အခန်း ၂၀၀
Vol. 20 Ch. 200
အခန်း (၂၀၀) ကျေးဇူးတင်ခြင်း၊ မကျေနပ်မှု၊ ဒဏ္ဍာရီ
တတိယအချက်ကိုမူ လုံးဝ ဖယ်ထုတ်ပစ်နိုင်သဖြင့် ကျန်ရှိသော အချက်နှစ်ချက်ဖြစ်သည့် အလယ်ပိုင်းဒေသရှိ ကြီးမားလှသော ဂိုဏ်းကြီးတစ်ခုခုမှ ပါရမီရှင်တစ်ဦး ဖြစ်ခြင်း သို့မဟုတ် အခြားသော ဒေသကြီးလေးခုရှိ ထိပ်တန်း အင်အားစုကြီးတစ်ခုခုက ပံ့ပိုး ထားသော ဆက်ခံသူတစ်ဦး ဖြစ်ခြင်းသာ ရှိတော့သည်။
သို့သော်လည်း မည်သည့်အချက်ပင် ဖြစ်ပါစေ ၎င်းမှာ လန်ထျန်းဟန် သာမက လင်းရှောင်ဂိုဏ်းတစ်ခုလုံးအနေဖြင့်ပါ လုံးဝ စိန်ခေါ်ဝံ့သော ပုဂ္ဂိုလ်မျိုး မဟုတ်ပေ ။
“ဂိုဏ်းချုပ်လင်... အဲ့လောက်အထိ အားနာမနေပါနဲ့ ဒါက လမ်းကြုံလို့ လုပ်ပေးခဲ့တဲ့ ကူညီမှုလေးတစ်ခုပါ” ရှုချွမ်းက ခေါင်းကို ခါယမ်းရင်း ပြောလိုက်သည်။
“သခင်လေးရှုအတွက်တော့ ဒါက သာမန်ကူညီမှုလေးတစ်ခု ဖြစ်နိုင်ပေမဲ့၊ ကျွန်တော် လန်ထျန်းဟန်နဲ့ ကျွန်တော့်ရဲ့ လင်းရှောင်ဂိုဏ်းအတွက်တော့ ကြီးမားလှတဲ့ ကယ်တင်ခြင်းကျေးဇူး ပါ”
“ဒီလို ကျေးဇူးတရားကို မဖြစ်မနေ ပြန်ပေးဆပ်ရပါမယ်”
လန်ထျန်းဟန်က ပြတ်သားလှသော အမူအရာဖြင့် ပြောလိုက်တော့သည်။
ပြောပြီးသည်နှင့်တစ်ပြိုင်နက် သူက ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်သည့်အလား သူ၏ သိုလှောင်လက်စွပ်ထဲမှ သော့နက် တစ်ခုကို ထုတ်ယူလိုက်၏။
လန်ထျန်းဟန်က ဤအရာကို လက်လွှတ်ရန် အလွန်တရာ နှမြောတွန့်တိုနေခဲ့သည်မှာ သိသာလှ သည်။
သို့သော်လည်း သူက ၎င်းကို ရှုချွမ်း၏ထံသို့ ပြတ်ပြတ်သားသား ကမ်းပေးလိုက်တော့သည်။
“ကျွန်တော်တို့ လင်းရှောင်ဂိုဏ်းက အလယ်အလတ် ဂိုဏ်းတစ်ခုသာ ဖြစ်လို့ သခင်လေးရှုရဲ့ ကြီးမားလှတဲ့ ကျေးဇူးတရားအတွက် ထိုက်ထိုက်တန်တန် ကျေးဇူးဆပ်နိုင်မယ့်အရာ သိပ်မရှိပါဘူး။ ဒီသော့က ကျွန်တော် မတော်တဆ ရရှိခဲ့တဲ့အရာ ဖြစ်ပြီး ဒီနေ့မှာတော့ သခင်လေးရှုကို ကျေးဇူးဆပ်တဲ့အနေနဲ့ ပေး ပါရစေ”
ထိုအချိန်၌ပင် ဘေးနားရှိ လင်းရှောင်ဂိုဏ်း၏ အကြီးအကဲ များနှင့် တပည့်များအားလုံး ဤအရာကို မြင်တွေ့လိုက်ရလျှင် သူတို့၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားခဲ့ကြရတော့သည်။
အကြီးအကဲ အချို့ဆိုလျှင် တိုက်ရိုက်ပင် ကန့်ကွက်လိုက်ကြ၏။
“ဂိုဏ်းချုပ်... မဖြစ်ပါဘူး ဒါ က ငါတို့ လင်းရှောင်ဂိုဏ်းရဲ့ နောင်လာမည့် ကံကြမ္မာနဲ့ သက်ဆိုင်နေတာပါ... ဒါကို အပြင်လူတစ်ယောက်ကို ဘယ်လိုလုပ် လွယ်လွယ်ကူကူ ပေးနိုင်မှာလဲ”
“ဟုတ်ပါတယ် ဂိုဏ်းချုပ်... ကျေးဇူးပြုပြီး ထပ်စဉ်းစားပေးပါ။ ဒီကိစ္စက အလွန်တရာ အရေးကြီးလွန်းလို့ လုံးဝ ပေးလို့မဖြစ်ပါဘူး”
“မှန်ပါတယ် ယင်ယန် မြင့်မြတ်နယ်မြေက လူတွေ ဒါကို လာ ယူဖို့ အချိန် သိပ်မလိုတော့ဘူး။ တကယ်လို့ အဲ့အချိန်ကျရင် ငါတို့ ဒါကို ထုတ်မပေးနိုင်ခဲ့ရင် လင်းရှောင်ဂိုဏ်းတစ်ခုလုံး ဧကန်မုချ အနတ္တဖြစ်သွားရပါလိမ့်မယ်”
လန်ထျန်းဟန် ထုတ်ယူလိုက်သော သော့က လင်းရှောင်ဂိုဏ်းအတွက် အလွန်တရာ ကြီးမားလှသော အဓိပ္ပာယ် ရှိနေခဲ့ပြီး မည်သည့် အမှားအယွင်းမျှ အဖြစ်မခံနိုင်ခြင်း ဖြစ်ပေသည်။
သို့သော်လည်း ထိုသို့ဖြစ်ပါလျက်နှင့် လန်ထျန်းဟန်က ဤအရာကို ထုတ်ယူကာ ရှုချွမ်းအား တိုက်ရိုက် ပေးအပ်ခဲ့ခြင်း ဖြစ်၏။
သို့ရာတွင် လန်ထျန်းဟန်၏ ဤလုပ်ရပ်နောက်ကွယ်၌လည်း တွက်ချက်မှုအချို့ ရှိနေခဲ့သည်။
ဤအရာက ယင်ယန် မြင့်မြတ် နယ်မြေ၏ လက်ချက်ဖြင့် သူ၏ လင်းရှောင်ဂိုဏ်းဆီသို့ ကြီးမားလှသော ဘေးအန္တရာယ်ကို ယူဆောင်လာခဲ့ခြင်း ဖြစ်ပြီး သူတို့က လန်ထျန်းဟန်အား ဤအရာကို လွှဲပြောင်းပေးအပ်ရန်အတွက် အချိန်ကန့်သတ်ချက် ပေးထားခဲ့ခြင်း ဖြစ်သည်။
မဟုတ်ပါက လင်းရှောင်ဂိုဏ်းတစ်ခုလုံးကို မြေလှန်ဖျက်ဆီးပစ်မည် ဖြစ်သည်။
ယင်ယန် မြင့်မြတ် နယ်မြေ၏ ပြင်းထန်လှသော ဖိအားအောက်တွင် လန်ထျန်းဟန်က အလွန်တရာ မကျေမနပ်ဖြစ်ကာ ဖိနှိပ်ခံထားရသည်ဟု ခံစားနေခဲ့ရ၏။
ယခုအခါ ဤအရာကို ရှုချွမ်း၏ လက်ထဲသို့ လွှဲပြောင်းပေးအပ်လိုက်ခြင်းအားဖြင့် မျှော်လင့်ချက် အလင်းရောင်အချို့ကို ရရှိနိုင်ပေလိမ့်မည်။
သူက တစ်နည်းအားဖြင့် လောင်းကြေးထပ်နေခြင်း ဖြစ်ပြီး ရှုချွမ်း၏ နောက်ခံ မှာ ယင်ယန် မြင့်မြတ် နယ်မြေကိုပင် ဖိနှိပ်နိုင်လောက်အောင် ကြီးမားလိမ့်မည်ဟု လောင်းကြေးထပ်နေခြင်း ဖြစ်သည်။
အကြောင်းမူကား ဤအရာကို ယင်ယန် မြင့်မြတ် နယ်မြေထံသို့ ပေးအပ်ခဲ့သည့်တိုင်အောင် ထိုလူများက လင်းရှောင်ဂိုဏ်းရှိ မည်သူ့ကိုမျှ အသက်ချမ်းသာပေးလိမ့်မည်မဟုတ်ကြောင်း သူ ကောင်းစွာ သိရှိထားသောကြောင့်ပင်။
ထိုသို့ လုပ်ရခြင်း၏ အကြောင်းရင်းမှာ ဤသော့နှင့် ပတ်သက်သော သတင်းအချက်အလက်များ အပြင်သို့ ပေါက်ကြားမသွားစေရန်အတွက်သာ ဖြစ်ပေသည်။
သူက သမီးဖြစ်သူ လန်ဝူရွှမ်းးအား ဝေးကွာလှသော အနောက်ဘက်ဒေသရှိ ဝမ်ချန်းတောင်တန်းဆီသို့ တမင်တကာ စေလွှတ်ခဲ့ခြင်းမှာလည်း ဤအကြောင်းကြောင့် ဖြစ်ပြီး သူမအနေဖြင့် ဤဘေးအန္တရာယ်မှ လွတ်မြောက်နိုင်ရန် မျှော်လင့်ချက်ဖြင့် ဖြစ်၏။
သို့သော်လည်း လန်ဝူရွှမ်း ဤမျှလောက် စောစီးစွာ ပြန်လည်ရောက်ရှိလာလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့သလို ၎င်းထက်ပင် ရှုချွမ်းကဲ့သို့သော ပုဂ္ဂိုလ်မျိုးကိုပါ ခေါ်ဆောင်လာလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့မိပေ။
ဤသည်က လင်းရှောင်ဂိုဏ်းအတွက် မျှော်လင့်ချက် အလင်းရောင်တစ်ခုကို ယူဆောင်လာခဲ့ခြင်း ဖြစ်ပေသည်။
“ရဲတင်းလှချေလား”
“ဒါက ငါ့အပိုင် ဖြစ်လို့ ငါ ဘယ်သူ့ကိုမဆို ပေးပိုင်ခွင့်ရှိတယ်... မင်းတို့ တားဆီးပိုင်ခွင့် မရှိဘူး”
လန်ထျန်းဟန်က ပြင်းထန်စွာ ငေါက်ငမ်းလိုက်တော့သည်။
ဤစကားကို ကြားလျှင် ထိုအကြီးအကဲ များ ချက်ချင်းပင် ထပ်မံ၍ စကားမဆိုဝံ့ကြတော့ပေ။
လန်ထျန်းဟန်က ဂိုဏ်းချုပ် ဖြစ်နေဆဲဖြစ်ရာ သူ၏ အရှိန်အဝါနှင့် ဩဇာတိက္ကမမှာ ရှိနေဆဲ ဖြစ်သည်။
သို့သော်လည်း သူတို့ နှုတ်ဆိတ်သွားခဲ့ကြသော်လည်း အကြီးအကဲ အားလုံး၏ မျက်နှာမှာ မည်းမှောင်နေခဲ့ကြပြီး လန်ထျန်းဟန်၏ အသုံးမကျမှုနှင့် မိုက်မဲမှုကို စိတ်ထဲမှ တိတ်တဆိတ် အပြစ်တင်နေကြတော့သည်။
သူတို့က ဂိုဏ်းချုပ်က လင်းရှောင်ဂိုဏ်း တပည့်အားလုံး၏ အသက်ဖြင့် နောက်ပြောင်နေသည်ဟု ထင်မြင်နေကြခြင်း ဖြစ်၏။
ယင်ယန် မြင့်မြတ် နယ်မြေထံသို့ တိတ်တဆိတ် ဖက်တွယ်ထားကြပြီးဖြစ်သော အကြီးအကဲ အချို့ဆိုလျှင် စိတ်ချင်းဆက်သွယ်၍ သတင်းများကို တိတ်တဆိတ် စတင်ပေးပို့နေကြပြီဖြစ်ရာ လန်ထျန်းဟန်အား ဂိုဏ်းချုပ်ရာထူးမှ တိုက်ရိုက် ဖယ်ရှားပစ်ရန် ၎င်းနောက် သော့ကို ပြန်လည်လုယူကာ ယင်ယန် မြင့်မြတ် နယ်မြေထံသို့ ဆက်သ၍ ၎င်းတို့၏ မျက်နှာသာပေးမှုကို ရယူပြီး ထိုမြင့်မြတ် နယ်မြေအတွင်းသို့ ဝင်ရောက်ပူးပေါင်းရန် ကြံစည်နေကြတော့သည်။
သူတို့၏ လှုပ်ရှားမှုတိုင်းကို ရှုချွမ်းက ကောင်းစွာ မြင်တွေ့နေခဲ့ရသည်။
ရှုချွမ်းသည်လည်း ကြီးမားလှသော မြင့်မြတ် နယ်မြေ တစ်ခုက မည်သည့်အတွက်ကြောင့် လူကိုယ်တိုင် လာရောက်လုယူရလောက်အောင် ဤသော့မှာ မည်သို့သော သော့ဖြစ်သနည်းဟု အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်ပေါ်လာခဲ့သည်။
လူတိုင်း၏ စိုက်ကြည့်နေသော မျက်ဝန်းများအောက်တွင် ရှုချွမ်းက လန်ထျန်းဟန်၏ လက်ထဲမှ သော့ကို လှမ်း၍ ယူလိုက်တော့သည်။
တစ်ချိန်တည်းမှာပင် ‘မူလကို ထိုးထွင်းသိမြင်ခြင်း’ ကို အသက်သွင်းလိုက်ပြီး ဤသော့၏ မူလဇစ်မြစ်ကို စတင်၍ ဆန်းစစ်လိုက်တော့သည်။
ဤနတ်ဘုရားစွမ်းရည်ကို ရရှိခဲ့သည့် အချိန်မှစ၍ ရှုချွမ်းအနေဖြင့် ၎င်းကို အသုံးပြုခဲ့သည့် အကြိမ်အရေအတွက်မှာ များစွာ မရှိခဲ့ပေ။
သို့သော်လည်း ၎င်း၏ အကျိုးအာနိသင်မှာမူ လုံးဝ ထိပ်တန်းအဆင့် ဖြစ်ပေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုသော့နှင့် ပတ်သက်သော သတင်းအချက်အလက် အားလုံး ရှုချွမ်း၏ မျက်စိအရှေ့၌ ပေါ်ထွက်လာခဲ့တော့သည်။
【ရတနာတိုက်၏ သော့ - ‘နတ်ဆေး ဧကရာဇ်’၏ ရတနာတိုက်ကို ဖွင့်နိုင်မည့် တစ်ခုတည်းသော သော့ဖြစ်သည်။ ဤသော့ ရှိမှသာလျှင် နတ်ဆေး ဧကရာဇ် ရွှမ်ထျန်း တိုက်ကြီးမှ မထွက်ခွာမီက ချန်ထားခဲ့သော ရတနာတိုက်ကြီးကို ဖွင့်လှစ်နိုင်မည် ဖြစ်သည်】
“ဟင်...”
“နတ်ဆေး ဧကရာဇ်ရဲ့ ရတနာတိုက် သော့ ဟုတ်လား”
ဤသတင်းအချက်အလက်ကို မြင်လျှင် ရှုချွမ်း၏ မျက်နှာထက်တွင်လည်း အံ့အားသင့်စရာ အမူအရာများ ပေါ်ထွက်လာခဲ့ရသည်။
သူက ဤသာမန်နှင့် မထင်မရှားလှသော သော့လေးက အမှန်တကယ်တွင် နတ်ဆေး ဧကရာဇ်၏ ရတနာတိုက် သော့ ဖြစ်နေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့မိပေ။
ရှုချွမ်းက အရှေ့ဘက်ဒေသမှ ရောက်ရှိလာသူ ဖြစ်သည့်တိုင်အောင် ‘နတ်ဆေး ဧကရာဇ်’ ဟူသော ဤကျော်ကြား လှသည့် နာမည်ကို ကြားဖူးထားခဲ့သည်။
ဒဏ္ဍာရီများအရ လွန်ခဲ့သော နှစ်ပေါင်း သုံးသောင်းခန့်က ရွှမ်ထျန်းတိုက်ကြီး၏ တောင်ဘက်ဒေသတွင် ‘မဟာတောရိုင်း’ ဟု အမည်ရသော ဧကရာဇ်အင်ပါယာနိုင်ငံတော်ကြီး တစ်ခု ရှိခဲ့ဖူးသည်။
ထိုမဟာတောရိုင်း အင်ပါယာနိုင်ငံတော်အတွင်း၌ အလွန်တရာ ဆန်းကြယ် လှသော မင်းသားတစ်ပါး ရှိခဲ့ဖူး၏။
လူတိုင်းက သိုင်းတာအိုကျင့်ကြံခြင်းကို ဂုဏ်ယူဝင့်ကြွားနေကြသည့် ခေတ်ကာလကြီးတစ်ခုအတွင်း သူက လောကစည်းမျဉ်း ကို ဆန့်ကျင်ကာ သိုင်းတာအိုကျင့်ကြံခြင်းကို လုံးဝ စွန့်လွှတ်လိုက်ပြီး အမျိုးမျိုးသော ဝိညာဉ်ဆေးပင်များ ကိုသာ တစ်ဦးတည်း အာရုံစိုက် လေ့လာနေခဲ့သည်။
ဤသည်က ထိုအချိန်က မဟာတောရိုင်းနိုင်ငံတော်၏ အရှင်ကို အလွန်တရာ ဒေါသထွက်စေခဲ့သည်။
မဟာအမတ်ကြီးများစွာ၏ အမျိုးမျိုးသော ဝေဖန်ကန့်ကွက်မှုများနှင့် စွပ်စွဲပြစ်တင်မှုများအောက်တွင် ထိုအရှင်က ဒေါသတကြီးဖြင့် ဤမင်းသားအား တောင်ဘက်ဒေသ၏ ဆိတ်သုဉ်းခေါင်သီလှသော အရပ် သို့ နယ်နှင်ဒဏ် ပေးလိုက်တော့သည်။
ထိုနေရာက မည်သည့် ဖွံ့ဖြိုးတိုးတက်မှုမျှ မရှိဘဲ မိစ္ဆာသားရဲများဖြင့် ပြည့်နှက်နေသော အရပ် ဖြစ်ပေသည်။
လူတိုင်းက ဤမင်းသားက ထိုနေရာ၌တင် သေဆုံးသွားတော့မည်ဖြစ်ကာ မဟာတောရိုင်း နိုင်ငံတော်တစ်ခုလုံး၏ ထမင်းစားရေသောက် ပြောစရာ ပြက်လုံးတစ်ခု ဖြစ်လာလိမ့်မည်ဟု ထင်မြင်နေခဲ့ကြသည်။
သို့သော်လည်း နှစ်ပေါင်း ၂၀ ကြာမြင့်သွားပြီးနောက် ဖြစ်ပျက်ခဲ့သော ကိစ္စတစ်ခုက လူတိုင်း၏ မျက်နှာကို လက်ဝါးဖြင့် အပြင်းအထန် ရိုက်နှက်လိုက်သကဲ့သို့ ဖြစ်သွားခဲ့ရလေသည်။
နှစ်ပေါင်း ၂၀ ကြာမြင့်ပြီးနောက် တစ်နေ့သောအခါတွင် ထိုဆိတ်သုဉ်းခေါင်သီလှသော အရပ်မှနေ၍ အထွတ်အထိပ်သို့ ရောက်ရှိလှသော စွမ်းအားကြီးတစ်ခု ရုတ်တရက် ပွင့်ထွက်လာခဲ့သည်။
ထိုစွမ်းအားအောက်တွင် အရာခပ်သိမ်း ပြန်လည်ရှင်သန်လာခဲ့ကြပြီး ခြောက်သွေ့နေသော သစ်ပင်အိုများပင် ပြန်လည်ပွင့်လန်း လာခဲ့ကာ ထိုစွမ်းအားကို ခံစားမိလိုက်ကြသော လူများပင်လျှင် ဖြတ်တောက်ခံထားရသော ခြေလက်များ ပြန်လည်ထွက်ပေါ်လာခြင်းနှင့် သေလုနီးပါးဖြစ်နေသူများ ပြန်လည်ရှင်သန်လာခြင်းတို့ကို ကြုံတွေ့ခဲ့ကြရသည်။
ထိုစွမ်းအားကြီးကို ဖြစ်ပေါ်စေခဲ့သော ပုဂ္ဂိုလ်မှာမူ ထိုနယ်နှင်ဒဏ်ခံခဲ့ရသော မင်းသားပင် ဖြစ်ပေသည်။
သို့သော်လည်း ယခုအချိန်တွင် သူက မည်သည့် ကျင့်ကြံခြင်းမျှမရှိသော အားနည်းလှသည့် မင်းသားလေး မဟုတ်တော့ပေ။
သူက ယခုအခါ ရွှမ်ထျန်း တိုက်ကြီးတစ်ခုလုံး၏ အမြင့်မြတ်ဆုံးသော တည်ရှိမှုကြီးအဖြစ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ဧကရာဇ်အရှင်နယ်ပယ်ကျွမ်းကျင်သူကြီးတစ်ဦး ဖြစ်၏။
သူ့အား ယခင်က နှိမ့်ချစော်ကားခဲ့ကြသော လူများကို ပြန်လည်ကဲ့ရဲ့ တိုက်ခိုက်ခြင်းကို မပြုလုပ်ခဲ့ပေ။
သူက မဟာတောရိုင်းနိုင်ငံတော်မှ လှမ်းထွက်ခဲ့ပြီးနောက် ဝိညာဉ်ဆေးပင်များကို စိုက်ပျိုးနည်းများနှင့် ကုသရေးဆေးလုံးများကို ဖော်စပ်နည်း များကို ရွှမ်ထျန်းတိုက်ကြီးတစ်ခုလုံးသို့ ဖြန့်ဝေပေးခဲ့တော့သည်။
ခေတ္တမျှအတွင်း ရွှမ်ထျန်း တိုက်ကြီးတစ်ခုလုံး၏ ဝိညာဉ်ဆေးပင် ကျင့်ကြံခြင်းအဆင့်နှင့် ဆေးလုံးဖော်စပ်ခြင်း အတတ်ပညာများမှာ မည်မျှအထိ မြင့်မားသွားခဲ့သည်ကို မည်သူမျှ အတိုင်းအဆ မသိရှိနိုင်လောက်အောင် ဖြစ်ခဲ့ရသည်။
မရေတွက်နိုင်သော လူများစွာက ဤအချက်ကြောင့် အကျိုးကျေးဇူးများ ခံစားခဲ့ရပြီး သူတို့၏ အသက်ကို ကယ်တင်နိုင်ခဲ့ကြသည်။
နောက်ဆုံးတွင် သူ၏ ဗဟုသုတအားလုံးကို ဤကမ္ဘာမြေကြီးသို့ ချန်ထားခဲ့ပြီးနောက် ဤမင်းသားက ဤလောကကြီးမှ ထွက်ခွာခဲ့ပြီး ဖရိုဖရဲ ဟင်းလင်းပြင်ကမ္ဘာဆီသို့ ဦးတည်သွားခဲ့တော့သည်။
သို့သော်လည်း သူ မထွက်ခွာမီက စကားတစ်ခွန်း ချန်ထားခဲ့ဖူးသည်။
“ငါ့ရဲ့ သော့ကို ရှာဖွေတွေ့ရှိနိုင်တဲ့သူ ဘယ်သူမဆို ငါ့ရဲ့ ရတနာတိုက်ကြီးကို ဖွင့်လှစ်နိုင်စေရမယ်”
သူ ထွက်ခွာသွားပြီးနောက် မရေတွက်နိုင်သော လူများစွာက သူ့အား ‘နတ်ဆေး ဧကရာဇ်’ အဖြစ် လေးစားကြည်ညိုကြတော့သည်။
ထို့ပြင် မရေတွက်နိုင်သော လူများစွာသည်လည်း သူ ချန်ထားခဲ့သော စကားလုံးများကို အမှီပြုကာ ဒဏ္ဍာရီလာ သော့ကို စတင်၍ ရှာဖွေခဲ့ကြတော့သည်။
ဧကရာဇ်အရှင်နယ်ပယ် ကျွမ်းကျင်သူကြီးတစ်ဦး၏ ရတနာတိုက်ကြီးကို မည်သူက လိုချင်တောင့်တခြင်း မရှိဘဲ နေပါမည်နည်း။
သို့သော်လည်း နှစ်ပေါင်း သုံးသောင်းခန့် ကြာမြင့်သွားခဲ့သည့်တိုင်အောင် ထိုသော့ချက်ကို ရှာဖွေတွေ့ရှိခဲ့သည်ဟူသော သတင်းမျိုး တစ်ခါမျှ မထွက်ပေါ်ခဲ့ဖူးပေ ။
လူတိုင်းက ၎င်းသည် သူ မထွက်ခွာမီက နောက်ပြောင်သွားခဲ့သော ပြက်လုံးတစ်ခုသာ ဖြစ်လိမ့်မည်ဖြစ်ကာ သော့ သို့မဟုတ် ရတနာတိုက်ဟူသည်မှာ လုံးဝ ရှိလိမ့်မည်မဟုတ်ဘဲ၊ သူ၏ ရည်ရွယ်ချက်မှာ ယခင်က သူ့အား လှောင်ပြောင်ခဲ့ကြသော လူများကို သင်ခန်းစာအနည်းငယ် ပေးခဲ့ခြင်းသာ ဖြစ်လိမ့်မည်ဟု ထင်မြင်ယူဆလိုက်ကြတော့သည်။
သို့သော်လည်း ရှုချွမ်းအနေဖြင့် ယနေ့အချိန်အထိ ထိုသော့ကို လူများစွာက ဆက်လက်ရှာဖွေနေကြဆဲ ဖြစ်လိမ့်မည်ဟု ထင်မှတ်မထားခဲ့မိသလို ယခုအခါ ဤသော့က သူ၏ လက်ထဲသို့ပင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ချေပြီ။
အမှန်ပင်... ဤအရာက ပူပြင်းလှသော မီးခဲကြီးတစ်ခု နှင့် တူညီလှပေသည်။
သို့သော်လည်း ရှုချွမ်း၏ လက်ထဲသို့ ရောက်ရှိလာခဲ့ပြီးသော အရာတစ်ခုကို သူက ပြန်လည်စွန့်လွှတ်လိမ့်မည့် အခွင့်အရေးမျိုး ရှိပါမည်လော။
မဖြစ်နိုင်သည်မှာ ထင်ရှားလှပေသည်။
၎င်းမှာ မြင့်မြတ်နယ်မြေတစ်ခုမျှသာ ဖြစ်ပေသည်၊ သူက မြင့်မြတ် နယ်မြေတစ်ခုကို စိန်ခေါ်စော်ကားဖူးသည်မှာ ယခုက ပထမဆုံးအကြိမ် မဟုတ်သည်ကို သတိပြုရမည် ဖြစ်၏။