အခန်း ၁၉၆
Vol. 20 Ch. 196
အခန်း (၁၉၆) ဝူတိကို အလွယ်တကူ သတ်ဖြတ်ခြင်း
ရောက်ရှိနေကြသော အခြားသူများ၏ မျက်နှာထက်တွင်လည်း တူညီသော အမူအရာများ ရှိနေကြပြီး ဤမျှလောက် ငယ်ရွယ်ပြီး ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် သိုင်းပညာရှင်သူတစ်ဦး ဖြစ်လာနိုင်သည့် ဤပါရမီရှင်က မည်သည့်နေရာမှ ရောက်ရှိလာသနည်းဟု စတင်တွေးနေမိကြတော့သည်။
တောင်ဘက်ဒေသတစ်ခုလုံးတွင်ပင် ငယ်ရွယ်တဲ့ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်သို့ ရောက်ရှိနိုင်သူတစ်ဦးတစ်ယောက်မျှ ရှိကြောင်း သူတို့ တစ်ခါမျှ မကြားဖူးပေ။
သို့သော်လည်း မျက်ဝါးထင်ထင် မြင်တွေ့နေရသည့် အဖြစ်မှန်က သူတို့အား မယုံကြည်ဘဲ မနေနိုင်အောင် တွန်းအားပေးနေခဲ့ချေပြီ။
သို့ရာတွင် ရှုချွမ်းကမူ သူတို့၏ ထိတ်လန့်အံ့ဩမှုများကို ဂရုမစိုက်ဘဲ ဝူတိကိုသာ ပြုံးလျက် စိုက်ကြည့်လိုက်တော့သည်။
“မင်း ခုနကပဲ ငါ့ကို သတ်ချင်တယ်လို့ ပြောလိုက်တာ မဟုတ်လား... ဟုတ်တယ်မလား”
ရှုချွမ်း စကားပြောရင်း လျှောက်လာစဉ် သူ၏ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် ကျင့်ကြံခြင်း အော်ရာ များ ကို ထပ်မံ၍ ဖုံးကွယ်မထားတော့ဘဲ အပြည့်အဝ ထုတ်ဖော်ကာ ဝူတိ၏ ကိုယ်ပေါ်သို့ ဖိနှိပ်လိုက်တော့သည်။
ထိုထိတ်လန့်ဖွယ်ရာ နတ်ဘုရား အရှိန်အဝါ ကို ခံစားမိလျှင် ဝူတိက စကားတစ်ခွန်းမျှပင် ထပ်မံ၍ မပြောဝံ့တော့ဘဲ ပြင်းထန်စွာ ဒဏ်ရာရရှိထားသော ခန္ဓာကိုယ်ကို အသုံးပြုကာ ထိုထိတ်လန့်ဖွယ်ရာ ဖိအားကို အစွမ်းကုန် တောင့်ခံရန်သာ တတ်နိုင်တော့သည်။
“ဘာဖြစ်လို့လဲ... မင်းလို ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် သိုင်းပညာရှင်ကြီးတစ်ယောက်က ဘာဖြစ်လို့ သာမန် ကုန်သည်အဖွဲ့လေးထဲမှာ လာပြီး ရောနှောနေရတာလဲ... ဘာလို့ ဒီလိုဖြစ်ရတာလဲ”
ဝူတိက လက်နှစ်ဖက်ကို မြေပြင်ပေါ်တွင် ထောက်ထားရင်း ရှုချွမ်းအား သိလိုစိတ်ဖြင့် အသည်းအသန် မော့ကြည့်ကာ မေးလိုက်သည်။
ယခုအချိန်အထိ သူက မည်သည့်အတွက်ကြောင့် မြောင်းထဲတွင် သင်္ဘောမှောက်ခဲ့ရသည်ကို လုံးဝ စဉ်းစား၍ မရနိုင်သေးပေ။
ယခင်က အရာအားလုံးက သူ၏ လက်ခုပ်တွင်း၌ ရှိနေခဲ့သည် မဟုတ်ပါလော။
“ဒူးထောက်စမ်း”
ရှုချွမ်းက သူ၏မေးခွန်းကို ပြန်မဖြေဘဲ ဒေါသတကြီး အော် လိုက်ရာ ဖိအားမှာ ပို၍ ပြင်းထန်လာခဲ့ပြန်သည်။
ကောင်းကင်ဘုရင်နယ်ပယ် သိုင်းပညာရှင်သူတစ်ဦးနှင့် နှိုင်းယှဉ်နိုင်သော ဤဖိအားကြီးအောက်တွင် ဝူတိက အသက်ရှူကျပ်မှုကို ခံစားလိုက်ရပြီး ဆက်၍ မတောင့်ခံနိုင်တော့ဘဲ သူ၏ လက်မောင်းနှစ်ဖက်မှာ ဖိအားကြောင့် တိုက်ရိုက်ပင် ကျိုးပဲ့သွားခဲ့ကာ ရှုချွမ်း၏ အရှေ၌ ဒူးထောက်ကျသွားခဲ့ရတော့သည်။
သူက လူသားတို့၏ စိတ်စွမ်းအား၊ နှလုံးနှင့် ဝိညာဉ်များကို စားရသည်ကို နှစ်သက်လှသဖြင့် ယနေ့တွင် ရှုချွမ်းက ထိုခံစားချက်ကို သူ့အား ပြန်လည် မြည်းစမ်းစေမည် ဖြစ်သည်။
ဤသည်က မျှော်လင့်ချက်မဲ့ခြင်း၊ ကြောက်ရွံ့ခြင်းနှင့် သေခြင်း ကို စောင့်ဆိုင်းရခြင်းတို့၏ ခံစားချက်ပင် ဖြစ်၏။
“ဘယ်လိုလဲ... ဒီခံစားချက်က ဘယ်လိုလဲ”
ရှုချွမ်းက ဝူတိ၏ ခေါင်းကို ဆုပ်ကိုင်ကာ သူ၏ သွေးချင်းချင်းနီနေသော မျက်ဝန်းများကို စိုက်ကြည့်ရင်း မေးလိုက်သည်။
“ငါ့ကို သတ်လိုက်”
“မြန်မြန်... ငါ့ကို သတ် လိုက်ပါ”
ဝူတိက အော်ဟစ်လိုက်ရင်း ရှုချွမ်း၏ လက်တွင်းမှ လွတ်မြောက်ရန် အသည်းအသန် ရုန်းကန်တော့သည်။
ယနေ့တွင် သူ သေရမည်ကို ကောင်းစွာ သိရှိထားပြီး သူ သေခြင်းတရားကို မကြောက်ရွံ့ပေ။
သို့သော်လည်း ရှုချွမ်း၏ ဤမျှလောက်အထိ နှိမ့်ချစော်ကားခြင်းကို ခံရပြီး မိစ္ဆာမျိုးနွယ်စု ကောင်းကင်မိစ္ဆာတစ်ကောင်အနေဖြင့် သူ၏ နောက်ဆုံး ဂုဏ်သိက္ခာကို အပိုင်းပိုင်း ဆုတ်ဖြဲခံလိုက်ရခြင်းအား သူ မည်သို့လျှင် လက်ခံနိုင်ပါမည်နည်း။
ဤအခိုက်အတန့်တွင် သူက ရှုချွမ်းအား သူ့ကို မြန်မြန်ဆန်ဆန် သတ်ပေးရန်သာ ဆန္ဒရှိတော့သည်။
သို့သော်လည်း ရှုချွမ်းက သူ၏ ဆန္ဒကို ဖြည့်ဆည်းပေးပါမည်လော။
မဖြစ်နိုင်သည်မှာ ထင်ရှားလှပေသည်။
ရှုချွမ်းက သူ၏ ညာလက်ကို ဝှေ့ယမ်းလိုက်ရာ နေမင်းအစစ်အမှန်မီးတောက် သူ၏ လက်ဖဝါးထက်တွင် ပေါ်ထွက်လာခဲ့သည်။
သူ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်သွားချိန်တွင် ရှုချွမ်းက သူ၏ နေမင်းအစစ်အမှန်သောမီး၌ လုပ်ဆောင်ချက်အသစ်အချို့ ပါဝင်လာသည်ကို မတော်တဆ သိရှိခဲ့ရသည်။
၎င်းမှာ ဝိညာဉ်ကို လောင်ကျွမ်းစေခြင်း ဖြစ်ပေသည်။
မိစ္ဆာမျိုးနွယ်စုများတွင်လည်း ဝိညာဉ် ရှိကြသည်ကို ရှုချွမ်းကိုယ်တိုင် ရှေးကတည်းက လေ့လာခဲ့ပြီး ဖြစ်သည်။
ယခုမူ ရှုချွမ်းက ဝူတိအား သူ၏ ဝိညာဉ် လောင်ကျွမ်းခြင်း ခံရပြီး ဖြည်းဖြည်းချင်း ဝါးမြိုခံရမည့် ကြောက်ရွံ့မှုကို မြည်းစမ်းစေတော့မည် ဖြစ်၏။
“မင်း ဆန္ဒအတိုင်းပဲ ”
“ဝုန်း"
နေမင်းအစစ်အမှန်မီးတောက်အတွင်းရှိ ရင်းနှီးနေသော ထိုအငွေ့အသက်ကို ခံစားမိလျှင် ဝူတိက ချက်ချင်းပင် အရူးအမူး ဒေါသထွက်သွားခဲ့ပြီး စူးရှလှသော အော်ဟစ်သံကြီးတစ်ခုကို ထုတ်ဖော်လိုက်တော့သည်။
ဤအော်ဟစ်သံက တောင်ကြားတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပြီး ကျန်ရှိနေသော လူများမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် သူတို့၏ နားများကို ပိတ်ထားလိုက်ကြရသည်။
သို့သော်လည်း ၎င်းက အသုံးမဝင်ခဲ့ပေ။
ရှုချွမ်းမှလွဲ၍ တောင်ကြားအတွင်းရှိ လူအားလုံးမှာ ချက်ချင်းပင် သတိလစ် မေ့မြောသွားခဲ့ကြရတော့သည်။
လန်ဝူရွှမ်းပင်လျှင် ထိုအထဲမှ ကင်းလွတ်ခြင်း မရှိခဲ့ပေ ။
“ချိပ်ပိတ်စမ်း”
ရှုချွမ်းက အော် လိုက်ရာ ချက်ချင်းပင် ဝူတိ၏ ပါးစပ်မှာ ရှုချွမ်း၏ ချိပ်ပိတ်ခြင်း ကြောင့် ပိတ်သွားခဲ့ပြီး မည်သည့်အသံမျှ မထွက်ပေါ်နိုင်တော့ပေ။
ဝူတိက အဆိပ်အတောက် ပြည့်နှက်နေသော သူ၏ သွေးရောင်မျက်ဝန်းများဖြင့် ရှုချွမ်းကိုသာ စိုက်ကြည့်နေနိုင်တော့သည်။
အကယ်၍ ရှုချွမ်းသာ ပေါ်မလာခဲ့ပါက သူသည် ဤနေရာမှ ရှေးကတည်းက ထွက်ခွာသွားခဲ့ပြီ ဖြစ်ပြီး ဝေးကွာသော နေရာသို့ ရောက်ရှိနေမည်ဖြစ်ရာ မည်သူမျှ သူ့အား ဖမ်းဆုပ်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း မမျှော်လင့်ဘဲ ပေါ်ထွက်လာသော ဤလှည့်ကွက်ကြီး ရှုချွမ်းကြောင့်သာ သူ ယခုကဲ့သို့သော အခြေအနေသို့ ရောက်ရှိခဲ့ရခြင်း ဖြစ်သည်။
သူ၏ နှလုံးသားအတွင်း ရှုချွမ်းအပေါ် ထားရှိသော မုန်းတီးမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ချေပြီ။
ဤအခိုက်အတန့်တွင် သူ၏ စိတ်ထဲ၌ အတွေးတစ်ခုသာ ရှိတော့သည် ။
ရှုချွမ်းကို သူနှင့်အတူ သေတွင်းသို့ ဆွဲခေါ်သွားရန်တောင်ကြားအတွင်းရှိ လူသားမျိုးနွယ်စု အားလုံးကို သူနှင့်အတူ မြေမြှုပ်ပစ်ရန် ဖြစ်ပေသည်။
တွေးလိုက်သည်နှင့်တစ်ပြိုင်နက် လုပ်လိုက်တော့သည်။
ဝူတိက ပါးစပ်ကို ဟပြဲကြီး ချက်ချင်း ဖွင့်လိုက်ပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အရူးအမူး စုပ်ယူလိုက်ရာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ လျင်မြန်စွာ ဖောင်းကားလာခဲ့တော့သည်။
မျက်တောင်တစ်ခတ်အတွင်း ဝူတိက ထိတ်လန့်ဖွယ်ကောင်းလောက်အောင် ကြီးမားလာခဲ့ပြီး ထိလိုက်သည်နှင့် ချက်ချင်း ပေါက်ကွဲတော့မည့် ယမ်းပုလင်း ကြီးတစ်ခုအလား ဖြစ်သွားခဲ့ရသည်။
ထို့ပြင် ဝူတိက ရှုချွမ်း၏ ဖိနှိပ်မှုမှ လွတ်မြောက်ရန်အတွက် အရူးအမူး ဆက်လက် ရုန်းကန်နေခဲ့သေးသည်။
သို့သော်လည်း ဤအရာအားလုံးမှာ အချည်းနှီးသာ ဖြစ်၏။
ရှုချွမ်းက ဝူတိကို တည်ငြိမ်စွာဖြင့်သာ စိုက်ကြည့်နေခဲ့ပြီး သူ့ဘာသာသူ သေကြောင်းကြံစည်နေသည်ကို လွှတ်ထားလိုက်သည်။
နောက်ထပ် ကိုယ့်ကိုယ်ကို ဖောက်ခွဲမှုတစ်ခုပင်...
ဤမိစ္ဆာမျိုးနွယ်စုများတွင် မည်သည့် တီထွင်ဆန်းသစ်မှုမျှ မရှိကြတော့ဘူးလော။
သို့မဟုတ်ပါက ဤမိစ္ဆာမျိုးနွယ်စုများက ရွှမ်ထျန်းတိုက်ကြီးသို့ မဆင်းသက်မီက စနစ်တကျ လေ့ကျင့်မှုများ ခံယူခဲ့ကြသဖြင့် လူသားမျိုးနွယ်စု၏ လက်ထဲသို့ ကျရောက်ပြီး လွတ်မြောက်ရန် လမ်းမရှိတော့သည့် အခါတိုင်းတွင် သူတို့ကိုယ်သူတို့ ဖောက်ခွဲပစ်လေ့ ရှိကြသလော။
ရှုချွမ်းအနေဖြင့် ၎င်းကို တွေး၍မရသော်လည်း ၎င်းက သူ့အား မိစ္ဆာမျိုးနွယ်စုကို သတ်ဖြတ်ခြင်းမှ တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။
သူ၏ ရှေ့မှောက်၌ ဝူတိ လုပ်နေသမျှ အရာအားလုံးမှာ သေခါနီး အချည်းနှီး ရုန်းကန်နေခြင်းမျှသာ ဖြစ်ရာ သူ စိုးစဉ်းမျှပင် ဂရုမစိုက်ပေ။
“မင်းက သေဖို့ ဒီလောက်အထိ အလျင်စလို ဖြစ်နေမှတော့ ငါ မင်းကို လမ်းပြပေးရသေးတာပေါ့”
ရှုချွမ်း အနည်းငယ် မတတ်နိုင်သကဲ့သို့ ဖြစ်သွားခဲ့ရသည်။
သူ စိတ်ကြိုက် ပျော်ရွှင်စွာ မကစားရသေးမီမှာပင် ပြီးဆုံးသွားခဲ့ရပြီလား။
တကယ့်ကို ပျင်းစရာ ကောင်းလှပေသည်။
“ပျက်စီးစမ်း”
ရှုချွမ်းက အော် လိုက်ရာ ချက်ချင်းပင် ပေါက်ကွဲတော့မည့် ဝူတိ၏ ခန္ဓာကိုယ်ကြီးမှာ လေလျှော့လိုက်သော ဘောလုံးတစ်ခုကဲ့သို့ ချက်ချင်း ပြားချပ်သွားခဲ့ရတော့သည်။
ဝူတိ၏ နောက်ဆုံး အတူတကွ သေဆုံးမည့် လှည့်ကွက်ကြီးမှာ ရှုချွမ်း၏ လက်ချက်ဖြင့် ဤမျှလောက် လွယ်ကူစွာ ချေဖျက်ခြင်း ခံလိုက်ရချေပြီ။
ဝူတိ လုံးဝ မျှော်လင့်ချက်မဲ့သွားခဲ့ရသည် ။
ရှုချွမ်းက အလွန်တရာ သန်မာလွန်းလှရာ သူ မည်သည့် ခုခံလိုစိတ်မျှပင် မမွေးနိုင်တော့ပေ။
သူ့တွင် ခုခံရန် မည်သည့် အခွင့်အရေးမျှ မရှိခဲ့ပေ ။
သူ့ကိုယ်သူ ဖောက်ခွဲရန်ပင် မတတ်နိုင်ခဲ့ပေ ။
သူက နောက်ဆုံးတွင် မျှော်လင့်ချက်မဲ့ခြင်းဟူသည်မှာ မည်သို့သော ခံစားချက်ဖြစ်ကြောင်း ကောင်းစွာ နားလည်သွားခဲ့ရပြီ ဖြစ်သည်။
ရှုချွမ်းက ထပ်မံ၍ တွန့်ဆုတ်မနေတော့ဘဲ 'ဝမ်ကျီဓား' ကို မြှောက်ကိုင်လိုက်ရာ ရုတ်တရက်ဆိုသလို ကောင်းကင်ယံထက်၌ မိုးကြိုး များ အလိုအလျောက် ပေါ်ထွက်လာခဲ့ပြီး ရှုချွမ်း၏ ဓားရှည်ထက်သို့ လာ စုစည်း ကြတော့သည်။
ချက်ချင်းပင် 'ဝမ်ကျီဓား' မှာ အပြာရောင် မိုးကြိုး မြွေနဂါးများ ဖြာထွက်နေသည့် ဓားရှည်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အလွန်တရာ တောက်ပလှပေသည်။
“သေစမ်း”
ဝုန်း
ဓားရှည်ကြီး ပိုင်းဖြတ်လိုက်သည်နှင့်တစ်ပြိုင်နက် မိုးကြိုး များ ချက်ချင်း ဆင်းသက်လာခဲ့ပြီး တိုက်ခိုက်မှု နှစ်ခုလုံးမှာ ဝူတိ၏ ကြေမွနေသော ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ကျရောက်သွားခဲ့တော့သည်။
ချက်ချင်းပင် ဝူတိ၏ ခန္ဓာကိုယ်မှာ ဤဓားချက်အောက်တွင် ကြေမွ ပျက်စီးသွားခဲ့ရသည်။
၎င်းနောက် မိုးကြိုး များ ဖြတ်သန်းသွားခဲ့ပြီး သူ၏ ကြေမွနေသော ခန္ဓာကိုယ် အစိတ်အပိုင်းများကို တစ်ခုပြီးတစ်ခု ပြာအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲပစ်လိုက်တော့သည်။
ဤနည်းလမ်းကို ကောင်းကင်မိစ္ဆာမျိုးနွယ်စုများအပေါ်တွင် မဖြစ်မနေ အသုံးပြုရမည် ဖြစ်သည်။
မဟုတ်ပါက သူတို့သည် ခြေများစွာရှိသော အင်းဆက်များကဲ့သို့ လုံးဝ သေဆုံးသွားခြင်းမရှိဘဲ စိတ်ခံစားမှုနှင့် ဝိညာဉ်စွမ်းအားများကို လုံလောက်စွာ စုပ်ယူပြီးနောက် ရွှမ်ထျန်းတိုက်ကြီးပေါ်တွင် တစ်ဖန် ပြန်လည်မွေးဖွားလာနိုင်သောကြောင့် ဖြစ်သည်။
သဘာဝအတိုင်းပင် ရှုချွမ်းက ဤကဲ့သို့သော အခြေအနေ ဖြစ်ပေါ်လာသည်ကို မမြင်တွေ့လိုသဖြင့် သတ်မည်ဆိုပါက ပြတ်ပြတ်သားသား သန့်ရှင်းအောင် သတ်ရပေမည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဝူတိ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ နတ္ထိအဖြစ်သို့ ပြောင်းလဲသွားခဲ့ရချေပြီ။
တောင်ကြားအတွင်း၌မူ မူလ မိစ္ဆာချီအချို့နှင့် မိစ္ဆာမျိုးနွယ်စု မူလ တို့သာ ကျန်ရစ်ခဲ့တော့သည်။
ဤအရာများမှာ ရှုချွမ်းက တမင်ချန်ထားခဲ့ခြင်း ဖြစ်၏။
ရထားလုံးပေါ်ရှိ ဟဲချန်မှာမူ ယခင် ထွက်ပေါ်လာသော အသံကြောင့် ရှေးကတည်းက သတိလစ် မေ့မြောနေခဲ့ပြီ ဖြစ်သည်။
ထိုမူလ မိစ္ဆာချီနှင့် မူလ တို့မှာ သူ့အတွက် အထူးပြင်ဆင်ပေးထားသော အရာများ ဖြစ်ကြပေသည်။
ပထမအချက်အနေဖြင့် ဤအရာများက ရှုချွမ်းအတွက် မည်သည့်အသုံးမှမဝင်သဖြင့် ချန်မထားခဲ့ပါက လေနှင့်အတူ လွင့်ပြယ်ပျောက်ကွယ်သွားမည် ဖြစ်သည်။
ဒုတိယအချက်အနေဖြင့် ဤအရာများက မူလကတည်းက ဟဲချန်၏ အရာများ ဖြစ်ကြသဖြင့် သူက မူလပိုင်ရှင်ထံသို့သာ ပြန် ပေးနေခြင်း ဖြစ်သည်။
တတိယအချက်အနေဖြင့် သူက စကားစမြည် ပြောနိုင်မည့် သူငယ်ချင်းတစ်ဦးနှင့် ကြုံတွေ့ရခဲလှသဖြင့် ဤသည်က သူ့အတွက် ပေးအပ်သော ကြီးမားလှသည့် လက်ဆောင်တစ်ခုအဖြစ် မှတ်ယူနိုင်ပေသည်။
အကယ်၍ ဟဲချန်သာ ဤမူလ မိစ္ဆာချီနှင့် မိစ္ဆာမျိုးနွယ်စု မူလ ကို လက်မခံခဲ့ပါက သူ လင်းရှောင်ဂိုဏ်းသို့ ဝင်ခွင့်ရခဲ့သည့်တိုင်အောင် သူ၏ပါရမီအရ သူ၏ တစ်သက်တာလုံးတွင် ကြီးမားသော အောင်မြင်မှုများကို ရရှိနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ဤအရာများကို လက်ခံလိုက်ခြင်းအားဖြင့် သူက တန်ပြန်ပေးဆပ်မှုအချို့ကို လုပ်ရမည်ဖြစ်သော်လည်း ခြေတစ်လှမ်းတည်းဖြင့် အစွမ်းထက် ကျွမ်းကျင်သူတစ်ဦး ဖြစ်လာနိုင်ခြင်းနှင့် နှိုင်းယှဉ်ပါက ဤအရာအားလုံးမှာ လုံးဝ တန်ဖိုးရှိလှပေသည်။
သူက ဟဲချန်ကိုယ်တိုင် ရွေးချယ်ခွင့် ရှိခဲ့မည်ဆိုပါကလည်း ဤရွေးချယ်မှုကိုသာ ပြုလုပ်လိမ့်မည်ဟု ယုံကြည်ထားသည်။
ရှုချွမ်းက တစ်နည်းအားဖြင့် သူ၏ ဆန္ဒကို ဖြည့်ဆည်းပေးနေခြင်းမျှသာ ဖြစ်၏။
သူ လက်ကို ဝှေ့ယမ်းလိုက်ရာ ဟဲချန် သူ့ထံသို့ လွင့်ပျံလာခဲ့ပြီးနောက် ရှုချွမ်း၏ အရှေ့ လေပေါ် တွင် ဝဲပျံနေခဲ့တော့သည်။