အခန်း ၁၉၇
Vol. 20 Ch. 197
အခန်း (၁၉၇) ဟဲချန်အား ပို့ခြင်း
သတိလစ် မေ့မြောနေသော ဟဲချန်က သူ၏ ကိုယ်ပေါ်တွင် မည်သည့်အရာများ ဖြစ်ပျက်တော့မည်ကို လုံးဝ သိရှိခြင်း မရှိရှာပေ။
သူက ထိုနေရာတွင် အလွန်တရာ အေးချမ်းစွာဖြင့် လဲလျောင်းနေခဲ့သည်။
၎င်းကို မြင်လျှင် ရှုချွမ်း၏ မျက်နှာထက်တွင်လည်း ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်ထွက်လာခဲ့၏။
“မင်းကတော့ တကယ်ပဲ အခွင့်အရေး ရသွားတာပဲ”
ပြောရင်း သူက ထိုမူလ မိစ္ဆာချီနှင့် မိစ္ဆာမျိုးနွယ်စု မူလ တို့ကို ဟဲချန်၏ ခန္ဓာကိုယ်အတွင်းသို့ တိုက်ရိုက် ထည့်ပေးလိုက်တော့သည်။
“အား...”
ချက်ချင်းပင် ဟဲချန်၏ နာကျင်စွာ အော်ဟစ်ညည်းတွားသံကြီး ထွက်ပေါ်လာခဲ့ပြီး ၎င်းနောက်တွင် သူက သတိပြန်လည်မလာဘဲ နောက်ထပ်တစ်ကြိမ် သတိလစ် မေ့မြောသွားခဲ့ရပြန်သည်။
သေမျိုး တစ်ယောက်မျှသာ ဖြစ်သော သူက ကမ္မနယ်ပယ် အဆင့် ၈ မိစ္ဆာမျိုးနွယ်စုဝင်တစ်ဦး၏ မူလနှင့် မိစ္ဆာချီများကို မည်သို့လျှင် အလွယ်တကူ လက်ခံနိုင်ပါမည်နည်း။
မျက်တောင်တစ်ခတ်အတွင်း ဟဲချန်၏ ခန္ဓာကိုယ်မှာ စတင်၍ ဖောင်းကားလာခဲ့တော့သည်။
သူက အချိန်မရွေး ပေါက်ကွဲတော့မည့် ဧရာမ ပူဖောင်းကြီးတစ်ခုနှင့် အလားသဏ္ဌာန် တူနေခဲ့ရ၏။
ဤအခြေအနေကို မြင်လျှင် ရှုချွမ်းက သူ၏ သိုလှောင်လက်စွပ်ထဲမှ ကုသရေး ဆေးလုံးအမြောက်အမြားကို ထုတ်ယူကာ ဟဲချန်၏ ပါးစပ်အတွင်းသို့ အတင်း ထည့်ပေးလိုက်တော့သည်။
ဟဲချန်၏ ခန္ဓာကိုယ်အတွင်း၌ ဧရာမ စွမ်းအားများ ရှိ နေပြီဖြစ်ရာ ဆေးလုံးများ၏ ဆေးစွမ်းကို မချေဖျက်နိုင်မည်ကို စိုးရိမ်ရန် မလိုအပ်ပေ။
ဆေးလုံးများ ပါးစပ်အတွင်းသို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် ဟဲချန်၏ ခန္ဓာကိုယ်မှာ စတင်၍ ပြောင်းလဲလာခဲ့သည်။
ထိုမူလ မိစ္ဆာချီ၏ ပြုပြင်ပြောင်းလဲမှုအောက်တွင် ဟဲချန်က လူတစ်ပိုင်း မိစ္ဆာတစ်ပိုင်း ဖြစ်တည်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့ရပြီး ဝူတိ၏ မိစ္ဆာမျိုးနွယ်စု မူလကို အပြည့်အဝ စုပ်ယူနိုင်စွမ်း ရှိသွားခဲ့ချေပြီ။
လူသားနှင့်မိစ္ဆာသွေးနှော မွေးဖွားလာသူများနှင့် မတူညီသည်မှာ ဟဲချန်က ရွှမ်ထျန်းတိုက်ကြီး၏ ပစ်မှတ်ထား ဖယ်ကျဉ်ခြင်းကို ခံရလိမ့်မည် မဟုတ်ဘဲ သူ၏ နောင်လာမည့် လုပ်ဆောင်ချက်များကြောင့် ကောင်းကင်ကြီး၏ မျက်နှာသာပေးမှုကို ခံရမည်ဖြစ်ကာ ကြီးမားလှသော ကံတရားများကို ပိုင်ဆိုင်ရပေလိမ့်မည်။
ဟဲချန်အနေဖြင့် စနစ်က ပြသထားသော ဇာတ်ညွှန်းအတိုင်းသာ ဆက်လက် တိုးတက်သွားမည်ဆိုပါက သူသည် တစ်နေ့တွင် သေချာပေါက် အစွမ်းထက်စွာ တောက်ပ လာမည့်နေ့ ရှိပေလိမ့်မည်။
သို့သော်လည်း မမျှော်လင့်သော မတော်တဆမှုများ မဖြစ်ပွားစေရန်အတွက် ရှုချွမ်းက ဟဲချန်၏ စိတ်ဝိညာဉ်အတွင်း၌ ချိပ်ပိတ်မှု တစ်ခုကို ထည့်သွင်းထားလိုက်သည်။
အကယ်၍ ဟဲချန်က နောင်တစ်ချိန်တွင် လူသားမျိုးနွယ်စုကို သစ္စာဖောက်ပြီး မိစ္ဆာမျိုးနွယ်စုထံသို့ တကယ်ပဲ ဝင်ရောက်သွားမည်ဆိုပါက သူ၏ စိတ်ထဲရှိ ဤကန့်သတ်ချက်က ချက်ချင်း သိရှိသွားမည်ဖြစ်ပြီး သူ့အား နေရာ၌တင် တိုက်ရိုက် သေ စေမည် ဖြစ်သည်။
ဤသည်မှာ ရှုချွမ်းက ရက်စက်လွန်း၍ မဟုတ်ဘဲ သူကိုယ်တိုင်၏ လက်ချက်ဖြင့် လူသားမျိုးနွယ်စုကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မည့် မိစ္ဆာမျိုးနွယ်စု၏ လက်နက်တစ်ခုကို မဖန်တီးလိုသောကြောင့် ဖြစ်ပေသည်။
မည်သို့ပင်ဖြစ်စေ သူသည်လည်း မဟာကမ္ဘာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေဆဲ မဟုတ်ပါလော။
ထို့ကြောင့်သာ သူက ဤကဲ့သို့သော အာမခံချက်တစ်ခုကို ချန်ထားခဲ့ခြင်း ဖြစ်သည်။
“မင်း မင်းရဲ့ မူလနှလုံးသားကို ဆက် ထိန်းသိမ်းနိုင်ပါစေလို့ မျှော်လင့်ပါတယ်”
ရှုချွမ်းက တိုးညင်းစွာ ရေရွတ်လိုက်မိသည်။
သူက စနစ်၏ ဇာတ်ညွှန်းကို မြင်တွေ့ထားခဲ့ပြီးဖြစ်၍ ဟဲချန်က နောင်တစ်ချိန်တွင် မိစ္ဆာမျိုးနွယ်စုကို ဆန့်ကျင်တိုက်ခိုက်မည့် လူသားမျိုးနွယ်စု၏ သူရဲကောင်းကြီးတစ်ဦး ဖြစ်လာမည်ကို သိရှိထားသော်လည်း ဖြစ်၏။
သို့သော်လည်း ယခုအခါ သူ၏ ကြားဝင်စွက်ဖက်မှုကြောင့် အရာအားလုံးမှာ ပြောင်းလဲသွားခဲ့ပြီဖြစ်ရာ နောက်ဆုံး ရလဒ်က မည်သို့ ဖြစ်လာမည်ကို မည်သူမျှ တိကျစွာ မပြောနိုင်တော့ပေ။
ဟဲချန်က ဝူတိ၏ မူလကို စုပ်ယူပြီးနောက် သူ၏ ကျင့်ကြံခြင်းနယ်ပယ်မှာ တရိပ်ရိပ် တက်လာခဲ့တော့သည်။
နာရီဝက်ပင် မပြည့်သေးသော အချိန်အတွင်းမှာပင် သူက နိဗ္ဗာနနယ်ပယ်သို့ တိုက်ရိုက် ချိုးဖျက် ဝင်ရောက်သွားခဲ့ချေပြီ။
၎င်းမှာ လေယာဉ်ပျံစီးထားသည့်အလား အလွန်တရာ မြန်ဆန်လှပေသည်။
ဤမျှလောက် မြန်ဆန်လှသော ကျင့်ကြံခြင်း တိုးတက်မှုကို မြင်ရလျှင် မည်သူက ဇဝေဇဝါ မဖြစ်ဘဲ နေနိုင်ပါမည်နည်း။
မည်သူက မနာလိုမဖြစ်ဘဲ နေနိုင်ပါမည်နည်း။
ဟဲချန်က မိစ္ဆာမျိုးနွယ်စု မူလနှင့် ထိုမူလ မိစ္ဆာချီတို့ကို လုံးဝဥဿုံ သန့်စင်ပြီးသွားချိန်တွင် သူ၏ ကိုယ်ပေါ်၌ ဝူတိ၏ အငွေ့အသက်အချို့ပင် စတင်၍ စိမ့်ထွက်လာခဲ့ပြီ ဖြစ်သည်။
ရှုချွမ်းက အိပ်ပျော်နေသော ဟဲချန်ကို စိုက်ကြည့်လိုက်ပြီးနောက် မိုင်အနည်းငယ်ဝေးသော တောအုပ်ကြီးတစ်ခုအတွင်းသို့ သူ့အား ရွှေ့ပြောင်းပေးလိုက်တော့သည်။
မကြာမီအချိန်အတွင်းမှာပင် သူ့အား လာခေါ်မည့် မိစ္ဆာမျိုးနွယ်စုဝင် သို့မဟုတ် လူသားမိစ္ဆာသွေးနှော များ ဤနေရာသို့ ရောက်ရှိလာကြပေလိမ့်မည်။
ကျန်ရှိနေသော ကိစ္စများအတွက်မူ သတိပြန်လည်လာမည့် ဟဲချန်ကိုယ်တိုင်သာ ဆုံးဖြတ်ချက်များ ချမှတ်လိမ့်မည်ဖြစ်၍ ရှုချွမ်းအနေဖြင့် စိုးရိမ်နေရန် မလိုအပ်တော့ပေ။
ဟဲချန်ကို ပို့ပြီးနောက် ရှုချွမ်းက ပျက်စီးယိုယွင်းနေသော တောင်ကြားကြီးနှင့် ပြန့်ကျဲနေသော မိစ္ဆာချီများကို ကြည့်ရင်း အတန်ငယ် မတတ်နိုင်သကဲ့သို့ ခံစားလိုက်ရသည်။
သူက တစ်နေ့တွင် သူ့ကိုယ်သူ ပတ်ဝန်းကျင် သန့်ရှင်းရေးသမားတစ်ဦးအဖြစ် လုပ်ရလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။
“စုစည်းစမ်း”
ရှုချွမ်းက လက်ကို ဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်ရှိ ပြန့်ကျဲနေသော မိစ္ဆာချီများအားလုံး ရှုချွမ်း၏ထံသို့ ချက်ချင်း ပြေးဝင်လာကြတော့သည်။
၎င်းနောက် ၎င်းတို့ကို တဖြည်းဖြည်းချင်း ဖိသိပ်လိုက်ရာ မကြာမီအတွင်းမှာပင် ထိုမိစ္ဆာချီများက အလုံးလေးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ရှုချွမ်း၏ နေမင်းအစစ်အမှန်မီးတောက် ၏ လောင်ကျွမ်းမှုနှင့်အတူ ချက်ချင်းပင် အစစ်အမှန် စွမ်းအားများအဖြစ် ပြောင်းလဲ၍ ကောင်းကင်နှင့်မြေကြီး အကြား လွင့်ပြယ်ပျောက်ကွယ်သွားခဲ့တော့သည်။
အကယ်၍ ရှုချွမ်းသာ ဤမိစ္ဆာချီများကို မရှင်းလင်းခဲ့ပါက ဤနေရာသည် နောင်တစ်ချိန်တွင် သေးငယ်သော မိစ္ဆာနယ်မြေတစ်ခုအဖြစ်သို့ သေချာပေါက် ပြောင်းလဲသွားပေလိမ့်မည်။
ဤမိစ္ဆာချီများ၏ ကူးစက်ခြင်းကို ခံရသော သတ္တဝါအားလုံးမှာလည်း ပုံသဏ္ဌာန် ပြောင်းလဲသွားကြပေလိမ့်မည်။
ထို့ပြင် ဤတောင်ကြားကြီးမှာ အနောက်ဘက် နယ်စပ်ဒေသမှ လင်းရှောင်မြို့သို့ သွားရာ တစ်ခုတည်းသော လမ်းကြောင်းပေါ်တွင် တည်ရှိနေခြင်း ဖြစ်သည်။
လူသားများနှင့် မိစ္ဆာသားရဲများက နေ့စဉ်နှင့်အမျှ ဤနေရာကို ဖြတ်သန်းသွားလာနေကြခြင်း ဖြစ်ပေသည်။
အချိန်ကြာလာသည်နှင့်အမျှ ရှုချွမ်း မမြင်တွေ့လိုသော ဆိုးဝါးသည့် ကိစ္စများ ဧကန်မုချ ဖြစ်ပေါ်လာပေလိမ့်မည်။
ရှုချွမ်း ၎င်းတို့ကို ရှင်းလင်းပြီးသွားသည့် အချိန်၌ပင် မြေပြင်ပေါ်တွင် သတိလစ်နေခဲ့ကြသော လူများမှာ တဖြည်းဖြည်းချင်း သတိပြန်လည်လာခဲ့ကြပြီ ဖြစ်သည်။
မိစ္ဆာမျိုးနွယ်စုများ ပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ရလျှင် သူတို့၏ မျက်နှာထက်တွင် ဘေးအန္တရာယ်မှ သီသီလေး လွတ်မြောက်ခဲ့ရသည့် ပျော်ရွှင်မှု အမူအရာများ ချက်ချင်း ထွက်ပေါ်လာကြတော့သည်။
လန်ဝူရွှမ်းသည်လည်း ဤအချိန်တွင် နိုးထလာခဲ့ပြီ ဖြစ်သည်။
သူမက ရှုချွမ်း၏ အနားသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့ပြီးနောက် စိုးရိမ်တကြီးဖြင့် ပြောလိုက်၏။
“ကူညီပေးခဲ့တဲ့အတွက် စီနီယာ့ကို အထူးပဲ ကျေးဇူးတင်ပါတယ်ရှင့်။ တကာ်လို့ စီနီယာသာ မကူညီခဲ့ရင် ဒီနေ့ ကျွန်မတို့အားလုံး ဒီနေရာမှာတင် အသက်ပျောက်သွားကြရမှာ သေချာပါတယ်”
သူမက ရှုချွမ်းအပေါ် အစစ်အမှန် နှလုံးသားဖြင့် ကျေးဇူးတင်နေခြင်း ဖြစ်သည်။
အကယ်၍ ရှုချွမ်းသာ မလှုပ်ရှားခဲ့ပါက ယနေ့တွင် မည်သည့်လူသားတစ်ဦးမျှ မိစ္ဆာမျိုးနွယ်စု၏ လက်ထဲမှ အသက်ရှင် လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။
သူမကိုယ်တိုင်ပင် ထိုအထဲမှ ကင်းလွတ်မည်မဟုတ်။
“ကိစ္စမရှိပါဘူး... လမ်းကြုံလို့ လုပ်ပေးခဲ့တာပါ” ရှုချွမ်းက လက်ကို ဝှေ့ယမ်းလိုက်ရင်း စိုးစဉ်းမျှပင် ဂရုမစိုက်ဟန် ပြလိုက်သည်။
“ဒါပေမဲ့လည်း... ကျွန်မတို့ စီနီယာ့ရဲ့ ကျေးဇူးကို မဖြစ်မနေ ကျေးဇူးတင်ရမှာပါ”
သူမ၏ ထက်သန်လှသော စိတ်ဓာတ်မှာ ရှုချွမ်း၏ အေးစက်မှုနှင့် ကြုံတွေ့ခဲ့ရသော်လည်း လန်ဝူရွှမ်းက စိုးစဉ်းမျှ ဒေါသထွက်ခြင်း မရှိပေ။
ပါရမီရှင်များအားလုံးတွင် သူတို့၏ မာနကိုယ်စီ ရှိကြသည်မှာ ဓမ္မတာပင် ဖြစ်ရာ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်၏ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးအတွက်မူ ဆိုဖွယ်ရာ ရှိပါမည်လော။
သို့သော်လည်း လူတိုင်း ဘေးအန္တရာယ်မှ လွတ်မြောက်ရသည့် ပျော်ရွှင်မှုများအတွင်း နစ်မြောနေကြသည့် အချိန်၌ပင် ရုတ်တရက် ထွက်ပေါ်လာသော မသာယာလှသည့် စကားသံတစ်ခုက ဤမြင်ကွင်းကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်တော့သည်။
ရုပ်ဆိုးလှသော အဘွားအိုတစ်ဦးက အဝတ်အစား အပိုင်းအစတစ်ခုကို ဆုပ်ကိုင်ထားရင်း အလွန်တရာ ဝမ်းနည်းပက်လက် ငိုယိုနေသည်ကို မြင်တွေ့လိုက်ရ၏။
သို့သော်လည်း သူမ၏ နှုတ်မှ ထွက်ပေါ်လာသော စကားလုံးများကမူ ရောက်ရှိနေသော လူအများစုကို ဒေါသထွက်သွားစေခဲ့သည်။
သူမက ထိုအဝတ်အစား အပိုင်းအစကို ကိုင်မြှောက်ထားရင်း ရှုချွမ်းကို လက်ညှိုးထိုးကာ ဆဲလိုက်တော့သည်။
“ဒါ အားလုံး နင့်ရဲ့ အပြစ်တွေပဲ မင်းမှာ ဒီလောက်အထိ အစွမ်းတွေ ရှိနေတာကို ဘာဖြစ်လို့ စောစောစီးစီး မလှုပ်ရှားခဲ့ရတာလဲ။ အခုတော့ ငါ့ရဲ့ သားလေး မိစ္ဆာမျိုးနွယ်စုရဲ့ ဝါးမြိုတာကို ခံလိုက်ရပြီ... ဒါ အားလုံး နင့်ကြောင့် ဖြစ်ရတာ”
ဤစကားလုံးများကို ကြားလျှင် ရှုချွမ်းပင်လျှင် မှင်တက်သွားခဲ့ရတော့သည်။
သူက သူအနေဖြင့် လူများကို ကယ်တင်ပေးခဲ့ပါလျက်နှင့် ကျေးဇူးတင်စကား မကြားရရုံမျှမကဘဲ ဘာကြောင့် ပြစ်မှုအားလုံး၏ တရားခံအဖြစ် အပြစ်ပုံချခြင်းကို ခံနေရသနည်းဟု လုံးဝ ထင်မှတ်မထားခဲ့မိပေ။
သို့သော်လည်း ရှုချွမ်းအား ပိုမို၍ စိတ်ပျက်အားလျော့သွားစေမည့် ကိစ္စများက နောက်ကွယ်တွင် ရှိနေသေးသည်။
လူအုပ်ကြီးအတွင်းမှ သူတို့၏ ဆွေမျိုးသားချင်းများကို ဆုံးရှုံးလိုက်ရသော အခြားလူအချို့သည်လည်း ထိုအဘွားအို၏ စကားကို ကြားရလျှင် ရှုချွမ်းကို ဝိုင်းဝန်း အပြစ်တင်သည့် အုပ်စုအတွင်းသို့ လာရောက် ပူးပေါင်းကြတော့သည်။
“ဟုတ်တယ်... ဒါ အားလုံး မင်းရဲ့ အပြစ်ပဲ၊ ဘာလို့ စောစော မလှုပ်ရှားခဲ့တာလဲ။ မင်း ငါ့ရဲ့ အမေ ကို သတ်လိုက်တာနဲ့ တူတူပဲ”
“မင်းလို လူယုတ်မာ... မင်းမှာ ဒီလောက်အထိ အစွမ်းတွေ ရှိနေတာကို ဘာလို့ ပုန်းနေရတာလဲ”
“မင်း လူတွေအများကြီးကို ဒုက္ခပေးခဲ့တာပဲ၊ မင်းရဲ့ နှလုံးသားက အဲ့မိစ္ဆာမျိုးနွယ်စုတွေထက်တောင် ပိုပြီး ရက်စက်လွန်းတယ်”
ကံကောင်းထောက်မစွာဖြင့် ရှုချွမ်းတွင် ကောင်းမွန်သော စိတ်နေသဘောထား ရှိနေခဲ့သော်လည်း ဖြစ်၏။
ဤအခိုက်အတန့်တွင် ထိုလူများက သူတို့၏ အသက်ကို မည်သူက ကယ်တင်ပေးခဲ့သည်ကို လုံးဝ မေ့လျော့သွားခဲ့ကြချေပြီ။
ထို့ပြင် သူတို့က ရှုချွမ်းက ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် သိုင်းပညာရှင်ကြီးတစ်ဦး ဖြစ်သည်ကိုလည်း လုံးဝ သတိမမူမိကြတော့ပေ။
အမျိုးမျိုးသော စွပ်စွဲချက်များနှင့် ကျိန်ဆဲသံများက သူတို့၏ ပါးစပ်မှနေ၍ တရစပ် ထွက်ပေါ်လာခဲ့တော့သည်။
ရှုချွမ်းသည်လည်း ဤအခိုက်အတန့်တွင် လူသားတို့၏ စရိုက်လက္ခဏာ မည်မျှအထိ ရှုပ်ထွေးကြောင်း ကိုယ်တိုင် မျက်ဝါးထင်ထင် ကြုံတွေ့လိုက်ရချေပြီ။
ကယ်တင်ပေးခဲ့သူကမူ ဆန့်ကျင်ဘက်အားဖြင့် အပြစ်သားကြီး ဖြစ်သွားခဲ့ရသည်။
မည်မျှအထိ ရယ်စရာ ကောင်းလှသနည်း။
ရှုချွမ်းမှာ သူတို့ကြောင့် ဒေါသထွက်ရမည့်အစား ရယ်ပင်ရယ်ချင်သွားခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် ဤကဲ့သို့သော လူမျိုးများမှာ အမြဲတစေ လူနည်းစုသာ ဖြစ်ကြပြီး လူအများစုမှာမူ ကျိုးကြောင်း ဆင်ခြင်တတ်ကြဆဲ ဖြစ်ပေသည်။
သူတို့အားလုံးက အသက်ကယ်ကျေးဇူးကို မေ့လျော့ကာ စော်ကားနေကြသော ထိုလူများကို ဝိုင်းဝန်း ကန့်ကွက် ရှုတ်ချကြတော့သည်။
စိတ်တိုတတ်သော လူအချို့ဆိုလျှင် ထိုလူများကို တိုက်ရိုက်ပင် ဝိုင်းဝန်း ထိုးနှက်ကြတော့၏။
နောက်ဆုံးတွင် ထိုအပြစ်တင်နေကြသော လူနည်းစုမှာ လူအများ၏ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် သေလုနီးပါး ဖြစ်သွားခဲ့ရပြီး လူတိုင်း၏ မုန်းတီးသော မျက်ဝန်းများအောက်တွင် တောင်ကြားကြီးအတွင်းမှ အသည်းအသန် ထွက်ပြေးသွားခဲ့ကြရတော့သည်။
လန်ဝူရွှမ်းသည်လည်း ဤအချိန်တွင် အလွန်တရာ ဒေါသထွက်နေခဲ့ရသည်။
သူမ ငယ်စဉ်ကတည်းက ဂိုဏ်းအတွင်း၌သာ ကြီးပြင်းလာခဲ့ရသဖြင့် လူသားတို့၏ နှလုံးသား မည်မျှအထိ ကောက်ကျစ် စက်ဆုပ်ဖွယ်ကောင်းကြောင်း တစ်ခါမျှ မကြုံတွေ့ဖူးပေ။
ဤလူများ၏ ပေါ်ထွက်လာမှုက သူမအား တကယ့်ကို ကြီးမားသော သင်ခန်းစာတစ်ခု ပေးအပ်လိုက်ခြင်း ဖြစ်သည်။
“လောကမှာ ဒီလိုလူမျိုးတွေ တကယ်ပဲ ရှိနေတာလား။ ငါသာ ကြိုသိခဲ့ရင် သူတို့ကို လုံးဝ ကယ်တင်မှာ မဟုတ်ဘူး”
လန်ဝူရွှမ်းက အလွန်တရာ ဒေါသတကြီးဖြင့် ပြောလိုက်သည်။
ဤအခိုက်အတန့်တွင် ရှုချွမ်းသည်လည်း အခြေအနေကို သဘောပေါက်သွားခဲ့ပြီး ထိုကိစ္စအပေါ် စိတ်ထဲ၌ ထပ်မံ၍ ထားရှိခြင်း မပြုတော့ဘဲ ပြုံးလျက် ပြောလိုက်တော့သည်။
“လောကမှာ လူကောင်းရှိသလို လူဆိုးလည်း ရှိတာ သဘာဝပဲ။ ဒီလိုလူတွေအတွက်နဲ့ စိတ်တိုနေရတာ လုံးဝ မတန်ပါဘူး”
“ကဲ... အားလုံးပဲ ပစ္စည်းတွေကို မြန်မြန်သိမ်းကြ၊ ငါတို့ ထွက်ခွာကြမယ်”
ရှုချွမ်းက ဤနေရာတွင် ထပ်မံ၍ အချိန်ဆွဲမနေလိုတော့ပေ။
သူက ယခုအခါ လင်းရှောင်ဂိုဏ်းသို့ အမြန်ဆုံး သွားရန်၊ တောင်ဘက်ဒေသနှင့် ပတ်သက်သော မိတ်ဆက်လမ်းညွှန်များကို ရယူရန်နှင့် ယင်းနောက် အရှေ့ဘက်ဒေသသို့ ပြန်မည့် ခရီးစဉ်ကို စတင်ရန်သာ အာရုံစိုက်လိုတော့သည်။
လန်ဝူရွှမ်းကို ကယ်တင်ခဲ့ခြင်းမှာလည်း အကြောင်းရင်းတစ်ခု ဖြစ်ပေသည်။
ဤကယ်တင်ခြင်း ကျေးဇူးနှင့်အတူ သူက နောင်လာမည့် ခရီးစဉ်အတွင်း မလိုအပ်သော ပြဿနာများစွာကို လျှော့ချနိုင်လိမ့်မည်ဟု ယုံကြည်ထားပေသည်။