← Chapters

အခန်း (၁၃၇-၁၃၈)

Vol. 13 Ch. 137-138

အခန်း (၁၃၇-၁၃၈)

Vol. 13 Ch. 137-138

အပိုင်း (၁၃၇) "အတွင်းစည်း တပည့်လား။”

ယင်းကျိုယိုက အေးစက်စွာ ရယ်မောလိုက်၏။ "မင်းရဲ့ ဦးနှောက်က အလှပြဖို့အတွက် ထည့်ပေးထားတာလား။ အဲဒီလိုမှ မဟုတ်ရင် စားတာ၊ သောက်တာက အစ မစင်စွန့်၊ ဆီးသွားတာ အဆုံး ငါ သင်ပေးရအုံးမှာလား။"

ဟုန်ရှောင်ပေါင်မှာ ချက်ချင်းပင် ဆွံ့အသွားရ၏။ သူသည် ဖုန်မှုန့်များကို ဖယ်ရှားရန် နည်းလမ်းကို ကိုယ်တိုင် စဉ်းစားကြံဆရတော့သည်။ တစ်ခဏမျှ တွေးတောပြီးနောက် အကြမ်းဖျင်း အကြံတစ်ခု ရရှိသွားသည်။

"ဘယ်လိုပဲ ပြောပြော ... ဒါက အဆီအနှစ် တစ်ခုပဲလေ။ နည်းနည်းလောက် မီးကင်ကြည့်လိုက်ရင် နည်းလမ်း တစ်ခုခု ရှာတွေ့နိုင်လောက်တယ်။"

ထိုသို့ တွေးမိသည်နှင့် မီးချက်ချင်း ဖိုလိုက်၏။ ဒယ်အိုးတစ်လုံးကို တင်လိုက်ပြီး နှင်းဖားဆီအနှစ်ကို ထည့်တော့မည် ပြုချိန်မှာပင် သူ၏ စိတ်ထဲတွင် အတွေးတစ်ခု လှုပ်ရှားသွားခဲ့သည်။

အကယ်၍ နှင်းဖားဆီအနှစ်သာ တကယ် အရည်ပျော်သွားခဲ့လျှင် ထိုဖုန်မှုန့်များ အားလုံး ရောနှောသွားလိမ့်မည် မဟုတ်ပါလား။ ထိုအချိန်ကျမှ သူက ဆီထဲရှိ ဖုန်မှုန့်များကို တစ်ခုချင်းစီ ဖယ်ရှားရတော့မည်လား။

မဟုတ်သေးဘူး၊ မဟုတ်သေးဘူး၊ လုံးဝ မဟုတ်သေးဘူး။

ဟုန်ရှောင်ပေါင် ခေါင်းကို တရစပ် ခါယမ်းလိုက်၏။ သူသည် ပတ်ဝန်းကျင်ကို တစ်ချက် အကဲခတ် ကြည့်ရှုလိုက်သည်။ ဆီပုံးကို မြင်တွေ့လိုက်ရချိန်မှာတော့ သူ ရုတ်တရက် ရပ်တန့်သွားခဲ့၏။

အလွန် ဝေးကွာနေခဲ့ပြီ ဖြစ်သော အလယ်တန်းအဆင့် ရူပဗေဒပညာရပ်ကို ပြန်လည် သတိရသွားသည်။ သူ၏ ခေါင်းထဲတွင် အကြံတစ်ခု ချက်ချင်း ရရှိသွားခဲ့၏။ ချက်ချင်းပင် နှင်းဖားဆီအနှစ်ကို အောက်သို့ ပြန်ချလိုက်သည်။ ထို့နောက် ဒယ်အိုးထဲသို့ ဆီတစ်ဝက်ခန့် လောင်းထည့်လိုက်သည်။

မီးတောက်မှာ သိပ်မကြီးလှချေ။ အချိန်အတော်ကြာအောင် စောင့်ဆိုင်းပြီးမှသာ ဆီအိုးအောက်ခြေမှ ပူဖောင်း သေးသေးလေးများ ထွက်ပေါ်လာခဲ့သည်။

ဟုန်ရှောင်ပေါင်သည် အချိန်အခါ သင့်တော်ပြီကို မြင်သည့်အခါ နှင်းဖားဆီအနှစ်ကို ထိုဆီအိုးထဲသို့ ထည့်သွင်းလိုက်တော့၏။

အပူချိန် တဖြည်းဖြည်း မြင့်တက်လာသည်နှင့်အမျှ နှင်းဖားဆီအနှစ်မှာလည်း တဖြည်းဖြည်း အရည်ပျော်လာခဲ့သည်။ သိပ်သည်းဆ မတူညီသည့်အတွက် အရည်ပျော်သွားသည်နှင့်... သို့မဟုတ် ပွလာသည်နှင့် တစ်ပြိုင်နက် တဖြည်းဖြည်း အပေါ်ယံဆီသို့ မြင့်တက်လာခဲ့၏။ ထိုအထဲတွင် ပါဝင်သော ဖုန်မှုန့်များမှာမူ တဖြည်းဖြည်း အောက်ခြေဆီသို့ နစ်မြုပ်သွားခဲ့သည်။

ယင်းကျိုယိုက မြင်သည့်အခါ ခေါင်းကို တဆတ်ဆတ် ညိမ့်လိုက်၏။ "ဒါကတော့ မဆိုးဘူးပဲ။"

သူက ရှားရှားပါးပါး ချီးကျူးစကား တစ်ခွန်း ပြောဆိုလိုက်သည်။

"ဒါပေါ့ အဘိုးရဲ့။"

ဟုန်ရှောင်ပေါင်က ဂုဏ်ယူစွာ ပြောလိုက်၏။ ယခုအချိန်တွင် နှင်းဖားဆီအနှစ်နှင့် ဆီမှာ သိပ်သည်းဆ မတူညီသည့်အတွက် ရှင်းလင်းစွာ ကွဲပြား ခြားနားနေပြီ ဖြစ်သည်။ သို့သော်ငြား ယခု ချက်ချင်း ဆယ်ယူ၍ မရနိုင်သေးချေ။ ပြန်လည် အေးခဲသွားသည့် အချိန်အထိ စောင့်ဆိုင်းရဦးမည် ဖြစ်၏။ ထို့ကြောင့် သူက ဒယ်အိုးကို ဘေးတစ်ဖက်သို့ ချထားလိုက်သည်။ ထို့နောက် နှင်းမုန်တိုင်းငွေမှို နှင့် မီးစွန်ပလွန်သီး တို့ကို စတင် ပြင်ဆင် ကိုင်တွယ်တော့၏။

နှင်းမုန်တိုင်းငွေမှိုကို ငါးမိနစ်ခန့် ရေစိမ်ထားလိုက်၏။ ငွေစက်နှင်းသစ်တော်သီးကို အခွံခွာ၍ ခြောက်စိတ် စိတ်လိုက်သည်။ ထို့နောက် အရေးအကြီးဆုံး အဆင့်သို့ ရောက်ရှိလာခဲ့၏။ ၎င်းမှာ မီးစွန်ပလွန်သီး နှင့် ဂိုချီသီး တို့ပင် ဖြစ်သည်။ ဤအချိုပွဲ၏ အဓိက ပါဝင်ပစ္စည်းမှာ နှင်းဖားဆီအနှစ် ဖြစ်သော်ငြား အခက်ခဲဆုံးမှာ မီးစွန်ပလွန်သီး နှင့် ဂိုချီသီး တို့ ဖြစ်ပေသည်။ လောကရှိ အရာခပ်သိမ်းတွင် အပြန်အလှန် အကျိုးပြုခြင်းနှင့် အပြန်အလှန် ဖျက်ဆီးခြင်းဟူသည့် သဘောတရားများ ရှိနေ၏။ ဤအချိုပွဲတွင် အချင်းချင်း အကျိုးပြုသည့် အရာများမှာ မီးစွန်ပလွန်သီး နှင့် ဂိုချီသီး တို့ ဖြစ်ကြသည်။

ပြောရမည်ဆိုလျှင် အလွန် ရိုးရှင်းလှ၏။ မီးစွန်ပလွန်သီးကို အပေါက်ငယ်လေး ဖောက်၍ အတွင်းပိုင်းကို ကလော်ထုတ်ပြီးနောက် ဂိုချီသီးကို ထည့်သွင်းလိုက်ရုံသာ ဖြစ်သည်။ သို့သော်ငြား ဤမျှ သေးငယ် ရိုးရှင်းသည့် အဆင့်လေးကို နားမလည်သူ တစ်ယောက်အနေဖြင့် ဘဝပေါင်း ရာနှင့်ချီ၍ စမ်းသပ်လျှင်တောင် ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပေ။

ကျန်းမင်ယွမ်က သံသယ ဝင်စွာဖြင့် မေးလိုက်၏။ "အစ်ကိုရွှီကျင်း လုပ်နေတာက ငါးမီးခိုးကြပ်တင်ဟင်းပွဲဆိုတာ သေချာတယ်။ ဒါပေမဲ့ ဒီအသစ်ရောက်လာတဲ့ ညီလေးရှောင်ပေါင် ဘာလုပ်နေတာလဲ ဆိုတာကိုတော့ ကျုပ် ကြည့်လို့ မသိဘူး ဖြစ်နေတယ်။ ကော်အာ... မင်းရော ကြည့်လို့ သိလား။"

ဝူကော်အာက ခေါင်းယမ်းလျက် ပြန်ပြောလိုက်သည်။ "ကျွန်မက ဘယ်လိုလုပ် သိမှာလဲ။"

ယခုအချိန်တွင် သူမသည် ဟုန်ရှောင်ပေါင်၏ ဟင်းချက်ပညာ အလွန်အမင်း ညံ့ဖျင်းမနေစေရန်သာ လိုလားနေမိ၏။ သိပ်ပြီး အကျည်းတန်လွန်းအောင် မရှုံးနိမ့်သွားရန်သာ မျှော်လင့်နေမိသည်။

ချန်ယု တစ်ယောက်တည်း၏ စိတ်ထဲတွင်သာ ရှင်းလင်းစွာ သိရှိနေခဲ့၏။ ဟုန်ရှောင်ပေါင်၏ ပါဝင်ပစ္စည်းများ အားလုံးမှာ ဆေးမြစ်များချည်းသာ ဖြစ်ကြသည်။ သူ ယခုတစ်ခေါက် ထပ်မံ ပြုလုပ်မည့် အရာမှာ ဆေးဘက်ဝင် အစားအစာ ဖြစ်ကြောင်း သံသယ ဝင်စရာ မလိုတော့ချေ။ ချန်ယုကို အံ့အားအသင့်ဆုံး ဖြစ်စေသည့် အချက်မှာ ယခုတစ်ခေါက်တွင် အသုံးပြုမည့် ပါဝင်ပစ္စည်းများမှာ သူ တစ်ခါမှ မမြင်ဖူးသည့် အရာများ ဖြစ်နေခြင်းပင်။ တွေးကြည့်ရုံဖြင့် ၎င်းမှာ ဆေးဘက်ဝင် အစားအစာ အသစ်တစ်ခု ဖြစ်ကြောင်း သိနိုင်သည်။ သို့ဆိုလျှင် ဟုန်ရှောင်ပေါင်သည် ဆေးဘက်ဝင် အစားအစာ မည်မျှလောက်အထိ တတ်မြောက်ထားသနည်း။

"တကယ်ကို အံ့ဩစရာ ကောင်းလွန်းတယ်..." ချန်ယုသည် အနည်းငယ် ငေးငိုင်သွားရ၏။

ဟင်းချက်ပြုတ်ရေးဌာနတွင် သူ၏ ဖခင်ဖြစ်သူ ဌာနမှူးချုပ်မှလွဲ၍ ဟင်းချက်ပညာ၌ အကျွမ်းကျင်ဆုံး ဖြစ်သော အစ်ကိုကြီးဖန် ပင်လျှင် ဟုန်ရှောင်ပေါင် ကဲ့သို့သော ယုံကြည်မှုမျိုး ရှိမည် မဟုတ်ချေ။

……….

"ဟဲ့ ... ဟဲ့ ... ချိုင်ရှောင် ... အဲဒီ လေယင်ရေကန်က ဘယ်လို ပုံစံမျိုးလဲ။"

"အရမ်း နာကျင်ရလားဟင်။"

"ဟီးဟီး ... နင့်ရဲ့ ချစ်သူလေးကို တွေ့ရတော့မယ်ဆိုတော့ စိတ်လှုပ်ရှားနေပြီလား။"

ငွေခေါင်းလောင်းလေးများသဖွယ် ကြည်လင်သော အသံလေးများ ထွက်ပေါ်လာခဲ့၏။ ချန်ယု၊ ကျန်းမင်ယွမ်၊ ဝူကော်အာ နှင့် ရွှီကျင်း တို့ အားလုံး ကြက်သေ သေသွားကြသည်။ သူတို့က အသံလာရာဆီသို့ လှည့်ကြည့်လိုက်ကြ၏။

နောက်တစ်ခဏတွင်မူ လူတိုင်း အံ့အားသင့် တုန်လှုပ်သွားကြသည်။ ပုံပန်းသွင်ပြင် ကွဲပြား ခြားနားသော မိန်းမပျို လေးဦးသည် တစ်ဦးနှင့် တစ်ဦး လက်ချိတ်ကာ လျှောက်လှမ်းလာကြ၏။ သူတို့ထဲမှ တစ်ဦးချင်းစီတိုင်းမှာ အလွန် ချောမော လှပသော ရုပ်ရည်အဆင်းအတန်း ကို ပိုင်ဆိုင်ထားကြသူများ ဖြစ်ကြသည်။

ဖုန်းလင်းလုံကို ထည့်ပြောစရာ မလိုတော့ချေ။ သူမ၏ မျက်နှာသွင်ပြင်နှင့် မျက်မှောင်ကြုတ်ပုံ၊ ပြုံးရယ်ပုံ တစ်ချက်စီတိုင်းမှာ တိုင်းပြည်တစ်ခုလုံးကိုပင် ပရမ်းပတာ ဖြစ်စေနိုင်သည့် အလှအပမျိုး ဖြစ်၏။

သူတို့အလယ်တွင် လရောင်ကဲ့သို့ ဖြူစင်သော ဝတ်စုံကို ဆင်မြန်းထားသည့် မိန်းမပျိုလေးမှာမူ စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်တော့သည့် အလှအပမျိုး ဖြစ်၏။ အေးစက်ပြီး မြင့်မြတ်သည့် သူမ၏ အရှိန်အဝါကို မဆိုထားနှင့်ဦး။ ပါးပြင်ထက်တွင် နီရဲသော သွေးရောင်လေး သန်းနေပြီး ချစ်စဖွယ် အပြုံးလေးနှင့် ပေါင်းစပ်လိုက်သည့် အခါမှာတော့...

ချန်ယုမှာ ငေးမော တွေဝေသွားခဲ့ရပြီ ဖြစ်၏။ သူက ပြောလိုက်သည်။ "လောကကြီးမှာ ... ဒီလောက်အထိ ချောမောလှပတဲ့သူ ရှိနေသေးတာလား။"

သူသည် ကြယ်တာရာများကို ထည့်သွင်းထားသကဲ့သို့ တောက်ပနေသည့် ထိုမျက်ဝန်းလေးများကို ကြည့်ရင်း နောက်ထပ် စကားတစ်ခွန်းမှပင် ထပ်မပြောနိုင်တော့ချေ။

"ဒီလောက်အထိ ချောမောလှပတဲ့သူ ရှိနေသေးတာလား..." ကျန်းမင်ယွမ် နှင့် ရွှီကျင်း တို့မှာလည်း ငေးမော တွေဝေနေခဲ့ကြပြီ ဖြစ်၏။

ဝူကော်အာပင်လျှင် ငေးငိုင်စွာဖြင့် စိုက်ကြည့်နေခဲ့မိသည်။ ဝူကော်အာ၏ ရုပ်ရည်အဆင်းအတန်းမှာလည်း အထက်တန်းစား အဆင့်တွင် ရှိသည်။ သူသည် သူ၏ ရုပ်ရည်အလှအပအပေါ် အမြဲတမ်း ယုံကြည်မှု ရှိခဲ့သူ ဖြစ်၏။ သို့သော်ငြား ယခုအချိန်တွင် ဤမိန်းမပျို လေးဦးကို မြင်တွေ့လိုက်ရချိန်မှာတော့ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ် သက်ဝင်သွားစေရန် ဖန်တီးနေသကဲ့သို့ ခံစားလိုက်ရသည်။ အဖြူရောင် ဝတ်စုံနှင့် မိန်းမပျိုလေးကိုမူ ထည့်ပြောနေစရာပင် မလိုတော့ချေ။

မိန်းမချင်း အကဲခတ် ကြည့်ရှုခြင်းက အမှန်တကယ်တွင် ယောက်ျားများထက် ပို၍ အလေးအနက် ရှိလှ၏။ ဝူကော်အာသည်လည်း ထိုကဲ့သို့ပင် ဖြစ်သည်။ သူသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားကာ သူ၏ ချစ်သူဆီသို့ လှည့်ကြည့်လိုက်၏။ ထိုသူက မိန်းမပျို လေးဦးကို ငေးမော တွေဝေစွာ ကြည့်ရှုနေသည်ကို မြင်သောအခါ ချက်ချင်း ဒေါသထွက်သွားတော့သည်။ ခြေလှမ်းအနည်းငယ် လျှောက်သွားပြီး ထိုသူ၏ ခါးမှ အသားကို လှမ်းဆွဲ၍ တစ်ပတ်တိတိ လိမ်ဆွဲပစ်လိုက်၏။

ရွှီကျင်းမှာ နာကျင်လွန်း၍ တအားအား လုပ်နေရ၏။ သူက နောက်ထပ် ထပ်မကြည့်ရဲတော့ဘဲ ခေါင်းကို အမြန် ပြန်လှည့်လိုက်သည်။ ထို့နောက် သူ၏ ငါးကိုသာ ဆက်လက် ကိုင်တွယ် ပြင်ဆင်နေတော့သည်။

ယွင်ချိုင်ရှောင်၏ ပါးပြင်ထက်တွင် နီရဲသော သွေးရောင်လေး ကျန်ရှိနေဆဲ ဖြစ်၏။ ဤကဲ့သို့သော အံ့အားသင့် တုန်လှုပ်သည့် အကြည့်မျိုးကို မြင်ဖူးလွန်း၍ သူမ အနည်းငယ် ထုံထိုင်းနေခဲ့ပြီ ဖြစ်သည်။

သို့သော်ငြား သူမကို တစ်ခါတည်း ဝမ်းနည်း စိတ်မကောင်း ဖြစ်စေပြီး၊ တစ်ခါတည်း စိတ်သက်သာရာ ရစေသည့် အရာမှာ ဟုန်ရှောင်ပေါင် က သူမဆီသို့ လှည့်မကြည့်ခဲ့ခြင်းပင်။

ကျန်းမုန်ယွင်က ရယ်မောလိုက်၏။ "ဟီးဟီး ... ချိုင်ရှောင် ... အစ်ကိုရှောင်ပေါင်က မင်းကို လှည့်တောင် မကြည့်ဘူးနော်။ တကယ်ကို ရက်စက်လွန်းတယ်။ တို့ရဲ့ ချိုင်ရှောင်က ဒီလောက်အထိ ချောမောလှပနေတာကို သူက မကြည့်ဘဲ နေရက်တယ်ပေါ့။"

ယွင်ချိုင်ရှောင်က တိုးညှင်းစွာ ဆူပူလိုက်သည်။ "လျှောက်မပြောနဲ့။"

သူမက ထပ်ပြောလိုက်၏။ "အစ်ကိုရှောင်ပေါင်က အမြဲတမ်း ဒီလိုပဲလေ။ တစ်ခုခုကို အလေးအနက် ထားပြီး လုပ်နေပြီဆိုရင် အပြင်ဘက်က ဘာအရာကိုမှ မခံစားမိတော့ဘူး။"

ထိုသို့ ပြောရင်း အလွန် အလေးအနက် ထား၍ အာရုံစိုက်နေသော ဟုန်ရှောင်ပေါင်ကို ကြည့်ကာ သူမ၏ နှုတ်ခမ်းထောင့်တွင် အပြုံးလေး တစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာခဲ့သည်။ သူတို့နှစ်ဦး မတွေ့ရသည်မှာ လဝက်မျှသာ ရှိသေးသော်ငြား အဘယ်ကြောင့် နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့ရသကဲ့သို့ ခံစားနေရသနည်း။

ချန်ယုသည် နောက်ဆုံးတွင် သတိပြန်ဝင်လာခဲ့၏။ "ညီမလေးတို့ ... မင်းတို့က ဒါ..."

ဟင်းချက်ပြုတ်ရေးဌာနတွင် နှစ်ပေါင်း သောင်းနှင့်ချီကြာလျှင်တောင် ပြင်ပ လူတစ်ယောက်ကို မြင်တွေ့ရခဲလှသည်။ ယနေ့တွင်မူ အဘယ်ကြောင့် လူတစ်စုလုံး ရောက်ရှိလာရပါသနည်း။

ကျန်းမုန်ယွင်က ရယ်မောလျက် ပြောလိုက်သည်။ "ခဲအိုကို လာရှာတာပါ။"

သူမက ယွင်ချိုင်ရှောင်ကို လက်ညှိုးထိုးပြလိုက်၏။ "တို့ချိုင်ရှောင်က အတွင်းစည်း ဂိုဏ်းသားနော်။ ရှင် သူ့ကို အစ်မကြီးလို့ ခေါ်သင့်တယ်။"

အပိုင်း (၁၃၈) “အား .. ကျွတ် ….. ကျွတ် …”

"အတွင်းစည်းလား။" ချန်ယု၏ မျက်နှာ အမူအရာ ပြောင်းလဲသွားခဲ့၏။

အတွင်းစည်း ဂိုဏ်းသား ဟူသည်မှာ တကယ်ကို ဖြစ်နိုင်ပါမည်လား။ အတွင်းစည်း ဂိုဏ်းသားများ ဆိုသည်မှာ လေယင်နန်းဆောင်၏ အမှန်တကယ် ပါရမီရှင်များပင် ဖြစ်ကြသည်။ တစ်ဦးချင်းစီတိုင်းမှာ အံ့မခန်း ပါရမီ အဆင့်အတန်းကို ပိုင်ဆိုင်ထားကြသူများ ဖြစ်၏။ ထို့ပြင် နှစ်ပေါင်းများစွာ ကြားသိရသော ဒဏ္ဍာရီပုံပြင်များအရ အတွင်းစည်း ဂိုဏ်းသားများ ဆိုသည်မှာ တန်ခိုးကျင့်ကြံရန် တစ်ခုတည်းကိုသာ သိရှိကြသည့် အရူးများ မဟုတ်ကြပါလား။

ဤမျှ လောကတွင် ပြိုင်ဘက်ကင်းလောက်အောင် လှပသည့် မိန်းမပျိုမျိုးက အဘယ်ကြောင့် အတွင်းစည်းတွင် ရှိနေရသနည်း။

"အတွင်းစည်းလား..." ချန်ယုနှင့် အလားတူပင် ကျန်သူများလည်း အားလုံး အံ့ဩ တုန်လှုပ်သွားကြသည်။ အတွင်းစည်း ဂိုဏ်းသား တစ်ယောက် ဖြစ်လာရန်မှာ မလွယ်ကူလှချေ။ ကြီးမားသည့် စွမ်းအားများ လိုအပ်သည်သာမက အံ့မခန်း ပါရမီ အဆင့်အတန်းလည်း လိုအပ်ပေသည်။ သူတို့သည် လေယင်နန်းဆောင်၏ အကောင်းဆုံးသော အရင်းအမြစ်များကို ခံစားပိုင်ခွင့် ရှိကြ၏။ သိုင်းကျင့်စဉ်များ၊ ဆရာများ၊ ဆေးမြစ်များမှ အစ ပထမတန်းစား မဟုတ်သည့် အရာဟူ၍ တစ်ခုမျှ မရှိချေ။

ပြင်ပစည်း ဂိုဏ်းသားများ ဆိုသည်က လေယင်မြို့တော် တစ်ခုလုံးရှိ အခြေခံအဆင့် ကျင့်ကြံသူများ အားကျ ရိုသေရသူများ ဖြစ်သည်ဆိုလျှင် အတွင်းစည်း ဂိုဏ်းသားများ ဆိုသည်ကမူ ပြင်ပစည်း ဂိုဏ်းသားများ အားလုံး၏ အားကျ ရိုသေမှုကို ခံရသူများပင် ဖြစ်ပေသည်။

အားလုံးမှာ အံ့အားသင့် တုန်လှုပ်မှု အတွင်း၌ နစ်မြုပ်နေကြဆဲ ဖြစ်၏။ သို့သော်ငြား ရုတ်တရက် သတိ ဝင်ရောက်လာခဲ့ကြသည်။ သူတို့ စောစောက ဘာကြားလိုက်ရသည်နည်း။

ခဲအိုလား။

ခဲအို ဟူ၍လား။

ထိုသို့ဆိုရင်...

အားလုံးမှာ ကြက်သေ သေမတတ် ဖြစ်သွားကြကာ မီးစွန်ပလွန်သီးကို အလေးအနက် ထား၍ ကလော်ထုတ်နေသော ဟုန်ရှောင်ပေါင်ဆီသို့ လှည့်ကြည့်လိုက်ကြ၏။ ဤနေရာတွင် ခဲအို ဖြစ်နိုင်သည့်သူမှာ သူ တစ်ယောက်တည်းသာ ရှိပေတော့သည်။

ရွှီကျင်း၏ မျက်နှာ အမူအရာ ကြီးစွာ ပြောင်းလဲသွားခဲ့၏။ သူ၏ လက်ထဲရှိ မီးဖိုချောင်သုံး ဓားကိုပင် ကောင်းစွာ မြဲမြံအောင် မကိုင်ထားနိုင်တော့ချေ။ သူ အစစအရာရာ ရန်ရှာ တိုက်ခိုက်နေသည့် သူက အတွင်းစည်း ဂိုဏ်းသူ တစ်ယောက်၏ ချစ်သူ ဖြစ်နေသည်လား။

'ညီလေးရှောင်ပေါင် က တကယ်ပဲ ဘယ်လို နောက်ခံမျိုး ရှိနေတာလဲ။'

ချန်ယု၏ စိတ်ထဲတွင် အတွေးများ လျင်မြန်စွာ ပြေးလွှားနေခဲ့သည်။ ဝိညာဉ်ကျောက်တုံး သုံးထောင် ကုန်ကျသည့် သံမည်းသတ္တု ဒယ်အိုး ဖြစ်စေ၊ သူ၏ ခန္ဓာကိုယ်မှ ကြီးမားသည့် ခွန်အားများ ဖြစ်စေ ဤသူ၏ နောက်ခံမှာ သာမန် မဟုတ်ကြောင်း ပြသနေခဲ့ပြီး ဖြစ်၏။ သို့သော်ငြား ယနေ့မှပင် သူ သိရှိလိုက်ရသည်။ သူ တတ်နိုင်သမျှ အမြင့်ဆုံး အကဲဖြတ် ခန့်မှန်းခဲ့ပြီး ဖြစ်သော်ငြား ဟုန်ရှောင်ပေါင်ကို အထင်သေးမိနေဆဲ ဖြစ်ကြောင်းကိုပင်။

ဟုန်ရှောင်ပေါင်သည် အသက်ရှူ ရပ်မတတ် အာရုံစိုက်ထား၏။ သူက မီးစွန်ပလွန်သီးများ၏ အတွင်းမှ ဂိုချီသီးများ ထည့်သွင်းနိုင်သည့် အပေါက်ငယ်လေး တစ်ခုချင်းစီကို တူးဆွ ဖောက်လုပ်နေသည်။ ခြင်္သေ့ခေါင်းဟင်းပွဲ ပြုလုပ်ခဲ့သည့် အတွေ့အကြုံ ရရှိပြီးတည်းက ဟင်းချက်ရာတွင် ပန်းထိုးပညာကဲ့သို့ သိမ်မွေ့ တိကျသော လက်ရာများ လိုအပ်ကြောင်းကို ဟုန်ရှောင်ပေါင် သဘောပေါက် နားလည်ခဲ့ပြီ ဖြစ်၏။ ယခုတွင်လည်း ထိုအတိုင်းပင် ဖြစ်သည်။ သူသည် ဂိုချီသီး တစ်လုံးချင်းစီကို ကလော်ထုတ်ထားသည့် မီးစွန်ပလွန်သီး များထဲသို့ တစ်ခုပြီးတစ်ခု ထည့်သွင်းနေခဲ့၏။

သူက တတွတ်တွတ် ရေရွတ်လိုက်သည်။ "ဟားဟား ... ခဏနေ ဒါလုပ်လို့ ပြီးသွားရင် ညီမလေး ချိုင်ရှောင်လည်း ရောက်လာလောက်ပြီ။ သူ့ကို ကျွေးလိုက်ရင် ခန္ဓာကိုယ်ထဲမှာ မညီမမျှ ဖြစ်နေတဲ့ စွမ်းအင်တွေကို သေချာပေါက် ညီမျှသွားစေနိုင်မှာပဲ။" ယွင်ချိုင်ရှောင် မှာ သူနှင့် တစ်ခန်းတည်း၌ အတူတူ ရှိနေပြီ ဖြစ်ကြောင်းကို သူ အနည်းငယ်မျှပင် သတိမထားမိချေ။

ဟုန်ရှောင်ပေါင် တစ်ယောက်တည်း ရေရွတ်နေသည့် အသံမှာ သိပ်ပြီး မကျယ်လောင်သလို၊ သိပ်ပြီးလည်း မတိုးညှင်းလှချေ။ ယွင်ချိုင်ရှောင် မှာ အတိအကျ ကြားသိလိုက်ရ၏။ သူမ အနည်းငယ် တန့်သွားပြီး ပါးပြင်များ နီရဲလာခဲ့သည်။ ဤအချိန်အထိတောင် ဤသူက သူမကို စိတ်ထဲ၌ တွေးတော မှတ်မိနေသေးသည်။

"ယို ... ယို ... ယို ... ယို..."

ဖုန်းလင်းလုံက ခေါင်းယမ်းလျက် သက်ပြင်းချလိုက်သည်။ "ကျွတ်ကျွတ် ... အာ ... ယို ယို ယို ယို ယို..."

"အစ်မလင်းလုံ..."

ဖုန်းလင်းလုံက စနောက်နေဆဲ ဖြစ်ရာ မျက်နှာပူတတ်သည့် ယွင်ချိုင်ရှောင် မှာ ရှက်လွန်း၍ မျက်နှာတစ်ခုလုံး နီရဲလာခဲ့ပြီ ဖြစ်၏။ သူမက ဖုန်းလင်းလုံကို တစ်ချက် မျက်စောင်းထိုးလိုက်သည်။ ထို့နောက် မီးစွန်ပလွန်သီးကို အာရုံစိုက် ကိုင်တွယ်နေသည့် ဟုန်ရှောင်ပေါင်ဆီသို့ ပြန်လည် လှည့်ကြည့်လိုက်၏။ သူမ၏ ရင်ဘတ်ထဲတွင် တစ်စုံတစ်ခုက ပြည့်လျှံ ကျဆင်းလာသကဲ့သို့ ခံစားနေရ၏။

ယခုအချိန်အထိ ယွင်ချိုင်ရှောင်တို့ လူစုသည်လည်း ဟုန်ရှောင်ပေါင် ဘာလုပ်နေသည်ကို မသိရှိကြသေးချေ။ ထို့ကြောင့် ချောင်ဝမ်က ချန်ယုအား မေးမြန်းလိုက်၏။ "မောင်လေး ... ရှောင်ပေါင် ဘာလုပ်နေတာလဲ ဆိုတာကိုတော့ မသိဘူးလားဟင်။"

"အဲဒါက..."

ချန်ယုသည် အခြားသူများက ဟင်းချက်ပြုတ်ရေးဌာန အတွင်း မသင့်မမြတ် ဖြစ်နေသည်ဟု ထင်မြင်သွားမည်ကို စိုးရိမ်သည့်အတွက် အမှန်အတိုင်း ပြောပြရန် အဆင်မပြေလှချေ။ ထို့ကြောင့် သူက အိုးတို့အန်းတန်းဖြင့် ပြောလိုက်၏။ "ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ သူတို့က ဟင်းချက်ပညာကို ယှဉ်ပြိုင် ကြည့်ချင်နေကြတာပါ။"

ယွင်ချိုင်ရှောင်က တိုးညှင်းစွာ ပြောလိုက်သည်။ "အစ်ကိုရှောင်ပေါင် က အဲဒီလောက် အားယားနေတဲ့ စိတ်ကူးမျိုး မရှိပါဘူး။ ဒီလူက သူ့ကို အတင်း ဖိအားပေးပြီး စိန်ခေါ်တာ ဖြစ်ရမယ်။ ဟုတ်တယ်မလား။"

ချန်ယုမှာ ချက်ချင်းပင် ဆွံ့အသွားပြီး တိတ်ဆိတ်စွာသာ နေလိုက်ရတော့၏။

ရွှီကျင်း၏ စိတ်မှာ တဖြည်းဖြည်း တည်ငြိမ်လာခဲ့၏။ စောစောက ထိတ်လန့် တုန်လှုပ်မှုများ ပျောက်ကွယ်သွားပြီး ရိုင်းစိုင်း ကြမ်းကြုတ်သော အရှိန်အဝါ တစ်ခုက အစားထိုး ဝင်ရောက်လာခဲ့သည်။ သူက အံကို ကြိတ်ထားလိုက်၏။ "ဒီနေ့ သူကို မဖြစ်မနေ နိုင်အောင် ယှဉ်ပြိုင်ရမယ်။"

မြက်စားငါးကို စောစောတည်းက နယ်၍ နှပ်ထားပြီး ဖြစ်သည်။ ယခုအချိန်တွင် ရွှီကျင်းသည် မီးကို ပြင်းထန်စွာ ထိုး၍ ဒယ်အိုးကို တင်လိုက်၏။ တစ်ခဏအတွင်းမှာပင် ဆီများမှာ စီစီညံအောင် မြည်ဟည်းလာကာ ဆီပေါက်ဆီစက်များ နေရာအနှံ့ ပျံ့စဉ် လွင့်စင်လာခဲ့သည်။ သူသည် မြက်စားငါးကို အိုးအနားသတ်အတိုင်း ကပ်၍ ထည့်သွင်းလိုက်၏။ 'ချီ' ဟူသည့် ကျယ်လောင်သော အသံကြီးနှင့်အတူ မီးလျှံတန်း တစ်ခုက အပေါ်သို့ မြင့်တက်လာခဲ့တော့သည်။

ရွှီကျင်း၏ မျက်နှာ အမူအရာမှာ တည်ကြည် လေးနက်နေ၏။ သူသည် ဒယ်အိုးကို မရပ်မနား လှုပ်ယမ်းနေသည်။ ထိုမီးလျှံတန်း၏ အရှိန်အဝါကို အသုံးပြု၍ မြက်စားငါးကို လှန်လှော ကြော်လှော်နေ၏။

တစ်ခဏအတွင်းမှာပင် မွှေးကြိုင်သော ရနံ့များက တစ်ခန်းလုံးဆီသို့ ပျံ့လွင့် လွှမ်းခြုံသွားခဲ့တော့သည်။

"သိပ်မွှေးတာပဲ။" ချန်ယုက ချီးကျူးလိုက်၏။

ငါးမီးခိုးကြပ်တင်ဟင်းပွဲ သည် ဟင်းချက်ပြုတ်ရေးဌာန၏ ပထမနှစ် အတန်းတွင် အကောင်းဆုံး ဟင်းလျာ သုံးမျိုးထဲမှ တစ်ခု ဖြစ်သည်။ ထို့ကြောင့် အရသာက သေချာပေါက် ဆိုးရွားနေမည် မဟုတ်ချေ။ လအနည်းငယ်ခန့် မတွေ့ရသည့် အတွင်းမှာပင် ယခုအခါ ရနံ့က ပိုမို၍ တိုးတက် ကောင်းမွန်လာခဲ့ပြီ ဖြစ်၏။

"သိပ်မွှေးတာပဲ ... သိပ်ကို မွှေးနေတာပဲ။"

ကျန်းမုန်ယွင်ကလည်း ပြောလိုက်သည်။ "အာ ... အစ်ကိုရှောင်ပေါင် ရှုံးတော့မှာ မဟုတ်ပါဘူးနော်။"

"ဘယ်လိုလုပ်ရမလဲ ... ဘယ်လိုလုပ်ရမလဲ..."

ဝူကော်အာ တစ်ယောက်တည်းသာ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့၏။ ရွှီကျင်း တကယ် အလေးအနက် ထားနေပြီ ဖြစ်သည်။ သူ ပြုလုပ်သော ငါးမီးခိုးကြပ်တင်ဟင်းပွဲ၏ အရသာကို သူမ အသိဆုံး ဖြစ်၏။ သေချာပေါက် နိုင်တော့မည် ဖြစ်သည်။ သို့သော်ငြား ယခုအခါ ဟုန်ရှောင်ပေါင်၏ ချစ်သူသည် အတွင်းစည်းမှ လူတစ်ယောက် ဖြစ်ကြောင်း သိရှိသွားခဲ့ပြီ မဟုတ်ပါလား။ သူမ အကြောက်ဆုံး အရာက ရွှီကျင်း အနိုင်ရရှိသွားမည်ကိုပင်။

"မနိုင်သင့်ဘူးလေ။"

ချီ...

ရွှီကျင်းသည် မီးကာပြားကို အနည်းငယ် ပိတ်လိုက်၏။ ထိုအခါ မီးတောက်က အတော်လေး သေးငယ်သွားခဲ့သည်။ ထိုအခါမှသာ မြက်စားငါး အသားလွှာများကို ဘေးတစ်ဖက်ဆီသို့ ဆယ်ယူလိုက်၏။ ဆူပွက်နေသော ဆီများကို ငြိမ်သက်သွားစေပြီးမှ သူ ကိုယ်တိုင် ဖော်စပ်ထားသည့် ဟင်းခတ်အမွှေးအကြိုင်များကို လောင်းထည့်လိုက်တော့သည်။

ရွှီကျင်း၌ မဖြစ်မနေ အနိုင်ရရှိမည်ဟူသော ယုံကြည်ချက် ရှိနေ၏။ အများစုမှာ ဤဟင်းခတ်အမွှေးအကြိုင်များမှ လာခြင်း ဖြစ်သည်။ အမယ် သုံးဆယ်ကျော်မျှ ရှိသည့်အတွက် ဤမျှ များပြားသော အမျိုးအစားများကို ကောင်းစွာ ကိုင်တွယ် ထိန်းချုပ်နိုင်သော ထိပ်တန်း စားဖိုမှူးမှာ အလွန် ရှားပါးလှသည်။ ထို့အပြင် သူ၏ ဟင်းခတ် အမွှေးအကြိုင်များထဲတွင် ပထမအဆင့် ဆေးမြစ် သုံးမျိုး ပါဝင်နေသေး၏။ ၎င်းက အရသာ၏ ကောင်းမွန်မှုကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်သည်သာမက ငါးမီးခိုးကြပ်တင်ဟင်းပွဲကို ဆေးဘက်ဝင် အစားအစာ၏ အာနိသင် အနည်းငယ် ပါဝင်လာစေသည်။ ရောဂါကုသခြင်းနှင့် ညှိနှိုင်းပေးခြင်းတို့ကို မဆိုထားနှင့်ဦး။ သွေးသားနှင့် စွမ်းအင်များကို အားဖြည့်ပေးနိုင်သည်မှာ မလွဲဧကန်ပင်။

ဤသည်က သူ အကြိမ် ရာနှင့်ချီ၍ သုတေသန ပြုလုပ်ပြီးနောက် မွမ်းမံ ပြင်ဆင်ထားသော ဟင်းလျာ ဖြစ်သည်။ ဤဟင်းလျာကို ဟင်းချက်ပြုတ်ရေးဌာန အတွင်း၌ ဌာနမှုးချုပ်နှင့် အစ်ကိုကြီးဖန် တို့မှလွဲ၍ အခြား မည်သူမျှ ထပ်မံ ပြုလုပ်နိုင်မည် မဟုတ်ကြောင်း သူ ယုံကြည်ထား၏။

ဤသည်က သူ၏ သေချာပေါက် အနိုင်ရရှိမည် ဟူသော ယုံကြည်ချက် ပင်ရင်းပင် ဖြစ်သည်။

ပြင်းထန်လွန်းလှသော မွှေးကြိုင်သည့် ရနံ့များက ပျံ့လွင့်လာခဲ့၏။ ထိုရနံ့မှာ လူတို့၏ စိတ်ဝိညာဉ်ကို လှုပ်ခတ်စေသည်။ ထိုအထဲတွင် သစ်ကြံပိုးရနံ့၊ ကြက်သွန်မြိတ်ရနံ့၊ ဟင်းခတ်အမွှေးအကြိုင်ရနံ့ စသည်ဖြင့် အနံ့ပေါင်း ဆယ်နှင့်ချီ၍ ရောနှော ပျံ့လွင့်နေသော်ငြား အနည်းငယ်မျှ ရှုပ်ထွေးနေခြင်း မရှိချေ။ အပြန်အလှန် အထောက်အကူ ပြုနေပြီး အလွန် ပြီးပြည့်စုံသော ရနံ့တစ်ခုအဖြစ် ပေါင်းစပ် ပျော်ဝင်နေခဲ့၏။

"သိပ်ကို မွှေးတာပဲ။"

ဖုန်းလင်းလုံနှင့် ကျန်းမုန်ယွင် တို့သည် မျက်လုံးများကို မှိတ်၍ အသက်ကို ပြင်းပြင်း ရှူရှိုက်လိုက်ကြ၏။ သူတို့၏ မျက်နှာထက်တွင် သာယာ မူးယစ်နေသည့် အမူအရာများ ပြည့်နှက်နေသည်။

ကျန်းမုန်ယွင်က ငေးမောစွာဖြင့် ပြောလိုက်၏။ "အာ ... ဒီလောက် မွှေးနေတာ။ ဒီဟင်းလျာက ဘယ်လောက်တောင် အရသာ ရှိမလဲ မသိဘူးနော်။"

ရွှီကျင်းမှာမူ ဟုန်ရှောင်ပေါင်ကဲ့သို့ ပြင်ပလောက၏ အရာများကို မခံစားမိသည့် အဆင့်သို့ မရောက်ရှိသေးချေ။ သူသည် လူတိုင်း၏ တုံ့ပြန်မှုများကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။ သူ၏ စိတ်ထဲတွင် ပို၍ပင် ဂုဏ်ယူ ဝမ်းမြောက်လာခဲ့၏။ သူက ဟုန်ရှောင်ပေါင်ကို တစ်ချက် ခိုးကြည့်လိုက်သည်။ တစ်ဖက်လူမှာ မီးစွန်ပလွန်သီး ထဲသို့ ဂိုချီသီးများကို တစ်လုံးချင်း ထည့်သွင်းနေဆဲ ဖြစ်၏။ သူက အေးစက်စက် ရယ်မောလိုက်မိသည်။

"ဟွန့် ... အပေါ်ယံ အလှပြ ရုပ်လုံးသတ်သတ်ပဲ။ မင်းက ကလေး ကစားနေတယ်လို့ ထင်နေတာလား။"

All Chapters