← Chapters

အခန်း ၁၉၂

Vol. 20 Ch. 192

အခန်း ၁၉၂

Vol. 20 Ch. 192

အခန်း (၁၉၂) မိစ္ဆာဝူတိ၊ သေရေးရှင်ရေး အခြေအနေ

ကောင်းကင်ယံ၌ ကောင်းကင်မိစ္ဆာ ဝူတိက လန့်ဖျန့်ကာ ထွက်ပြေးနေကြသော လူအုပ်ကြီးကို ကြည့်ရင်း ကောင်းကင်ဘုံက ပြုလုပ်သော မျက်လှည့်ပွဲတစ်ခုကို ကြည့်နေသည့်အလား လုံးဝ လှုပ်ရှားခြင်းမရှိဘဲ စောင့်ကြည့်နေခဲ့သည်။

“ပြေးကြစမ်း... မင်းတို့ ပိုကြောက်လေလေ၊ ငါ ပိုပြီး ပျော်ရွှင်လေလေပဲ”

သူက လူသားတို့၏ စိုးရိမ်ကြောက်ရွံ့မှုနှင့် ဝိညာဉ်များကို စုပ်ယူကာ သန်မာ လာသော မိစ္ဆာမျိုးနွယ်စုဝင်တစ်ဦး ဖြစ်ရာ လူသားတို့၏ ကြောက်ရွံ့ခြင်းမှာ သူ စုပ်ယူရရှိနိုင်သော အကောင်းဆုံး အာဟာရတစ်ခု ဖြစ်ပေသည်။

ထို့ကြောင့် သူက ဤကဲ့သို့သော မြင်ကွင်းကို ကြည့်ကာ အလွန်တရာ ဝမ်းမြောက်နေခဲ့သည်။

သူက စိတ်လှုပ်ရှားမှုကို ခံစားနေရပြီး ထိန်းချုပ်၍မရသော သတ်ဖြတ်လိုသည့် အငွေ့အသက်များက တောင်ကြားတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့တော့သည်။

ထွက်ပြေးနေကြသော လူများမှာ ခေါင်းပြတ်နေသော ယင်ကောင်များပမာ တောင်ကြားအတွင်း ဟိုဟိုဒီဒီ ပြေးလွှားနေကြသော်လည်း မည်သို့ပင်ဖြစ်စေ အပြင်သို့ လွတ်မြောက်နိုင်ခြင်း မရှိကြပေ။

တောင်ကြားတစ်ခုလုံးကို ကောင်းကင်မိစ္ဆာ ဝူတိက ပုံရိပ်ယောင် အစီအရင်ဖြင့် ပိတ်ဆို့ထားခဲ့ခြင်း ဖြစ်ရာ ထိုလူများမှာမူ ၎င်းကို မသိရှိကြသေးပေ။

သို့သော်လည်း ကုန်သည်အဖွဲ့အတွင်းရှိ လူတစ်စုမှာမူ အလွန်တရာ တည်ငြိမ်စွာဖြင့် မတ်တတ်ရပ်နေကြပြီး ကောင်းကင်ယံရှိ ကောင်းကင်မိစ္ဆာ ဝူတိ၏ ပုံရိပ်ကို သတိကြီးစွာဖြင့် စိုက်ကြည့်နေကြသည်။

ထိုလူစုမှာ ရှုချွမ်း ယခင်ကတည်းက ရိပ်မိထားခဲ့သော ကျင့်ကြံခြင်းကို ဖုံးကွယ်ထားကြသည့် အစောင့်များ ဖြစ်ကြသည်။

သူတို့က ယခုအခါ စက်ဝိုင်းပုံစံဖြင့် ဝိုင်းရံထားကြပြီး အလယ်ရှိ ရထားလုံးတစ်စီးကို အနီးကပ် ကာကွယ် စောင့်ရှောက်ထားကြသည်။

၎င်းက ရှုချွမ်းအား ထိုရထားလုံးအတွင်းရှိ လူက မည်သူဖြစ်ကြောင်း စူးစမ်းလိုစိတ်ကို ဖြစ်ပေါ်စေခဲ့သည်။

သိုင်းပညာရှင်များစွာက သူတို့၏ ကျင့်ကြံခြင်းနှင့် သရုပ်မှန်ကို ဖုံးကွယ်ကာ တစ်လမ်းလုံး ကာကွယ်လိုက်ပါလာရလောက်အောင် ထိုသူက မည်မျှအထိ အရေးပါသနည်း။

ရှုချွမ်း တွေးနေစဉ် ကောင်းကင်ယံရှိ ကောင်းကင်မိစ္ဆာ ဝူတိက နောက်ဆုံး၌ သူ၏ အစစ်အမှန်ပုံသဏ္ဌာန်ကို ထုတ်ဖော်ပြသလိုက်တော့သည်။

ပတ်ဝန်းကျင်၌ ကြောက်ရွံ့မှု များ လုံလောက်စွာ ထွက်ပေါ်လာပြီဖြစ်ရာ ၎င်းတို့ကို စုပ်ယူရန်အတွက် သူ၏ အစစ်အမှန်ပုံသဏ္ဌာန်ကို ထုတ်ဖော်ရန် လိုအပ်လာခြင်း ဖြစ်ပေလိမ့်မည်။

“ဘယ်လောက်တောင် ကောင်းလိုက်တဲ့ စိတ်စွမ်းအားတွေလဲ... ငါ ဒါမျိုးကို မစုပ်ယူရတာ နှစ်ပေါင်းဘယ်လောက်တောင် ရှိသွားပြီလဲ မသိဘူး”

သူ၏ အစစ်အမှန်ပုံသဏ္ဌာန် ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ပါးစပ်ကို ဖွင့်ကာ စုစည်းနေသော စိတ်ခံစားမှု စွမ်းအားအားလုံးကို တစ်ကျိုက်တည်း မြိုချ လိုက်ပြီးနောက် အလွန်တရာ ကျေနပ် သွားသော မျက်နှာပေးကို ပေါ်လာ တော့သည်။

ဤအခွင့်အရေးကို အသုံးချကာ ရှုချွမ်း၏ မျက်ဝန်းများ လှုပ်ရှားသွားခဲ့ပြီး ထိုကောင်းကင်မိစ္ဆာ ဝူတိ၏အချက်အလက်များ ရှုချွမ်း၏ မျက်စိရှေ့၌ ပေါ်လာခဲ့တော့သည်။

【အမည် - ဝူတိ】

【မျိုးနွယ်စု - မိစ္ဆာမျိုးနွယ်စု — ကောင်းကင်မိစ္ဆာ 】

【နယ်ပယ် - ကမ္မနယ်ပယ် အဆင့်၈】

【ပါရမီ - တစ်သက်တွင် တစ်ခါသာ ပေါ်ပေါက်တတ်သော ပါရမီ 】

【ကံကြမ္မာ - ကံဆိုးမှုများ ကျရောက်ခြင်း (အဖြူရောင်)၊ သေရမည့် ကံကြမ္မာ (အဖြူရောင်)၊ ကောင်းကင်နှင့်မြေကြီး က လက်မခံနိုင်ခြင်း (အဖြူရောင်)】

【နတ်ဘုရားစွမ်းရည် - စိတ်ခံစားမှုကို ထိန်းချုပ်ခြင်း၊ ပုံရိပ်ယောင် 】

【ဘဝဇာတ်ညွှန်း - ​ခြေနင်း ကျောက်တုံး ဇာတ်ညွှန်း】

【ဘဝ လမ်းကြောင်း - မိစ္ဆာမျိုးနွယ်စုများ ရွှမ်ထျန်း တိုက်ကြီးကို ကျူးကျော်ဝင်ရောက်ရာတွင် ရှေ့ပြေးတပ်ဖွဲ့အဖြစ် တာဝန်ယူခဲ့ရပြီး မိစ္ဆာမျိုးနွယ်စုအတွက် လမ်းစရှာဖွေပေးရန် ဖြစ်သော်လည်း သူ၏ စားသောက်ချင်စိတ် လောဘကြီးမှုကြောင့် လူသားမျိုးနွယ်စုမှ အစွမ်းထက် ကျွမ်းကျင်သူတစ်ဦး၏ ရှာဖွေတွေ့ရှိခြင်းကို ခံခဲ့ရသည်။ မိစ္ဆာတပ်မကြီးကို အနှောင့်အယှက် မဖြစ်စေရန်အတွက် သူ့အား ချိပ်ပိတ်ထားခြင်း ခံခဲ့ရသည်။ အချိန်ကာလများ ကြာမြင့်လာပြီးနောက် ချိပ်ပိတ်မှု ပျက်စီးသွားခဲ့ပြီး သူသည် အခွင့်ကောင်းယူကာ ထွက်ပြေးလွတ်မြောက်လာခဲ့သည်။ သူသည် ဤကုန်သည်အဖွဲ့နှင့် ဆုံတွေ့ခဲ့ပြီးနောက် နောက်ဆုံး၌ ဟဲချန်၏ ဝိညာဉ်ကို ဝါးမြိုရန် ကြိုးပမ်းစဉ် ဟဲချန်၏ တန်ပြန်တိုက်ခိုက်ခြင်းကို ခံရကာ သေဆုံးသွားခဲ့ရသည်။】

【အခွင့်အလမ်း - မရှိပါ】

...

ဘုရားရေ

အဖြူရောင် ကံကြမ္မာ သုံးခုတောင် ပိုင်ဆိုင်ထားတာပဲ၊ မင်း မသေရင် ဘယ်သူ သေပါ့မလဲ။

သာမန်လူတစ်ယောက်မျှသာ ဖြစ်တဲ့ ဟဲချန်က သူ့ကို ဘာကြောင့် ပြန်လည်တိုက်ခိုက် ဝါးမြိုနိုင်ခဲ့သလဲဆိုတာ အံ့ဩစရာ မရှိတော့ပေ။

၎င်းမှာ ဟဲချန်၏ ကံကြမ္မာက အထူးခြားဆုံး ဖြစ်နေရုံတင်မကဘဲ ဤကောင်းကင်မိစ္ဆာ ဝူတိ၏ ကံကြမ္မာက ပိုမိုဆိုးဝါးလှသောကြောင့် ဖြစ်ပေသည်။

ရှုချွမ်းက ဘေးနားရှိ သူငယ်ချင်းဖြစ်သူကို လှည့်ကြည့်လိုက်ရာ ဤအခိုက်အတန့်တွင် ဟဲချန်မှာ လွန်စွာ တုန်လှုပ်ခြောက်ခြားနေခဲ့ပြီး ကြောက်ရွံ့မှုထဲမှ ရုန်းမထွက်နိုင်သေးပေ။

သို့သော်လည်း ဤကဲ့သို့သောသူကသာ နောက်ဆုံး၌ ကောင်းကင်မိစ္ဆာ ဝူတိကို ပြန်လည်တိုက်ခိုက်ကာ သူ၏ အစွမ်းများကို ဝါးမြိုပြီး လူသားမျိုးနွယ်စု၏ လျှို့ဝှက်သူလျှိုတစ်ဦး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ဝူတိက စိတ်စွမ်းအားအားလုံးကို ဝါးမြိုပြီးနောက် မြေပြင်ပေါ်ရှိ လူသားများကို စတင်၍ စားသောက်ရန် ပြင်ဆင်လိုက်တော့သည်။

ဝှစ်...

သူက လူအုပ်ကြီးအတွင်းသို့ တိုက်ရိုက် ခုန်ဆင်းသွားခဲ့ပြီး လူတစ်ယောက်ကို ဖမ်းဆုပ်ကာ စတင်၍ ဝါးမြိုတော့သည်။

လျင်မြန်လှသော လှုပ်ရှားမှုအနည်းငယ်အတွင်းမှာပင် သွေးသားရှိသော လူသားတစ်ယောက်မှာ သူ၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး ၎င်း၏ အဝတ်အစားများသာ လေထဲတွင် လွင့်ပျံကျန်ရစ်ခဲ့တော့သည်။

“လူသားတွေရဲ့ အရသာက တကယ့်ကို အရသာရှိပြီး ဆွဲဆောင်မှု ရှိလွန်းတယ်” လူတစ်ယောက်ကို ဝါးမြိုပြီးနောက် ဝူတိ၏ မျက်နှာထက်တွင် ကျေနပ် နေသော အရိပ်အယောင်များ ပိုမိုသိသာလာခဲ့သည်။

ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်လှသော မြင်ကွင်းကြောင့် လူအုပ်ကြီးမှာ ပိုမို၍ ကြောက်ရွံလာကြပြီ နေရာမှု ရှုပ်ထွေးမှုများဖြစ်လာကြတော့သည်။

အမျိုးမျိုးသော အော်ဟစ်သံများ၊ ငိုယိုသံများနှင့် ကျိန်ဆဲသံများမှာ အဆက်မပြတ် ထွက်ပေါ်လာခဲ့၏။

“သခင်မလေးကို ကာကွယ်ကြ”

ဤမြင်ကွင်းကို မြင်လျှင် အစောင့်များ၏ မျက်နှာထားမှာ ပိုမိုတည်ကြည်သွားခဲ့သည်။

သူတို့က ဤကောင်းကင်မိစ္ဆာ ဝူတိမှာ အလွန်တရာ သန်မာ ကြောင်း ခံစားမိလိုက်ကြသည်။

“သွားကြ... သူ့ကို သတ်”

ကျယ်လောင်လှသော အော်ဟစ်သံနှင့်အတူ အစောင့်အားလုံးက သူတို့၏ စစ်မှန်သော ကျင့်ကြံခြင်းကို မဖုံးကွယ်တော့ဘဲ အပြည့်အဝ ထုတ်ဖော်လိုက်ကြတော့သည်။

ချက်ချင်းပင် တောင်ကြားတစ်ခုလုံးမှာ သိုင်းပညာရှင်များ၏ ချီ များဖြင့် လွှမ်းခြုံသွားခဲ့ပြီး အနက်ရောင်မြူခိုးများမှာ အတန်ငယ် ကင်းစင်သွားခဲ့ရသည်။

ဤသိုင်းပညာရှင် အစောင့်များမှာ စုစုပေါင်း အယောက် နှစ်ဆယ်၊ သုံးဆယ်ခန့် ရှိကြပြီး ခေါင်းဆောင်ဖြစ်သူမှာ ကမ္မနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက် ရန် ခြေတစ်လှမ်းသာ လိုတော့သည့် အဆင့် ဖြစ်သည်။

ဤကဲ့သို့သော လူအင်အားဖြင့်ဆိုပါက သာမန် ကမ္မနယ်ပယ် အဆင့်၁ သို့မဟုတ် အဆင့် ၂ ကျင့်ကြံသူများပင်လျှင် သူတို့၏ လက်ထဲ၌ ကျရှုံးသွားနိုင်ပေသည်။

သို့သော်လည်း သူတို့ ရင်ဆိုင်နေရသည်မှာ ကမ္မနယ်ပယ် အဆင့်၆ နှင့် ညီမျှသော မိစ္ဆာမျိုးနွယ်စုဝင် တစ်ဦး ဖြစ်ပေသည်။

သူတို့အတွက် မည်သည့် အနိုင်ရနိုင်ခြေမျှ မရှိပေ

သို့သော် တောင်ကြားအတွင်းရှိ အခြားသော လူများမှာမူ ဤအခြေအနေကို မသိရှိကြပေ။

ထိုအစောင့်များ သူတို့၏ ကျင့်ကြံခြင်းကို ထုတ်ဖော်လိုက်သည့် အခိုက်အတန့်တွင် ထွက်ပြေးနေကြသော လူများအားလုံး၏ မျက်နှာထက်၌ ဘေးအန္တရာယ်မှ လွတ်မြောက်ရတော့မည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့ကြသည်။

အချို့ကပင် စတင်၍ အော်ဟစ်လိုက်ကြ၏။

“ငါတို့ လွတ်ပြီ”

“ လေးစားအပ်တဲ့ သိုင်းပညာရှင်ကြီး၊ဒီမိစ္ဆာကောင်ကို အမြန်ဆုံး သတ်ပေးပါ”

“ဟုတ်တယ်... ဒီမိစ္ဆာကောင်က အရမ်းရက်စက်လွန်းတယ်၊ သူ့ကို အမြန်ဆုံး ရှင်းပစ်ပါ”

ရှုချွမ်း၏ ဘေးနားတွင် ရှိနေသော ဟဲချန်ပင်လျှင် ဘေးအန္တရာယ်မှ ကင်းလွတ်တော့မည့် အရိပ်အယောင်ကို ပြသလိုက်မိသည်။

ယခင်က သူက ရှုချွမ်းကို ဆွဲခေါ်ကာ ထွက်ပြေးရန် ကြိုးပမ်းခဲ့သော်လည်း လူများမှာ ဟိုပြေးဒီပြေး လုပ်နေကြသော်လည်း အပြင်သို့ မထွက်နိုင်သည်ကို မြင်ရပြီးနောက် သူက လက်လျှော့ကာ ရှုချွမ်း၏ ဘေးတွင် ထိုင်လျက် သေမည့်နေ့ကိုသာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ယခုအခါ သိုင်းပညာရှင်များစွာ ပေါ်ထွက်လာခြင်းက သူ့အား အသက်ရှင်သန်နိုင်မည့် မျှော်လင့်ချက်ကို တစ်ဖန် ပြန်လည်ပေးအပ်လိုက်ခြင်း ဖြစ်သည်။

သို့သော် ထိုလူများ၏ ပျော်ရွှင်မှုနှင့် ဆန့်ကျင်ဘက်ဖြစ်စွာပင် သိုင်းပညာရှင် အစောင့်များမှာမူ အလွန်တရာ တည်ကြည်နေကြပြီး စိုးစဉ်းမျှပင် မပေါ့ဆရဲကြပေ။

“သတ်”

ခေါင်းဆောင် သိုင်းပညာရှင်၏ အမိန့်ပေးသံနှင့်အတူ သိုင်းပညာရှင် အားလုံးက သူတို့၏ အစွမ်းထက်ဆုံးသော ကွက်များကို အသုံးပြုကာ ကောင်းကင်မိစ္ဆာ ဝူတိကို တိုက်ခိုက်လိုက်ကြတော့သည်။

အပိုအမိန့် များ ပေးရန် မလိုအပ်ဘဲ သူတို့၏ လှုပ်ရှားမှုများမှာ ညီညာလှပြီး ကောင်းကင်မိစ္ဆာ ဝူတိထံသို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။

“ဘုန်း... ဘုန်း... ဘုန်း”

ပြင်းထန်လှသော အသံများနှင့်အတူ သူတို့၏ တိုက်ခိုက်မှုများက ဝူတိ၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

သို့သော်လည်း ထိုတိုက်ခိုက်မှုများ ကျရောက်သွားသည့် အခိုက်အတန့်တွင် ဝူတိက အနက်ရောင်မြူခိုးများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ထိုတိုက်ခိုက်မှုများကို လွယ်လွယ်ကူကူ ရှောင်တိမ်းသွားခဲ့သည်။

တိုက်ခိုက်မှုများ၏ စွမ်းအားများ ငြိမ်သက်သွားသောအခါ ဝူတိ၏ ပုံရိပ်က လေထုထဲ၌ ပြန်လည်စုစည်းကာ ပေါ်ထွက်လာခဲ့၏။

“ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်... ဒီသာမန်လူတွေကြားထဲမှာ အဆင့်မြင့် သိုင်းပညာရှင်တွေ ဒီလောက်တောင် ပါလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ ဒါက တကယ့်ကို အဖိုးတန်တဲ့ လက်ဆောင်ပဲ”

“မင်းတို့အားလုံးကို ဝါးမြိုပြီးရင် ငါ့ရဲ့ အစွမ်းတွေက သေချာပေါက် အထွတ်အထိပ်ကို ပြန်ရောက်သွားတော့မှာ”

ဝူတိ၏ သွေးချင်းချင်းနီနေသော မျက်ဝန်းများဖြင့် ထိုအစောင့်များကို ဝေ့ဝဲကြည့်လိုက်ရင်း ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။

သိုင်းပညာရှင်များ၏ အသွေးအသားနှင့် ဝိညာဉ်များမှာ သူ့အတွက် အကောင်းဆုံးသော အာဟာရများ ဖြစ်ကြပေသည်။

သူက နှစ်ပေါင်းများစွာ ချိပ်ပိတ်ခံထားရပြီး ပြန်လည်ကုသရန်အတွက် သိုင်းပညာရှင်များကို အလွန်တရာ လိုအပ်နေခြင်း ဖြစ်သည်။

သူ အနှစ်သက်ဆုံးမှာ လူသားသိုင်းပညာရှင်များ၏ အသွေးအသားနှင့် ဝိညာဉ်များ ဖြစ်ပြီး ထိုသို့ လောဘကြီးခဲ့မှုကြောင့်သာ ယခင်က ကျွမ်းကျင်သူတစ်ဦး၏ ရှာဖွေတွေ့ရှိခြင်းကို ခံခဲ့ရကာ ချိပ်ပိတ်ခံခဲ့ရခြင်း ဖြစ်ပေသည်။

တိုက်ခိုက်မှု မအောင်မြင်ခဲ့သဖြင့် သိုင်းပညာရှင်များစွာ စိုးရိမ်စိတ်များ ဝင်လာခဲ့ကြသည်။

သူတို့က ဤမိစ္ဆာမျိုးနွယ်စုဝင်၏ ခွန်အားကို လျှော့တွက်မိခဲ့ကြချေပြီ။ ၎င်းက သူတို့ ထင်မှတ်ထားသကဲ့သို့ မဟုတ်ပေ။

သို့သော်လည်း နောက်ထပ် မြင်တွေ့လိုက်ရသော မြင်ကွင်းက သူတို့၏ နှလုံးသားကို လုံးဝ အေးစက်သွားစေခဲ့တော့သည်။

ကောင်းကင်မိစ္ဆာ ဝူတိက အနက်ရောင်မြူခိုးများအဖြစ်သို့ တစ်ဖန် ပြောင်းလဲသွားခဲ့ပြီး လျှပ်စီးကဲ့သို့သော အမြန် နှုန်းဖြင့် အစောင့်တပ်ဖွဲ့အတွင်းသို့ ဖြတ်သန်းသွားခဲ့သည်။

ချက်ချင်းပင် ကျင့်ကြံခြင်းအဆင့် အတန်ငယ် နိမ့်ပါးသော သိုင်းပညာရှင် ဆယ်ယောက်ခန့်မှာ တစ်ပြိုင်နက်တည်း ဝါးမြိုခြင်း ခံလိုက်ရတော့သည်။

ခေတ္တမျှအတွင်း အော်ဟစ်ညည်းတွားသံများမှာ တစ်ခုပြီးတစ်ခု ဆက်တိုက် ထွက်ပေါ်လာခဲ့ရသည်။

“မိစ္ဆာကောင်... မင်း တော်တော်ရဲတင်းတာပဲ၊ ဒီနေ့က မင်းသေရမယ့်နေ့ပဲ”

သူ့ လူများ ဝါးမြိုခံလိုက်ရသည်ကို မြင်လျှင် ခေါင်းဆောင်ဖြစ်သူ သိုင်းပညာရှင်မှာ ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် သူ၏ သိုလှောင်လက်စွပ်ထဲမှ အဆောင်စာရွက် တစ်ခုကို ထုတ်ယူကာ အသက်သွင်းရန် ပြင်ဆင်လိုက်တော့သည်။

ဤအဆောင်မှာ သူတို့၏ နောက်ဆုံး ဝှက်ဖဲဖြစ်ပြီး ကမ္မနယ်ပယ် အဆင့် ၉ သိုင်းပညာရှင်တစ်ဦးပင်လျှင် ၎င်း၏ အရှေ့၌ အလွယ်တကူ ကာကွယ် လိမ့်မည် မဟုတ်ပေ။

လက်ရှိ အခြေအနေအရ သူတို့တွင် ဤအရာကို ထုတ်သုံးရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

“ သေစမ်း”

အဆောင်စာရွက် ကို အသက်သွင်းလိုက်ရာ ချက်ချင်းပင် တောက်ပလှသော ရွှေရောင်အလင်းတန်းများ ပွင့်ထွက်လာခဲ့ပြီး တောင်ကြားအတွင်းရှိ အနက်ရောင်မြူခိုးများကို ဖယ်ရှားပစ်လိုက်သည်။

၎င်းနောက် ကောင်းကင်ယံထက်တွင် ထိတ်လန့်ဖွယ် စွမ်းအားများ ကိန်းအောင်းနေသော ရွှေရောင်မြှား ဒါဇင်ပေါင်းများစွာ ပေါ်ထွက်လာခဲ့၏။

ထိုမြှားများ၏ ပစ်မှတ်မှာ ကောင်းကင်မိစ္ဆာ ဝူတိ ဖြစ်ပေသည်။

All Chapters