အခန်း ၁၉၃
Vol. 20 Ch. 193
အခန်း (၁၉၃) မျှော်လင့်ချက်မဲ့ဖွယ် အခြေအနေ
ဤကဲ့သို့သော တိုက်ခိုက်မှုကို မြင်တွေ့ရလျှင် လူတိုင်း၏ မျက်နှာထက်တွင် မျှော်လင့်ချက်များ ပြည့်နှက်သွားပြီး ဤတိုက်ခိုက်မှုက ကောင်းကင်မိစ္ဆာ ဝူတိကို သေချာပေါက် သတ်ဖြတ်နိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။
သို့သော်လည်း မျှော်လင့်ချက် ကြီးမားလေလေ စိတ်ပျက်မှု သာ၍ ကြီးမားလေလေ ဖြစ်ပေသည်။
ဤတိုက်ခိုက်မှုက အလွန်တရာ အစွမ်းထက်ပုံရသော်လည်း ကောင်းကင်မိစ္ဆာ ဝူတိ၏ ကိုယ်ပေါ်သို့ အမှန်တကယ် ကျရောက်သွားချိန်တွင်မှ သူတို့၏ အတွေးများမှာ မည်မျှအထိ နုနယ်လှကြောင်း သိရှိသွားကြရတော့သည်။
“ဘုန်း”
ဆက်တိုက်ဆိုသလို ကျယ်လောင်လှသော မြည်ဟည်းသံများနှင့်အတူ မြှားများ ပေါက်ကွဲထွက်ပေါ်လာသော စွမ်းအားလှိုင်းကြီးက တောင်ကြားအတွင်းရှိ လူအားလုံးကို လွင့်ထွက်သွားစေခဲ့သည်။
မြေပြင်ကြီးမှာလည်း ထွန်ယက်ထားသည့်အလား မြေကြီးများ နေရာအနှံ့ လွင့်ပျံသွားခဲ့ရ၏။
လူတိုင်းက ကောင်းကင်မိစ္ဆာ ဝူတိက ဤပေါက်ကွဲမှုအတွင်း သေဆုံးသွားလောက်ပြီဟု ထင်မှတ်နေကြသည့် အချိန်၌ပင် ထွက်ပေါ်လာသော ခပ်တိုးတိုး စကားသံတစ်ခုကြောင့် လူတိုင်း၏ နှလုံးသားမှာ လည်ပင်းဝအထိ ဆောင့်တက်လာခဲ့ရတော့သည်။
“ဟမ့်... တကယ်ပဲ နည်းနည်းတော့ နာသားပဲ”
“မင်းတို့လို ပုရွက်ဆိတ်တွေက တကယ်ပဲ သေဖို့ ထိုက်တန်တယ်”
ဖုန်မှုန့်များ လွင့်ပြယ်သွားသောအခါ ပေါက်ကွဲမှု၏ ဗဟိုချက်တည့်တည့်မှနေ၍ ကောင်းကင်မိစ္ဆာ ဝူတိကဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။
ယခုအခါ သူက ယခင်ကကဲ့သို့ တည်ငြိမ်ပြီး ထောင်လွှားနေခြင်း မရှိတော့ပေ။
သူ၏ မိစ္ဆာခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာ ဖုံးလွှမ်းနေခဲ့ပြီး ကြည့်ရဆိုးလှသော ဒဏ်ရာကြီးများက သူ ခံစားလိုက်ရသည့် ထိခိုက်မှုကို သက်သေပြနေခဲ့သည်။
ဤတိုက်ခိုက်မှုက သူ့အား တကယ်ပဲ ပြင်းထန်သော ဒဏ်ရာများကို ရရှိစေခဲ့သော်လည်း ဤမျှလောက်နှင့်တင် ပြီးဆုံးသွားခြင်း ဖြစ်သည်။
သူက သူ၏ အထွတ်အထိပ်အချိန်က ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အဆင့်၁တွင် ရှိခဲ့ဖူးသူဖြစ်ရာ သူ၏ မိစ္ဆာခန္ဓာကိုယ်ခွန်အားဖြင့် ဤတိုက်ခိုက်မှုကို တောင့်ခံနိုင်ခဲ့ဆဲ ဖြစ်ပေသည်။
ကမ္မနယ်ပယ် အဆင့်၉နှင့် ညီမျှသော တိုက်ခိုက်မှုကြီးကိုပင် ဖြစ်၏။
သူက လေထုထဲတွင် ပျံ့လွင့်နေသော စိတ်ခံစားမှု စွမ်းအားများကို ဖြည်းဖြည်းချင်း စုပ်ယူလိုက်ပြီးနောက် လူသားအချို့ကို လှမ်း၍ ဖမ်းဆုပ်ကာ ဝါးမြိုပစ်လိုက်ပြန်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများထက်၌ အသားနုများ ပြန်လည်ထွက်ပေါ်လာခဲ့ပြီး မျက်စိဖြင့် မြင်တွေ့နိုင်သော အမြန် နှုန်းဖြင့် ပြန်လည်ကောင်းမွန်လာခဲ့တော့သည်။
သူ၏ ခွန်အားအပြည့်အဝ ပြန်လည်ရရှိရန်အတွက် အချိန်အများကြီး လိုအပ်တော့မည် မဟုတ်ပေ။
“မင်းတို့က ငါ့ကို ဒေါသထွက်အောင် လုပ်နိုင်ခဲ့ကြတယ်”
“ကြောက်ရွံ့မှုတွေနဲ့အတူ သေမင်းရဲ့ ဆင်းသက်လာမှုကို စောင့်ဆိုင်းနေကြစမ်း”
ဝူတိ၏ လေသံမှာ ခပ်အုပ်အုပ် ဖြစ်နေခဲ့ပြီး သူ၏ မျက်ဝန်းထဲမှ သွေးရောင်မှာ ပို၍ပင် နီရဲ လာခဲ့သည်။
ပြင်းထန်လှသော သတ်ဖြတ်လိုသည့် အငွေ့အသက်များက သူ၏ထံမှ ဖြာထွက်လာခဲ့ရာ ရောက်ရှိနေသော လူတိုင်းကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့တော့သည်။
သူက သာမန် ပုရွက်ဆိတ်တစ်ကောင်၏ လက်ချက်ဖြင့် ဒဏ်ရာရရှိလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိပေ။
ဤသည်က သူ၏ မိစ္ဆာဘဝသက်တမ်းအတွက် အလွန်တရာ အရှက်ရစရာ ကိစ္စ ဖြစ်ပေသည်
ခွင့်လွှတ်နိုင်စရာ မရှိပေ ။
တစ်ဖက်တွင်မူ ခေါင်းဆောင်အစောင့်က ကောင်းကင်မိစ္ဆာ ဝူတိက သူ၏ အစွမ်းထက်ဆုံးသော အကွက်ကို တောင့်ခံနိုင်ခဲ့သည်ကို မြင်ရလျှင် လုံးဝ မယုံကြည်နိုင် ဖြစ်နေခဲ့ရသည်။
“မဖြစ်နိုင်တာ... မင်း ဘယ်လိုလုပ် အသက်ရှင်နိုင်တာလဲ”
“ပြီးပြီ... အားလုံး ပြီးသွားပြီ”
သူတို့၏ ဝှက်ဖဲအားလုံးကို ထုတ်သုံးခဲ့ပါလျက်နှင့် ကောင်းကင်မိစ္ဆာ ဝူတိက အသက်ရှင်နေဆဲ ဖြစ်သည်။
ယခုမူ သူတို့ သေရမည့် အလှည့် ရောက်ရှိလာခဲ့ချေပြီ။
အခြားသော မည်သူမျှ ဤမိစ္ဆာမျိုးနွယ်စုဝင်ကို တားဆီးနိုင်စွမ်း မရှိတော့ပေ ။
“သခင်မလေးကို ခေါ်ပြီး အမြန်ပြေးကြတော့”
“ငါ နောက်ကနေ ခုခံ ထားပေးမယ်”
ခေါင်းဆောင်အစောင့်က အလွန်တရာ မကျေမနပ် ဖြစ်နေခဲ့သော်လည်း သူ၏ တာဝန်ကိုမူ မေ့လျော့မထားခဲ့ပေ။
ဤစိုးရိမ်ရသော အခိုက်အတန့်တွင် သူက သူ့ လက်အောက်ငယ်သားများကို ရထားလုံးအတွင်းရှိ လူကို ခေါ်ဆောင်ကာ ဦးစွာ ထွက်ပြေးရန် အမိန့်ပေးလိုက်ပြီး သူကိုယ်တိုင်ကမူ သူတို့ ထွက်ပြေးနိုင်ရန်အတွက် အနောက်မှ တောင့်ခံထားပေးရန် ဆုံးဖြတ်လိုက်တော့သည်။
ဤလုပ်ရပ်မှာ သေတွင်းသို့ သက်ဆင်းခြင်းနှင့် တူညီကြောင်း သိရှိထားသော်လည်း သူ၏ ဆုံးဖြတ်ချက်မှာ ပြတ်သားလှပေသည်။
ဤအော်ဟစ်သံကို ကြားလျှင် ကျန်ရှိနေသော အစောင့်များမှာ ချက်ချင်းပင် သိသွားကြတော့သည်။
ဤမိစ္ဆာမျိုးနွယ်စုဝင်က တကယ်ပဲ သန်မာ လွန်းလှရာ သူတို့၏ အသန်မာဆုံးသော အဖွဲ့ခေါင်းဆောင်ပင်လျှင် မယှဉ်နိုင်ပေ ။
သို့ဖြစ်၍ သူတို့က လျင်မြန်စွာဖြင့် နတ်လှုပ်ရှားမှု အဆောင်များကို ထုတ်ယူကာ ရထားလုံးနှင့် သူတို့ကိုယ်ပေါ်တွင် ကပ်လိုက်ကြပြီး ချက်ချင်းပင် စတင်ထွက်ပြေးကြတော့သည်။
ယခင် ပေါက်ကွဲမှုကြီးကြောင့် ကောင်းကင်မိစ္ဆာ ဝူတိ တည်ဆောက်ထားသော ပုံရိပ်ယောင် အစီအရင်မှာ ပျက်စီးသွားခဲ့ပြီဖြစ်ရာ လူတိုင်းအတွက် ထွက်ပြေးမည့် လမ်းကြောင်းတစ်ခု ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
“သွားပြီ... သွားပြီ ကျွန်တော်တို့လည်း မြန်မြန် ပြေးကြရအောင်” ဟဲချန်၏ မျက်နှာမှာ ဖြူလျော်နေခဲ့သည်။
စောစောတင် မျှော်လင့်ချက်ကို မြင်တွေ့ခဲ့ရသော်လည်း မျက်တောင်တစ်ခတ်အတွင်း မျှော်လင့်ချက်မဲ့ဖွယ် အခြေအနေသို့ တစ်ဖန် ရောက်ရှိသွားခဲ့ရပြန်သည်။
မည်သူမဆို ဤကဲ့သို့သော ရိုက်ခတ်မှုကို လက်ခံရန် ခက်ခဲလှပေသည်
ယခုအခါ ထိုအစောင့်များပင်လျှင် အသက်လု၍ ထွက်ပြေးနေကြပြီဖြစ်ရာ အခုမှ မပြေးလျှင် တကယ်ပဲ အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။
ကုန်သည်အဖွဲ့ရှိ အခြားသော လူများကလည်း ဤအချက်ကို ကောင်းစွာ သဘောပေါက်ကြသဖြင့် အသီးသီး အသက်လုကာ ထွက်ပြေးကြတော့သည်။
“စိတ်မပူပါနဲ့ဦး... နောက်ထပ် ခဏလောက် ထပ်စောင့်ကြည့်ပါဦး၊ ဒီထဲမှာ လှည့်ကွက်တစ်ခု ရှိသေးတယ်”
ရှုချွမ်းကမူ ရထားလုံးအတွင်း၌ တည်ငြိမ်စွာ ဆက်လက်ထိုင်နေခဲ့ပြီး မည်သည့် ထိတ်လန့်မှုကိုမျှ ပြသခြင်း မရှိပေ။
ထွက်ပြေးမယ် ဘယ်ကို ပြေးမှာလဲ။ သူတို့ လွတ်အောင် ပြေးနိုင်ပါ့မလား။
ဟဲချန်၏ ဇာတ်ညွှန်းအရဆိုလျှင် ဤကုန်သည်အဖွဲ့ရှိ လူအားလုံးမှာ ကောင်းကင်မိစ္ဆာ ဝူတိ၏ ဝါးမြိုခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။
သို့ဖြစ်ရာ ဤမိစ္ဆာကောင်တွင် ထိုလူများ ထွက်ပြေးခြင်းမှ တားဆီးရန်အတွက် နောက်ထပ် လျှို့ဝှက်အစီအစဉ်တစ်ခု သေချာပေါက် ရှိနေဦးမည် ဖြစ်သည်။
အမှန်ပင်။
ဟဲချန် ပြန်လည်၍ မပြောနိုင်မီမှာပင် တောင်ကြားတစ်ခုလုံး၌ အော်ဟစ်ညည်းတွားသံများ ချက်ချင်း ဆူညံသွားခဲ့တော့သည်။
“အား...”
“ဒီနေရာမှာ ထောင်ချောက် ရှိနေတယ်”
“နာတယ်... အား... နာလိုက်တာ”
တောင်ကြား၏ အဝင်ဝတွင် ထိုနေရာနှင့် အနီးဆုံးရှိသော လူများမှာ ဦးစွာ တိုးဝှေ့ဝင်ရောက်သွားခဲ့ကြသည်။
သို့သော်လည်း ထိုအခိုက်အတန့်၌ပင် ထိုလူများက ကြောက်မက်ဖွယ်ရာ အရာတစ်ခုခုနှင့် ကြုံတွေ့လိုက်ရသည့်အလား အော်ဟစ်ညည်းတွားလိုက်ကြပြီးနောက် ၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ သွေးကွက်များအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားခဲ့တော့သည်။
ဝူတိက လက်ကို ဝှေ့ယမ်းလိုက်ရာ ထိုသွေးကွက်များက သူ့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာခဲ့ကြပြီး သူ၏ ဝါးမြိုခြင်းကို ခံလိုက်ကြရကာ သူ၏ ဒဏ်ရာများကို ကုသရန်အတွက် စွမ်းအားများအဖြစ် ပြောင်းလဲသွားခဲ့တော့သည်။
ဤမြင်ကွင်းကို မြင်လျှင် ထွက်ပြေးရန် ပြင်ဆင်နေကြသော အစောင့်တပ်ဖွဲ့မှာ ထိုလူများကဲ့သို့ ကံဆိုးမည့်ဘေးမှ ဝေးဝေးရှောင်ရှားနိုင်ရန်အတွက် မဆင်မခြင် ဆက်လက်လှုပ်ရှားခြင်း မပြုရဲကြတော့ပေ။
“အစ်ကိုရှုချွမ်းက တကယ့်ကို သိတာပဲ” ဟဲချန်က ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။
သူက ဤမိစ္ဆာမျိုးနွယ်စုက လူတိုင်းကို သတ်ဖြတ်ရန်အတွက် ဤမျှလောက်အထိ ကောက်ကျစ်ရက်စက်လိမ့်မည်ဟု ထင်မထားခဲ့မိပေ။
အကယ်၍ ရှုချွမ်းသာ သူ့ကို စောစောက မတားဆီးခဲ့ပါက သူသည်လည်း တောင်ကြားအဝင်ဝဆီသို့ အပြေးအလွှား သွားမိပေလိမ့်မည်။
သို့ဆိုလျှင် သူ၏ ရလဒ်မှာလည်း ထိုလူများနှင့် ထူးခြားလိမ့်မည် မဟုတ်ပေ။
“ငါ မင်းနဲ့ အသေ တိုက်မယ်”
ထွက်ပြေးမည့်လမ်း မရှိတော့သည်ကို မြင်လျှင် ခေါင်းဆောင် သိုင်းပညာရှင်က သွားကို ကြိတ်လိုက်ရင်း ဝူတိနှင့် အသက်ရင်း၍ တိုက်ခိုက်ရန် ပြင်ဆင်လိုက်တော့သည်။
သို့သော်လည်း နိဗ္ဗာနနယ်ပယ် အထွတ်အထိပ် ကျင့်ကြံခြင်းမျှသာ ရှိသော သူက ဤမိစ္ဆာမျိုးနွယ်စုဝင်၏ ပြိုင်ဘက် မည်သို့လျှင် ဖြစ်နိုင်ပါမည်နည်း။
သူ တိုက်ခိုက်မှုပင် မပြုလုပ်ရသေးမီမှာပင် ဝူတီ၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရပြီး ၎င်း၏ လက်ထဲတွင် ကြက်ပေါက်ကလေးတစ်ကောင်ကဲ့သို့ အကိုင်ခံလိုက်ရတော့သည်။
“အရသာရှိမယ့် အစားအစာတစ်ခုက ငါ့ရဲ့ အရှေ့ကို အလိုလို ရောက်လာတာပဲ၊ ဒါဆိုရင်တော့ ငါ ဝမ်းမြောက်စွာနဲ့ လက်ခံလိုက်ပါ့မယ်” ဝူတိက ရယ်မောလိုက်ရင်း သူ၏ လက်ထဲရှိ ခေါင်းဆောင်အစောင့်ကို ဝါးမြိုရန် ပြင်လိုက်သည်။
“သူ့ကို လွှတ်လိုက်စမ်း”
ရုတ်တရက်ဆိုသလို ထိုသိုင်းပညာရှင်များ ကာကွယ်ထားသော ရထားလုံးအတွင်းမှနေ၍ နူးညံ့လှသော အမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
၎င်းနောက်တွင် ရထားလုံးကြီးမှာ ဝုန်းခနဲ ပေါက်ကွဲသွားခဲ့ပြီး ရဲရင့်ပြတ်သားလှသော မိန်းကလေး တစ်ဦးက ကောင်းကင်ယံသို့ ပျံတက်လာခဲ့ကာ သူမ၏ လက်ထဲရှိ လှံရှည်ကြီးကို ရှေ့သို့ ပြင်းထန်စွာ ထိုးနှက်လိုက်ရာ ဝူတိ၏ လက်မောင်းကို တိုက်ရိုက်ပင် ဖောက်ထွက်သွားခဲ့တော့သည်။
ဝူတိက နာကျင်စွာ အော်ဟစ်လိုက်ရပြီး သူ၏ လက်ထဲရှိ အစောင့်ကို ချက်ချင်းပင် လွှတ်လိုက်ရတော့၏။
လှုပ်ရှားလိုက်သော မိန်းကလေး ကို မြင်လျှင် ရှေ့သို့တိုး၍ လူကယ်ရန် ပြင်ဆင်နေခဲ့သော ရှုချွမ်းက ချက်ချင်းပင် ရပ်တန့်လိုက်ပြီး နောက်ထပ် အခြေအနေကို ခေတ္တမျှ ထပ်မံစောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
“သခင်မလေး... ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်မျိုး တာဝန်မကျေပွန်ခဲ့တဲ့အတွက် သခင်မလေး စိတ်ကြိုက် အပြစ်ပေးနိုင်ပါတယ်” မိန်းကလေး၏ ကယ်တင်ခြင်းကို ခံလိုက်ရသော အစောင့်က သူမ၏ အနားသို့ လျင်မြန်စွာ ပြေးသွားခဲ့ပြီး ဒူးတစ်ဖက်ထောက်လျက် တောင်းပန်လိုက်သည်။
“ရပါတယ်... ဒါ နင့်ရဲ့ အပြစ်မဟုတ်ဘူး။ နင်က ဒီမိစ္ဆာမျိုးနွယ်စုရဲ့ ပြိုင်ဘက် မဟုတ်တာ သဘာဝပဲ” မိန်းကလေးက ဝူတိကို တည်ကြည်သော မျက်နှာထားဖြင့် စိုက်ကြည့်လိုက်သည်။
သူမသည်လည်း ဤမိစ္ဆာခေါင်းဆောင်ကြီးကို အနိုင်ယူနိုင်ရန်အတွက် အပြည့်အဝ ယုံကြည်ချက် ရှိမနေပေ။
ယခင်က သူမသည် ရထားလုံးအတွင်း၌ အိပ်ပျော်နေခဲ့သဖြင့် အပြင်တွင် ဖြစ်ပျက်နေသော ကိစ္စများကို သတိမပြုမိခဲ့ပေ။ ကံကောင်းထောက်မစွာဖြင့် စိုးရိမ်ရသော အခိုက်အတန့်တွင် နိုးထလာခဲ့သဖြင့်သာ ဤအစောင့်ကို ကယ်တင်ရန် အချိန်မီ လှုပ်ရှားနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့မဟုတ်ပါက သူက ယခုအချိန်တွင် ဤနေရာ၌တင် အသက်ပျောက်သွားခဲ့ပြီ ဖြစ်သည်။
“နင်တို့အားလုံး နောက်ဆုတ်ကြတော့... သူ့ကို ငါ့ဘာသာ ကိုင်တွယ်မယ်”
မိန်းကလေးက သူမ၏ တိုက်ခိုက်မှု စွမ်းအားများကြောင့် ထိခိုက်မှု မရှိစေရန်အတွက် သူမ၏ အနောက်ရှိ အစောင့်များကို ဝေးဝေးသို့ နောက်ဆုတ်ရန် အချက်ပြလိုက်သည်။
သူမက ဝူတိ၏ ကျင့်ကြံခြင်းနယ်ပယ်ကို ကောင်းစွာ အာရုံခံမိလိုက်ပြီ ဖြစ်သည်။
ကမ္မနယ်ပယ် အဆင့် ၈ရှိသော မိစ္ဆာမျိုးနွယ်စုဝင် ဖြစ်ပြီး သူမကိုယ်တိုင်ကမူ ကမ္မနယ်ပယ် အဆင့် ကျင့်ကြံခြင်းသာ ရှိနေခြင်း ဖြစ်သည်။
ကျင့်ကြံခြင်းနယ်ပယ် အရ ကြည့်မည်ဆိုပါက သူမအတွက် မည်သည့် အနိုင်ရနိုင်ခြေမျှ ရှိပုံမရပေ။
သို့သော်လည်း သူမ၏ မျက်နှာထက်တွင် မည်သည့် ကြောက်ရွံ့မှုကိုမျှ ပြသခြင်း မရှိပေ။
ကြုံတွေ့လိုက်ရပြီဖြစ်၍ သူမအနေဖြင့် မျက်ကွယ်ပြုထားရန် ရည်ရွယ်ချက် လုံးဝ မရှိပေ ။
အကယ်၍ သူမသာ ဤအစောင့်များနှင့် ကုန်သည်အဖွဲ့ဝင်များကို စွန့်လွှတ်လိုက်မည်ဆိုပါက ဝူတိ၏ လက်ထဲမှ လွယ်လွယ်ကူကူ ထွက်ပြေးလွတ်မြောက်နိုင်စွမ်း ရှိပေသည်။
“အို...”
“ကမ္မနယ်ပယ် အဆင့်၃ လူသားမျိုးနွယ်စု မိန်းကလေးတစ်ယောက် ဒီနေရာမှာ ပုန်းနေလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”
“တကယ့်ကို မမျှော်လင့်ထားတဲ့ အံ့ဩစရာပဲ၊မင်းကို ဝါးမြိုပြီးရင် ငါ့ရဲ့ အစွမ်းတွေက သေချာပေါက် အထွတ်အထိပ်ကို ပြန်ရောက်သွားတော့မှာ”
ဝူတိက သူ၏ လက်မောင်းပေါ်ရှိ ဒဏ်ရာကို ဂရုမစိုက်ပေ။ သူ ပို၍ စိတ်ဝင်စားသည်မှာ ရုတ်တရက် ပေါ်ထွက်လာသော ဤမိန်းကလေး ဖြစ်ပေသည်။
ကမ္မနယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ အသွေးအသားနှင့် ဝိညာဉ်ဟူသည်မှာ သူ့အတွက် အနည်းငယ်မျှမက အလွန်တရာ ကြီးမားလှသော အကူအညီကို ပေးစွမ်းနိုင်ပေသည်။
“ဟမ့်... မိစ္ဆာကောင်၊ ဒီနေ့က နင်သေရမယ့်နေ့ပဲ”
မိန်းကလေးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။