အခန်း (၁၄၁-၁၄၂)
Vol. 13 Ch. 141-142
အပိုင်း (၁၄၁) ဆေးဖက်ဝင် အစားအစာပဲ။
နောက်ဆုံးတွင် အားလုံးကို ဖြောင်းဖျ နှစ်သိမ့် ပြီးစီးသွားခဲ့၏။ ထိုအခါမှသာ ဟုန်ရှောင်ပေါင်သည် အပြုံးများဖြင့် ကျောက်သလင်းဒယ်အိုးလေးကို မ၍ ယွင်ချိုင်ရှောင်၏ ရှေ့သို့ ချပေးလိုက်သည်။
ယွင်ချိုင်ရှောင်၏ ပါးပြင်ထက်တွင် ရင်သပ်ရှုမောဖွယ်ရာကောင်းသော သွေးရောင်လေးများ ဖုံးလွှမ်းနေ၏။ လူတိုင်း၏ စနောက်သည့် အကြည့်များအောက်တွင် ရှက်ရွံ့မှုများ၊ တိတ်တဆိတ် ဝမ်းသာမှုများနှင့် ကျေနပ် အားရမှုများ ရှိနေသည်။ သို့သော်ငြား ကြယ်တာရာများကို ထည့်သွင်းထားသကဲ့သို့ တောက်ပနေသည့် ထိုမျက်ဝန်းလေးများ ထဲတွင်မူ ပြည့်လျှံ ကျဆင်းလုမတတ် နွေးထွေးမှုများ ပြည့်နှက်နေ၏။
ဟုန်ရှောင်ပေါင်၏ ဖုံးကွယ်ထားခြင်း မရှိသော အကြည့်များကို မြင်ရသည့်အခါ သူမ၏ ရင်ထဲတွင် တဒိတ်ဒိတ် ခုန်လှုပ်လာခဲ့သည်။ မရေမတွက်နိုင်သော မိုးကြိုးများ သောင်းကျန်းနေသည့် လေယင်ရေကန်ထဲသို့ ဝင်ရောက်ခဲ့စဉ်ကပင် သူမ ဤမျှ ထိတ်လန့် ပျာယာခတ်ခဲ့ခြင်း မရှိချေ။
ယခုအချိန်တွင်မူ သူမသည် ဦးခေါင်းကိုငုံ့၍ ကျောက်သလင်းဒယ်အိုးကို လက်ခံ ယူဆောင်လိုက်ရုံသာ တတ်နိုင်တော့သည်။ သူမက တိုးညှင်းစွာ ပြောလိုက်၏။ "ကျေး..."
စကားတစ်ခွန်းပင် ဆုံးအောင် မပြောရသေးချေ။ သူမ အနည်းငယ် တန့်ရပ်သွားခဲ့သည်။ သူတို့နှစ်ဦး၏ ဆက်ဆံရေးက... ကျေးဇူးတင်စကား ပြောစရာ လိုသေးသည်လား။
ဟုန်ရှောင်ပေါင်က နူးညံ့စွာ ပြုံးလိုက်၏။ "ညီမလေး ချိုင်ရှောင် ... ကျေးဇူးတင်စကား မပြောပါနဲ့။ သူစိမ်းတွေမှ မဟုတ်တာ။"
"အင်း..." ယွင်ချိုင်ရှောင်က မကြားရလောက်အောင် တိုးညှင်းစွာ ပြောလိုက်၏။ သူမက မျက်နှာပူတတ်သူ ဖြစ်ရာ ဤမျှ များပြားသော လူအများ၏ အကြည့်များအောက်တွင် အနည်းငယ် နေရခက်နေခဲ့သည်။ ထို့ကြောင့် သူမ ကိုယ်တိုင် ဒယ်အိုးကို သယ်ဆောင်၍ ဘေးတစ်ဖက်ဆီသို့ သွားရောက် သောက်သုံးနေတော့သည်။
ဇွန်းတစ်ချောင်းကို ကိုင်ဆောင်၍ တလှုပ်လှုပ် ဖြစ်နေသော ချန်ယု တစ်ယောက်သည် သူ၏ လက်ထဲရှိ ဇွန်းကို ကြည့်ကာ နေရထိုင်ရ ခက်နေ၏။
"ဟားဟားဟားဟား ... မလောပါနဲ့ဗျာ။"
ဟုန်ရှောင်ပေါင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ပုခုံးကို ပုတ်လိုက်၏။ "ခဏနေကျရင် ခင်ဗျားကို အဝစားရစေမယ်လို့ အာမခံတယ်။"
"မဟုတ်ဘူး ... မဟုတ်ပါဘူး၊ အဲဒီလို မဟုတ်ပါဘူး..." ချန်ယုက အလျင်စလို ရှင်းပြလိုက်၏။ သို့သော်ငြား လှုပ်ယမ်းနေသည့် သူ၏ လက်ထဲမှ ဇွန်းကို မြင်သောအခါ သူ ကိုယ်တိုင်ပင် ရှက်ရွံ့စွာ ပြုံးလိုက်မိသည်။
ရွှီကျင်းမှာမူ အရှက်တကွဲဖြစ်မှုများ ကြားထဲ၌ နစ်မြုပ်နေဆဲ ဖြစ်၏။ ယခုအခါ အားလုံးက အလုပ် မရှိတော့သည့်အတွက် သူ့ဆီသို့ တစ်ယောက်ပြီး တစ်ယောက် ပြန်လည် လှည့်ကြည့်လာကြ၏။
ရွှီကျင်း၏ မျက်နှာမှာ နီရဲ တောက်လောင်လာခဲ့၏။ သူ့ဆီသို့ ထပ်မံ ကြည့်ရှုလာကြသည့် လူတိုင်း၏ အကြည့်များကို မြင်ရသောအခါ လူတစ်ဦးစီတိုင်း၏ အကြည့်များက ဓားများ၊ လှံများ ကဲ့သို့ ဖြစ်နေသည်ဟု သူ ခံစားလိုက်ရသည်။
ထို့အပြင် ငါးမီးခိုးကြပ်တင်ဟင်းပွဲ၏ ရနံ့ကလည်း မကြာခဏ ပျံ့လွင့်လာခဲ့သေး၏။ အလွန် ချိုမြိန်လွန်းသည့် နှင်းဖားဆီအနှစ်ကို စားသုံးပြီးသည့်နောက် ယခုကဲ့သို့ ပြင်းထန် လွန်းလှသော မွှေးကြိုင်သည့် ရနံ့ကို ပြန်လည် ရရှိချိန်၌ သူ ကိုယ်တိုင်ပင်လျှင် အလွန် အီဆိမ့်သော ခံစားချက် တစ်ခုကို ရရှိလာခဲ့၏။
"ဘယ်သူ နိုင်သွားတာလဲ။"
ဝူကော်အာမှာ အနည်းငယ် နားမလည်နိုင်အောင် ဖြစ်နေခဲ့၏။ သူက မြည်းစမ်း မကြည့်ခဲ့ချေ။ ဟုန်ရှောင်ပေါင်၏ အချိုပွဲ ရနံ့က အတော်လေး ကောင်းမွန်သည်ဟု ခံစားရသော်ငြား အရသာအရဆိုလျှင် ရွှီကျင်း၏ ငါးမီးခိုးကြပ်တင် ဟင်းပွဲ က မည်သို့မျှ မရှုံးနိမ့်သင့်ပေ။
ဝူကော်အာ၏ ဤစကားကို ကြားသိရသောအခါ ရွှီကျင်း၏ မျက်နှာမှာ ဝက်သဲကြပ် အရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ ဤသည်က တကယ်ကို ဓားနှင့် ထပ်မံ ထိုးနှက်လိုက်ခြင်းပင် ဖြစ်သည်။ ဘယ်သူ နိုင်သွားတာလဲ။ သူ ကိုယ်တိုင်ပင်လျှင် ဤမေးခွန်းကို ထပ်မံ မေးမြန်းရန် အရှက်မရှိတော့ချေ။ ထို့ကြောင့် သူက စကားလုံး အနည်းငယ်ကို အံကြိတ်၍ ညှစ်ထုတ်လိုက်၏။
"ဘာမှ ဆက်မပြောနဲ့တော့..."
ကိစ္စကို ရွှီကျင်း ကိုယ်တိုင် စတင်ခဲ့ခြင်း ဖြစ်၏။ ယခုအခါ ရလဒ်က ရှင်းလင်းစွာ ပေါ်လွင်နေခဲ့ပြီ ဖြစ်သည်။ အကယ်၍ လောင်းကစားကြွေးကို ကြည်ဖြူစွာ ဆပ်ရမဲ့ အသိဉာဏ်မျိုးမှ မရှိဘူးဆိုလျှင် တကယ်ကို သိက္ခာကျလွန်းလှပေလိမ့်မည်။ ထို့ကြောင့် ရွှီကျင်းသည် ဝက်သဲကြပ် အရောင် ဖြစ်နေသော မျက်နှာကို မထားကာ စကားလုံး တစ်လုံးချင်းစီကို ညှစ်ထုတ် ပြောဆိုလိုက်သည်။
"ငါ ... ရှုံးသွားပြီ..."
"ဘာပြောလိုက်တယ်။"
ဝူကော်အာ နှင့် ကျန်းမင်ယွမ် တို့သည် အံ့အားသင့် တုန်လှုပ်သွားကြပြီး အနည်းငယ် မယုံကြည်နိုင်အောင် ဖြစ်သွားကြ၏။ သို့သော်ငြား ရွှီကျင်း၏ မျက်နှာ အမူအရာကို မြင်ရသောအခါ သူတို့ နောက်ထပ် စကားတစ်ခွန်းမှပင် ထပ်မံ မမေးမြန်းရဲတော့ချေ။
မိန်းမပျို လေးဦးနှင့် ချန်ယု တို့ကမူ ပုံမှန် အမူအရာအတိုင်းပင် ဖြစ်နေကြ၏။ ဤရလဒ်ကို ကြိုတင် ခန့်မှန်းထားပြီး ဖြစ်သည့်အလားပင်။
"ကတိအတိုင်းပဲ ... ငါ ... ငါ နောင်ကျရင် မင်းကို ရှောင်ပြီး သွားပါ့မယ်..."
ရွှီကျင်းသည် ထိုစကားကို နောက်တစ်ကြိမ် တစ်လုံးချင်း ညှစ်ထုတ် ပြောဆိုလိုက်၏။ ထို့နောက် တောင့်တင်းသော ခြေလှမ်းများဖြင့် တံခါးအပြင်ဘက်ဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားခဲ့သည်။ သူ၏ အသက် နှစ်ဆယ်ကျော် သက်တမ်း တစ်လျှောက်လုံးတွင် ယခုကဲ့သို့ ခက်ခဲ ကြမ်းတမ်းသော အချိန်မျိုး တစ်ခါမှ မရှိခဲ့ဖူးချေ။
သူ တံခါးအပြင်သို့ ထွက်တော့မည် ပြုချိန်မှာပင် ရုတ်တရက် 'စီစီ' ဟူသည့် အသံများ မြည်ဟည်းလာခဲ့၏။ ဟင်းချက်ပြုတ်ရေး အခန်းထဲတွင် မိုးကြိုး အလင်းတန်း တစ်ခု ရုတ်တရက် ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။
"ဘာဖြစ်တာလဲ။"
လူတိုင်း ထိတ်လန့်သွားကြပြီး နောက်သို့ လှည့်ကြည့်လိုက်ကြ၏။ ထိုအခါ မိုးကြိုး၏ ပင်မအရင်းအမြစ်ကို ချက်ချင်း ရှာဖွေတွေ့ရှိသွားကြသည်။ ၎င်းမှာ ... ယွင်ချိုင်ရှောင် ပင် ဖြစ်၏။
"ဘာဖြစ်တာလဲ ... ဒါ ဘာဖြစ်သွားတာလဲ..." ချန်ယုသည် အကြီးအကျယ် အံ့ဩ တုန်လှုပ်သွားခဲ့၏။
ဟုန်ရှောင်ပေါင်လည်း တုန်လှုပ်သွားခဲ့သည်။ "ညီမလေး ချိုင်ရှောင် ... ညီမလေး ချိုင်ရှောင် ဘာဖြစ်သွားတာလဲ။"
စီ စီ စီ... ဖြန်း... ဖြန်း ဖြန်း... ဖြန်း...
မိုးကြိုးများ အဆက်မပြတ် ပေါက်ကွဲ မြည်ဟည်းနေ၏။ ယွင်ချိုင်ရှောင်၏ ခန္ဓာကိုယ် အပေါ်တွင် သေးငယ်သော မိုးကြိုးတန်း အမြောက်အမြား ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်သည်။ ထိုမိုးကြိုးတန်းများမှာ လျင်မြန်စွာ ဖြစ်ပေါ်လာပြီး ပျောက်ကွယ်သွားကြ၏။
တစ်ခါတစ်ရံတွင် မီတာအနည်းငယ်မျှ ဝေးကွာသော နေရာအထိ မိုးကြိုးတန်းတစ်ခု ပေါက်ကွဲ ထွက်ပေါ်လာတတ်သည်။
ထို့အပြင်ယွင်ချိုင်ရှောင်၏ ဆံပင်များမှာလည်း ကောင်းကင်သို့ ထောင်မတ် လွင့်စင်လာကြ၏။ ထိုဆံပင်များ၏ ကြားတွင် သေးငယ်သော မိုးကြိုးတန်း အမြောက်အမြား ရှိနေကာ သူမ၏ ဆံပင်အားလုံးက မိုးကြိုးများအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင် ထင်မှတ်ရ၏။
ပေါက်ကွဲ ထိမှန်သည့် နေရာရှိ မည်သည့် အရာဝတ္ထု မဆို ချက်ချင်းပင် အမှုန့်အဖြစ် ပြောင်းလဲသွားခဲ့၏။ လူတိုင်း မြင်တွေ့ရသောအခါ ဦးရေပြားများ ထုံကျင်သွားကြတော့သည်။ အကယ်၍ ဤအချက်ကသာ လူတစ်ယောက်၏ ခန္ဓာကိုယ်အပေါ် ပေါက်ကွဲ ထိမှန်သွားခဲ့လျှင် ဘာတွေများ ဖြစ်ကုန်တော့မည်နည်း။
ယွင်ချိုင်ရှောင်၏ အသံထဲတွင် စိုးရိမ် ပူပန်မှုများနှင့် ဝမ်းသာ ပျော်ရွှင်မှုများ ရောနှော ပါဝင်နေ၏။ သူမက အော်ဟစ်လိုက်သည်။ "အားလုံးပဲ မြန်မြန် အပြင်ကို ထွက်သွားကြပါ... ကျွန်မ အဆင့်တက်တော့မယ်။"
လေယင်ရေကန် ထဲမှ ထွက်လာသည့် ပထမဆုံး နေ့မှာပင် သူမ ဤကဲ့သို့ အဆင့်တက်သွားလိမ့်မည် ဟု အနည်းငယ်မျှ ထင်မှတ် မထားခဲ့ချေ။ ကိုကိုရှောင်ပေါင်၏ ဟင်းလျာက ဤမျှအထိ အံ့ဩဖွယ် ကောင်းလှသည်လား။
ဂိုဏ်းချုပ်ကြီးနှင့် ဖခင်ဖြစ်သူ တို့ကလည်း ပြောပြခဲ့ဖူးသည်။ သူမသည် လေယင်ရေကန် ထဲတွင် လုံလောက်သော မိုးကြိုးစွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်များကို စုပ်ယူရရှိခဲ့ပြီး ဖြစ်ကြောင်းကိုပင်။ ထိုအရာများကို ချေဖျက် စုပ်ယူနိုင်ပါက အဆင့်တက်နိုင်မည် ဖြစ်ကြောင်း ပြောခဲ့ကြသည်။
သူမက အချိန် တစ်နှစ်၊ သို့မဟုတ် လဝက်ခန့် ကြာမြင့်ဦးမည် ဟု ထင်မှတ်ထားခဲ့၏။ ယခုကဲ့သို့ ချက်ချင်း အဆင့်တက်သွားလိမ့်မည် ဟု ထင်မှတ် မထားခဲ့ချေ။
ဖြန်း...
ရုတ်တရက် တိုင်လုံး တစ်ခုမျှ တုတ်ခိုင်သော ကြီးမားသည့် မိုးကြိုးတန်းကြီး တစ်ခု ပစ်ခတ် ထွက်ပေါ်လာခဲ့၏။ နံရံပေါ်သို့ တည့်တည့် ပေါက်ကွဲ ထိမှန်သွားကာ ထိတွေ့ရာ နေရာများ အားလုံး ကျယ်လောင်စွာ ပေါက်ကွဲ မြည်ဟည်းရင်း ချက်ချင်း အမှုန့်အဖြစ် ပြောင်းလဲသွားခဲ့သည်။
"မကောင်းတော့ဘူး..."
"ပြေးကြ..."
လူတိုင်း ထိတ်လန့်လွန်း၍ မျက်နှာများ ဖြူရော်သွားကြ၏။ အားလုံးက ဟင်းချက်ပြုတ်ရေး အခန်းထဲမှ ပြေးထွက်သွားကြတော့သည်။ မီတာ တစ်ရာခန့် ဝေးကွာသော နေရာအထိ ကပျာကယာ ပြေးလွှား ဖယ်ခွာသွားကြ၏။
ဘုန်း... ဖြန်း...
ဟင်းချက်ပြုတ်ရေး အခန်းထဲတွင် မိုးကြိုးများ သောင်းကျန်းနေ၏။ ဟင်းချက်ပြုတ်ရေး အခန်း တစ်ခုလုံးမှ မျက်စိကျိန်းမတတ် စူးရှသော အဖြူရောင် အလင်းတန်းများ အဆက်မပြတ် ပေါက်ကွဲ ဖြစ်ပေါ်နေသည်။
လူတိုင်း၏ မျက်စိများကို ပြာဝေသွားစေပြီး မျက်လုံးပင် မဖွင့်နိုင်လောက်အောင် ဖြစ်သွားစေ၏။ အားလုံးမှာ ကြက်သေ သေနေကြတော့သည်။ ဤမျှ ဖျက်ဆီးအား ကြီးမားသော စွမ်းအားမျိုးက နူးညံ့ သိမ်မွေ့လှသည့် မိန်းမပျိုလေး တစ်ယောက်၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်ပေါက်လာလိမ့်မည် ဟု သူတို့ အနည်းငယ်မျှ စိတ်ကူး မကြည့်တတ်အောင် ဖြစ်နေကြ၏။
ဘုန်း...
ရုတ်တရက် မိုးကြိုး တစ်ချက်က နံရံပေါ်သို့ ပေါက်ကွဲ ထိမှန်သွားခဲ့သည်။ တခဏလေး အတွင်းမှာပင် နံရံကြီး အက်ကွဲသွားခဲ့၏။ အက်ကွဲကြောင်းများ ကြားထဲမှ မိုးကြိုး အလင်းတန်းများ စိမ့်ထွက်လာခဲ့သည်။
ပြောရမည်ဆိုလျှင် အချိန်ကြာမြင့်သည်ဟု ထင်ရသော်ငြား ဤသည်က မျက်စိတစ်မှိတ် အတွင်း၌သာ ဖြစ်ပျက်သွားခြင်း ဖြစ်၏။ နောက်တစ်ခဏတွင်မူ ကြီးမားသော နံရံကြီး တစ်ခုလုံး ကျယ်လောင်စွာ ပြိုကျ ကျဆင်းလာခဲ့သည်။
ရွှီကျင်းသည် ရူးသွပ် တုံးအသွားသည့် အခြေအနေသို့ ရောက်ရှိလုမတတ် ဖြစ်နေခဲ့၏။ ထိုအတွင်းစည်း မိန်းမပျိုလေးသည် ဟုန်ရှောင်ပေါင် ပြုလုပ်ပေးသည့် ဆေးဘက်ဝင် အစားအစာ ကို စားသုံးပြီးမှသာ ယခုကဲ့သို့ အဆင့်တက်ခြင်း ဖြစ်ပေါ်လာရသည်ကို သူ လုံးဝ မေ့ပျောက်နိုင်မည် မဟုတ်ချေ။
ယခုအချိန်တွင် မိုးကြိုးကြောင့် ဖောက်ထွက် ပြိုကျသွားသည့် အပေါက်ကြီးကို ငေးမောစွာဖြင့် စိုက်ကြည့်နေခဲ့၏။ သူက စကားလုံး တစ်လုံးချင်းစီကို ပြောဆိုလိုက်သည်။
"ဒါက ... ဆေးဘက်ဝင် အစားအစာ ပဲ။"
အပိုင်း (၁၄၂) ဖန်ရောင်စဉ် သန့်စင်သော ဝိညာဉ်ခန္ဓာကိုယ်။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။"
ဖုန်းလင်းလုံ၏ မျက်နှာတွင် အံ့ဩတုန်လှုပ်မှုတို့ ဖုံးလွှမ်းနေ၏။ "ဘယ်လိုလုပ် ... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။"
ချောင်ဝမ်သည် ဖုန်းလင်းလုံ၏ နောက်ခံဇာတ်မြစ် မရိုးရှင်းကြောင်း သိထားသူဖြစ်၏။ ထို့ကြောင့် ချက်ချင်းပင် မေးလိုက်သည်။ "လင်းလုံ ... ဒါက ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလား။"
"ကောင်းတဲ့ကိစ္စပါ။ ဒါပေမဲ့ ဒီအမြန်နှုန်းကတော့ တကယ်ကို ကြောက်စရာကောင်းလွန်းတယ်။ ချိုင်ရှောင်က လေယင်ရေကန်ထဲကနေ ထွက်လာတာ မကြာသေးဘူးလေ။ ပထမဆုံးရက်မှာတင် ဘယ်လိုလုပ်ပြီး အဆင့်တက်သွားရတာလဲ။"
ဖုန်းလင်းလုံမှာ တစ်စုံတစ်ရာကို ရုတ်တရက် သတိရသွား၏။ "ဟုတ်ပြီ။ ဟုန်ရှောင်ပေါင်ရဲ့ ဆေးဘက်ဝင် အစားအစာကြောင့်ပဲ ဖြစ်ရမယ်။ ဟုန်ရှောင်ပေါင် ... ဟင် ... သူ ဘယ်ရောက်သွားတာလဲ။"
ဖုန်းလင်းလုံနှင့် ချောင်ဝမ်တို့ နှစ်ဦးစလုံးသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကြ၏။ သို့ပေမည့် ဟုန်ရှောင်ပေါင်၏ အရိပ်အယောင်ကိုမျှ မတွေ့ရချေ။ လူတိုင်း အနည်းငယ် ကြက်သီးမွေးညင်း ထသွားပြီး တစ်ပြိုင်နက် အော်ဟစ်လိုက်ကြသည်။ "ဒုက္ခပါပဲ။ ဟုန်ရှောင်ပေါင် အထဲမှာ ရှိနေသေးတယ်။"
ယခုအချိန်တွင် ဟုန်ရှောင်ပေါင်သည် ဟင်းချက်ပြုတ်ရေးဌာန အတွင်း၌ တကယ်ပင် ရှိနေခဲ့၏။ ဤသည်က သူ၏ ဇနီးလောင်းလေး မဟုတ်ပါလား။ သူက သေချာပေါက် အနီးကပ် စောင့်ကြည့်ပေးနေရမည်ပင်။ ထိုသို့မဟုတ်ဘဲ တစ်ခုခု လွဲချော်သွားခဲ့လျှင် ဘယ်လိုလုပ်မည်နည်း။
"ဒီကောင်မလေး မဆိုးဘူး။"
ယင်းကျိုယိုသည် မျက်လုံးများကို မှေးကျဉ်းကာ ယွင်ချိုင်ရှောင်အား အကဲခတ်နေခဲ့၏။ ယခုအချိန်တွင်မူ ချီးကျူးစကား တစ်ခွန်း ဆိုလာခဲ့သည်။
အဘိုးကြီးက တခြားသူကို ချီးကျူးသည်ဆိုခြင်းမှာ အနောက်ဘက်မှ နေထွက်ပြီး အရှေ့ဘက်သို့ နေဝင်သည်ထက်ပင် ရှားပါးလှချေ၏။ သူက ယွင်ချိုင်ရှောင်အား ဤသို့ ပြောလာခြင်းမှာ သေချာပေါက် အကြောင်းပြချက် တစ်ခုခု ရှိနေသောကြောင့် ဖြစ်ပေမည်။ ဟုန်ရှောင်ပေါင်က ဝမ်းသာအားရ ပြုံးရွှင်လျက် မေးလိုက်သည်။ "အိမ်း ... အဘိုး ... ကျုပ်ရဲ့ ဇနီးလောင်းလေးက ဘယ်နေရာမှာ ကောင်းနေလို့လဲ။"
"ဖန်ရောင်စဉ် သန့်စင်သော ဝိညာဉ်ခန္ဓာကိုယ်ဆိုတာ မင်း ကြားဖူးသလား။"
"မကြားဖူးဘူး။ ဒါပေမဲ့ အရမ်းစွမ်းအားကြီးမယ်ဆိုတာတော့ ကျုပ် ခံစားမိတယ်။"
ဟုန်ရှောင်ပေါင်က ဝမ်းသာအားရ မေးလိုက်၏။ "ကျုပ်ရဲ့ ဒီ တန်လန် ခန္ဓာကိုယ်နဲ့ ယှဉ်ရင်ရော ဘယ်လိုနေလဲ။"
"ဖန်ရောင်စဉ် သန့်စင်သော ဝိညာဉ်ခန္ဓာကိုယ်က မမျှော်လင့်တဲ့ မတော်တဆတွေသာ မရှိခဲ့ဘူးဆိုရင် အရမ်း ကြောက်မက်ဖွယ်ရာ ကောင်းတဲ့ အဆင့်တစ်ခုအထိ ကြီးထွားလာနိုင်တယ်။ တန်လန်ခန္ဓာကိုယ်ရဲ့ ကြီးထွားမှု ကတော့ မသေချာမရေရာမှုတွေနဲ့ ပြည့်နှက်နေတာပဲ။"
ယင်းကျိုယိုသည် ဟုန်ရှောင်ပေါင်ကို ကြည့်လိုက်၏။ "မင်းသာ တစ်ခုခုသော ဂိုဏ်းတစ်ခုရဲ့ ဂိုဏ်းချုပ်ဆိုရင် ဘယ်သူ့ကို ရွေးမလဲ။"
"သေချာပေါက် ဖန်ရောင်စဉ် သန့်စင်သော ဝိညာဉ်ခန္ဓာကိုယ်ကိုပဲ ရွေးမှာပေါ့။" ဟုန်ရှောင်ပေါင်က ဝမ်းသာအားရ ပြောလိုက်၏။ သူ့ ဇနီးလောင်းလေး စွမ်းအားကြီးသည်ကို အဘယ်သို့ သူ မလိုလားဘဲ နေမည်နည်း။
သေချာပေါက် သူကလည်း မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိသည်။ တန်လန်ခန္ဓာကိုယ်သည် မသေချာ၊ မရေရာမှုများနှင့် ပြည့်နှက်နေသည်မှာ အမှန်ပင်။ တစ်ခုခုသော ကောင်းကင်နှင့် မြေကြီး ရတနာကို မှားယွင်း စားသုံးမိပါက ဝမ်းလျှောခြင်းမှအစပြု၍ ခန္ဓာကိုယ် ပျက်စီးသွားသည်အထိ ဖြစ်နိုင်ချေ၏။
သို့သော်ငြား သူ၏ အနားတွင် နတ်ဘုရားအဆင့် လက်နက်တစ်ခုကဲ့သို့ ဖြစ်သည့် အဘိုးကြီး ရှိနေသည် မဟုတ်ပါလား။ သူ့အတွက်မူ ထိုမသေချာမရေရာမှု ဆိုသည်မှာ ဘာမှမဟုတ်ပေ။
"အင်း ... ကောင်းပြီ။ မင်းရဲ့ ဖားယားမှုတွေကို ငါ လက်ခံလိုက်မယ်။"
ဟုန်ရှောင်ပေါင်၏ စကားများက အဘိုးကြီးကို သဘာဝကျကျပင် မငြင်းဆန်နိုင်ခဲ့ချေ။ အဘိုးကြီးက ရက်ရက်ရောရောပင် ပြုံးရွှင်လက်ခံလိုက်သည်။ "ဒါပေမဲ့ ဖန်ရောင်စဉ် သန့်စင်သော ဝိညာဉ်ခန္ဓာကိုယ်က အင်မတန် ကြမ်းတမ်းခက်ထန်တယ်။ အနည်းငယ်လေး သတိလက်လွတ် ဖြစ်သွားတာနဲ့ မိုးကြိုးတစ်သောင်း အဖြစ် ပေါက်ကွဲထွက်သွားမဲ့ အဆုံးသတ်မျိုး ရှိနေတယ်။ နောက်နောင် မင်းမှာ စွမ်းဆောင်နိုင်ရည် ရှိလာရင် မင်းရဲ့ ဇနီးလောင်းလေးအတွက် ဆေးဘက်ဝင် အစားအစာတွေ ပိုပြီး လုပ်ပေးသင့်တယ်။"
"ခန္ဓာကိုယ်က ပေါက်ကွဲသွားမှာ။" ဟုန်ရှောင်ပေါင် များစွာ အံ့ဩတုန်လှုပ်သွား၏။ ထိုအခိုက် သူ ဤနေရာကနေ ထွက်သွား၍ မဖြစ်ဘူးဆိုသည်ကို စိတ်ထဲတွင် ပို၍ပင် အတည်ပြုလိုက်သည်။ အစွန်းရောက်အဆင့် နှစ်ကြိမ်တိုင်တိုင် တက်ရောက်ခဲ့ခြင်းက ဟုန်ရှောင်ပေါင်၏ ခန္ဓာကိုယ်ကို အင်မတန် သန်စွမ်းကြံ့ခိုင်စေခဲ့၏။ ဤမိုးကြိုးလျှပ်စီးများအပေါ် ခံနိုင်ရည်စွမ်းအားကလည်း လွန်စွာ မြင့်မားလှသည်။ လျှပ်စီးကြိုးများ၏ အမြန်နှုန်းက မည်မျှတောင် မြန်ဆန်လှသနည်း။ ဟုန်ရှောင်ပေါင်က အကြိမ်အနည်းငယ်မျှ ရှောင်တိမ်းကြည့်သော်လည်း မရှောင်နိုင်ခဲ့သည့်အတွက် နောက်ဆုံးတွင် မရှောင်တိမ်းဘဲ နေလိုက်တော့သည်။
ဝိညာဉ်စွမ်းအင်များကို လှည့်ပတ်၍ ခုခံကာကွယ်လိုက်၏။ လျှပ်စီးကြိုး အမြောက်အမြားက ခန္ဓာကိုယ်အပေါ် ပေါက်ကွဲကျရောက်လာချိန်မှာတော့ သူလည်း အနည်းငယ် ခံနိုင်ရည် မရှိတော့ချေ။
"ကိုကို ရှောင်ပေါင်... မြန်မြန်သွား။ အမြန်ဆုံး ထွက်သွားတော့။" ယွင်ချိုင်ရှောင်သည် အဆင့်တက်နေခြင်း အတွင်းမှ အသိစိတ် အနည်းငယ် ကျန်ရှိနေသေး၍ စိုးရိမ်တကြီး ပြောလိုက်၏။
"ကိုကို မင်းကို စောင့်ရှောက်ပေးရအုံးမယ်လေ။" ဟုန်ရှောင်ပေါင်က ပြောလိုက်သည်။ အဘိုးကြီး စကားအနည်းငယ် ပြောလိုက်ရုံနှင့်ပင် ဖန်ရောင်စဉ် သန့်စင်သော ဝိညာဉ်ခန္ဓာကိုယ် အဆင့်တက်ချိန်တွင် တွေ့ကြုံရသည့် အန္တရာယ်ကြီးမားမှုကို သူ ရှင်းရှင်းလင်းလင်း သိရှိသွားခဲ့ပြီ ဖြစ်၏။ ဟုန်ရှောင်ပေါင်က ဘာပြောပြော ထွက်မသွားရန် ငြင်းဆန်နေခဲ့သည်။
"ကိုကို ရှောင်ပေါင်... ရှင် ဒီမှာရှိနေတာက ကျွန်မရဲ့ အာရုံတွေကို ပြန့်လွင့်စေပြီး အန္တရာယ် ပိုများစေလိမ့်မယ်။" ယွင်ချိုင်ရှောင်က အလောတကြီး ပြောလိုက်၏။ ထိုသို့ပြောနေစဉ်မှာပင် သူမ၏ ခန္ဓာကိုယ်အတွင်းမှ လက်မောင်းတစ်ဖက်စာမျှ တုတ်ခိုင်သော လျှပ်စီးကြိုးတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။ ခါးပေါ်ရှိ အဝတ်အစားများကို တစ်ခဏချင်းပင် မှုန့်မှုန့်ညက်ညက် ကြေမွသွားစေပြီး ကျောက်စိမ်းဖြူကဲ့သို့သော အသားအရေကို ပေါ်လွင်စေခဲ့၏။
ဟုန်ရှောင်ပေါင်မှာ ချက်ချင်းပင် သွားရည်ကျသွားတော့သည်။ ယွင်ချိုင်ရှောင်က မြင်သည့်အခါ အလွန်တရာ ရှက်ရွံ့သွားပြီး မျက်နှာတစ်ခုလုံး နီရဲတက်လာ၏။ သူမက အော်ဟစ်လိုက်သည်။ "ကိုကို ရှောင်ပေါင်... အပြင်ကို အမြန်ထွက်သွားတော့။"
သူမ၏ စိတ်အာရုံများက တကယ်ပင် အဆင့်တက်ရာ၌ မရှိတော့သည်ကို မြင်သောအခါ၊ တကယ်တမ်း တစ်ခုခု လွဲချော်သွားမည်ကို စိုးရိမ်၍၊ ဟုန်ရှောင်ပေါင်သည် လျှပ်စီးပေါက်ကွဲသွားသည့် အပေါက်ကြီးအတွင်းမှ ခြေလှမ်းအနည်းငယ်ဖြင့် အပြင်သို့ ပြေးထွက်လာခဲ့၏။
"မောင်လေးဟုန် ...။" ချန်ယုနှင့် မိန်းကလေး သုံးဦးတို့သည် လူကို မည်သို့ကယ်တင်ရမည်နည်းဟု စိုးရိမ်တကြီး ဆွေးနွေးနေကြချိန်ဖြစ်သည်။
ဟုန်ရှောင်ပေါင် အပြင်သို့ ထွက်လာသည်ကို မြင်သောအခါ သူတို့အားလုံး သက်ပြင်းတစ်ချက် ချလိုက်ကြသည်။ လျှပ်စီးကြိုးများ ဆက်တိုက် ပေါက်ကွဲနေသည့် ဟင်းချက်ပြုတ်ရေးဌာနကို ကြည့်ရင်း စိတ်မချနိုင်သေးဘဲ မေးလိုက်ကြ၏။ "အခြေအနေ ဘယ်လိုရှိလဲ။"
"ဘာမှမဖြစ်လောက်ပါဘူး။"
ဟုန်ရှောင်ပေါင်က ပြုံးလျက် ပြောလိုက်သော်ငြား စိတ်ထဲတွင်မူ အလွန်တရာ စိုးရိမ်ပူပန်နေခဲ့၏။ ယခုအချိန်တွင် သူ အနည်းငယ် အသိစိတ် ဝင်လာပြီ ဖြစ်သည်။ သူ၏ စွမ်းအားက နိမ့်ကျလွန်းနေသေး၏။ ယွင်ချိုင်ရှောင်သာ တကယ်တမ်း ပြဿနာတစ်ခုခု တက်သွားခဲ့လျှင် သူ့အနေဖြင့် ဘာတစ်ခုမှ လုပ်ပေးနိုင်မည် မဟုတ်ချေ။ ယွင်ချိုင်ရှောင်ကို အထောက်အကူ ပေးနိုင်သည့် သူတစ်ယောက်ယောက်ကို အမြန်ဆုံး ရှာဖွေရပေမည်။
ဟုန်ရှောင်ပေါင် စိုးရိမ်တကြီး ဖြစ်နေစဉ်မှာပင် ကောင်းကင်ယံမှ အဖြူရောင် အရိပ်တစ်ခု ဖြတ်ခနဲ လက်သွားသည်ကို မြင်လိုက်ရ၏။ ကြီးမားသော တောင်ပံကြီးများကို ပိုင်ဆိုင်ထားသည့် အဖြူရောင် ခြင်္သေ့ကြီး တစ်ကောင်က ပြင်းထန်စွာ ခုန်ဆင်းလာသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ဟုန်ရှောင်ပေါင်၏ အရှေ့သို့ ကျဆင်းလာခဲ့၏။
အဖြူရောင် ခြင်္သေ့ကြီး၏ အပေါ်မှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြည်းညင်းစွာ ဆင်းသက်လာသည်။ အသက်အရွယ်အားဖြင့် ငါးဆယ်ဝန်းကျင်ခန့် ရှိပေမည်။ လက်ထဲတွင် ငန်းမွှေးယပ်တောင်ကို ကိုင်ဆောင်ထားပြီး ဦးခေါင်းပေါ်တွင် နှစ်ပေခန့်ရှိသော အစိမ်းရောင် ခေါင်းပေါင်းကို ပေါင်းထား၏။ မေးစေ့အောက်တွင် မုတ်ဆိတ်မွှေး သုံးစု ရှိနေပြီး၊ နတ်ဘုရားတစ်ပါးကဲ့သို့သော သွင်ပြင်လက္ခဏာ ရှိသည်။ သူကတော့ အခြားသူမဟုတ်ဘဲ ယွင်ချိုင်ရှောင်၏ ဖခင် ... ယွင်ရှန့်ရွှမ်ပင် ဖြစ်ချေသည်။
ယွင်ရှန့်ရွှမ် ဤနေရာသို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ထိုနေရာတွင် ရှိနေသူများ အားလုံးက တစ်ပြိုင်တည်း အော်ဟစ်လိုက်ကြ၏။
"တပည့် ဖုန်းလင်းလုံက သိုင်းဦးစီးချုပ် ယွင်ကို ဂါရဝပြုပါတယ်။"
"တပည့် ကျန်းမုန်ယွင်က သိုင်းဦးစီးချုပ် ယွင်ကို ဂါရဝပြုပါတယ်။"
လူတစ်စုလုံး အင်မတန် အံ့အားသင့် တုန်လှုပ်သွားကြ၏။ ယွင်ချိုင်ရှောင် ရုတ်တရက် အဆင့်တက်သွားခြင်းက ယွင်ရှန့်ရွှမ်ကိုပင် ဆွဲဆောင်နိုင်လိမ့်မည်ဟု မည်သူကမျှ မထင်ထားခဲ့ကြချေ။
ယွင်ရှန့်ရွှမ်သည် လေယင်နန်းဆောင်၏ အဓိက သိုင်းဦးစီးချုပ်ကြီး ဖြစ်ကြောင်း သိထားရမည်ပင်။
သို့သော်ငြား ဤသည်က အမှန်တကယ်တော့ ဘာမှ မဟုတ်သေးချေ။ အဓိက အရေးကြီးဆုံးအချက်က ဟုန်ရှောင်ပေါင် ဖြစ်သည်။ ဤကောင်လေး အော်ခေါ်လိုက်သည့် စကားမှာ "ဦးလေးယွင် ...။" ဟူ၍ပင်။
ဖုန်းလင်းလုံ "..."
ကျန်းမုန်ယွင် "..."
ထိုနေရာတွင် ရှိနေသော အမှန်တရားကို မသိကြသည့် အခြားသော ဘေးရပ်ကြည့် ပရိသတ်များ။ "..."
ဘာအခြေအနေကြီးလဲ။ ဟုန်ရှောင်ပေါင်နဲ့ ယွင်ရှန့်ရွှမ်က တကယ်ကြီး သိနေကြတာလား။
"အင်း ... ရှောင်ပေါင်၊ မင်း ဒုတိယအဆင့်ကိုတောင် ရောက်နေပြီပဲ။ မဆိုးဘူး။"
ယွင်ရှန့်ရွှမ်က ခေါင်းညိတ်လိုက်၏။ ထို့နောက် ဖုန်းလင်းလုံနှင့် အဖွဲ့ကို တည်ငြိမ်စွာ ပြောလိုက်သည်။ "အခုကစပြီး ငါ့သမီးလေးအတွက် ငါကိုယ်တိုင် အစောင့်အကြပ် လုပ်ပေးမယ်။ အားလုံးပဲ ထွက်သွားကြတော့။"
"ဟုတ်ကဲ့။" လူတိုင်းက တစ်ပြိုင်နက် ဖြေကြားလိုက်ကြ၏။