← Chapters

အခန်း ၁၉၈

Vol. 20 Ch. 198

အခန်း ၁၉၈

Vol. 20 Ch. 198

အခန်း (၁၉၈) လင်းရှောင်ဂိုဏ်းသို့ ဦးတည်ခြင်း

“စီနီယာ... ဘယ်ကို သွားမှာလဲ၊ ကျွန်မ လမ်းပြပေးရမလား”

လန်ဝူရွှမ်းက ရိုသေစွာဖြင့် မေးလိုက်သည်။

"ကျွန်တော်ကို စီနီယာလို့ မခေါ်ပါနဲ့၊ ရှုချွမ်းလို့ပဲ ခေါ်ပါ”

ရှုချွမ်းအနေဖြင့် သူ့ထက် အသက် ပိုကြီးပုံရသောသူက စီနီယာဟု ထပ်တလဲလဲ ခေါ်ဆိုနေသည်ကို တကယ်ပဲ လက်ခံရန် ခက်ခဲလှပေသည်။

ထိုခံစားချက်က အလွန်တရာ စိတ်အနှောင့်အယှက် ဖြစ်ရလွန်းလှပေသည်။

တိကျစွာ ပြောရလျှင် သူက ယခုနှစ်တွင် အသက် ၁၉ နှစ်သာ ရှိသေးသည်။

သူ၏ အတိတ်ဘဝ ကမ္ဘာတွင်ဆိုပါက ဤအသက်အရွယ်သည် အရွယ်ရောက်ခါစ လူငယ်လေးတစ်ဦးမျှသာ ဖြစ်ပေသည်။

“လန်ဝူရွှမ်းက သခင်လေးရှုချွမ်းရဲ့ အသက်ကယ်ကျေးဇူးကို အထူးပဲ ကျေးဇူးတင်ပါတယ်ရှင်”

လန်ဝူရွှမ်းက သူမ၏ ကျေးဇူးတင်စကားကို ထပ်မံ၍ ဆိုလိုက်ပြီးနောက် ရှုချွမ်းအား သူမ၏ အမည်ကိုလည်း ပြောပြလိုက်သည်။

ရှုချွမ်းက လန်ဝူရွှမ်း၏ ဤကဲ့သို့ ခေါ်ဆိုပုံကို တိတ်တဆိတ် သဘောတူလိုက်၏။

သခင်လေးဟူသော အသုံးအနှုန်းက စီနီယာ၊ စီနီယာ ဟု အော်နေခြင်းထက် များစွာ ပိုမိုနားဝင်ချိုလှပေသည်။

“ဒီနေရာကနေ လင်းရှောင်ဂိုဏ်းက ဘယ်လောက်အထိ ဝေးသေးလဲ” ရှုချွမ်းက လန်ဝူရွှမ်းအား မေးလိုက်သည်။

သူက ဦးတည်ရာကို သိရှိပြီးနောက် အမြန်ဆုံး အရှိန်နှုန်းဖြင့် ထိုနေရာသို့ သွားရန် စီစဉ်နေခြင်းဖြစ်ပြီး လမ်းခရီး၌ အချိန်ဆွဲမနေလိုတော့ပေ။

“လင်းရှောင်ဂိုဏ်း ဟုတ်လား” လန်ဝူရွှမ်း အနည်းငယ် မှင်တက်သွားခဲ့ရသည်။

ဤမျှလောက် ငယ်ရွယ်ပြီးချောမောလှတဲ့ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် သိုင်းပညာရှင်ကြီးက လင်းရှောင်ဂိုဏ်းသို့ ဘာကြောင့် သွားချင်ရတာလဲ။

သူမက လင်းရှောင်ဂိုဏ်းနှင့် အလွန်တရာ ရင်းနှီးကျွမ်းဝင်လှပေသည်။

အမှန်တကယ်က သူမက လင်းရှောင်ဂိုဏ်းချုပ်၏ သမီးဖြစ်ပြီး လင်းရှောင်ဂိုဏ်း၏ အမည်ခံ ဂိုဏ်းချုပ်ငယ် ဖြစ်သောကြောင့်ဖြစ်သည်။

“သခင်လေးရှုချွမ်း... လင်းရှောင်ဂိုဏ်းကို သွားရတဲ့ ရည်ရွယ်ချက်က ဘာကြောင့်လဲဆိုတာ သိပါရစေ”

လင်းရှောင်ဂိုဏ်း၏ ဂိုဏ်းချုပ်ငယ်တစ်ဦးအနေဖြင့် ရှုချွမ်း၏ ရည်ရွယ်ချက်ကို မေးမြန်းရန်မှာ သူမ၏ တာဝန်ဖြစ်သည်ဟု လန်ဝူရွှမမး ခံစားလိုက်ရသည်။

သူမအနေဖြင့် လင်းရှောင်ဂိုဏ်းအတွင်းသို့ ဘေးအန္တရာယ်များကို ယူဆောင်မသွားနိုင်ပေ။

အဘယ်ကြောင့်ဆိုသော် သူမ၏ ဖခင်ဖြစ်သူပင်လျှင် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အဆင့် ၆ရှိသော သိုင်းပညာရှင်တစ်ဦးသာ ဖြစ်သောကြောင့် ဖြစ်သည်။

ထို့ပြင် ရှုချွမ်း ယခင်က ထုတ်ဖော်ပြသခဲ့သော တိုက်ခိုက်ရေးစွမ်းအားအရဆိုလျှင် ၎င်းက ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အထွတ်အထိပ် နှင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။

အကယ်၍ ရှုချွမ်းသာ လင်းရှောင်ဂိုဏ်းအပေါ် မကောင်းကြံစည်လိုပါက မည်သူမျှ တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။

“ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ပါဘူး၊ ကျွန်တော်အရှေ့ဘက်ဒေသကို ပြန်မယ့် ခရီးစဉ် ချောမွေ့အောင် တောင်ဘက်ဒေသအကြောင်းကို လေ့လာချင်လို့ပါ”

ရှုချွမ်းက ဤကိစ္စနှင့် ပတ်သက်၍ စိုးစဉ်းမျှ ဖုံးကွယ်ထားခြင်း မရှိပေ။

“ဒါဆိုရင် သခင်လေးရှုက တောင်ဘက်ဒေသကို ပထမဆုံးအကြိမ် ရောက်ဖူးတာပေါ့နော်” ရှုချွမ်း၏ စကားလုံးများအတွင်းရှိ အဓိပ္ပာယ်ကို ကြားလျှင် လန်ဝူရွှမ်း၏ မျက်လုံးများ တောက်ပသွားခဲ့ရသည်။

“ဟုတ်ပါတယ်” ရှုချွမ်းက ခေါင်းညိတ်လိုက်၏။

“ဒါဆိုရင် ကျွန်မ လမ်းပြပေးပါ့မယ်၊ ကျွန်မ လင်းရှောင်ဂိုဏ်းကို သွားမယ့်လမ်းကို ကောင်းကောင်း သိပါတယ်” လန်ဝူရွှမ်းက ပြောလိုက်သည်။

ရှုချွမ်း၏ ရည်ရွယ်ချက်နှင့် စိတ်ရင်းကို သိရှိရပြီးနောက် သူမက ယခင်ကကဲ့သို့ သံသယစိတ်များ ရှိမနေတော့ပေ။

“ကောင်းပါပြီ”

ဤသည်က ရှုချွမ်း၏ ရည်မှန်းချက် ဖြစ်ပေသည် ။

တစ်ဦးတည်း ဟိုဟိုဒီဒီ လျှောက်သွားနေရခြင်းထက် လမ်းပြမည့်သူရှိခြင်းက များစွာ ပိုမိုကောင်းမွန်လှပြီး ၎င်းမှာ လင်းရှောင်ဂိုဏ်းချုပ်၏ သမီးကိုယ်တိုင် လမ်းပြပေးနေခြင်း ဖြစ်ရာ မည်သူမျှ သူတို့ကို တားဆီးလိမ့်မည်မဟုတ်ဟု သူ ယုံကြည်ထားသည်။

ပြောပြီးသည်နှင့်တစ်ပြိုင်နက် ရှုချွမ်းသည် ယခင်က စစ်တုလင်း သူ့အား ပေးခဲ့ဖူးသော ကောင်းကင်အဆင့် လက်နက်နှင့် နှိုင်းယှဉ်နိုင်သည့် ရထားလုံးကြီးကို ထုတ်လိုက်တော့သည်။

သူက ဤရထားလုံးနှင့် အတောင်ပံပါသော ဧရာမ ကျားရဲကြီးကို ရွှေရောင်ရှေးဟောင်းနန်းတော် ကမ္ဘာအတွင်း၌သာ အမြဲတစေ သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။

သူ့တွင် အသုံးပြုရန် အခွင့်အရေး မရှိခဲ့သဖြင့် ၎င်းကို လုံးဝ မေ့လျော့လုနီးပါး ဖြစ်ခဲ့ရသည်။

ဤကျားရဲမိစ္ဆာသည်လည်း ရွှေရောင်ရှေးဟောင်းနန်းတော်ကမ္ဘာအတွင်းရှိ အမျိုးမျိုးသော ကောင်းကင်နှင့်မြေကြီး ရတနာများကို ဆက်တိုက် ဝါးမြိုခဲ့သဖြင့် ကမ္မနယ်ပယ် အဆင့် ၉ မိစ္ဆာသားရဲကြီးတစ်ကောင်အဖြစ်သို့ တိုက်ရိုက် တက်လှမ်း သွားခဲ့ပြီး ဖြစ်သည်။

လန်ဝူရွှမက ရှုချွမ်း ထုတ်ဖော်လိုက်သော အလွန်တရာ ဇိမ်ကျပြီး ဆန်းပြားလှသည့် ရထားလုံးကြီးနှင့် ၎င်းကို ဆွဲရန်အတွက် ကမ္မနယ်ပယ် အဆင့် ၉ မိစ္ဆာသားရဲကြီးကို အသုံးပြုထားသည်ကို မြင်ရလျှင် လွန်စွာ တုန်လှုပ်အံ့ဩသွားခဲ့ရတော့သည်။

တစ်ချိန်တည်းမှာပင် သူမက ရှုချွမ်း၌ ကြီးမားလှသော နောက်ခံရှိတယ်ဆိုတာ ယုံကြည်သွားတော့သည် ။

မဟုတ်ပါရင် သူက ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် ကျင့်ကြံခြင်းကို မည်သို့လျှင် ပိုင်ဆိုင်နိုင်ပါမည်နည်း။

ထို့ပြင် ခရီးသွားရန် သာမန်ရထားလုံးမျှသာ ဖြစ်သည်ကိုပင် ကောင်းကင်အဆင့် လက်နက်နှင့် နှိုင်းယှဉ်နိုင်ပြီး ၎င်းကို ဆွဲရန်အတွက် ကမ္မနယ်ပယ် အဆင့် ၉ မိစ္ဆာသားရဲကြီးကို အသုံးပြုထားရလောက်အောင် အလွန်တရာ ဖြုန်းတီးလွန်းလှပေသည်။

သူမ သိထားရမည်မှာ လင်းရှောင်ဂိုဏ်းအတွင်း၌ ကမ္မနယ်ပယ် အဆင့် ၉ ကျင့်ကြံခြင်းရှိသူဟူသည်မှာ မဟာအကြီးအကဲရာထူးနေရာကိုပင် ဝင်ရောက်ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီ ဖြစ်သောကြောင့်ပင်။

“သွားကြစို့... မင်း လမ်းပြပေးပါ”

ရှုချွမ်းက ရထားလုံးပေါ်သို့ လှမ်းတက်လိုက်ရင်း လန်ဝူရွှမ်းအား အတူတကွ လိုက်ပါရန် ဖိတ်ခေါ်လိုက်သည်။

လန်ဝူရွှမ်းက ရှက်သွေးဖြာလျက် ခေါင်းညိတ်လိုက်ပြီးနောက် ရထားလုံးပေါ်သို့ လိုက်ပါ တက်လာခဲ့တော့သည်။

သူမ ကြီးပြင်းလာခဲ့သည့် သက်တမ်းတစ်လျှောက်တွင် အမျိုးသားတစ်ဦးနှင့် ရထားလုံးတစ်စီးတည်း အတူတကွ စီးဖူးခြင်းမှာ ဤသည်က ပထမဆုံးအကြိမ် ဖြစ်သဖြင့် သဘာဝအတိုင်း အနည်းငယ် ရှက်ရွံ့နေမိခြင်း ဖြစ်သည်။

သို့သော်လည်း သူမက သူမကိုယ်သူမ လျင်မြန်စွာ ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် ကျန်ရှိနေသော အစောင့်များကို လှမ်း၍ အမိန့်ပေးလိုက်၏။

“နင်တို့ ဒီလူတွေကို လင်းရှောင်မြို့အထိ ဘေးကင်းအောင် ပို့ဆောင်ပေးကြ၊ ပြီးရင် လင်းရှောင်ဂိုဏ်းကို ချက်ချင်းပြန်လာပြီး အစီရင်ခံကြ”

“ဟုတ်ကဲ့ပါ သခင်မလေး” အစောင့်များက ရိုသေစွာဖြင့် ပြန်ဖြေ လိုက်ကြသည်။

သူတို့က လန်ဝူရွှမ်း၏ အမိန့်ကို မည်သည့် အခြေအနေမျိုးတွင်မဆို အကြွင်းမဲ့ နာခံကြသူများ ဖြစ်ကြသည်။

လန်ဝူရွှမ်းက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

၎င်းနောက် သူမနှင့် ရှုချွမ်းတို့က ရထားလုံးကို အတူတယ စီးကာ ထွက်ခွာရန် ပြင်ဆင်လိုက်ကြတော့၏။

“ဝေါင်း”

ကျားရဲမိစ္ဆာကြီးက ကမ္ဘာမြေကြီး တုန်ခါသွားလောက်မည့် အော် သံကြီးတစ်ခုကို ထုတ်ဖော်လိုက်ပြီးနောက် ၎င်း၏ ဧရာမ အတောင်ပံများကို ခတ်လိုက်ရာ ရထားလုံးကြီးကို တင်ဆောင်၍ ကောင်းကင်ယံထက်သို့ ပျံတက်သွားခဲ့တော့သည်။

၎င်းနောက် လန်ဝူရွှမး ပြသသော ဦးတည်ရာအတိုင်း လင်းရှောင်ဂိုဏ်းရှိရာ ဆီသို့ ထိတ်လန့်ဖွယ်ရာ အရှိန်အဟုန်ဖြင့် ပျံသန်း မောင်းနှင်သွားခဲ့တော့၏။

ဤကျားရဲမိစ္ဆာက ကမ္မနယ်ပယ် အဆင့် ၉ သို့ ရောက်ရှိထားသဖြင့် သူ၏ အမြန် နှုန်းမှာ ပို၍ပင် ထိတ်လန့်စရာ ကောင်းလှပြီး သူ၏ မူလ နတ်ဘုရားစွမ်းရည်မှာလည်း အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့ရာ ရှုချွမ်းကိုယ်တိုင်ပင် အံ့အားသင့်သွားခဲ့ရသည်။

ဤအမြန် နှုန်းမှာ သူကိုယ်တိုင်နှင့်ပင် ယှဉ်နိုင်လုနီးပါး ဖြစ်ပေသည်။

သူက နတ်ဘုရားစွမ်းရည်ဖြစ်သော 'ရွှေကျီးကန်း သက်တန့်အသွင်ကူးပြောင်းခြင်း'ကို တတ်မြောက်ထားသူ ဖြစ်သည်ကို သတိပြုရမည်။

တောင်ကြားအတွင်းရှိ လူသားအားလုံးက ကောင်းကင်ယံထက်သို့ ပျောက်ကွယ်သွားကြသော ထိုပုံရိပ်နှစ်ခုကို ကြည့်ရင်း ၎င်းတို့၏ မျက်နှာထက်တွင် မျှော်လင့်တောင့်တမှုများ ပြည့်နှက်နေခဲ့ကြသည်။

သူတို့အားလုံးက တစ်နေ့တွင် သူတို့ကိုယ်တိုင်လည်း ဤကဲ့သို့သော အစွမ်းထက် ကျွမ်းကျင်သူများ ဖြစ်လာပြီး ကောင်းကင်နှင့်မြေကြီး အကြား လွတ်လပ်စွာ လှည့်လည်နိုင်မည့်နေ့ကို စိတ်ကူးယဉ်နေကြတော့သည်။

ရှုချွမ်း၏ နောက်သို့ လိုက်ပါလာခဲ့သော ဟဲချန်က မည်သည့်အချိန်ကတည်းက တောင်ကြားကြီးအတွင်းမှ ပျောက်ကွယ်သွားခဲ့သည်ကို မည်သူမျှ သတိမပြုမိလိုက်ကြပေ။

သူက ကိုယ်ပျောက်လူသားတစ်ဦးကဲ့သို့ ဖြစ်နေခဲ့ပြီး သူ၏ ပျောက်ကွယ်သွားမှုက မည်သူ့၏ အာရုံကိုမျှ ဆွဲဆောင်နိုင်ခြင်း မရှိခဲ့ပေ ။

ရှုချွမ်းက ဝေးကွာသော နေရာတစ်ခုသို့ ရွှေ့ပြောင်းပေးလိုက်သော ဟဲချန်သည်လည်း ဤအခိုက်အတန့်တွင် ဖြည်းညှင်းစွာ သတိပြန်လည်လာခဲ့ပြီ ဖြစ်သည်။

“အစ်ကိုရှုချွမ်း... မိစ္ဆာ ဘယ်ရောက်သွားလဲ၊ သေသွားပြီလား” သူက သူ၏ နာကျင်နေသော မျက်ဝန်းများကို ပွတ်သပ်လိုက်ရင်း ရှုချွမ်းအား မသိစိတ်ဖြင့် လှမ်း၍ မေးလိုက်သည်။

သို့သော်လည်း သူ၏ မေးခွန်းကို မည်သူမျှ ပြန်ဖြေခြင်း မရှိပေ။

ထိုအချိန်မှသာ သူက သူ၏ လက်ရှိ ပတ်ဝန်းကျင်မှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီး သူမှလွဲ၍ အခြားမည်သူမျှ ရှိမနေသည်ကို သတိပြုမိလိုက်တော့သည်။

“ဟင်... ငါ ဘယ်ရောက်နေတာလဲ။ အစ်ကိုရှုချွမ်းကော ဘယ်မှာလဲ။ အခြားလူတွေကော ဘယ်ရောက်ကုန်ပြီလဲ”

ဟဲချန် အနည်းငယ် ကယောက်ကယက် ဖြစ်သွားခဲ့ရသည်။

သူ နိုးလာချိန်တွင် ဘာကြောင့် တောအုပ်ထဲသို့ ရောက်ရှိ‌ေနတာလဲ။

သူ့တွင် မည်သည့် ပြင်ဆင်မှုမျှ မရှိသေးပေ ။

သူ ဘာဆက်လုပ်ရပါမည်နည်း။

သူက သူ၏ ခန္ဓာကိုယ်မှာ လုံးဝ ပြုပြင်ပြောင်းလဲသွားခဲ့ပြီး သာမန်လူတစ်ယောက် မဟုတ်တော့ဘဲ အစစ်အမှန် နိဗ္ဗာနနယ်ပယ်သိုင်းပညာရှင်တစ်ဦး ဖြစ်လာခဲ့သည်ကို လုံးဝ သတိမပြုမိသေးသည်မှာ ထင်ရှားလှပေသည်။

ထိုအချိန်၌ပင် တောအုပ်၏ အတွင်းပိုင်းမှနေ၍ ဝံပုလွေမိစ္ဆာတစ်ကောင်က ဟဲချန်၏ ထံသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာခဲ့ချေပြီ။

ယခုအခါ ဇဝေဇဝါဖြစ်နေသော ဟဲချန်က သူ့ထံသို့ ကပ်ပါလာသော ဘေးအန္တရာယ်ကို လုံးဝ သတိမမူမိသေးပေ။

ဤဝံပုလွေမိစ္ဆာမှာ ချီစုစည်း ခြင်းနယ်ပယ် အဆင့် ၁ ဝံပုလွေအထီးတစ်ကောင် ဖြစ်ပြီး မကြာသေးမီကမှ ဝံပုလွေအုပ်စု၏ ဝံပုလွေဘုရင်အသစ်၏ နှင်ထုတ်ခြင်းကို ခံခဲ့ရသူ ဖြစ်သည်။

၎င်းက အလွန်တရာ ဆာလောင်မွတ်သိပ်နေခဲ့ပြီး သူ့အရှေ့ရှိ ဟဲချန်က သူ့အား အလွန် ဆွဲဆောင်နေခဲ့သည်။

ရား...

၎င်းက ဟဲချန်၏ အနောက်သို့ တိတ်တဆိတ် ကပ်လာခဲ့ပြီး သူ၏ အမဲလိုက်စွမ်းရည် ကို အစွမ်းကုန် ထုတ်ဖော်နေခဲ့သည်။

၎င်းက ဟဲချန်နှင့် မီတာ ဝက်ခန့်သာ ဝေးတော့သည့် အကွာအဝေးသို့ ရောက်ရှိလာချိန်တွင် တစ်ချက်တည်းဖြင့် ဟဲချန်၏ လည်ပင်းကို ကိုက်ဖြတ်ပစ်နိုင်တော့မည်ဖြစ်ရာ ၎င်းက ကောင်းကင်တုန်မတတ် အော်ဟစ်လိုက်ပြီးနောက် ရှေ့သို့ ခုန်အုပ်၍ ဟဲချန်ကို ကိုက်ခဲရန် ကြံစည်တော့သည်။

ထိုအသံကို ကြားလျှင် ဟဲချန် ချက်ချင်းပင် သတိဝင်လာခဲ့ပြီး ခေါင်းကို လှည့်ကြည့်လိုက်ရာ ဝံပုလွေမိစ္ဆာ၏ ပါးစပ်ကြီးမှာ သူ့ အရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။

“အား...”

သူ့တွင် ရှောင်တိမ်းရန် အချိန်မရှိတော့သဖြင့် မျက်စိကို တင်းကျပ်စွာ ပိတ်ထားလိုက်ရင်း လက်နှစ်ဖက်ကို အရူးအမူး ဝှေ့ယမ်းလိုက်ပြီး ထိုဝံပုလွေမိစ္ဆာကို ခြောက်လှန့်ရန်သာ ကြိုးပမ်းလိုက်တော့သည်။

သို့သော်လည်း အလွန်တရာ ဆာလောင်နေသော ဝံပုလွေမိစ္ဆာမှာမူ စိုးစဉ်းမျှ မကြောက်ရွံ့ဘဲ သူ၏ မျက်ဝန်းထဲတွင် ရက်စက်မှုများနှင့် အစားအစာအပေါ် လောဘဇောများဖြင့် ပြည့်နှက်နေခဲ့သည်။

ဝံပုလွေမိစ္ဆာက ဟဲချန်၏ လည်ပင်းကို ကိုက်ဖြတ်တော့မည့် ဆဲဆဲ အခိုက်အတန့်တွင်ပင် ဟဲချန်၏ လက်သီးချက်က ဝံပုလွေမိစ္ဆာ၏ ဦးခေါင်းထက်သို့ တိုက်ရိုက် သက်ဆင်းသွားခဲ့တော့သည်။

“အား...”

နာကျင်စွာ အော်ဟစ်သံတစ်ချက် ချက်ချင်း ထွက်ပေါ်လာခဲ့ပြီးနောက် ဝံပုလွေမိစ္ဆာကြီးမှာ ဟဲချန်၏ လက်သီးချက်ကြောင့် တိုက်ရိုက်ပင် နောက်သို့ လွင့်ထွက်သွားခဲ့ရပြီး မြေပြင်ပေါ်တွင် အကြိမ်အနည်းငယ် ရုန်းကန်ညည်းတွားပြီးနောက် ချက်ချင်းပင် အသက်ပျောက်သွားခဲ့ရရှာတော့သည်။

“ဘာ...”

ဟဲချန် မျက်လုံးကို ဖွင့်လိုက်ပြီး ဤမြင်ကွင်းကို မယုံကြည်နိုင်လောက်သော မျက်နှာထားဖြင့် စိုက်ကြည့်နေမိတော့သည်။

သူက သူ၏ လက်ဗလာဖြင့် မိစ္ဆာသားရဲတစ်ကောင်ကို တိုက်ရိုက် သတ်ဖြတ်နိုင်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိပေ။

ထိုအချိန်၌ပင် ထူးဆန်းလှသော သတင်းအချက်အလက်အချို့ ဟဲချန်၏ စိတ်ထဲသို့ ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး သူ၏ ဦးနှောက်တစ်ခုလုံးကို ခဏချင်းအတွင်း ပြည့်နှက်သွားစေခဲ့တော့သည်။

All Chapters