ရောက်လာရမှာလဲ'
ပတ်ဝန်းကျင်ရှိ ဧည့်သည်များက ကျိုးရွှင် ကို ကြည့်ရင်း ကြောင်အမ်းသွားကြပြီးနောက် မျက်စိရှေ့ရှိ သရဲအိမ်ကြီးကို ထူးဆန်းသော အကြည့်များဖြင့် လှမ်းကြည့်လိုက်ကြပေသည်။ ရူးများ ရူးသွားသလားဟု တွေးတောနေမိကြ၏။
"ကျွတ်ကျွတ်ကျွတ်... ဒီကောင်တွေ ပြဿနာ လာရှာတာ... ပြဿနာ မရှာနိုင်တဲ့အပြင် ကိုယ့်ဦးနှောက်ကိုယ်ပါ ဖောက်ပြန်သွားအောင် လုပ်လိုက်ပြီ"
"ပွင့်ပွင့်လင်းလင်း ပြောရရင်... ဒုတိယ ပြကွင်းကို တော်တော်လေး စိတ်ဝင်စားသွားပြီ"
"မင်းက သူဌေးရဲ့ အတွင်းခံတွေကို လွမ်းနေတာ မဟုတ်ဘူးလား"
"ယွမ်နှစ်ဆယ်တည်းနဲ့ ကစားလည်း ကစားရတယ်... ထမင်းလည်း အလကား စားရသေးတယ်... ဒါ တော်တော်လေး တန်တာပဲ"
ကျိုးရွှင်၏ လုပ်ရပ်က ပတ်ဝန်းကျင်ရှိ လူများကို လုံးဝ ထိတ်လန့်သွားစေခြင်း မရှိချေ။ ထို့ထက်ပို၍ပင် စိတ်လှုပ်ရှား တက်ကြွလာကြပေသည်။
အဘယ်ကြောင့်ဆိုသော် ရယ်စရာ ကောင်းနေသောကြောင့် ပင်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဤသရဲအိမ် အဝင်ပေါက်ရှေ့၌ လူအများက လာရောက် ကြည့်ရှုလေ့လာနေကြပြီး နေ့စဉ်နှင့်အမျှ 'လူသေနေတယ်'၊ 'သရဲခြောက်တယ်'၊ 'တကယ် သရဲရှိတယ်' ဟု အော်ဟစ်ကာ ပြေးထွက်လာသူများနှင့် ရင်းနှီးနေပြီ ဖြစ်လေသည်။ ယခု လူသတ်သမား ဆိုသည်မှာလည်း ထူးဆန်းနေမည် မဟုတ်တော့ချေ။
ပတ်ဝန်းကျင်ရှိ လူများ၏ လှောင်ပြောင် ရယ်မောမှုများကို ကြည့်ရင်း ကျိုးရွှင် ၏ မျက်နှာမှာ ရှက်ရမ်းရမ်းကာ နီရဲလာတော့၏။
သို့သော် ကျိုးရွှင် ထပ်မံ ပြောဆိုရန် ပြင်လိုက်စဉ် ဘေးဘက်ရှိ သရဲအိမ်ဝန်ထမ်းများဖြစ်သော ဦးလေးလီ နှင့် ဦးလေးကျန်း တို့က အနီးသို့ ချဉ်းကပ်လာပေသည်။
"လူငယ်လေး"
"အတွင်းခံ ဝယ်ချင်လား... ဈေးလျှော့ရောင်းပေးမယ်"
ထိုစကားကြောင့် ကျိုးရွှင် ကြောင်အမ်းသွားလေသည်။
ကျိုးရွှင် အောက်သို့ ငုံ့ကြည့်လိုက်ရာ ဘောင်းဘီတွင် ဆီးများ စိုရွှဲနေသည်ကို မြင်တွေ့လိုက်ရပြီး ကျိုးရွှင်၏ မျက်နှာမှာ လုံးဝ ပျက်ယွင်းသွားတော့၏။
ရွှီရှန်း ကမူ ထိုလူများကို သိပ်ပြီး ဂရုမစိုက်ချေ။ ထို့ထက် ရွှီရှန်း ပို၍ ဂရုစိုက်နေသည်မှာ အခြား ကိစ္စတစ်ခု ပင်။
[စနစ် သတိပေးချက် - ပိုင်ရှင်သည် ခွေးကိုယ်လူခေါင်း ပြကွင်း နှင့် စားဖိုမှူး ပြကွင်းများကို အောင်မြင်စွာ ပြီးမြောက်သွားပြီ ဖြစ်သဖြင့် ဆက်စပ်နေသော ကြီးမားသည့် တာဝန်တွဲကြီးကို စတင် လှုံ့ဆော်လိုက်ပါပြီ (ပြီးမြောက်မှု အခြေအနေ - ၇/၂ ပြီးမြောက်ပါသည်)]
[စနစ် သတိပေးချက် - ပိုင်ရှင်သည် စားဖိုမှူး ပြကွင်းကို အောင်မြင်စွာ ပြီးမြောက်သွားပြီ ဖြစ်သဖြင့် သီးခြား ကြီးမားသော ပြကွင်းတာဝန်တစ်ခုကို စတင် လှုံ့ဆော်လိုက်ပါပြီ (ပြီးမြောက်မှု အခြေအနေ - ၃/၁ ပြီးမြောက်ပါသည်)]
[စနစ် သတိပေးချက် - ပိုင်ရှင်သည် ခွေးကိုယ်လူခေါင်း ပြကွင်းကို အောင်မြင်စွာ ပြီးမြောက်သွားပြီ ဖြစ်သဖြင့် သီးခြား ကြီးမားသော ပြကွင်းတာဝန်တစ်ခုကို ထပ်မံ လှုံ့ဆော်လိုက်ပါပြီ (ပြီးမြောက်မှု အခြေအနေ - ၃/၁ ပြီးမြောက်ပါသည်)]
[မှတ်ချက် - တာဝန် သတ်မှတ်ချက်များ ပြီးမြောက်ပါက ဆုကြေး အဖြစ် ကြီးမားသော ပြကွင်းတစ်ခုစီ ရရှိမည် ဖြစ်ပါသည်]
'တာဝန်တွေ ရောက်လာပြီလား'
'တာဝန်တွဲကြီး ဟုတ်လား... ပြကွင်းတာဝန် နှစ်ခုတဲ့လား'
ရွှီရှန်း က ပထမဆုံး ကြီးမားသော တာဝန်တွဲကြီးကို လှမ်းကြည့်လိုက်လေသည်။
'ပြီးမြောက်မှု အခြေအနေ နှစ်ခု ဆိုတာ... ကိုယ်တိုင် ပြီးမြောက်ခဲ့တဲ့ ပြကွင်းတာဝန် နှစ်ခုကို ဆိုလိုတာလား'
'ဒါဆို ကျန်တဲ့ ခုနစ်ခု ဆိုတာက ဘာကို ကိုယ်စားပြုတာလဲ... အားလုံး ပေါင်းစပ်လိုက်ရင် ရလာမယ့် ကြီးမားတဲ့ တာဝန်ကြီးကရော ဘာဖြစ်မလဲ'
မျက်စိရှေ့ရှိ အချက်အလက် မျက်နှာပြင်ကို ကြည့်ရင်း ရွှီရှန်း ၏ မျက်လုံးများ မှေးစင်းသွားတော့၏။
'ဒါက ဘာတာဝန်တွဲ စီးရီးလဲ'
'ခုနစ်ခုတောင် ပြီးမြောက်ဖို့ လိုအပ်တာလား... အဲဒီအထဲမှာ ခွေးကိုယ်လူခေါင်း နဲ့ စားဖိုမှူး တာဝန်တွေပါ ပါဝင်နေတယ်ပေါ့'
'အကယ်၍ ဆက်စပ်နေတဲ့ တာဝန်တွဲကြီး တစ်ခုသာ ဆိုရင်... သေချာပေါက် အဓိပ္ပာယ် တစ်ခုခု ရှိရမယ်... ဒါဆို ဒီတာဝန် နှစ်ခုက ဘာကို ကိုယ်စားပြုနေတာလဲ’