← Chapters

အခန်း ၁၉၉

Vol. 20 Ch. 199

အခန်း ၁၉၉

Vol. 20 Ch. 199

အခန်း (၁၉၉) လန်ထျန်းဟန်၊ သရုပ်မှန်

အား... နာလှချေလား။

ဟဲချန်က ဤမျှလောက် ကြီးမားလှသော သတင်းအချက်အလက်များကို တစ်ပြိုင်နက်တည်း လက်ခံရရှိလိုက်သဖြင့် သူ၏ ဦးနှောက်အတွင်း၌ ပြင်းထန်လှသော နာကျင်မှုများ ချက်ချင်း ပြည့်နှက်သွားခဲ့ရသည်။

ဤမှတ်ဉာဏ်များမှာ ဝူတိ မသေဆုံးမီက ချန်ထားခဲ့သော မူလ မိစ္ဆာချီအတွင်း ပါရှိနေခဲ့သည့် အရာများ ဖြစ်ကြသည်။

အခြားတစ်ပိုင်းမှာမူ ရှုချွမ်းက ဟဲချန်အတွက် ချန်ထားခဲ့သော အကြံပေးချက်များနှင့် ရှင်းလင်းချက်များ ဖြစ်ပေသည်။

အတန်ငယ် ကြာမြင့်သွားပြီးနောက်မှသာ ဟဲချန်က သူ၏ စိတ်ထဲရှိ မှတ်ဉာဏ်များကို ဖြည်းဖြည်းချင်း ရှင်းလင်းနိုင်ခဲ့တော့သည်။

ဤအခိုက်အတန့်တွင် သူက အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့ရ၏။

သူက လက်ကို သာမန်ကာလျှံကာ ဝှေ့ယမ်းလိုက်ရာ သူ၏ ရှေ့မှောက် ဟင်းလင်းပြင်တွင် ရေဘောလုံး လေးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထိုရေပြင် ထက်၌ ပေါ်လာသော သူ့ကိုယ်သူ ပြန်ကြည့်ရင်း ပါးစပ်ကို ဖွင့်လိုက်မိပြီး စိတ်ထဲမှ ဘာတွေးနေမှန်းပင် မသိတော့ပေ။

အချိန်အတော်ကြာပြီးနောက်မှသာ ဟဲချန်က ခါးသီးစွာ ပြုံးလိုက်ရင်း ရေရွတ်လိုက်မိတော့သည်။

“ဒီလိုမှတော့လည်း... ငါ အစ်ကိုရှုချွမ်းရဲ့ စေတနာတွေကို လုံးဝ အလဟဿ အဖြစ်မခံနိုင်ဘူး”

သူက သူ့ကိုယ်သူ ဘာကြောင့် ယခုကဲ့သို့ ဖြစ်သွားခဲ့သည်ကို ကောင်းစွာ နားလည်သွားခဲ့ပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူက သူ၏ ပါရမီ မည်မျှအထိ ညံ့ဖျင်းလှသည်ကိုလည်း သိရှိသွားခဲ့ရချေပြီ။

အကယ်၍ သူသာ လင်းရှောင်ဂိုဏ်းသို့ ဝင်ခွင့်ရပြီး အဆင့်ဆင့် ကြိုးစားကျင့်ကြံခဲ့သည့်တိုင်အောင် နောက်ဆုံးတွင် ဆားငန်ရေကို သဲထဲသွန်လိုက်သကဲ့သို့သာ ဖြစ်ပေလိမ့်မည်။

ယခုမူ ရှုချွမ်း၏ ကူညီပေးမှုကြောင့် သူက တစ်ခဏချင်းအတွင်း သိုင်းပညာရှင်ကြီးတစ်ဦး ဖြစ်လာခဲ့ရသည်။

၎င်းအတွက် ပေးဆပ်ရသော တန်ဖိုးမှာ လူတစ်ပိုင်း မိစ္ဆာတစ်ပိုင်း ဖြစ်တည်မှု ဖြစ်သွားခဲ့ရခြင်း ဖြစ်သော်လည်း ဤအရာအားလုံးမှာ လုံးဝ တန်ဖိုးရှိလှပေသည်။

တစ်ချိန်တည်းမှာပင် သူက သူ၏ တာဝန်ကိုလည်း ကောင်းစွာ နားလည်သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

သူက မည်သည့်အခါမျှ အစစ်အမှန် မိစ္ဆာလမ်းစဉ်သို့ ကျဆင်းသွားလိမ့်မည်မဟုတ်ဟု ဟဲချန် သူ၏ နှလုံးသားအတွင်း တိတ်တဆိတ် ကျိန်ဆိုလိုက်တော့သည်။

သူက ရှုချွမ်း၏ စေတနာကောင်းကို အချည်းနှီး မဖြစ်စေရပေ။

အရာအားလုံးကို တွေးပြီးနောက် ဟဲချန်က မတ်တတ်ရပ်လိုက်ကာ သူ၏ အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြင်ဆင်လိုက်ပြီးနောက် သူ့အား လာခေါ်မည့် မိစ္ဆာမျိုးနွယ်စုဝင်များကို ငြိမ်သက်စွာဖြင့် စောင့်ဆိုင်းနေလိုက်တော့သည်။

ယခုအချိန်မှစ၍ သူက ဝူတိ၏ နေရာကို အစားထိုးကာ မိစ္ဆာမျိုးနွယ်စုအတွင်းသို့ သူလျှိုအဖြစ် ဝင်ရောက်ပြီး ရွှမ်ထျန်း တိုက်ကြီးကို ကာကွယ်ရန်အတွက် အားထုတ်တော့မည် ဖြစ်ပေသည်။

မကြာမီအချိန်အတွင်းမှာပင် လူသားမိစ္ဆာသွေးနှော တစ်ဦးက ဤနေရာသို့ တိတ်တဆိတ် ရောက်ရှိလာခဲ့သည်။

ဟဲချန် ရပ်နေသည်ကို မြင်လျှင် သူ၏ မျက်လုံးများမှာ ချက်ချင်း တောက်ပသွားခဲ့၏။

“နှုတ်ဆက်ပါတယ်... အရှင်ဝူတိ” သူက ဟဲချန်အား ရိုသေစွာဖြင့် ဦးညွှတ်လိုက်သည်။

“စကားအပိုတွေ ပြောမနေနဲ့တော့။ ငါ့ကို အခြေစိုက်စခန်းဆီ အမြန်ဆုံး ခေါ်သွားစမ်း။ ငါ ချိပ်ပိတ်မှုက လွတ်မြောက်လာတဲ့ သတင်းက ပေါက်ကြားသွားပြီဖြစ်လို့ ဒီနေရာမှာ ကြာကြာနေဖို့ မသင့်တော်ဘူး”

အချိန်တိုလေးအတွင်းမှာပင် ဟဲချန်က ဝူတိ၏ ပုံစံအတိုင်း လုံးဝ နစ်မြောဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။

“ဟုတ်ကဲ့ပါ... ကျွန်တော့်နောက် လိုက်ခဲ့ပါ”

...

အခြားတစ်ဖက်တွင်မူ လန်ဝူရွှမ်း၏ လမ်းပြမှုအောက်တွင် ရှုချွမ်းက ရထားလုံးကို မောင်းနှင်ကာ လင်းရှောင်ဂိုဏ်း၏ တောင်တံခါး ဆီသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့တော့သည်။

“ဟေး... ကြည့်စမ်း၊ အဲ့ဒါ ဘာလဲ”

“ဘယ်လောက်တောင် ကြီးမားတဲ့ ကျားရဲမိစ္ဆာကြီးလဲ”

“ဘယ်လောက်တောင် ထိတ်လန့်စရာကောင်းတဲ့ အရှိန်အဝါလဲ ဒီကျားရဲကြီးက ငါတို့ လင်းရှောင်ဂိုဏ်းဆီ ဦးတည်လာနေတာပဲ၊ ငါတို့ဂိုဏ်းကို တိုက်ခိုက်မလို့လား”

“ဂိုဏ်းချုပ်ဆီ ချက်ချင်းသွားပြီး အစီရင်ခံကြ”

ကောင်းကင်ယံထက်တွင် ပျံသန်းလာသော ထိတ်လန့်ဖွယ် ကျားရဲကြီးကို မြင်လျှင် လင်းရှောင်ဂိုဏ်း၏ တောင်တံခါး ရှိ တပည့်များမှာ ချက်ချင်းပင် ကယောက်ကယက် ဖြစ်သွားကြတော့သည်။

သူတို့က အော်ဟစ်လျက် စတင်၍ ထိတ်လန့်ကုန်ကြတော့၏။

သူတို့က ထိုကျားရဲကြီး၏ ခန္ဓာကိုယ်ကြီးအနောက်တွင် အလွန်တရာ ဆန်းကြယ် လှသော ရထားလုံးကြီးတစ်စီး ရှိနေပြီး ၎င်းထက်၌ လူနှစ်ဦး ရပ်နေသည်ကို လုံးဝ သတိမမူမိကြပေ။

“ဘယ်က ပါရမီရှင်က ငါတို့ လင်းရှောင်ဂိုဏ်းရဲ့ တောင်တံခါး မှာ ဒီလောက်တောင် ရဲတင်းနေရတာလဲ"

ရှုချွမ်းနှင့် လန်ဝူရွှမ်းတို့ တောင်တံခါး ၏ အပြင်သို့ ဆင်းသက်တော့မည့် ဆဲဆဲ အခိုက်အတန့်၌ပင် ကောင်းကင်ယံထက်၌ ခံ့ညားလှသော အသံကြီးတစ်သံ ဟိန်းထွက်လာခဲ့သည်။

၎င်းနောက်တွင် ထိတ်လန့်ဖွယ်ရာ ဓားချီတစ်ခုက ကျားရဲကြီးဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာခဲ့တော့သည်။

၎င်းက ကျားရဲကြီးကို ထိမှန်တော့မည့်အချိန်၌ ရှုချွမ်းက လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ ဓားချီမှာ ထွက်လာခဲ့ပြီး ထိုဓားချီကို ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်တော့သည်။

ဓားချီ ပိတ်ဆို့ခံလိုက်ရပြီးနောက် လင်းရှောင်ဂိုဏ်းအတွင်းမှနေ၍ သက်လတ်ပိုင်းအရွယ် ပုံရိပ်တစ်ခု ပျံသန်းထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ယံရှိ ကျားရဲကြီးကို တည်ကြည်သော မျက်နှာထားဖြင့် စိုက်ကြည့်လိုက်သည်။

“ မိတ်ဆွေ... ကျွန်‌ေတာ်တို့ လင်းရှောင်ဂိုဏ်းကို ဘာကိစ္စနဲ့ ကြွလာတာလဲဆိုတာ သိပါရ‌ေစ”

သူ၏ ဓားချီမှာ လွယ်လွယ်ကူကူ ဖျက်ဆီးခံလိုက်ရသည်ကို မြင်ရလျှင် သူက ကျားရဲကြီး၏ အနောက်မှ ရထားလုံးကို သတိပြုမိလိုက်ပြီး အောက်ခြေရှိ တပည့်များမှာ အလန့်တကြားဖြင့် ကယောက်ကယက် ဖြစ်နေကြခြင်းသာ ဖြစ်ကြောင်း ချက်ချင်း သိရှိလိုက်ရသည်။

တစ်ချိန်တည်းမှာပင် သူက ထိုတပည့်များအပေါ် အနည်းငယ် စိတ်ပျက်သွားခဲ့ရသည်။

အခြေအနေကို သေချာစွာ မသိရှိရသေးဘဲ ဘာကြောင့် ဤမျှလောက်အထိ အော်ဟစ်နေကြသနည်း။

သို့သော်လည်း သူက ဤမျှနှင့် လုံးဝ စိတ်မချရဲသေးပေ။

အကြောင်းမူကား သူ၏ တိုက်ခိုက်မှုကို တစ်ဖက်လူက အလွန်တရာ လွယ်ကူစွာ ချေဖျက်နိုင်ခဲ့သောကြောင့် ဖြစ်သည်။ ထင်ရှားသည်မှာ တစ်ဖက်လူ၏ ခွန်အားက သူ၏ထက် လုံးဝ မနိမ့်ပေ။

ဤမျှလောက် အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး သူ၏ လင်းရှောင်ဂိုဏ်းသို့ ကြွလာခြင်းက လုံးဝ သာမန်ကိစ္စ မဟုတ်ပေ။

ကျားရဲကြီးက တောင်တံခါး ၏ အပြင်သို့ ဖြည်းညှင်းစွာ ဆင်းသက်လိုက်ပြီးနောက် ရှုချွမ်းက ရထားလုံးပေါ်မှ လှမ်းဆင်းလိုက်ရာ လန်ဝူရွှမ်းသည်လည်း ရှုချွမ်း၏ အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါ ဆင်းသက်လာခဲ့သည်။

ထိုသက်လတ်ပိုင်းလူကို မြင်လျှင် လန်ဝူရွှမ်း၏ မျက်နှာထက်တွင် ချက်ချင်းပင် ဝမ်းမြောက်ဖွယ် အမူအရာများ ပေါ်ထွက်လာခဲ့တော့သည်။

“ အဖေ... သမီး ပြန်လာပြီ”

ပြောရင်း သူမက ထိုသက်လတ်ပိုင်းလူ၏ ရင်ခွင်အတွင်းသို့ တိုက်ရိုက် ဖက်လိုက်ရာ သူမ၏ မျက်နှာထက်တွင် ဝမ်းမြောက်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

အမှန်ပင်... ဤသက်လတ်ပိုင်းလူက လင်းရှောင်ဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ်ဖြစ်သော လန်ထျန်းဟန် ဖြစ်ပြီး ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် အဆင့် ၈ သိုင်းပညာရှင်တစ်ဦးဖြစ်ကာ လန်ဝူရွှမ်း၏ ဖခင်လည်း ဖြစ်ပေသည်။

“တကယ်ပဲ သမီးလား”

လန်ဝူရွှမ်းးကို မြင်လျှင် လန်ထျန်းဟန်လည်း အံ့အားသင့်သွားခဲ့ရ၏။

သူ၏ တွက်ချက်မှုအရဆိုပါက လန်ဝူရွှမ်း လင်းရှောင်ဂိုဏ်းသို့ ပြန်လည်ရောက်ရှိရန်အတွက် အနည်းဆုံး နောက်ထပ် ဆယ်ရက်ခန့် လိုအပ်သေးသည်။

သို့သော်လည်း ယခုအခါ သူမက သတ်မှတ်ထားသော ရက်ထက် ဆယ်ရက်ခန့် စော၍ ပြန်လည်ရောက်ရှိလာခဲ့ရုံတင်မကဘဲ သူမနှင့်အတူ အလွန်တရာ အစွမ်းထက်ပုံရသော လူငယ်တစ်ဦးလည်း ပါဝင်နေခဲ့သည်။

“ဒါ... ဒါက ဘယ်သူလဲ” လန်ထျန်းဟန်က ရှုချွမ်းကို လက်ညှိုးထိုးပြရင်း လန်ဝူရွှမ်းအား မေးလိုက်သည်။

“​အ ဖေ... ဒါက သမီးရဲ့ အသက်သခင် ကျေးဇူးရှင် သခင်လေး ရှုချွမ်း ပါ။ တကယ်လို့ သူသာ မရှိခဲ့ရင် အဖေ သမီးကို နောက်တစ်ခါ တွေ့ရတော့မှာ မဟုတ်ဘူး”

လန်ဝူရွှမ်းးက ရှုချွမ်းအား လန်ထျန်းဟန်ကို မိတ်ဆက်ပေးလိုက်သည်။

တစ်ချိန်တည်းမှာပင် သူမ၏ ရင်ထဲ၌ ထိတ်လန့်တုန်လှုပ်မှုများ ရှိနေဆဲ ဖြစ်သည်။

သူမက အနောက်ဘက်ဒေသရှိ ဝမ်ချန်းတောင်တန်းတွင်ပင် ယခုကဲ့သို့သော သေရေးရှင်ရေး ဘေးအန္တရာယ်နှင့် မကြုံတွေ့ခဲ့ဖူးပေ။

သို့သော်လည်း ပြန်လာမည့် လမ်းခရီး၌မူ သူမက ထိုနေရာ၌တင် သေဆုံးသွားရလုနီးပါး ဖြစ်ခဲ့ရသည်။

“ဟင်... ဘာတွေ ဖြစ်ခဲ့လို့လဲ။ သမီး တစ်နေရာရာများ ထိခိုက်မိသေးလား”

လန်ဝူရွှမ်း၏ စကားကို ကြားလျှင် လနမထျန်းဟန်က စိုးရိမ်တကြီးဖြင့် လန်ဝူရွှမ်း၏ ခန္ဓာကိုယ်ကို ချက်ချင်း စစ်ဆေးတော့သည်။

သူမ မည်သည့်ဘေးအန္တရာယ်နှင့် ကြုံတွေ့ခဲ့ရသဖြင့် ဤမျှအထိ စိုးရိမ်စရာ ဖြစ်ခဲ့ရသနည်း။

“ အဖေ... သမီး ဘာမှမဖြစ်ပါဘူး၊ ဒါ အားလုံး သခင်လေးရှုချွမ်းကြောင့်ပါ”

“ အဖေကလည်း... သခင်လေးရှုချွမ်းကို ဂိုဏ်းထဲဝင်ပြီး နားဖို့ ဖိတ်ခေါ်ဦးလေ”

“ဒီတစ်ခေါက် လမ်းခရီးမှာ ဘာတွေ ကြုံတွေ့ခဲ့ရသလဲဆိုတာကို သမီး နောက်မှ အဖေ့ကို သေသေချာချာ ပြောပြပါ့မယ်”

လန်ဝူရွှမ်းက ပြောလိုက်သည်။

“ဟုတ်တယ်... ဟုတ်တယ်... အဖေ မေ့သွားတယ်” လန်ထျန်းဟန်က အလျင်စလို ပြောလိုက်တော့သည်။

သူ၏ သမီးဖြစ်သူ၏ အသက်ကယ်ကျေးဇူးရှင်အတွက် လန်ထျန်းဟန်က သူ၏ သံသယစိတ်အားလုံးကို လုံးဝ စွန့်လွှတ်လိုက်ပြီးနောက် ရှုချွမ်းအား လင်းရှောင်ဂိုဏ်းအတွင်းသို့ ဝင်ရောက်ရန် ဖိတ်ခေါ်လိုက်တော့သည်။

“ဒါဆိုရင်တော့... ဂိုဏ်းချုပ်လင်ရဲ့ ဖိတ်ခေါ်မှုကို ကျေးဇူးတင်ပါတယ်”

ရှုချွမ်းသည်လည်း အားနာမနေတော့ဘဲ သားအဖနှစ်ဦးနှင့်အတူ လင်းရှောင်ဂိုဏ်းအတွင်းသို့ ဝင်ရောက်ခဲ့ပြီး လင်းရှောင်ဂိုဏ်း၏ ဧည့်ခံခန်းမသို့ ရောက်ရှိလာခဲ့ကြတော့သည်။

ဤအချိန်တွင် ဧည့်ခံခန်းမအတွင်း၌ လူများဖြင့် ပြည့်နှက်နေခဲ့ပြီဖြစ်ရာ ၎င်းတို့အားလုံးမှာ လင်းရှောင်ဂိုဏ်းအတွင်းရှိ အကြီးအကဲများနှင့် ပါရမီရှင် တပည့်များဖြစ်ကြသည်။

သူတို့အားလုံးက တောင်ကြား၌ မိစ္ဆာသားရဲ တိုက်ခိုက်လာသည်ဟူသော သတင်းကို ရရှိခဲ့ကြခြင်း ဖြစ်သည်။

သို့သော်လည်း ၎င်းမှာ စိုးရိမ်စရာမရှိသော သတင်းအမှားတစ်ခုသာ ဖြစ်သွားခဲ့ရသည်။

ထို့နောက် ရှုချွမ်း ပေါ်လာခဲ့ပြီး လန်ထျန်းဟန်က သူ့အား ဖိတ်ခေါ်ခဲ့သဖြင့် သူတို့အားလုံးက ဂိုဏ်းချုပ်ငယ်၏ အသက်ကယ်ကျေးဇူးရှင် ရှုချွမ်းအား ဧည့်ခံရန်အတွက် ဧည့်ခံခန်းမအတွင်းသို့ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။

“သခင်လေးရှုချွမ်း... သမီးလေးရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။ ကျွန်တော် လန်ထျန်းဟန်က ဒီကျေးဇူးကို ဘဝဆက်တိုင်း မေ့မှာမဟုတ်ပါဘူး”

“ငါတို့ ဂိုဏ်းရဲ့ ဧည့်ဝတ်ပြုမှုက အတန်ငယ် လိုအပ်ချက် ရှိနေခဲ့ရင်လည်း သခင်လေးရှုအနေနဲ့ ခွင့်လွှတ်ပေးပါ”

လန်ထျန်းဟန်က ရှုချွမ်းကို ပြောလိုက်သည်။

လမ်းခရီးတွင် သူက ကိစ္စအားလုံးကို ကြားသိခဲ့ရပြီဖြစ်သဖြင့် သူ၏ ရင်ထဲ၌ ထိတ်လန့်တုန်လှုပ်မှုများ ရှိနေခဲ့ရသည်။

လန်ဝူရွှမ်း အနောက်ဘက်ဒေသသို့ သွားမည့် ခရီးစဉ်အတွက် သူက အရာအားလုံးကို တွက်ချက်ပြီး စနစ်တကျ ပြင်ဆင်ပေးခဲ့သော်လည်း မိစ္ဆာမျိုးနွယ်စုများ ပေါ်ထွက်လာလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိပေ။

လန်ဝူရွှမ်းး၏ ပြောပြချက်ကို ကြားရုံမျှဖြင့် ထိုအခြေအနေက မည်မျှအထိ ဘေးအန္တရာယ်ကြီးမားကြောင်း သူ ကောင်းစွာ သိရှိလိုက်ရသည်။

အကယ်၍ ရှုချွမ်းသာ မရှိခဲ့ပါက လန်ဝူရွှမ်းက ထိုနေရာ၌တင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် လန်ထျန်းဟန်သည် ရှုချွမ်းက ဤမျှလောက် ငယ်ရွယ် အသက်အရွယ်နှင့် ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်၏ သိုင်းပညာရှင်တစ်ဦး ဖြစ်နေသည်ကို အလွန်တရာ အထင်ကြီး လေးစားသွားခဲ့ရသည်။

သူက လန်ဝူရွှမ်းကဲ့သို့ အသက်အရွယ်ငယ်ရွယ်ပြီး လောက၏ နက်နဲလှသော လျှို့ဝှက်ချက်များကို မသိရှိသေးသောသူ မဟုတ်ပေ။

လင်းရှောင်ဂိုဏ်းချုပ် ရာထူးနေရာတွင် ထိုင်နေနိုင်သောသူ မည်သူမဆို သတင်းအချက်အလက်များကို အလွန်တရာ ကျယ်ကျယ်ပြန့်ပြန့် သိရှိထားကြသူများ ဖြစ်ပေသည်။

ဤမျှလောက် ငယ်ရွယ်တဲ့ ကောင်းကင်တက်လှမ်းခြင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်လာနိုင်ရန်အတွက် အချက်သုံးချက်သာ ရှိပေသည်။

ပထမအချက်မှာ အလယ်ပိုင်းဒေသရှိ ကြီးမားလှသော ဂိုဏ်းကြီးတစ်ခုခုက ကြိုးစားပမ်းစား ကျင့်ကြံထားသော ပါရမီရှင်တစ်ဦး၊ ဒုတိယအချက်မှာ အခြားသော ဒေသကြီးလေးခုရှိ ထိပ်တန်း အင်အားစုကြီးတစ်ခုခုက ပံ့ပိုးထားသော သူတော်စင်သားတော် သို့မဟုတ် အမွဆက်ခံသူ၊ တတိယအချက်မှာ ဧကရာဇ်အရှင်နယ်ပယ် တစ်ဦး၏ အမွေအနှစ်ကို လက်ခံရရှိထားသော တည်ရှိမှု ဖြစ် နိုင်သည်။

ဤအချက်သုံးခုထဲမှ မည်သူမဆို ပြိုင်ဘက်ကင်းလှသော ကျွမ်းကျင်သူကြီးများ ဖြစ်လာနိုင်မည့် အခွင့်အရေး ရှိကြပေသည်။

၎င်းမှာ သူကဲ့သို့သော ဝေးလံခေါင်သီလှသည့် နယ်စပ်ဒေသ ဂိုဏ်းချုပ်တစ်ဦးနှင့် နှိုင်းယှဉ်ပါက များစွာ ကွာခြားလှပေသည်။

ထို့ပြင် ရှုချွမ်း၏ ဝတ်စားဆင်ယင်ပုံ၊ သူ၏ ထူးခြားလှသော အငွေ့အသက် များနှင့် ယခင်က မြင်တွေ့ခဲ့ရသော ကျားရဲကြီးနှင့် ရထားလုံးတို့ကို ကြည့်လိုက်လျှင် ရှုချွမ်း၏ သရုပ်မှန် မှာ မည်မျှအထိ မြင့်မြတ်ကြောင်းကို အထူးပြောနေရန် မလိုအပ်တော့ပေ ။

All Chapters