← Chapters

အခန်း (၁၃၉-၁၄၀)

Vol. 13 Ch. 139-140

အခန်း (၁၃၉-၁၄၀)

Vol. 13 Ch. 139-140

အပိုင်း (၁၃၉) “ဘာစကားများနေတာလဲ။”

သူသည် ဟုန်ရှောင်ပေါင်၏ ကျောက်သလင်းဒယ်အိုး ကို မြင်သောအခါမှ မနာလိုစွာဖြင့် ပြောလိုက်၏။ "အရည်အသွေး ကောင်းမွန်တဲ့ ကျောက်သလင်းဒယ်အိုး တစ်လုံးပဲ။ နှမြောစရာ ကောင်းတာက သခင် အမှားကို ရွေးချယ်မိသွားတာပဲ။"

ဟုန်ရှောင်ပေါင်သည် ဂိုချီသီးများ အားလုံးကို မီးစွန်ပလွန်သီးများ ထဲသို့ ထည့်သွင်း ပြီးစီးသွားခဲ့၏။ ထို့နောက် လှီးဖြတ်ထားသော ငွေစက်နှင်းသစ်တော်သီး အနည်းငယ်ကို အထဲသို့ ထည့်လိုက်သည်။ ထိုအခါမှသာ မီးစွန်ပလွန်သီးမှ ဖယ်ရှားထားသည့် အဖုံးလေးများကို ပြန်လည် ဖုံးအုပ်လိုက်၏။ ထို့နောက် ကျောက်သလင်းဒယ်အိုးကို မီးဖိုပေါ်သို့ တင်လိုက်သည်။

ရေအပူချိန်မှာ သိပ်မမြင့်မားလှချေ။ မီးအေးအေးဖြင့် တည်ထားလိုက်၏။ ကံကောင်းသည်မှာ ဒယ်အိုးက သေးငယ်ပြီး ကျောက်သလင်းဖြင့် ပြုလုပ်ထားသည့်အတွက် အပူကူးစက်မှု အလွန် မြန်ဆန်ခြင်းပင်။ တစ်ခဏအတွင်းမှာပင် ဒယ်အိုး အောက်ခြေမှ ပူဖောင်း သေးသေးလေးများ ထွက်ပေါ်လာခဲ့၏။

ဂိုချီသီးနှင့် သစ်တော်သီး အနှစ်များ ဖြည့်သွင်းထားသော မီးစွန်ပလွန်သီးများကို တစ်လုံးပြီးတစ်ခု ထည့်သွင်းလိုက်၏။ ထို့နောက် အလွှာလိုက် လှီးဖြတ်ထားသည့် ငွေစက်နှင်းသစ်တော်သီးများကိုပါ ထည့်လိုက်သည်။ ထိုအခါမှသာ ဟုန်ရှောင်ပေါင်သည် လက်ကို ခါယမ်း ပုတ်ခတ်လိုက်၏။

"ဟီးဟီး ... အဆင်ပြေသွားပြီ။ အခုကစပြီး ညီမလေး ချိုင်ရှောင်ကို စောင့်ရုံပဲ..."

သူက ပြောရင်းဖြင့် နောက်သို့ လှည့်ကြည့်လိုက်သည်။ ထိုအခါ သူ ရုတ်တရက် ဝမ်းသာစွာဖြင့် အော်ဟစ်လိုက်သည်။ " ညီမလေး ချိုင်ရှောင်..."

ထိုသို့ အော်ဟစ်လိုက်သည်နှင့် တစ်ပြိုင်နက် သူသည် ခြေလှမ်းကြီးများဖြင့် ပြေးလွှား သွားရောက်ခဲ့သည်။ ယွင်ချိုင်ရှောင်၏ လက်ကို ဆွဲယူပြီး မေးလိုက်၏။ " ညီမလေး ချိုင်ရှောင်... လေယင်ရေကန်ထဲမှာ အဆင်ပြေရဲ့လား။ နာလား။ ဒဏ်ရာတွေ ရလာသေးလား။ ကိုကို တစ်ချက်လောက် ကြည့်ပါရစေ..."

"အာ..."

ယွင်ချိုင်ရှောင်၏ မျက်နှာပူတတ်မှုမှာ မည်မျှ ရှိသည်ကို ပြောပြနေစရာ မလိုတော့ချေ။ ယခုအခါ လူအများကြီး၏ ရှေ့တွင် ဖြစ်သည့်အတွက် သူ၏ မျက်နှာ တစ်ခုလုံး ချက်ချင်းပင် နီရဲသွားတော့သည်။ ထို့ပြင် ဟုန်ရှောင်ပေါင်က သူ တစ်ချက်လောက် ကြည့်ပါရစေ ဟု ပြောနေသေး၏။ သို့သော်ငြား မိန်းကလေး တစ်ယောက်၏ အချို့သော နေရာများကို ကြုံသလို ကြည့်ရှု၍ ရနိုင်ပါမည်လား။ ထို့ကြောင့် သူမသည် လက်ကို ပြန်လည် ရုပ်သိမ်းရန် အစွမ်းကုန် ကြိုးစားလိုက်ပြီး ရှက်သွေးဖြာစွာဖြင့် ပြောလိုက်သည်။

"လူ ... လူတွေ ရှိနေတယ်လေ။"

ပါးစပ်မှ ထိုသို့ ပြောနေသော်ငြား စိတ်ထဲတွင်မူ ပျားရည် သောက်လိုက်ရသကဲ့သို့ ချိုမြိန်နေခဲ့သည်။ စောစောက ဟုန်ရှောင်ပေါင် လှည့်ကြည့်ပြီး သူမကို မြင်တွေ့လိုက်ရချိန်၌ ဖြစ်ပေါ်ခဲ့သည့် စိတ်လှုပ်ရှားမှုများမှာ အနည်းငယ်မျှ ဖုံးကွယ်ထားခြင်း မရှိခဲ့ချေ။

"ယို ... ယို..."

ဖုန်းလင်းလုံက တခစ်ခစ်နှင့် ရယ်မောလိုက်၏။ "လူတွေ ရှိနေရင် မရဘူးပေါ့။ ဒါပေမဲ့ လူတွေ မရှိတဲ့ အချိန်ကျရင် ဘာတွေများ လုပ်ကြမလဲ ဆိုတာကိုတော့ မသိဘူးနော်... ဟုတ်လား။"

ထိုသို့ ပြောရင်း သူမ၏ မျက်ခုံးများကို ပင့် ကာ သူမ၏ ရင်းနှီးသော သူငယ်ချင်းများဆီသို့ ကြည့်လိုက်၏။ 'နင်တို့ သဘောပေါက်တယ် မဟုတ်လား' ဟူသည့် အကြည့်မျိုး ဖြစ်သည်။

"ဘာတွေ လျှောက်ပြောနေတာလဲ..." ယွင်ချိုင်ရှောင်၏ မျက်နှာမှာ ပိုမို နီရဲလာခဲ့သည်။ သို့သော်ငြား သူမ အနည်းငယ် ဒေါသထွက်စ ပြုလာပြီ ဖြစ်၏။

ဖုန်းလင်းလုံသည် အခြေအနေ မကောင်းမှန်း သိသည်နှင့် ယွင်ချိုင်ရှောင်၏ လက်ကို ချက်ချင်း ဆွဲယူလိုက်သည်။

"ကောင်းပါပြီ ကောင်းပါပြီ ... ငါ မှားသွားပါတယ်။ စနောက်တာပါ။"

ဤမျှ ရင်သပ်ရှုမောဖွယ် ကောင်းသော အလှပဂေးများက ဤနေရာတွင် ရှိနေကြပေသည်။ ရွှီကျင်းသည် ဤဘက်ဆီသို့ အဆက်မပြတ် ခိုးကြည့်နေခဲ့၏။ ယွင်ချိုင်ရှောင်နှင့် ဟုန်ရှောင်ပေါင်တို့၏ ရင်းနှီး ထွေးပိုက်မှုကို မြင်သောအခါ အကြောင်းပြချက်မရှိဘဲ ဒေါသများ ကြီးစွာ ထွက်ပေါ်လာခဲ့သည်။ သူက အေးစက်စွာ ရယ်မောလိုက်၏။

"ဟွန့် ... ပါးစပ်ပဲ အရည်ရွှမ်းတတ်တဲ့ကောင်။ မှတ်ထားစမ်းပါ... ဟင်းချက်ပြုတ်ရေးဌာန ဆိုတာ ဟင်းချက်ပညာ ကို ယှဉ်ပြိုင်တဲ့ နေရာပဲ။ မိသားစု နောက်ခံ အင်အားကို အားကိုးရတဲ့ နေရာ မဟုတ်ဘူး။"

ဟုန်ရှောင်ပေါင်၏ မျက်မှောင်များ ကြုတ်သွားခဲ့၏။ သူသည် ဤလူကို စိတ်ထဲ၌ သိပ်ပြီး အလေးအနက် မထားခဲ့ချေ။ သို့သော်ငြား ယွင်ချိုင်ရှောင်၏ ရှေ့မှာပင် သူ့ကို ဤမျှ ရန်စနေသည့်အတွက် သူ သည်းမခံနိုင်တော့ချေ။

သူက တဟားဟားနှင့် ရယ်မောလိုက်၏။

"မလောပါနဲ့။ ခင်ဗျားရဲ့အစ်ကိုကြီးဆိုတာ ဘယ်တော့မဆို ခင်ဗျားရဲ့ အစ်ကိုကြီးပဲ ဖြစ်နေမှာပါလား ဆိုတာကို မကြာခင် သိရတော့မှာပါ။"

"မင်း..."

ရွှီကျင်း ဒေါသထွက်သွားပြီး အော်ဟစ်လိုက်၏။ "ဘာစကားတွေ များနေတာလဲ၊ ကိုယ့်ရဲ့ စွမ်းရည်နဲ့ ပြောဆိုကြတာပေါ့။"

ဟုန်ရှောင်ပေါင်က ရယ်မောလိုက်သည်။ "ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားတွေ ပြောနေတာ ဘယ်လောက်တောင် ပျင်းစရာ ကောင်းလဲ ဆိုတာ ခင်ဗျား ကိုယ်တိုင်ရော သိရဲ့လား။"

ရွှီကျင်းမှာ ချက်ချင်းပင် ဒေါသထွက်လွန်း၍ စကားဆို့သွားရ၏။ ဟုတ်ပေသည်။ သူ ကိုယ်တိုင်က ဤကဲ့သို့ အဓိပ္ပာယ် မရှိသော စကားစစ်ထိုးမှုကို စတင်ခဲ့ခြင်း မဟုတ်ပါလား။ ထို့ကြောင့် သူက အေးစက်စွာ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး သူ၏ ဒယ်အိုးအနီးဆီသို့ ပြန်လျှောက်သွားခဲ့၏။

ဟင်းခတ်အမွှေးအကြိုင်များကို ချက်ပြုတ် ပြီးစီးသွားခဲ့ပြီ ဖြစ်၏။ ယခုအခါ အရည် ခန်းခြောက်အောင် ပြုလုပ်ရမဲ့ အချိန် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ အမှန်တကယ်တော့ ငါးမီးခိုးကြပ်တင်ဟင်းပွဲ မှာ အများအားဖြင့် ဟင်းရည် ဆမ်းသည့် နည်းလမ်းကို အသုံးပြုကြ၏။ ဤသို့ ပြုလုပ်ခြင်းက ပုံပန်းသွင်ပြင်ကိုလည်း ပိုမို လှပစေသည်။

သို့သော်ငြား ရွှီကျင်းသည် ငါးအသားလွှာများ အားလုံးကို ဒယ်အိုးထဲသို့ ထည့်သွင်းလိုက်ပြီး တဖြည်းဖြည်း အရည် ခန်းခြောက်အောင် ပြုလုပ်ခဲ့၏။ ဤသို့ ပြုလုပ်ခြင်းက ရောင်းပန်းဆင်ပန်း အနည်းငယ် ညံ့ဖျင်း သွားစေနိုင်သော်ငြား ငါးအသားလွှာများ၏ အရသာမှာ အလွန် ပြင်းထန် နက်နဲလာစေသည်။ ထိုအပေါ်တွင် ဆေးမြစ် အနည်းငယ် ပေါင်းစပ်လိုက်သည့် အခါမှာတော့ စားသုံးရသည့် အရသာမှာ အကောင်းဆုံး ဖြစ်လာ၏။

မီးအေးအေးဖြင့် နှပ်ထားလိုက်၏။ အိုးအဖုံးကို ဖုံးအုပ်ထားသော်ငြား ငါးမီးခိုးကြပ်တင်ဟင်းပွဲ၏ မွှေးကြိုင်သော ရနံ့များက နောက်တစ်ကြိမ် ထပ်မံ ပျံ့လွင့်လာခဲ့သည်။ ယခုမှပင် အာရုံစိုက်မှု အခြေအနေမှ သတိပြန်ဝင်လာသော ဟုန်ရှောင်ပေါင်သည် ဤရနံ့ကို ရရှိသွားခဲ့၏။ သူက ချီးကျူးလိုက်မိသည်။

"ဟို ... ရနံ့က မဆိုးဘူးပဲ။"

"ဟွန့် ... စိတ်ချစမ်းပါ။ ပိုကောင်းတာတွေက နောက်မှာ ကျန်သေးတယ်။ ဒီဟင်းလျာက နာမည်အရ ငါးမီးခိုးကြပ်တင်ဟင်းပွဲ လို့ ခေါ်ပေမဲ့ မင်းက ဒါကို သာမန် ငါးမီးခိုးကြပ်တင်ဟင်းပွဲ လို့ ထင်နေရင်တော့ အကြီးအကျယ် မှားသွားလိမ့်မယ်။ ငါက ဒီငါးထဲမှာ ဆေးမြစ် လေးမျိုး ထည့်သွင်းထားတယ်။ ဒီဆေးမြစ် လေးမျိုးလုံးက ဆေးစွမ်းသတ္တိ အရမ်း သိမ်မွေ့တဲ့ အရာတွေပဲ။ သူတို့ရဲ့အာနိသင်က ငါးရဲ့ ကောင်းမွန်တဲ့ အရသာကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်တယ်။"

ရွှီကျင်းက ဂုဏ်ယူစွာ ပြုံးလိုက်၏။ သူက ဆက်ပြောလိုက်သည်။ "သူတို့ အားလုံးက ပထမအဆင့် ဆေးမြစ်တွေပဲ ဖြစ်ပြီးတော့ ထည့်သွင်းထားတဲ့ ပမာဏက အရမ်း နည်းပါးပေမဲ့လည်း ဘယ်လိုပဲ ပြောပြော ဆေးမြစ်တွေပဲလေ။ ဒီဟင်းလျာမှာ ... ဆေးဘက်ဝင် အစားအစာရဲ့ အာနိသင် အနည်းငယ် ရှိနေခဲ့ပြီ။ ရောဂါကုသတာတို့၊ ဒဏ်ရာ ပျောက်ကင်းတာတို့တော့ မပြောရဲပေမဲ့ ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်တာကတော့ သေချာပေါက်ပဲ။ မင်း ငါ့ကို ဘယ်လိုလုပ် နိုင်မှာလဲ။"

သူက ဟုန်ရှောင်ပေါင်ကို တည့်တည့် စိုက်ကြည့်လျက် အော်ဟစ်လိုက်၏။ "မင်း ငါ့ကို ဘယ်လိုလုပ် နိုင်မှာလဲ... အာ... မင်း ငါ့ကို ဘယ်လိုလုပ် နိုင်မှာလဲ။"

"ဆေးဘက်ဝင် အစားအစာရဲ့ အာနိသင် အနည်းငယ် ရှိနေတာနဲ့..."

ဟုန်ရှောင်ပေါင်မှာ ပြောစရာ စကား ပျောက်ရှသွားခဲ့၏။ အစ်ကိုကြီးရာ... ဆေးဘက်ဝင် အစားအစာ ရဲ့ အာနိသင် အနည်းငယ် ရှိတာနဲ့ပဲ ခင်ဗျားက ဒီလောက်တောင် ရူးသွပ်နေတာလား။

ထို့ကြောင့် သူက ဆွံ့အစွာဖြင့် ပြောလိုက်၏။ "ဟုတ်ပါတယ်ဗျာ ... ဆေးဘက်ဝင် အစားအစာ အာနိသင် အနည်းငယ် ရှိတဲ့ ဟင်းလျာမျိုးကို ကျုပ် မချက်တတ်ပါဘူး..."

ဟုန်ရှောင်ပေါင်၏ စကားပင် မဆုံးသေးချေ။ ရွှီကျင်းက တဟားဟား နှင့် ကျယ်လောင်စွာ ရယ်မောလျက် သူ့စကားကို ဖြတ်ပြောလိုက်၏။ "ဒါဆိုရင် မင်းက ဒီမှာ ဘာလုပ်နေသေးတာလဲ။ ရှင်းရှင်းလင်းလင်းပဲ အရှုံးပေးလိုက်ပါတော့လား... ဟားဟားဟားဟား။ ငါ သေချာပေါက် နိုင်ပြီ။ နောက်ပြီးရင် ... ဘယ်နေရာမှာပဲ ... ဖြစ်ဖြစ် ... မင်း ... ငါ့ကို ... လေးလေးစားစားနဲ့ အစ်ကိုကြီး လို့ ခေါ်ရမယ်။"

ပြောပြီးသည်နှင့် တစ်ပြိုင်နက် သူသည် အိုးအဖုံးကို အားရပါးရ ဖွင့်လှစ်လိုက်သည်။

အဖြူရောင် အငွေ့တန်း တစ်ခုက အပေါ်သို့ တက်ရောက်သွား၏။ ထို့နောက်တွင်မူ ပြင်းထန်လွန်းလှသည့် မွှေးကြိုင်သော ရနံ့များက ချက်ချင်း ပျံ့လွင့်လာခဲ့သည်။ ဤရနံ့မှာ စောစောကထက်ပင် အနည်းငယ် ပိုမို သာလွန် ကောင်းမွန်နေသေး၏။ လူတိုင်းက ရနံ့ကိုရရှိသည်နှင့် အစားအသောက်ကို တွေးတောမိကာ ခံတွင်း တွေ့လာကြသည်။

ချန်ယုနှင့် ကျန်းမင်ယွမ် တို့၏ လည်ချောင်းများပင် လှုပ်ရှားသွားပြီး တံတွေးကို မြိုချလိုက်ကြရ၏။

ဟုန်ရှောင်ပေါင်သည် ကျောက်သလင်းဒယ်အိုးကို တစ်ချက် ကြည့်လိုက်သည်။ မီးအခြေအနေက အတန်သင့် ရောက်ရှိနေပြီ ဖြစ်သည်ကို မြင်သောအခါ သူ၏ လက်က ကျောက်သလင်းဒယ်အိုး အပေါ်သို့ ရောက်ရှိသွားခဲ့သည်။

"ဘယ်လိုလဲ ... မင်း အခုထိ လက်မလျှော့ချင်သေးဘူးလား။" ရွှီကျင်းက အေးစက်စွာ ရယ်မောလိုက်၏။

ဟုန်ရှောင်ပေါင်က ပြောလိုက်သည်။ "ဆေးဘက်ဝင် အစားအစာရဲ့ အာနိသင် အနည်းငယ်ရှိတဲ့ ဟင်းလျာမျိုးကို ကျုပ် မချက်တတ်ဘူး။ ဒါပေမဲ့ ဆေးဘက်ဝင် အစားအစာ ဆိုရင်တော့ ... ကျုပ် နည်းနည်းပါးပါး နားလည်ပါတယ်ဗျာ ... ဟားဟားဟားဟား..."

ရွှီကျင်းသည် ကြားလိုက်ရသည့် စကားကြောင့် မျက်လုံးများ ပြူးကျယ်သွားရ၏။

နောက်တစ်ခဏတွင်မူ ဟုန်ရှောင်ပေါင်သည် အိုးအဖုံးကို ဖွင့်လှစ်လိုက်တော့သည်။

မှေးမှိန်သော ရေငွေ့လေး တစ်ချက်နှင့်အတူ သင်းပျံ့သော ရနံ့လေး တစ်ခုက ချက်ချင်း ထွက်ပေါ်လာခဲ့၏။

အပိုင်း (၁၄၀) "ဒါက... ဆေးဘက်ဝင် အစားအစာပဲ။"

ငါးမီးခိုးကြပ်တင်ဟင်းပွဲ၏ ရနံ့က အလွန် ပြင်းထန်လွန်းနေသော်ငြား လူတိုင်းသည် ထိုပြင်းထန်သော ရနံ့များ ကြားထဲ၌ ညှပ်ပါနေသည့် သင်းပျံ့သော ရနံ့လေးကို တခဏချင်း ရရှိသွားကြသည်။ ၎င်းမှာ အလွန် ပေါ့ပါး သင်းပျံ့သည့် ရနံ့လေး ဖြစ်၏။ နွေဦးရာသီတွင် မြေကြီးကို စတင် တူးဆွလိုက်ချိန်၌ ရရှိတတ်သည့် မြေနံ့လေးနှင့် တူညီသည်။

မိုးရွာပြီးစ လတ်ဆတ်သော လေထုနှင့်လည်း တူညီပြီး၊ ကြာရွက်များ၏ ရနံ့နှင့်လည်း တူညီနေသေး၏။ လူတိုင်းသည် စိတ်ဝိညာဉ်များ လန်းဆန်း ကြည်လင်သွားသကဲ့သို့ ခံစားလိုက်ရပြီး မျက်လုံးများ ရှင်းလင်း၊ နားများ လင်းလက်သွားကြ၏။

"ဒီဟင်းလျာက ဘာနာမည်လဲ။"

ချန်ယု၏ ရင်ထဲတွင် လှုပ်ရှား သွားခဲ့ရ၏။ ဟုန်ရှောင်ပေါင် ပြုလုပ်သော ဆေးဘက်ဝင် အစားအစာ၏ အာနိသင်က မည်သို့ ရှိသည်ကို သူ ကောင်းစွာ သိရှိထားသည်။

ယခင်တစ်ခေါက်က ချန်ဖန်သည် ၎င်းကို စားသုံးပြီးနောက် နှစ်ပေါင်းများစွာ ကြာမြင့်နေသည့် အတားအဆီးကို ချက်ချင်း ဖောက်ထွက်နိုင်ခဲ့သည် မဟုတ်ပါလား။ နောက်ဆုံးတွင် ချန်ဖန် ရှုံးနိမ့်သွားခဲ့သည် ဆိုသော်ငြား ၎င်းမှာ သူ၏ ကျင့်ကြံခြင်း အတွေ့အကြုံ နည်းပါးလွန်းခြင်းကြောင့်သာ ဖြစ်သည်။ ယခု ဟင်းလျာကမူ ယခင်ကထက် များစွာ သာလွန် ကောင်းမွန်နေကြောင်း သိသာလှ၏။

မည်သို့သော အာနိသင်မျိုးများ ရှိနေမည်နည်း။

ဟုန်ရှောင်ပေါင်က ပြုံးလျက် ပြောလိုက်သည်။ "ခန္ဓာကိုယ်အားဖြည့်နှင်းဖားဆီအနှစ်လို့ ခေါ်တယ်။ မကြာသေးခင်ကမှ အဆင့်တက်ထားတဲ့ ကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ စွမ်းအင်တွေက အများအားဖြင့် မညီမမျှ ဖြစ်နေတတ်တယ်။

အဲဒါက နောင်ကျင့်ကြံမဲ့ လမ်းခရီးအတွက် အန္တရာယ် အစအန များစွာကို ချန်ထားရစ်ခဲ့လိမ့်မယ်။ အဲဒီ စွမ်းအင်တွေကို ဖြေလျှော့ ချေဖျက်ချင်တယ် ဆိုရင်တော့ နှစ်ပေါင်းများစွာ အချိန်ယူဖို့ လိုအပ်တယ်။ ဒီ ခန္ဓာကိုယ်အားဖြည့်နှင်းဖားဆီအနှစ် က အဲဒီ စွမ်းအင်တွေကို ဖြေလျှော့ ချေဖျက်ဖို့အတွက် အသုံးပြုတာပဲ။"

အမှန်တကယ်တော့ ဟုန်ရှောင်ပေါင် မပြောရသေးသည့် စကား အနည်းငယ် ကျန်ရှိနေသေး၏။ သာမန် လူများ အသုံးပြုပါကလည်း ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်ပြီး စွမ်းအင်များကို တိုးပွားစေနိုင်သည်။ မရီဒန် များကိုလည်း သန်မာစေနိုင်ပြီး နောင်ကျင့်ကြံမဲ့ လမ်းခရီးအတွက် ခိုင်မာသော အခြေခံအုတ်မြစ်ကို ချမှတ်ပေးနိုင်သည်။ သို့သော်ငြား သူက ထိုသို့ ပြောလိုက်ပါက ဤလူများ အားလုံးက နည်းနည်းစီ မြည်းစမ်းချင်ကြလျှင် မည်သို့ လုပ်မည်နည်း။ ယွင်ချိုင်ရှောင် အတွက် အနည်းငယ်မျှ ကျန်ရှိပါဦးမည်လား။

"မဖြစ်နိုင်ဘူး။"

ရွှီကျင်း၏ မျက်နှာ အမူအရာမှာ ကျောက်သလင်းဒယ်အိုးကို တည့်တည့် စိုက်ကြည့်နေခဲ့၏။ "မဖြစ်နိုင်ဘူး ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မင်းက ဘယ်လိုလုပ် ဆေးဘက်ဝင် အစားအစာ ကို လုပ်နိုင်မှာလဲ။"

"တစ်တို့လောက် စားကြည့်ရင် သိမှာပေါ့ဗျာ..."

ဟုန်ရှောင်ပေါင်က ဂရုမစိုက်သကဲ့သို့ ပြောလိုက်၏။ ထို့နောက် လူတိုင်းဆီသို့ လှည့်၍ ပြောလိုက်သည်။ "လာ ... အားလုံးပဲ စမ်းစားကြည့်ကြပါအုံး။"

ချန်ယုသည် အခြေအနေကို နားလည်တတ်သူ ဖြစ်၏။ သူက ချက်ချင်း လှည့်ထွက်သွားပြီး ဇွန်းငယ်လေး ရှစ်ချောင်းကို သွားရောက် ယူဆောင်လာခဲ့သည်။ ဤနေရာရှိ လူတစ်ဦးစီအတွက် တစ်ချောင်းစီ ဖြစ်၏။

"ကဲ ... ဘယ်သူ ပထမဆုံး စားမလဲ။"

"ကျုပ်။"

ဟုန်ရှောင်ပေါင်ကို အံ့အားသင့်စေသည့် အရာမှာ ဇွန်းကို ပထမဆုံး လှမ်းယူလိုက်သူက ရွှီကျင်း ဖြစ်နေခြင်းပင် ဖြစ်၏။ သူ၏ မျက်နှာထက်တွင် လေးနက်သော အမူအရာများ ပြည့်နှက်နေသည်။ သူက ပြောလိုက်၏။ "မင်း တကယ်ပဲ ဆေးဘက်ဝင် အစားအစာ ကို လုပ်နိုင်တယ် ဆိုတာကို ငါ မယုံဘူး။"

ဟုန်ရှောင်ပေါင်သည် ဇွန်းကို သူ့ထံသို့ အလွယ်တကူ ကမ်းပေးလိုက်၏။ သို့သော်ငြား သူက ရုတ်တရက် ဖြည့်စွက် ပြောဆိုလိုက်သည်။ "ဒါက ချိုင်ရှောင်လေးရဲ့ ခန္ဓာကိုယ် ထဲက ပိတ်ဆို့နေတဲ့ စွမ်းအင်တွေကို ဖြေလျှော့ပေးဖို့အတွက် လုပ်ထားတာနော်။ တစ်ဇွန်းပဲ ခပ်စားရမယ်။ ပြီးတော့ အရည်ကိုပဲ သောက်ရမယ်။"

ဘေးနားရှိ မိန်းကလေးများ အားလုံး ပြုံးရယ်သွားကြ၏။ ယွင်ချိုင်ရှောင်သည် ကြားသိရသောအခါ မျက်နှာ နီရဲသွားခဲ့သည်။ ဟုန်ရှောင်ပေါင် တွန့်တိုသည်ဟု မထင်မိသည့်အပြင် သူမ၏ စိတ်ထဲတွင် နွေးထွေး လုံခြုံသွားသကဲ့သို့ပင် ခံစားလိုက်ရ၏။

ရွှီကျင်းသည် တစ်ဇွန်း ခပ်ယူ၍ သောက်သုံးလိုက်သည်။ ထိုအခိုက်အတန့်၌ ခပ်နွေးနွေး အရည်များက ပါးစပ်ထဲတွင် ချက်ချင်း အရည်ပျော်သွားခဲ့၏။ သင်းပျံ့သော ရနံ့များ ကြားထဲတွင် ရက်ပေါင်းများစွာ ကြာအောင် ကြိုချက်ထားသကဲ့သို့ ပြည့်ဝ ပြင်းထန်သော အရသာတစ်ခုက ပါဝင်နေသည်။ ငွေစက်နှင်းသစ်တော်သီး နှင့် မီးစွန်ပလွန်သီး တို့သည် နှင်းဖားဆီအနှစ်၏ အီဆိမ့်သော အရသာကို ပြီးပြည့်စုံစွာ ဖျောက်ဖျက်ပေးထား၏။ သစ်တော်သီး၏ ချိုမြသော အရသာ၊ ဂိုချီသီး၏ အနည်းငယ် ချဉ်သော အရသာ၊ နှင်းဖားဆီအနှစ်၏ ပြည့်ဝသော အရသာနှင့် နှင်းမုန်တိုင်းငွေမှို၏ သင်းပျံ့သော ရနံ့တို့မှာ လုံးဝ တစ်သားတည်း ပေါင်းစပ်နေခဲ့သည်။

အအောင်မြင်ဆုံး အချက်မှာ ပါဝင်ပစ္စည်းလေးမျိုး၏ အချိုးအစား ညီမျှမှုပင် ဖြစ်၏။ သူတို့က တစ်ခု၏ အရသာကို တစ်ခုက ဖုံးလွှမ်းသွားခြင်းမရှိဘဲ ပြီးပြည့်စုံစွာ ပေါင်းစပ်နေကြသည်။ ဤအချိုးအစား ပမာဏကို ချိန်ဆနိုင်သည့် စွမ်းရည်မှာ တကယ်ကို ချီးကျူး အံ့ဩဖွယ် ကောင်းလှသည်။ သို့သော်ငြား အကြောက်မက်ဖွယ် အကောင်းဆုံး အချက်မှာ ဤအရာများ အားလုံးက ဆေးမြစ်များ ဖြစ်နေခြင်းပင်။ ဆေးစွမ်းသတ္တိ ပြင်းထန် ကြမ်းကြုတ်လှသည့် ဆေးမြစ်များ ဖြစ်ကြ၏။

"ဒီအရသာက ... ဒီအရသာက ... ဘယ်လိုလုပ် ဒီလို အရသာမျိုး ရှိနေနိုင်တာလဲ..."

ရွှီကျင်းသည် ကြက်သေ သေနေခဲ့ပြီ ဖြစ်၏။ သို့သော်ငြား နောက်တစ်ခဏတွင်မူ နွေးထွေးသော စီးဆင်းမှု တစ်ခုက ကလီစာများ အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားသည်ကို သူ ခံစားလိုက်ရသည်။

၎င်းက ခန္ဓာကိုယ် တစ်ခုလုံးကို နွေးထွေးစေသော စွမ်းအင်စီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ခြေလက် အင်္ဂါနှင့် အရိုးအဆစ်များဆီသို့ ပြေးလွှား ဝင်ရောက်သွားခဲ့၏။ တိုတောင်းသော အချိန်လေး အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များ အပြန်အလှန် ပေါင်းစပ် သွားနေသည်ကို သူ သိသိသာသာ ခံစားလိုက်ရ၏။

တကယ်ပဲ ဆေးဘက်ဝင် အစားအစာ ဖြစ်ပေသည်။ ထို့ပြင် အာနိသင် အလွန် သိသာ ထင်ရှားလှသည့် ဆေးဘက်ဝင် အစားအစာလည်း ဖြစ်၏။ ရွှီကျင်းသည် မှင်တက် ကြက်သေ သေသွားတော့သည်။

"တကယ် ... တကယ် ဆေးဘက်ဝင် အစားအစာ ပဲ။"

ချန်ယုက သက်ပြင်းတစ်ချက် ချလိုက်၏။ "ညီလေးရှောင်ပေါင် တတ်မြောက်ထားတဲ့ ဆေးဘက်ဝင် အစားအစာ က ဒီအချိုပွဲ တစ်ခုတည်း မဟုတ်ဘူး။ ကျုပ် သိထားသလောက်ဆိုရင် ညီလေးရှောင်ပေါင် က အာနိသင် အရမ်း အံ့အားသင့်စရာကောင်းတဲ့ ဆေးဘက်ဝင် အစားအစာ လေးမျိုးလောက် အနည်းဆုံး တတ်မြောက်ထားတယ်။ မူလကတော့ မင်းတို့ကို တကယ် မယှဉ်ပြိုင်စေချင်ခဲ့ပါဘူး။ မင်းက အတင်း ဇွတ် တောင်းဆိုနေခဲ့တာကိုး..."

"ဟားဟားဟား ..."

ဟုန်ရှောင်ပေါင်သည် ရွှီကျင်း၏ မျက်နှာအမူအရာကို ကြည့်ကာ တဟားဟား ရယ်မောနေခဲ့၏။ သူက အနီးသို့ တိုးသွားပြီး တိုးညှင်းစွာ ပြောလိုက်သည်။ "တစ်ခါတလေ မျက်နှာသာပေးမှုဆိုတာ သူများက မပေးတာ မဟုတ်ဘူး။ ကိုယ်တိုင်က အတင်း ဝင်တိုးပြီး အရှက်ကွဲခံတာဗျ။"

ရွှီကျင်း၏ မျက်နှာမှာ ချက်ချင်းပင် နီရဲ တောက်လောင်သွားခဲ့၏။ ယခုအချိန်တွင် မြေကြီးပေါ်၌ အပေါက်တစ်ခု ရှိပါက တန်းဝင်သွားချင်စိတ်များ ပေါက်လာခဲ့သည်။ လူတစ်ယောက်၏ စွဲလမ်းမှုက တစ်ကြိမ် ထကြွလာပြီ ဆိုပါက မည်သည့် အသိဉာဏ်မျိုး ကျန်ရှိနေတော့မည်နည်း။

ယခု ပြန်လည် တွေးတောကြည့်သည့် အခါမှသာ သိရှိလာရ၏။ ဝူကော်အာ ပဲ ဖြစ်စေ၊ ချန်ယု ပဲ ဖြစ်စေ သူ့ကို အကြိမ်ကြိမ် တားဆီး ဖျောင်းဖျခဲ့ကြသည်။ မူလတည်းက သူ မျက်စိနောက်နေခဲ့သော ဤ ဟုန်ရှောင်ပေါင် ပင်လျှင် သူ့ကို တစ်ကြိမ်ပြီး တစ်ကြိမ် အလျှော့ပေးခဲ့သည် မဟုတ်ပါလား။ သူ ကိုယ်တိုင်ကသာ အခွင့်အရေး ရခိုက် အတင်း ဖိတွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ အခြေအနေသို့ ရောက်ရှိလာခဲ့ရခြင်း ဖြစ်သည်။

"ဘာမှ ဆက်မပြောနဲ့တော့ဗျာ။ နောက်ဆိုရင် ခင်ဗျား ကျုပ်ကို ဝေးဝေးကနေ ရှောင်သွားပါတော့..."

ဟုန်ရှောင်ပေါင်က မျက်စောင်းထိုးလျက် ပြုံးလိုက်၏။ "လာ လာ လာ လာ ... ဘယ်သူ သောက်ချင်သေးလဲ။"

"ကျွန်မ ... ကျွန်မ ကျွန်မ ကျွန်မ..."

ကျန်းမုန်ယွင်က ပထမဆုံး လက်မြှောက်လိုက်၏။ သူမသည် အလွန် စိတ်လှုပ်ရှားစွာဖြင့် ဟုန်ရှောင်ပေါင်၏ ရှေ့သို့ ရောက်ရှိလာသည်။ တစ်ဇွန်း သောက်သုံးလိုက်ပြီးနောက် မျက်နှာပေါ်တွင် သာယာ မူးယစ်သည့် အမူအရာများ ချက်ချင်း ပေါ်လွင်လာခဲ့၏။ သူမက မျက်လုံးများကို မှိတ်၍ လက်သီး နှစ်ဖက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်သည်။ "ဝါး ... ကျွန်မ ထပ်သောက်ချင်သေးတယ် ... ထပ်သောက်ချင်သေးတယ်။"

ချောင်ဝမ်က ဆူပူလိုက်၏။ "မုန်ယွင် ... မဆိုးနဲ့လေ။ ညီမလေး ချိုင်ရှောင်က အခုမှ တန်ခိုးကျင့်ကြံတာ ပြီးဆုံးလာတာ။ သူ့ခန္ဓာကိုယ်ထဲမှာ ပိတ်ဆို့နေတဲ့ စွမ်းအင်တွေ အများကြီး ရှိသေးတယ်ဟာကို။"

"ဪ ..."

ကျန်းမုန်ယွင်က အနည်းငယ် မျက်နှာငယ်လေးဖြင့် ပြောလိုက်၏။ သို့သော်ငြား ခန္ဓာကိုယ် အားဖြည့်နှင်းဖားဆီအနှစ် ဆီသို့ ကြည့်နေသည့် သူမ၏ အကြည့်များတွင်မူ ဖုံးကွယ်ထားခြင်း မရှိသော လိုလား တပ်မက်မှုများ ပြည့်နှက်နေဆဲ ဖြစ်သည်။

"စွမ်းအင်တွေကို ဖြေလျှော့ဖို့ဆိုတာ နည်းလမ်းတွေ ရှိပါတယ်။ မုန်ယွင် သောက်ချင်ရင် သောက်ပါစေ..."

ယွင်ချိုင်ရှောင်က ပြုံးလျက် ပြောလိုက်၏။ သူမ၏ မျက်နှာထက်တွင် စကားလုံးများဖြင့် ဖော်ပြ၍ မရနိုင်သော တောက်ပသည့် အမူအရာများ ပြည့်နှက်နေသည်။ သူက ဆက်ပြောလိုက်၏။ "ကိုကိုရှောင်ပေါင် က ကျွန်မအတွက် သေချာပေါက် ထပ်လုပ်ပေးမှာပါ။"

ဟုန်ရှောင်ပေါင်မှာ ပြောစရာ စကား ပျောက်ရှသွားခဲ့၏။ ဤကုန်ကြမ်း ပစ္စည်းများက သိပ်ပြီး ဈေးကြီးလွန်းသည်ဟု မဆိုလိုသော်ငြား နှစ်တစ်ထောင်သက်တမ်းရှိ နှင်းဖားဆီအနှစ် ဆိုသည်မှာ တွေ့ချင်တိုင်း တွေ့နိုင်သည့် အရာမျိုး မဟုတ်ချေ။ ထို့ကြောင့် သူက ချက်ချင်း ပြောလိုက်သည်။

"အင်း ... ဒီအရာက တကယ်ကို ကြုံဆုံမှရနိုင်တဲ့ အရာမျိုးဗျ။ ဒီလို လုပ်ကြတာပေါ့ ... ညီမလေး ျိုင်ရှောင်က အခုမှ တန်ခိုးကျင့်ကြံတာ ပြီးဆုံးလာတာ ဆိုတော့ အားလုံးပဲ ဒီ နှင်းဖားဆီအနှစ်ကို သူ့အတွက် ဦးစားပေးလိုက်ကြတာပေါ့။ ခဏနေ ကိစ္စတွေ ပြီးသွားရင် ကျုပ်ရဲ့ဆိုင်ကို လာခဲ့ကြ။ ဒီနေ့ ညီမလေး ချိုင်ရှောင်ကို ကြိုဆိုတဲ့အနေနဲ့ ကျုပ် အားလုံးအတွက် ဟင်းတစ်စားပွဲစာ လုပ်ကျွေးမယ်။"

"ယေး..."

"ဒါဆိုရင် တကယ် ကောင်းတာပေါ့။"

"တကယ်လား..."

မိန်းမပျိုများနှင့် ချန်ယု တို့မှာ အားလုံး အံ့ဩ ဝမ်းသာသွားကြ၏။ ဟုန်ရှောင်ပေါင်၏ ဆေးဘက်ဝင် အစားအစာ က မည်သို့သော အရာဖြစ်ကြောင်း သူတို့ အသိဆုံး ဖြစ်ကြသည်။

"တကယ်ပေါ့ဗျာ။"

ဟုန်ရှောင်ပေါင်က ပြုံးလျက် ပြောလိုက်၏။ သို့သော်ငြား သူ၏ ရင်ထဲတွင်မူ သွေးများ စီးကျနေခဲ့ပြီ ဖြစ်သည်။ ဟင်းတစ်စားပွဲစာ တကယ် ချက်ကျွေးရမည် ဆိုပါက ထိုအရာများ အားလုံးမှာ တသွင်သွင် စီးဆင်းသွားမဲ့ ဝိညာဉ်ကျောက်တုံး များသာ ဖြစ်သည်။

သို့ပေမည့် ယနေ့တွင် ယွင်ချိုင်ရှောင်နှင့် ပြန်လည် တွေ့ဆုံရသည့်အတွက် သူ၏ စိတ်ထဲတွင် အလွန် ပျော်ရွှင်နေမိ၏။ ထို့ကြောင့် ဤကုန်ကျစရိတ်များကို သိပ်ပြီး ဂရုမစိုက်တော့ချေ။

All Chapters