အခန်း ၁၉၄
Vol. 20 Ch. 194
အခန်း (၁၉၄) ရှုချွမ်း လှုပ်ရှားခြင်း
“မင်းလို အတွေ့အကြုံမရှိတဲ့ ကြက်ပေါက်စက ငါ့ကို သတ်ချင်တယ် ဟုတ်လား”
“ဒီနေ့တော့ မင်းရဲ့ အသွေးအသားနဲ့ ဝိညာဉ်ကို ငါ့ရဲ့ ခွန်အားတွေ တိုးတက်ဖို့အတွက် အာဟာရပဲ ဖြစ်စေရမယ်”
ထိုအချိန်တွင် ဘေးနားမှ စောင့်ကြည့်နေသော ရှုချွမ်း၏ မျက်စိအရှေ့၌ ထိုသခင်မလေး၏ အချက်အလက်များ ပေါ်ထွက်လာခဲ့တော့သည်။
【အမည် - လန်ဝူရွှမ်း】
【မျိုးနွယ်စု - လူသားမျိုးနွယ်စု】
【နယ်ပယ် - ကမ္မနယ်ပယ် အဆင့်၃】
【ပါရမီ - ပြိုင်ဘက်ကင်းဘုရင် 】
【ကံကြမ္မာ - အသန်မာဆုံး ပြန်လည်မွေးဖွားခြင်း (ရွှေ)၊ နတ်ဘုရားပမာ လှံသိုင်း (ရွှေ)၊ ရေရှည်တည်တံ့သော ကံတရား (ခရမ်း)၊ ဆင်းရဲဒုက္ခကို မမှုခြင်း (အနီ)၊ ပဋိသန္ဓေ၏ လျှို့ဝှက်ချက် (အဖြူ)】
【နတ်ဘုရားစွမ်းရည် - မိုးကြိုးလှံ၊ မီးကိုထိန်းချုပ်၍ လေကိုလှုံ့ဆော်ခြင်း】
【ဘဝဇာတ်ညွှန်း - အသန်မာဆုံး ပြန်လည်မွေးဖွားခြင်း ဇာတ်ညွှန်း】
【ဘဝဖြစ် လမ်းကြောင်း - ဧကရာဇ်အရှင်တစ်ပိုင်းနယ်ပယ် သိုင်းပညာရှင်တစ်ဦးသည် သိုင်းတာအိုကျင့်ကြံခြင်း မှတ်ဉာဏ်များနှင့်အတူ ပြန်လည်မွေးဖွားလာခဲ့ပြီး လင်ရှောင်းဂိုဏ်းချုပ်၏ သမီးအဖြစ် မွေးဖွားကာ အံ့မခန်းလှသော လှံတာအိုပါရမီကို ပိုင်ဆိုင်ထားသည်။ အရွယ်မရောက်မီ အနောက်ဘက်ဒေသရှိ ဝမ်ချန်းတောင်တန်းသို့ သွားရောက်ကာ သူနှင့် ကိုက်ညီသော လက်နက်ကို ရှာဖွေပြီး ယခင်ဘဝက လက်နက်နှင့် ပေါင်းစည်းရန် ပြင်ဆင်နေသည်။ မကြာမီတွင် ပဋိသန္ဓေ၏ လျှို့ဝှက်ချက်ကို ချိုးဖျက်ကာ ယခင်ဘဝက ကျင့်ကြံခြင်းမှတ်ဉာဏ်များကို ပြန်လည်ရရှိပြီး အစွမ်းထက်စွာ တောက်ပ လာတော့မည်။】
【အခွင့်အလမ်း - လတ်တလော မရှိသေးပါ】
【ကံကြမ္မာ 】
အသန်မာဆုံး ပြန်လည်မွေးဖွားခြင်း : ယခင်ဘဝက ကျင့်ကြံခြင်းမှတ်ဉာဏ်များနှင့်အတူ ပြန်လည်မွေးဖွားလာသဖြင့် သိုင်းတာအိုကျင့်ကြံရာတွင် အခြားသူများထက် အဆပေါင်းများစွာ ပိုမိုလွယ်ကူပြီး မည်သည့်လမ်းလွဲမှ သွားစရာမလိုပေ။
နတ်ဘုရားပမာ လှံသိုင်း : လှံတာအို၏ ပါရမီရှင်တစ်ဦးဖြစ်ပြီး လှံအတွက် မွေးဖွားလာသူ ဖြစ်သည်။ လှံအမျိုးအစား လက်နက်များကို အသုံးပြုသည့်အခါ စွမ်းအား နှစ်ဆ တိုးပွားစေပြီး အမျိုးမျိုးသော လှံသိုင်းလျှို့ဝှက်ကျင့်စဉ်များကို လွယ်လွယ်ကူကူ လေ့လာမှတ်သားနိုင်သည်။
ရေရှည်တည်တံ့သော ကံတရား : ကြီးမားသော ကံတရားကို ပိုင်ဆိုင်ထားသူဖြစ်ပြီး အရာရာကို နတ်ဘုရားများ ကူညီပေးနေသည့်အလား လွယ်ကူချောမွေ့စေသည်။
ဆင်းရဲဒုက္ခကို မမှုခြင်း : စိတ်ဓာတ်ခိုင်မာပြီး ကျင့်ကြံခြင်းလမ်းစဉ်ရှိ အမျိုးမျိုးသော အခက်အခဲများနှင့် ဆင်းရဲဒုက္ခများကို မမှုဘဲ မလှုပ်မယှက်နိုင်သော သိုင်းတာအိုနှလုံးသားကို လွယ်လွယ်ကူကူ တည်ဆောက်နိုင်သည်။
ပဋိသန္ဓေ၏ လျှို့ဝှက်ချက် : ယခင်ဘဝက ကျင့်ကြံခြင်းမှတ်ဉာဏ်များမှာ ယာယီအားဖြင့် ချိပ်ပိတ်ခံထားရပြီး နိုးထလာမည့် သင့်တော်သော အချိန်ကို စောင့်ဆိုင်းနေသည်။
.....
ရွှေရောင်ကံကြမ္မာကို ပိုင်ဆိုင်ထားတဲ့ နောက်ထပ် တည်ရှိမှုတစ်ခုပဲ
ထို့ပြင် ရွှေရောင် နှစ်ခု၊ ခရမ်းရောင် တစ်ခု၊ အနီရောင် တစ်ခုနှင့် အဖြူရောင် တစ်ခုပင်။ သူက ပါရမီရှင်များ၏ အသိုက်ထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွားခဲ့ခြင်းလား။
ထိုသခင်မလေး၏ ကံကြမ္မာကို ကြည့်ပြီးနောက် ရှုချွမ်းကိုယ်တိုင်ပင် အတန်ငယ် မှင်တက်သွားခဲ့ရသည်။
တောင်ဘက်ဒေသက ကောင်းကင်၏ အထူးမျက်နှာသာပေးခြင်းကို ခံထားရသည်လား။
မဟုတ်လျှင် သူ ရောက်ရောက်ချင်း လူနှစ်ယောက်နှင့် ဆုံတွေ့သည်တွင် နှစ်ဦးစလုံးမှာ ရွှေရောင်ကံကြမ္မာများကို ပိုင်ဆိုင်ထားကြရသနည်း။
ထို့ပြင် ဤကံကြမ္မာများ၏ စွမ်းရည် များမှာလည်း အလွန်တရာ အစွမ်းထက်လှပေသည်။
၎င်းက အဓိက ဇာတ်ညွှန်း၏ ဇာတ်လိုက် မဟုတ်သည့်တိုင်အောင် ဤကဲ့သို့သော ကံကြမ္မာမျိုးမှာ ကံကြမ္မာ သားတော်များနှင့် နှိုင်းယှဉ်လျှင်ပင် အားနည်းခြင်း မရှိချေ မဟုတ်ပါလော။
“စိတ်ဝင်စားဖို့ ကောင်းသားပဲ”
ရှုချွမ်းက ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး လန်ဝူရွှမ်း မည်သည့်အစွမ်းများ ရှိသည်ကို ဆက်လက်စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ထိုအခိုက်အတန့်၌ပင် လူနှင့်မိစ္ဆာတို့၏ ထိပ်တိုက်တွေ့ဆုံမှုမှာ စတင်နေခဲ့ပြီ ဖြစ်သည်။
“နဂါးကဲ့သို့ လှံသိုင်း”
လန်ဝူရွှမ်းက စကားအပိုမပြောတော့ဘဲ သူမ၏ လှံရှည်ကြီးဖြင့် ကောင်းကင်မိစ္ဆာ ဝူတိကို ပစ်မှတ်ထား လိုက်ပြီးနောက် ရှေ့သို့ ပြင်းထန်စွာ ထိုးနှက်လိုက်တော့သည်။
ဤလှံချက်က ငွေရောင်နဂါးကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ဟင်းလင်းပြင်ကို ဖြတ်သန်းကာ တိုးဝင်သွားခဲ့ရာ ၎င်း၏စွမ်းအားမှာ အလွန်တရာ အံ့ဩစရာ ကောင်းလှပေသည်။
“ဒီလှံချက်က စွမ်းအားပြင်းပေမဲ့ ဒီလောက်နဲ့တင် ရပ်သွားမှာပဲ”
“သူမက ဝူတိရဲ့ ပြိုင်ဘက် မဟုတ်ဘူး”
သူမ စတင်တိုက်ခိုက်လိုက်သည့် မျက်တောင်တစ်ခတ်အတွင်းမှာပင် ရှုချွမ်းက လန်ဝူရွှမ်း၏ စစ်မှန်သော ခွန်အားကို တွက်ချက်ပြီး ဖြစ်သည်။
ကမ္မနယ်ပယ် အဆင့်၃ ကျင့်ကြံခြင်းနှင့် သူမ၏ ပါရမီကောင်းချီးတို့ ပေါင်းစပ်လိုက်လျှင် ဤတိုက်ခိုက်မှုက ကမ္မနယ်ပယ် အဆင့် ၅နှင့် ညီမျှပေသည်။
သာမန် ကမ္မနယ်ပယ် အဆင့် ၅ ကျွမ်းကျင်သူတစ်ဦးပင်လျှင် ဤတိုက်ခိုက်မှုကို တောင့်ခံရန် ခက်ခဲလိမ့်မည် ဖြစ်၏။
သို့သော်လည်း ကောင်းကင်မိစ္ဆာ ဝူတိက အစစ်အမှန် ကမ္မနယ်ပယ် အဆင့် ၆ ကျွမ်းကျင်သူတစ်ဦး ဖြစ်ပြီး ၎င်းမှာ သူက ချိပ်ပိတ်မှုမှ ထွက်ခါစဖြစ်၍ အထွတ်အထိပ် အခြေအနေသို့ မရောက်သေးသည့်တိုင်အောင် ဖြစ်ပေသည်။
ကမ္မနယ်ပယ်အတွင်း၌ အဆင့်သေး တစ်ခုစီက ဧရာမ ချောက်ကြီးတစ်ခုကဲ့သို့ ကွာခြားလှပေသည်။
မည်သည့် မတော်တဆမှုမျှ မရှိပါက လန်ဝူရွှမ်း၏ တိုက်ခိုက်မှုသည် ဝူတိကို မည်သည့် ထိခိုက်မှုမျှ ပေးနိုင်လိမ့်မည် မဟုတ်ပေ။
အမှန်ပင်။
နောက်ထပ် အခိုက်အတန့်တွင် ဝူတိက သူ၏ လက်မည်းကြီးကို ဝှေ့ယမ်းလိုက်ရာ မိစ္ဆာမြူခိုးအစုအဝေး ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုမိစ္ဆာမြူခိုးများအတွင်း၌ ရေတွက်၍မရနိုင်သော ဝိညာဉ်ဆိုးများမှာ နာကျင်စွာ အော်ဟစ်ညည်းတွားနေကြပြီး ၎င်းတို့၏ မကျေနပ်သော ခံစားချက်များကို ထုတ်ဖော်နေကြသည့်အလား ဖြစ်နေ၏။
“သွားကြစမ်း... ငါ့ရဲ့ အချစ် လေးတွေ”
မိစ္ဆာမြူခိုးများက ပြေးထွက်သွားခဲ့ပြီး လှံရှည်ကြီးနှင့် ထိပ်တိုက် တိုးမိတော့သည်။
၎င်းက လှံရှည်ကြီးကို ချက်ချင်းပင် လိမ်ယှက်ကာ လွှမ်းခြုံသွားခဲ့တော့၏။
ဝုန်း... ဝုန်း...
ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့ပြီး လန်ဝူရွှမ်း၏ တိုက်ခိုက်မှုမှာ ပြီးဆုံးသွားခဲ့ရသည်။
သို့သော် ဤမျှနှင့်တင် မပြီးသေးပေ။
မိစ္ဆာမြူခိုးများ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရသော လှံရှည်ကြီးမှာ ၎င်းအတွင်းရှိ ဝိညာဉ်ဆိုးများ၏ အဆက်မပြတ် တိုက်ခိုက်ခြင်းကို ခံနေရပြီး လှံကို ညစ်ညမ်းစေရန်နှင့် လန်ဝူရွှမ်းအား လက်နက် ဆုံးရှုံးသွားစေရန် ကြံစည်နေကြသည်။
ကံကောင်းထောက်မစွာဖြင့် ဤလှံရှည်ကြီးက လန်ဝူရွှမ်း၏ ယခင်ဘဝက လက်နက်ဖြစ်ပြီး ဧကရာဇ်လက်နက်နှင့် နှိုင်းယှဉ်နိုင်သော အရာဖြစ်ပေသည်။
သူမတွင် ၎င်း၏စွမ်းအားနှင့် ညီမျှသော ကျင့်ကြံခြင်း မရှိသေးသည့်တိုင်အောင် ၎င်းကို လွယ်လွယ်ကူကူ ညစ်ညမ်းစေရန် ဝူတိအနေဖြင့် မစွမ်းသာပေ။
သို့သော်လည်း ၎င်းကို မြင်လျှင် လန်ဝူရွှမ်းက သူမ၏ လှံရှည်ကြီးကို ချက်ချင်း ပြန်လည်ရုပ်သိမ်းလိုက်တော့သည်။
သူမ၏ နှလုံးသားအတွင်း ထိတ်လန့်မှုနှင့် ဒေါသများဖြင့် ပြည့်နှက်သွားခဲ့ပြီး သူမ၏ မျက်နှာထက်တွင် အံ့အားသင့်သော အရိပ်အယောင်များ ပေါ်ထွက်လာခဲ့ရ၏။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
သူမ၏ ဒေါသတကြီး တိုက်ခိုက်မှုက ဝူတိကို စိုးစဉ်းမျှပင် မထိခိုက်စေနိုင်ခဲ့ပေ။
ထို့ပြင် သူမ၏ လက်နက်မှာလည်း လုယူခြင်း ခံရလုနီးပါး ဖြစ်ခဲ့ရသည်။
ဤသည်က လန်ဝူရွှမ်းအား စိတ်ပျက်အားလျော့မှုကို ခံစားရစေသည်။
“ဟားဟား... လူသားမျိုးနွယ်၊ ငြိမ်ငြိမ်လေးပဲ ငါ့ရဲ့ ဝါးမြိုတာကို ခံစမ်းပါ၊ အချည်းနှီး ဖြစ်မယ့် ရုန်းကန်မှုတွေကို ရပ်လိုက်တော့”
ဝူတိက အလွန်တရာ ဝမ်းမြောက်စွာဖြင့် ရယ်မောလိုက်သည်။
သူ အနှစ်သက်ဆုံးမှာ လူသားမျိုးနွယ်စု၏ ဤကဲ့သို့သော စိတ်ပျက်အားလျော့သည့် ခံစားချက်များ ဖြစ်ပြီး သူ့အတွက်မူ ၎င်းက အကောင်းဆုံး ဆေးစွမ်းတစ်ခွက် ဖြစ်ပေသည်။
“ဘယ်တော့မှ မဖြစ်နိုင်ဘူး”
“ဟင်းလင်းပြင်ကို ချိုးဖျက်တဲ့ လှံ”
လန်ဝူရွှမ်းက လွယ်လွယ်နှင့် အရှုံးပေးမည့်သူ မဟုတ်ဘဲ လျင်မြန်စွာဖြင့် စိတ်ကို ပြန်လည်စုစည်းလိုက်သည်။
ဆွစ်... ဆွစ်... ဆွစ်...
ရေတွက်၍မရနိုင်သော လှံရိပ်များက ကောင်းကင်ယံထက်တွင် ချက်ချင်း ပေါ်ထွက်လာခဲ့ပြီး တစ်ခုစီတိုင်းတွင် ကောင်းကင်နှင့်မြေကြီး ကို ဖျက်ဆီးပစ်နိုင်သော ထိတ်လန့်ဖွယ် စွမ်းအားများ ကိန်းအောင်းနေခဲ့သည်။
၎င်း၏ စွမ်းအားမှာ တစ်ကမ္ဘာလုံးကို ကြေမွသွားစေနိုင်သည့်အလား ထင်ရပေသည်။
လန်ဝူရွှမ်းက ဤတိုက်ခိုက်မှုဖြင့် ဝူတိကို တိုက်ရိုက် အပြတ်ရှင်းပစ်ရန် မျှော်လင့်ချက်ဖြင့် သူမ၏ ခွန်အားအားလုံးကို ထုတ်သုံးနေခြင်းမှာ ထင်ရှားလှပေသည်။
ထိုသို့ လုပ်နိုင်မှသာ ကုန်သည်အဖွဲ့ရှိ လူများအတွက် အသက်ရှင်သန်နိုင်မည့် မျှော်လင့်ချက် အလင်းရောင် ရှိလာပေလိမ့်မည်။
“အချည်းနှီးပဲ... မင်း ဒီလောက်အဆင့် တိုက်ခိုက်မှုနဲ့ ငါ့ကို ထိခိုက်အောင် လုပ်နိုင်မယ်လို့ တကယ် ထင်နေတာလား၊ အဲ့ဒါက အရူး တစ်ယောက်ရဲ့ အိပ်မက်ပဲ”
တိုက်ခိုက်မှုကြီး ကပ်ပါလာသည့်တိုင်အောင် ဝူတိက လန်ဝူရွှမ်း၏ စိတ်ဓာတ်ကို ရိုက်ချိုးရန်အတွက် စကားနာများ ဆက်တိုက် ပြောနေခဲ့သည်။
ထိုသို့ လုပ်နိုင်မှသာ သူက လန်ဝူရွှမ်း၏ အသွေးအသားနှင့် ဝိညာဉ်ကို ပို၍ လွယ်ကူစွာ ဝါးမြိုနိုင်မည် ဖြစ်သည်။
ထို့ပြင် သူ၏ ဒဏ်ရာများကိုလည်း အမြန်ဆုံး ပြန်လည်ကုသနိုင်မည် ဖြစ်ပေသည်။
တိုက်ခိုက်မှုကြီး သူ့ထံသို့ ရောက်ရှိခါနီး အခိုက်အတန့်တွင် ယခင် မိစ္ဆာမြူခိုးများက ဖြည်းဖြည်းချင်း ကျုံ့ဝင်သွားခဲ့ပြီး မည်းမှောင်လှသော အကာအကွယ် ချီဒိုင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ကာ သူ့အား လွှမ်းခြုံထားလိုက်တော့သည်။
လန်ဝူရွှမ်း၏ တိုက်ခိုက်မှုများက ထိုဒိုင်းကြီးပေါ်သို့ ကျရောက်သွားခဲ့ပြီး ၎င်းထက်ရှိ ဝိညာဉ်ဆိုးများ၏ တိုက်စားခြင်းကို ဖြည်းဖြည်းချင်း ခံလိုက်ရသည်။
မကြာမီမှာပင် ၎င်း၏ စွမ်းအားများ ကုန်ဆုံးသွားခဲ့ပြီး လှံရှည်ကြီးမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ရတော့သည်။
“ဒီလောက်ပဲလား”
ဝူတိက အထင်သေးစွာဖြင့် ပြောလိုက်ပြီးနောက် မိစ္ဆာမြူခိုးများကို ထိတ်လန့်ဖွယ်ရာ စွမ်းအားများ ကိန်းအောင်းနေသော စူးရှလှသည့် မြှားကြီးတစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီး လန်ဝူရွှမ်း တည်ရှိရာနေရာဆီသို့ တိုက်ရိုက် ပစ်လွှတ်လိုက်တော့သည်။
ထိုမြှား၏ အမြန် နှုန်းမှာ အလွန်တရာ မြန်ဆန်လှပြီး ၎င်း၏ စွမ်းအားမှာ ထိတ်လန့်စရာ ကောင်းလှပေသည်။
“ပြီးသွားပြီ”
လန်ဝူရွှမမး၏ မျက်နှာမှာ ဤအခိုက်အတန့်တွင် လုံးဝ ဖြူဖြော့ သွားခဲ့ရသည်။
ယခင် တိုက်ခိုက်မှုက သူမ၏ စွမ်းအား အမြောက်အမြားကို ကုန်ဆုံးသွားစေခဲ့ရာ ယခုအခါ ဝူတိ၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် သူမ ပြန်လည်တွန်းလှန်နိုင်စွမ်း လုံးဝ မရှိတော့ပေ။
သူမက မည်သို့မျှ မတတ်နိုင်ဘဲ ထိုမြှားကြီး ကပ်ပါလာသည်ကို မျှော်လင့်ချက်မဲ့စွာဖြင့်သာ စိုက်ကြည့်နေနိုင်ခဲ့တော့သည်။
“သခင်မလေး... သတိထား”
၎င်းကို မြင်လျှင် အစောင့်များမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး သူတို့၏ ခန္ဓာကိုယ်ကို အသုံးပြုကာ ထိုမြှားကို ပိတ်ဆို့ရန် အော်ဟစ်လိုက်ကြသည်။
သို့သော်လည်း သူတို့ အနားသို့ပင် မချဉ်းကပ်နိုင်သေးမီမှာပင် အစောင့်အချို့မှာ ထိုစွမ်းအားကြောင့် ချက်ချင်းပင် အစအနမကျန် ပျောက်ကွယ်သွားခဲ့ရရှာသည်။
ကျန်ရှိနေသော အစောင့်များမှာ ဤမြင်ကွင်းကြောင့် ခြေလှမ်းများ ရပ်တန့်သွားခဲ့ကြရ၏။
သူတို့၏ စိတ်ထဲတွင် ထိုမြှားကို ပိတ်ဆို့နိုင်မည့် နည်းလမ်းကို အသည်းအသန် စဉ်းစားနေခဲ့ကြသည်။
အရပ်မျက်နှာအသီးသီးသို့ လန့်ဖျန့်ကာ ထွက်ပြေးနေကြသော လူများသည်လည်း ဤအခြေအနေကို မြင်ရလျှင် ပို၍ မျှော်လင့်ချက်မဲ့သွားကြရတော့သည်။
ထပ်တလဲလဲ ဖြစ်ပေါ်လာသော မျှော်လင့်ချက်များနှင့် ထပ်တလဲလဲ ကြုံတွေ့ရသော စိတ်ပျက်မှုများကြောင့် သူတို့က မြေပြင်ပေါ်သို့ ခွေကျသွားခဲ့ကြပြီး ဆက်လက်ထွက်ပြေးရန် အတွေးကို စွန့်လွှတ်လိုက်ကြတော့သည်။
တောင်ကြားတစ်ခုလုံးမှာ ဤအခိုက်အတန့်တွင် မျှော်လင့်ချက်မဲ့ခြင်းများဖြင့် ဖုံးလွှမ်းသွားခဲ့ရ၏။
ဝူတိက ဤမြင်ကွင်းကို စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေခဲ့သည်။
နောက်တစ်ဆင့်အနေဖြင့် သူ၏ ရိတ်သိမ်းပွဲကြီး စတင်ရပေတော့မည်။
ဤအခြေအနေသို့ ရောက်ရှိလာသောအခါ ရှုချွမ်းသည်လည်း ထပ်မံ၍ ဖုံးကွယ်မထားရန် ဆုံးဖြတ်လိုက်တော့သည်။
“ဒီလူတွေကို ငါ ကာကွယ်ပေးမယ်”
စိုးရိမ်ရသော နောက်ဆုံးအခိုက်အတန့်တွင် ရှုချွမ်း လှုပ်ရှားလိုက်ပြီ ဖြစ်သည်။
'ဝမ်ကျီဓား'က အဆုံးမဲ့လှသော သတ်ဖြတ်လိုသည့် အငွေ့အသက်များနှင့်အတူ ကောင်းကင်ယံကို ဖြတ်သန်းကာ ပြေးထွက်သွားခဲ့ပြီး ထိုမြှားကြီးကို တိုက်ရိုက်ပင် ဖျက်ဆီး ပစ်လိုက်တော့သည်။
၎င်းအတွင်းရှိ ဝိညာဉ်ဆိုးများသည်လည်း ရေခဲနှင့်နှင်းများ အရည်ပျော်သွားသည့်အလား ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ရ၏။
ကမ္ဘာပျက်မတတ် စွမ်းအားပြင်းလှသော ထိုမြှားကြီးမှာ ရှုချွမ်း၏ လက်ချက်ဖြင့် ဤမျှလောက် လွယ်ကူစွာ ပိတ်ဆို့ခြင်းကို ခံလိုက်ရချေပြီ။