အခန်း (၁၄၃-၁၄၄)
Vol. 13 Ch. 143-144
အပိုင်း (၁၄၃) မတစ်ထောင်သား။
ဟုန်ရှောင်ပေါင် တစ်ယောက်တည်းသာ ယွင်ချိုင်ရှောင်ကို အလွန်တရာ စိုးရိမ်ပူပန်လွန်းနေ၍ ကျန်ရစ်ခဲ့သည်။ ယွင်ရှန့်ရွှမ်ကလည်း ဘာတစ်ခုမှ မပြောခဲ့ချေ။ လူတိုင်း၏ အရိပ်အယောင်များ ဤနေရာမှ ပျောက်ကွယ်သွားချိန်မှာတော့ ယွင်ရှန့်ရွှမ်က စကားစလိုက်သည်။ "ချိုင်ရှောင် ရုတ်တရက် အဆင့်တက်သွားတာက မင်းကြောင့်များ ဖြစ်နေမလား။"
"ကျုပ် သူရဲ့ ခန္ဓာကိုယ်အားဖြည့်ဖို့အတွက် ခန္ဓာကိုယ်အားဖြည့်နှင်းဖားဆီအနှစ် တစ်ပွဲ လုပ်ပေးလိုက်တာပါ။"
ယွင်ရှန့်ရွှမ်၏ အဆင့်အတန်းနှင့်ဆိုလျှင် မည်သူ့အရှေ့မှာ ပေါ်လာသည်ဖြစ်စေ အားလုံး၏ စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်သွားကြမည်သာ ဖြစ်၏။ ထိုမျှမက သူက ဟုန်ရှောင်ပေါင်၏ အနာဂတ် ယောက္ခမကြီးလည်း ဖြစ်နေသေးသည် မဟုတ်ပါလား။
သို့ပေမည့် ဟုန်ရှောင်ပေါင်သည် မွေးရာပါ အကြောက်အလန့် မရှိသူတစ်ဦးပမာ ပြုံးရွှင်လျက် ပြောလိုက်သည်။ "ဦးလေးယွင် ... ညီမလေး ချိုင်ရှောင်ရဲ့ အခုအခြေအနေက ဘယ်လိုရှိလဲ။"
"အခြေအနေက အရမ်းကောင်းပါတယ်။ သူ့အတွက် မသေးငယ်တဲ့ ကံကောင်းမှု တစ်ခုလို့တောင် ဆိုလို့ရတယ်။ မူလကတော့ ငါလည်း သူငယ်ချင်းဟောင်း တစ်ယောက်ကို ဆက်သွယ်ပြီး သူမ=့အတွက် ဆေးဘက်ဝင် အစားအစာ တစ်ပွဲ လုပ်ခိုင်းမလို့ ရည်ရွယ်ထားတာ။"
ယွင်ရှန့်ရွှမ်သည် အဓိပ္ပာယ်ပါပါဖြင့် ဟုန်ရှောင်ပေါင်ကို ကြည့်လိုက်၏။ "မင်းရဲ့ ဒီ ဆေးဘက်ဝင် အစားအစာ ဆေးနည်းက ဘယ်ကနေ ရလာတာလဲ။"
‘ဒီကိစ္စကိုတော့ ထုတ်ပြောဖို့ မသင့်တော်ဘူး။’
ဟုန်ရှောင်ပေါင်၏ မျက်လုံးများက လျှပ်စီးရောင်ခြည်များ အခါအားလျော်စွာ ပေါက်ကွဲနေသည့် ဟင်းချက်ပြုတ်ရေးဌာန အတွင်းသို့သာ စိုက်ကြည့်နေခဲ့၏။ "ညီမလေး ချိုင်ရှောင် တကယ်ပဲ ဘာမှ မဖြစ်ဘူးမလား။"
"ဘာမှမဖြစ်ဘူး။"
ယွင်ရှန့်ရွှမ်၏ မျက်လုံးများက ရုတ်တရက် အနည်းငယ် မှေးကျဉ်းသွားပြီး တစ်စုံတစ်ရာကို စဉ်းစားမိပုံရသည်။ "ဒီ ဆေးဘက်ဝင် အစားအစာ ဆေးနည်းက မင်းရဲ့ အစ်ကိုကြီး ရှာပေးထားတာလား။"
ဤအဆင့်ရှိ ဆေးဘက်ဝင် အစားအစာ ဆေးနည်းသည် သူ၏ သူငယ်ချင်းဟောင်း ဆီကထက်ပင် ပို၍ စွမ်းအား ကြီးမားလောက်သည်။ ချီယွင်အင်ပါယာ အတွင်းတွင် ဘာတွေရှိသည်ကို အင်ပါယာ၏ ကာကွယ်စောင့်ရှောက်သူ စစ်နတ်ဘုရား တစ်ပါးအနေဖြင့် သူက အလွန်တရာ ရှင်းရှင်းလင်းလင်း သိထားသည် မဟုတ်ပါလား။ တွေးကြည့်ရသလောက် မင်းသားကြီး တစ်ယောက်တည်းကသာ ဤအရာကို ရရှိနိုင်ပေလိမ့်မည်။
"ဦးလေး ... ကျုပ် တကယ်ပဲ ထုတ်ပြောဖို့ အဆင်မပြေလို့ပါ။" ဟုန်ရှောင်ပေါင်က ဦးခေါင်းကို ကုတ်ရင်း ပြောလိုက်၏။
"ကောင်းပြီလေ။"
ယွင်ရှန့်ရွှမ်က ခေါင်းညိတ်လိုက်သည်။ "ချိုင်ရှောင်က မင်းရဲ့ စေ့စပ်ထားတဲ့ သတို့သမီးပဲ။ မင်းရဲ့ တိုးတက်မှု အရှိန်ကလည်း မြန်ဆန်တယ်။ ငါ့အမြင်မှာတော့ လိုက်ဖက်မှု ရှိတယ်လို့ ဆိုရမယ်။ ဒါပေမဲ့ အခု ချိုင်ရှောင်က လေယင်ရေကန်ထဲကနေ ထွက်လာပြီး တစ်ရက်တည်းနဲ့ နောက်တစ်ကြိမ် ထပ်ပြီး အဆင့်တက်သွားခဲ့ပြီ။ ဒါက သေးငယ်တဲ့ ဌာနခွဲလေး တစ်ခုမှာ ထိန်းသိမ်းထားနိုင်တဲ့ အရာ မဟုတ်တော့ဘူး။ မမျှော်လင့်တဲ့ မတော်တဆမှုတွေသာ မရှိခဲ့ရင် ရက်အနည်းငယ် အတွင်းမှာ လေယင်နန်းဆောင် ဌာနချုပ်ကနေ လူတွေ လာပြီး ချိုင်ရှောင်ကို လာခေါ်ကြလိမ့်မယ်။"
ဟုန်ရှောင်ပေါင် တိတ်ဆိတ်စွာ နားထောင်နေခဲ့၏။
"အမျိုးသမီးသိုင်းကျင့်ကြံသူတွေက မူလကတည်းက ရှားပါးပြီးသားပဲ။ ဌာနချုပ်ကို ရောက်သွားရင် ချိုင်ရှောင်က လုယက်လိုချင်စရာ အကောင်းဆုံးသူ ဖြစ်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် မင်းရဲ့ အချစ်ပြိုင်ဘက်တွေက ဒီကမ္ဘာကြီးပေါ်မှာရှိတဲ့ ရေတွက်လို့ မရနိုင်တဲ့ ထူးချွန်ထက်မြက်သူ လူငယ်တွေ ဖြစ်လာလိမ့်မယ်။"
ယွင်ရှန့်ရွှမ်က သက်ပြင်းတစ်ချက် ချလိုက်၏။ "ရှောင်ပေါင် ... ကိုယ့်ရဲ့ မိန်းကလေးကို ထိန်းသိမ်းထားနိုင်ဖို့ ဆိုတာ ... လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ဘူးကွ။"
"ဟီးဟီး ...။" ဟုန်ရှောင်ပေါင်က ရယ်မောလိုက်သည်။ "ဦးလေး ... စိတ်ချလက်ချသာ နေပါ။ ဦးလေးက ချိုင်ရှောင်ကို အသက်ကြီးပိုင်း အရိုးဆွေး ဂြိုဟ်သေကြီးတွေဆီ ထုတ်ဖော် မပေးစားသရွေ့တော့ အဲဒီ ပါရမီရှင်တို့ ၊ မိစ္ဆာဆန်တဲ့ ကောင်တွေတို့ ဆိုတာတွေက တစ်ကောင်လာရင် တစ်ကောင် ဆွဲထိုးပစ်မယ်။"
"ကိုယ်ကိုယ်ကိုယ် ယုံကြည်မှု ရှိရင် ကောင်းပါတယ်။" ယွင်ရှန့်ရွှမ်က ခေါင်းညိတ်လျက် ပြောလိုက်၏။
သူက ဟုန်ရှောင်ပေါင်၏ ဖခင် ဟုန်ဝမ်ချင်းနှင့် ပုဂ္ဂိုလ်ရေးအရ အလွန်တရာ ရင်းနှီးသည့် မိတ်ဆွေကောင်းများ ဖြစ်ကြသည်။ ထိုသို့မဟုတ်လျှင် ချိုင်ရှောင်နှင့် ရှောင်ပေါင်တို့အတွက် ဤစေ့စပ်ကတိကို ပြုလုပ်ပေးခဲ့မည် မဟုတ်ချေ။ ထို့အပြင် သူကလည်း ဟုန်ရှောင်ပေါင်၏ ဉာဏ်ရည်ထက်မြက်သည့် လက္ခဏာကို နှစ်သက်သည်။
သို့ပေမည့် ပိုမိုကျယ်ပြန့်သော ကမ္ဘာကြီးဆီသို့ ရောက်ရှိသွားသောအခါ၊ အချို့သော ဖိအားများမှာ သူကိုယ်တိုင်ပင်လျှင် တောင့်ခံထားနိုင်ခြင်း မရှိသည့် အရာမျိုး ဖြစ်ပေသည်။ ထို့ကြောင့် အနာဂတ်တွင် သူတို့နှစ်ဦး ပေါင်းဖက်နိုင်မည်လား ဆိုသည်မှာ ဟုန်ရှောင်ပေါင် ကိုယ်တိုင်အပေါ်၌သာ မူတည်နေ၏။
"ကဲ ... မင်း သွားတော့။ ချိုင်ရှောင်ကို ငါ စောင့်ရှောက်ပေးထားလိုက်မယ်။" ယွင်ရှန့်ရွှမ်က ပြုံးလျက် ပြောလိုက်၏။
"အို ...။" ဟုန်ရှောင်ပေါင် အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ အတန်ကြာ စဉ်းစားပြီးနောက် အပေါ်ရုံ ဝတ်ရုံကို ချွတ်ပြီး ပြောလိုက်၏။ "စောစောက ညီမလေး ချိုင်ရှောင်ရဲ့ ... အင်း ... အဝတ်အစားတွေ နည်းနည်း ပျက်စီးသွားလို့ ခဏနေကျရင် ဒါလေးကို လဲဝတ်ပေးလိုက်ပါ။"
"အင်း ...။" ယွင်ရှန့်ရွှမ်က ခေါင်းညိတ်လိုက်သည်။ သူ၏ စေ့စပ်သေချာမှုနှင့် ဆိုလျှင် ချိုင်ရှောင်အတွက် အဝတ်အစားများ ပြင်ဆင်ပေးရန်ကို သဘာဝကျကျ တွေးမိပြီးသားပင်။ သို့သော်ငြား ဟုန်ရှောင်ပေါင် ကမ်းပေးလာသည့် ဝတ်ရုံကို လက်ခံယူလိုက်၏။
ဟုန်ရှောင်ပေါင် ထွက်ခွာသွားသည့် ကျောပြင်ကို ကြည့်ရင်း အနည်းငယ် သက်ပြင်းချကာ ရေရွတ်လိုက်သည်။ "အားလုံးက ကလေးလိမ္မာလေးတွေပါပဲ။ မင်းတို့ အချင်းချင်း အားတင်းထားနိုင်ကြပြီး အနာဂတ်မှာ ပေါင်းဖက်နိုင်ကြပါစေလို့ မျှော်လင့်ပါတယ်။"
...
ဟုန်ရှောင်ပေါင်၏ စိတ်ထဲတွင် အနည်းငယ် လေးလံထိုင်းမှိုင်းနေခဲ့၏။ သို့ပေမည့် သူက မွေးရာပါ အကောင်းမြင်စိတ် ရှိသူဖြစ်၍ ခဏအကြာတွင် တွေးဆဆင်ခြင်နိုင်သွားသည်။ စောစောက သူ ပြောခဲ့သည့်အတိုင်းပင်။ ထိုအချိန်ရောက်၍ မျက်စိမရှိသော အချစ်ပြိုင်ဘက် တစ်ကောင်ကောင် ပေါ်လာခဲ့လျှင် စုတ်ပြတ်သွားသည်အထိ ဆွဲထိုးပစ်ရုံပဲ မဟုတ်ပါလား။
သို့သော်ငြားလည်း ... အနည်းငယ်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိသေးချေ။
"အဘိုး ... လေယင်နန်းဆောင် ဌာနချုပ်က ပါရမီရှင်တွေက ဘယ်လောက်တောင် စွမ်းအားကြီးကြတာလဲ။"
"ဟမ့် ... အဲဒါက ကမ္ဘာမြေပေါ်က ရှေးရိုးရာဂိုဏ်းကြီး ခြောက်ခုထဲက တစ်ခုပဲကွ။ လေယင်နန်းဆောင်ရဲ့ ဌာနချုပ် ဆိုတာ ငါ့ရဲ့ သွေးသားခန္ဓာကိုယ် ရှိနေသေးရင်တောင်မှ ပေါ့ဆရဲတဲ့ နေရာမျိုး မဟုတ်ဘူး။ အခုလက်ရှိ မင်းရဲ့ အခြေအနေမျိုးနဲ့ ဆိုရင်တော့လေ ... ဟားဟား ...။"
ယင်းကျိုယိုက အလွန်တရာ အထင်အမြင် သေးစွာဖြင့် ပြောလိုက်၏။ "လေယင်နန်းဆောင်က တပည့်တစ်ယောက်ကို ကျပန်းရွေးလိုက်ရင်တောင်မှ မင်းကို အလွယ်တကူ ဖိနှိပ်ပစ်နိုင်တယ်။ လေယင်နန်းဆောင် ဌာနချုပ်က အပြင်စည်း တပည့်တွေ၊ ပြီးတော့ အတွင်းပိုင်းက မိစ္ဆာဆန်တဲ့ ကောင်တွေ အကြောင်းကတော့ ... ဟူး ... ဒီလို ကိုယ့်ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ စကားတွေကို ငါတို့ ဆက်မပြောဘဲ နေကြရင် မကောင်းဘူးလား။"
"ဒီလိုကိုး ... ဟမ့် ... ဖိအားတွေကတော့ တောင်တန်းကြီးလောက် ရှိနေပြီပဲ။" ဟုန်ရှောင်ပေါင်က သက်ပြင်းချလိုက်သည်။
ယွင်ရှန့်ရွှမ် ထိုနေရာတွင် ရှိနေသည့်အတွက် သူ တကယ်ကို စိတ်အေးလက်အေး ဖြစ်သွားခဲ့၏။ ကိုယ့်ကိုယ်ကိုယ် ဘယ်လို အစွမ်းကုန် ကြိုးစားရမလဲ ဆိုသည်ကို တွေးတောနေခဲ့သည်။ တကယ်ကို ထိရောက်မှု ရှိသည်ဟု ဆိုရမည်ပင်။ ဟုန်ရှောင်ပေါင် ချက်ချင်းပင် သွေးတွေ ဆူပွက်လာပြီး လက်နှစ်ဖက်ကို ပါးစပ်နားတွင် ကတော့ထိုးကာ အော်ဟစ်လိုက်တော့သည်။ "ကြိုးစားမယ် ...။ ရုန်းကန်မယ် ...။"
"တော်ပြီ ... တော်ပြီ၊ တော်တော့ ... သရုပ်ဆောင်မနေစမ်းပါနဲ့ကွာ။" ယင်းကျိုယိုက ကြည့်မရစွာဖြင့် ပြောလိုက်၏။
ထိုအခါမှသာ ဟုန်ရှောင်ပေါင် ရပ်တန့်သွားသည်။ အစီအစဉ် ပေါင်းများစွာကို ရင်ဘတ်ထဲတွင် ပိုက်ထွေးလျက် ဟင်းချက်ပြုတ်ရေးဌာန အတွင်းမှ ထွက်လာခဲ့၏။ သို့ပေမည့် တံခါးဝတွင် သူ့ကို စောင့်ဆိုင်းနေသော လူတစ်စုကို တွေ့လိုက်ရသည်။ ချောင်ဝမ်၊ ဖုန်းလင်းလုံ၊ ကျန်းမုန်ယွင် နှင့် ချန်ယုတို့ အားလုံး ရှိနေကြသည်။
ဟုန်ရှောင်ပေါင် ထူးဆန်းစွာ မေးလိုက်၏။ "ခင်ဗျားတို့တွေ ဘာလုပ်ကြမလို့လဲ။"
"... ငါတို့ စားဖို့ ဟင်းတစ်ဝိုင်းလုံး လုပ်ပေးမယ်ဆိုတာ မဟုတ်ဘူးလား။" ချန်ယုမှာ ပြောစရာ စကားပင် မရှိတော့ချေ။
မူလက ဟုန်ရှောင်ပေါင်သည် ယွင်ရှန့်ရွှမ်ကို သိကျွမ်းနေခြင်းမှာ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ကြီးမားသော ကိစ္စရပ်ကြီး တစ်ခုဖြစ်သည်ဟု ဆိုနိုင်ပေသည်။ သို့သော်ငြား ဤအစာကြူးသူ တစ်စုအတွက်တော့ ...။
သိတာ မသိတာက ဘာအသုံးကျမှာလဲ။ ပါးစပ်ထဲ ဝင်လာတဲ့ အစားအသောက်ကမှ ကိုယ့်ပိုင်ဆိုင်မှု စစ်စစ်ပဲ။
"အော် ... ဟုတ်သားပဲ၊ ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်။" ဟုန်ရှောင်ပေါင်က သူ့ခေါင်းကို သူ ပြန်ရိုက်လိုက်၏။ ယွင်ချိုင်ရှောင်ကို အရမ်း စိတ်ပူနေခဲ့သည့်အတွက် ဤကိစ္စကို လုံးဝ မေ့သွားခဲ့ခြင်းပင်။ သို့နှင့် ချက်ချင်းပင် ပြောလိုက်သည်။ "ကောင်းပြီ။ သွားကြမယ်။"
ရွှီကျင်းသည် လောင်းကြေးရှုံးသည်ကို လက်ခံရဲသူတစ်ဦး ဖြစ်သည်ဟု ဆိုနိုင်ပေ၏။ ဟုန်ရှောင်ပေါင်၏ အရှေ့တွင် မပေါ်လာတော့ဘူးဟု ပြောခဲ့ပြီးသည့်နောက် တကယ်ပင် ဟုန်ရှောင်ပေါင်ကို ရှောင်တိမ်းနေခဲ့သည်။ သို့သော်ငြား ယခုအချိန်တွင် သူ ရှိနေသည့်နေရာမှာ တောင်ကုန်းတစ်ခု၏ အပေါ်၌ ဖြစ်၏။ အလွန် တိုက်ဆိုင်စွာပင် ဟုန်ရှောင်ပေါင်၏ အရိပ်ကို မြင်တွေ့နေရဆဲ ဖြစ်၏။
"ဒီလူက နောက်ဆုံးတော့ ဘယ်လို သက်သေခံ ကတ်ပြားမျိုး ရှိနေတာလဲ။"
အစပိုင်းတွင် ဟုန်ရှောင်ပေါင်က သူ၏ နောက်ခံကို အားကိုးပြီးမှသာ ဟင်းချက်ပြုတ်ရေးဌာန အတွင်းသို့ ခိုးဝင်လာနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ရွှီကျင်းက ထင်မှတ်ထားခဲ့၏။ နောက်ပိုင်းတွင် သူ ခန့်မှန်းတာ မှားယွင်းနေကြောင်း တွေ့ရှိခဲ့ရသည်။ သူ့ဘက်က စွမ်းရည်ကလည်း အနည်းငယ်မျှ လျော့ရဲနေခြင်း မရှိချေ။ ယခုလက်ရှိ ဟင်းချက်ပြုတ်ရေးဌာနတွင် ဌာနမှူးမှလွဲ၍ ဟင်းချက်ပြုတ်သည့် လမ်းစဉ်၌ ဟုန်ရှောင်ပေါင်ကို လိုက်မီနိုင်မည့်သူ ရှိသေးရဲ့လား ဆိုတာကိုပင် သူ မသိတော့ချေ။ အစ်ကိုကြီးဖန် ဆိုလျှင်တောင်မှ ... သိပ်ပြီး ကွာခြားမှု မရှိလောက်ဘူးဟု ထင်မိသည်။
ဟုန်ရှောင်ပေါင်တွင် နောက်ခံ မရှိဘဲ စွမ်းရည်တစ်ခုတည်းကိုသာ အားကိုးနေသည်ဟု ထင်မှတ်နေချိန်မှာပင် သူ၏ ကြင်ဖော်ကြင်ဖက်ဖြစ်သည့် ထိုအတွင်းစည်း မိန်းကလေး တပည့်ကို ထပ်မံ တွေ့ရှိခဲ့ရပြန်၏။
နောက်ပိုင်းတွင် အလောတကြီး ရောက်ရှိလာခဲ့သော အလွန်တရာ အရှိန်အဝါ ကြီးမားသည့် အကြီးအကဲကြီး အကြောင်းကိုတော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။
တစ်ခုပြီးတစ်ခု၊ တစ်ချက်ပြီးတစ်ချက်၊ အားလုံးက သူ၏ မျှော်လင့်ချက်များကို ကျော်လွန်နေခဲ့သည်။
အပိုင်း (၁၄၄) ငတုံးလေး။
ဟင်းချက်ပြုတ်သည့် ပညာရပ်တွင် ဤမျှလောက် သနားစရာ ကောင်းလောက်အောင် ရှုံးနိမ့်သွားခဲ့ခြင်းမျိုးမှာ သူ၏ တစ်သက်တာတွင် တစ်ကြိမ်တစ်ခါမျှ မကြုံဖူးခဲ့သည့် အရာပင် ဖြစ်၏။ သို့ပေမည့် ဤကဲ့သို့သော ကြီးမားသည့် ထိုးနှက်ချက်ကြီးကြောင့်ပင် သူ့ကို တစ်ခဏချင်း အသိစိတ် ဝင်သွားစေခဲ့သည်။
မည်သည့် အသွင်သဏ္ဌာန်ကနေပဲ ကြည့်ကြည့် သူ့အနေဖြင့် ဟုန်ရှောင်ပေါင်ကို ထပ်ပြီး မဆွမိစေရန် သေချာပေါက် သတိပြုရမည် ဖြစ်ကြောင်း သူ ရှင်းရှင်းလင်းလင်း သဘောပေါက်သွားခဲ့ပြီ ဖြစ်၏။ မိတ်ဆွေဖွဲ့ရန် ဆိုသည်မှာ မဖြစ်နိုင်လောက်တော့ချေ။ ထိုသို့ဆိုလျှင် ဝေးဝေးရှောင်တိမ်းပြီး အဝေးဆုံးသို့ ပုန်းရှောင်ခြင်း သူ့အရှေ့တွင် ဘယ်တော့မှ မပေါ်လာတော့ဘဲ နေထိုင်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေသည်။ သူတို့ လောင်းကြေးထပ်ခဲ့စဉ်က ပြောခဲ့သည့်အတိုင်းပင်။
"အစ်ကိုရွှီ ...။" ဝူကော်အာသည် ရွှီကျင်း၏ ဘေးနားတွင် တိတ်ဆိတ်စွာ အမြဲတမ်း လိုက်ပါနေခဲ့၏။ ရွှီကျင်း ဘယ်လိုလုပ်ပြီး ရှုံးနိမ့်သွားရသနည်း ဆိုသည်ကို သူမ တကယ်ပင် စဉ်းစား၍ မရနိုင်ချေ။ ချဲ့ကားပြောဆိုခြင်း မရှိဘဲ ဆိုရလျှင် ထိုငါးမီးခိုးကြပ်တင်ဟင်းပွဲသည် သူမ တစ်သက်တာတွင် စားဖူးသမျှ အကောင်းဆုံး အရသာရှိသည့် ဟင်းပွဲတစ်ပွဲ ဖြစ်သည်။
သို့သော်ငြား ဤမျှလောက်နှင့်ပင် ရှုံးနိမ့်သွားခဲ့သည်လား။ ဤအချက်ကို တွေးမိသောအခါ ထို နှင်းဖားဆီအနှစ်၏ အရသာက ဘယ်လိုမျိုးလဲ ဆိုသည်ကို သူမ တကယ်ပင် သိချင်လာခဲ့၏။ ဝမ်းနည်းစရာ ကောင်းသည်မှာ သူမက တစ်လုတ်မျှတောင် မစားလိုက်ရခြင်းပင်။ ယခုအခါ ရွှီကျင်းမှာ ပုံမှန်အခြေအနေသို့ ပြန်ရောက်နေပြီ ဖြစ်ကြောင်း မြင်တွေ့ရသဖြင့် သူမက မေးလိုက်၏။ "အစ်ကိုကြီးရွှီ ... အဲဒီ နှင်းဖားဆီအနှစ်ရဲ့ အရသာက ဘယ်လိုနေလဲ။"
"အရသာက ...။" ရွှီကျင်း အနည်းငယ် ငေးမောသွား၏။ ရင်သပ်ရှုမောဖွယ်ကောင်းသည့် ထိုအရသာကို စဉ်းစားမိသောအခါ ယခုအချိန်အထိ ထိုနွေးထွေးမှုတို့က သူ၏ ခန္ဓာကိုယ်အတွင်း၌ ကျန်ရစ်နေဆဲ ဖြစ်သယောင် ခံစားလိုက်ရသည်။
အတန်ကြာမှ သူက တီးတိုး ရေရွတ်လိုက်သည်။ "ဒီလို အရသာမျိုးကို တစ်ခါမှ မစားဖူးခဲ့ဘူး။ မဖြစ်မနေ ဖော်ပြရမယ် ဆိုရင်တော့ အဲဒါက စိတ်ကူးနဲ့တောင် မမှန်းဆနိုင်လောက်အောင် ထူးကဲလွန်းတာပဲ ဖြစ်လိမ့်မယ်။"
ယခုအချိန်တွင်မူ ဟုန်ရှောင်ပေါင်သည် ချောင်ဝမ်၊ ဖုန်းလင်းလုံ၊ ကျန်းမုန်ယွင်၊ ချန်ယု နှင့် ကျန်းမင်ယွမ် ငါးဦးတို့ကို ခေါ်ဆောင်ကာ ဆိုင်တွင်းသို့ ရောက်ရှိနေပြီ ဖြစ်၏။ ဤကျန်းမင်ယွမ်နှင့် ပတ်သက်၍ ပြောရမည်ဆိုလျှင် အတော်လေး စိတ်ဝင်စားစရာ ကောင်း၏။
ဤမျက်နှာဝိုင်းဝိုင်းနှင့် ကောင်လေးသည် နှင်းဖားဆီအနှစ်၏ အရသာကို အလွန်တရာ မြည်းစမ်းကြည့်ချင်ခဲ့သော်ငြား ဆန္ဒ မပြည့်ဝခဲ့ချေ။ ဟုန်ရှောင်ပေါင်က လူအများကို ဧည့်ခံရန် ဟင်းတစ်ဝိုင်းလုံး ချက်ပြုတ်ပေးမည်ဟု ကြားသိရသောအခါ သူ အလွန်တရာ စိတ်လှုပ်ရှားသွားခဲ့သည်။ ထို့ကြောင့် လေယင်နန်းဆောင် ၏ တံခါးဝတွင် စောစောစီးစီးကတည်းက စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
အားလုံးက ဂိုဏ်းတူမောင်နှမတွေ ဖြစ်နေကြပြီ ဖြစ်ရာ ဟုန်ရှောင်ပေါင်ကလည်း သဘာဝကျကျပင် အလွန်အမင်း ကပ်စေးနည်းနေခြင်း မရှိခဲ့ချေ။ သူ့ကိုပါ ပြုံးရွှင်စွာ ခေါ်ဆောင်လာခဲ့၏။
စကားအနည်းငယ် ပြောဆိုကြည့်ပြီးနောက်မှ ဤ ကျန်းမင်ယွမ်သည် တကယ့် အစားအသောက် ရူးသွပ်သူ စစ်စစ်ကြီး တစ်ဦးဖြစ်ကြောင်း သိရှိသွားခဲ့ရသည်။ မဟုတ်သေးချေ။ အစားအသောက် နတ်ဘုရား တစ်ပါးဟု ဆိုရပေမည်။ ပိုပြီး ခေတ်မီဆန်းသစ်စွာ ပြောရလျှင် သူက အစားအသောက် အကဲဖြတ် ပညာရှင် တစ်ဦးပင် ဖြစ်သည်။
ထို့အပြင် ဟုန်ရှောင်ပေါင်ကို အံ့ဩသွားစေသည့် အချက်မှာ ကျန်းမင်ယွမ်သည် ဟင်းချက်ပြုတ်ရေးဌာနတွင် သွေးသားခန္ဓာ တတိယအဆင့် စွမ်းအားကို ပိုင်ဆိုင်ထားသည့် လူနည်းစု တပည့်များထဲမှ တစ်ဦး ဖြစ်နေခြင်းပင်။ သူ ဟင်းချက်ပြုတ်ရေးဌာနသို့ ဝင်ရောက်လာခြင်းမှာ အစားအသောက်ကောင်းများအတွက် သတ်သတ်ပင် ဖြစ်၏။
စင်ကြယ်ပြီး မြင့်မြတ်လွန်းလှချေ၏။ ဟုန်ရှောင်ပေါင်က ဘာများ ထပ်ပြောနိုင်ဦးမည်နည်း။
လူအများကို ခေါ်ဆောင်လျက် ဆိုင်တံခါးကို ဖွင့်ကာ ဝမ်းသာအားရ ဝင်ရောက်လာစဉ်မှာပင် ရုတ်တရက် ချောင်ဝမ်ထံမှ တအံ့တဩ အော်ဟစ်သံ တစ်ချက် ထွက်ပေါ်လာသည်။ "ကောင်းကင်ဘုံ ... ဒါ ... ဒါက ဘာကြီးလဲ။"
ဟုန်ရှောင်ပေါင် ချက်ချင်းပင် သတိရသွား၏။
အိမ်ထဲမှာ တံခါးစောင့်ပေးနေတဲ့ ကောင်ကြီးတစ်ကောင် ရှိနေသေးတာပဲ။
ဝူး …. ဝူး ...။
ထိပ်ဖြူ ခွေးတူဝက်ဝူကြီးက တီးတိုး ခြိမ်းခြောက်လိုက်ပြီး နောက်ပြန်လှည့်ကာ အလွန်တရာ ရင်းနှီးကျွမ်းဝင်စွာဖြင့် သူ၏ ခေါင်းကြီးနှင့် ဟုန်ရှောင်ပေါင်ကို လာရောက် ပွတ်သပ်လေသည်။
"ဒါက ထိပ်ဖြူ ခွေးတူဝက်တူကြီးပဲ ...။"
ဖုန်းလင်းလုံက တအံ့တဩ ပြောလိုက်၏။ "ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ဒါ ... ဒါဒါ ... ထိပ်ဖြူ ခွေးတူဝက်တူကြီးလေ။ ဟုန်ရှောင်ပေါင် ... မင်း ဒါက မင်းရဲ့ မိစ္ဆာသားရဲလို့တော့ မပြောနဲ့နော်။"
"ဟားဟား ... မတော်တဆလေး ဖြားယောင်း ခေါ်လာမိတာပါ။" ဟုန်ရှောင်ပေါင်က ပြုံးလျက် ပြောလိုက်ပြီး သိပ်ပြီး ဂရုမစိုက်သည့် ဟန်ရှိသည်။
"မတော်တဆလေး။ မတော်တဆလေး ဟုတ်လား။" ဖုန်းလင်းလုံမှာ ဒေါသကြောင့် ပေါက်ကွဲထွက်တော့မတတ် ဖြစ်သွား၏။ ထိပ်ဖြူ ခွေးတူဝက်တူကြီးကို ကြည့်နေသည့် သူမ၏ မျက်လုံးများထဲတွင် အားကျမနာလိုမှုတို့က ဗြောင်ကျကျပင် ပေါ်လွင်နေခဲ့သည်။
"ခင်ဗျားတို့ အဆင်ပြေသလို ထိုင်ကြပါ။ ကျုပ် သွားပြီး ဟင်းနည်းနည်းလောက် ချက်လိုက်အုံးမယ်။" ဟုန်ရှောင်ပေါင်က ပြောရင်း တံခါးပြင်သို့ လှမ်းကြည့်လိုက်၏။ ရတနာဝက်ဝံလေး ပျောက်နေသည်။ ဤကောင်လေးက မည်မျှတောင် သတ္တိနည်းသနည်း။ စောစောက ဟုန်ရှောင်ပေါင်က ယွင်ချိုင်ရှောင်၏ လျှပ်စီးပေါက်ကွဲမှု ဧရိယာထဲတွင် အတင်းအကျပ် နေထိုင်လိုစဉ်က ၎င်းသည် ဟုန်ရှောင်ပေါင်ကို ထွက်သွားစေရန် အစွမ်းကုန် ကြိုးစားခဲ့သေး၏။ ဟုန်ရှောင်ပေါင်က သေတောင် မထွက်သွားသည်ကို မြင်သောအခါ သူကိုယ်တိုင် ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်၏။
"လင်းလုံ ... ဒီ ထိပ်ဖြူ ဘာညာက အရမ်း စွမ်းအားကြီးတာလား။" လူတိုင်းက ထိုင်ရန် စားပွဲတစ်လုံးကို ကျပန်း ရွေးချယ် ထိုင်လိုက်ကြပြီးနောက် ချောင်ဝမ်က ထိပ်ဖြူ ခွေးတူဝက်တူကြီးကို အကဲခတ်ရင်း အံ့ဩတကြီး မေးလိုက်သည်။
"စွမ်းအားကြီးတာလား။ စွမ်းအားကြီးရုံတင် ဘယ်ကမလဲ။"
ကျန်းမင်ယွမ်က ပြုံးလျက် ပြောလိုက်၏။ "ဒီကောင်ကြီးက တတိယအဆင့် မိစ္ဆာသားရဲတွေ ထဲမှာမှ နံပါတ်တစ် အဆင့်ရှိတဲ့ အရမ်း စွမ်းအားကြီးတဲ့ ကောင်မျိုးပဲ။ တကယ်တမ်း အဆင့် သတ်မှတ်မယ် ဆိုရင်တောင်မှ တတိယအဆင့် မိစ္ဆာသားရဲတွေရဲ့ ထိပ်ဆုံး သုံးကောင် စာရင်းထဲမှာ သေချာပေါက် ပါဝင်တယ်။ အစ်ကိုကြီးဟုန်ရဲ့ စွမ်းအားက တကယ်ကို အံ့ဩ တုန်လှုပ်စရာ ကောင်းလှချေရဲ့။"
"အို ... မင်း ဒါကိုတောင် သိနေတာလား။" ဖုန်းလင်းလုံ အနည်းငယ် အံ့ဩသွား၏။ ထိပ်ဖြူ ခွေးတူဝက်တူကြီးက အလွန်တရာ ရှားပါးလှသည်။ သားရဲယဉ်ပါးရေးစံအိမ်မှ လူများမှလွဲ၍ သာမန်အားဖြင့် မှတ်မိနိုင်သူ လွန်စွာ နည်းပါးလှ၏။ ကျန်းမင်ယွမ်က ထိုအရာကို သိနေခြင်းမှာ သူ၏ ဗဟုသုတက သာမန် မဟုတ်ကြောင်း ပြသနေသည်။
"မဖြစ်နိုင်တာ။"
ကျန်းမုန်ယွင်က လက်နှစ်ဖက်ကို စားပွဲပေါ်တွင် တင်ကာ သူ၏ ပါးပြင်ကို ထောက်ထားလိုက်၏။ "လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ အစ်ကို ရှောင်ပေါင်နဲ့ တွေ့ခဲ့သေးတာလေ။ အဲဒီတုန်းက သူဆီမှာ ဒီ ထိပ်ဖြူ ဘာညာဆိုတဲ့ သားရဲကြီး မရှိသေးပါဘူး။"
"ဟုတ်သားပဲ ...။" ဖုန်းလင်းလုံလည်း မျက်မှောင်ကြုတ်လိုက်သည်။ ထိုသို့ ပြောဆိုနေကြစဉ်မှာပင်၊ တံခါးဝဆီမှ အားသွန်ခွန်စိုက် ထွက်ပေါ်လာသည့် "အု ... အု ..." ဆိုသော အသံအနည်းငယ် ကြားလိုက်ရပြီး၊ တစ်ကိုယ်လုံး ရွှေရောင် လွှမ်းနေသည့် သားရဲပေါက်လေး တစ်ကောင်က ပြေးဝင်လာ၏။ အဘယ်ကြောင့် ပြေးဝင်လာသည်ဟု ဆိုရသနည်း။ ၎င်း၏ အနောက်တွင် လူတစ်စုက လိုက်လံ ဖမ်းဆီးနေကြသောကြောင့်ပင်။
"ထုတ်ပေးစမ်း။"
"ရွှေဝက်ဝံပေါက်လေးကို ထုတ်ပေးစမ်း။"
ခန္ဓာကိုယ် တုတ်ခိုင်သော လူမိုက်ကြီး အနည်းငယ်က ပြင်းထန်စွာ ပြေးဝင်လာကြ၏။ သူတို့ တစ်ယောက်ချင်းစီ၏ မျက်နှာပေါ်တွင် ဆိုးရွား ရက်စက်သော သွင်ပြင်လက္ခဏာများ ရှိနေကြသည်။ "အဲဒီ ရွှေဝက်ဝံပေါက်လေးကို ထုတ်ပေးစမ်း။"
ဤသည်က ကောင်းကင်မှ ကျဆင်းလာသော ချမ်းသာကြွယ်ဝမှုကြီး တစ်ခုပင် ဖြစ်၏။ တွေ့ဆုံရန် ခက်ခဲပြီး တောင်းဆို၍ မရနိုင်သော ရွှေဝက်ဝံပေါက်လေး တစ်ကောင်က မြို့တွင်း၌ အရူးတစ်ယောက်လို ပေါ်လာလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။ မျက်စိတစ်မှိတ် အတွင်းမှာပင် မရေမတွက်နိုင်သော လူများ အားလုံး ရူးသွပ်သွားခဲ့ကြ၏။
သို့သော်ငြား ရွှေဝက်ဝံပေါက်လေး၏ အမြန်နှုန်းက လွန်စွာ မြန်ဆန်လွန်းလှ၏။ တစ်ခဏချင်းမှာပင် အရိပ်အယောင် ပျောက်ကွယ်သွားသည်။
သို့ပေမည့် မြို့တွင်း၌ လူအလွန်များပြားလွန်း၍ ငါးယောက် ခြောက်ယောက်ခန့်က ဤနေရာအထိ လိုက်ပါလာနိုင်ခဲ့သည်။ သူတို့ အားလုံး၏ မျက်နှာပေါ်တွင် အရူးအမူး ဝမ်းသာပီတိ ဖြစ်နေသည့် အရိပ်အယောင်များ လက်ခနဲ ပေါ်လာကြ၏။ ထို ရွှေဝက်ဝံပေါက်လေးက ဆိုင်တွင်းသို့ ပြေးဝင်သွားပြီ မဟုတ်ပါလား။ ဤသည်က အိုးတွင်း၌ လိပ်ကို ဖမ်းဆီးရသကဲ့သို့ လွယ်ကူသွားပြီ မဟုတ်ပါလား။
ရတနာဝက်ဝံလေးမှာ အလွန်တရာ ထိတ်လန့် တုန်လှုပ်နေခဲ့၏။ ရုတ်တရက် ခုန်တက်ကာ ဒုတိယထပ်သို့ တက်သွားပြီး လျှပ်စီးပမာ မြန်ဆန်သော အရှိန်အဟုန်ဖြင့် ဟုန်ရှောင်ပေါင်၏ ရင်ခွင်ထဲသို့ တိတိကျကျပင် တိုးဝင်သွားသည်။
ဟုန်ရှောင်ပေါင်က အာလူးတွေကို အခွံခွာနေချိန် ဖြစ်၏။ ရတနာရှာ ဝက်ဝံလေးကို ရုတ်တရက် မြင်လိုက်ရသောအခါ ချက်ချင်းပင် ရယ်မောလိုက်သည်။ "ဟားဟား ... မင်းလို ငတုံးလေးက ပြန်လာရမှန်း သိသေးတာလား။"
ထိုအခါမှသာ အောက်ထပ်၌ လူအချို့ ဆူညံနေကြပြီး တစ်ခုခုကို ထုတ်ပေးရန် အော်ဟစ်နေကြသည့် အသံကို ဟုန်ရှောင်ပေါင် ကြားလိုက်ရ၏။ မျက်မှောင်တစ်ချက် ကြုတ်လိုက်ပြီးနောက် အောက်ထပ်သို့ ဆင်းလာခဲ့သည်။
ဆိုင်အတွင်း၌ ငါးယောက် ခြောက်ယောက်ခန့်က ပိတ်ဆို့ရပ်တည်ကာ အာဏာပြ ခြိမ်းခြောက်နေကြသည်ကို မြင်လိုက်ရ၏။
"အဲဒီ ရွှေဝက်ဝံပေါက်လေးကို ထုတ်ပေးစမ်း။"
"မြန်မြန်လုပ်။ ငါတို့ နောက်ကနေ လိုက်ဖမ်းနေတာ နေ့တစ်ဝက်တောင် ရှိနေပြီ။ ထုတ်ပေးရင် မင်းတို့ကို နည်းနည်းပါးပါး ခွဲပေးမယ်။"
"ဒါက ဘာအခြေအနေတွေလဲ။"
ဟုန်ရှောင်ပေါင်က လူအများကို ကြည့်လျက် ရင်ခွင်ထဲမှ ရတနာရှာ ဝက်ဝံလေးကို ဆွဲထုတ်ပြလိုက်၏။ "ခင်ဗျားတို့ သူ့ကို ရှာနေကြတာလား။"
"အု ... အု ... အု ... အု ... အု ...။" ရတနာရှာ ဝက်ဝံလေးမှာ လိုက်လံ ဖမ်းဆီးခံခဲ့ရသဖြင့် ယခုအချိန်တွင် အသက်ထွက်မတတ် ကြောက်ရွံ့နေခဲ့၏။ လူအများကို မြင်သောအခါ ချက်ချင်းပင် ထိတ်လန့်တကြား အော်ဟစ်လျက် ဟုန်ရှောင်ပေါင်၏ ရင်ခွင်ထဲသို့ နောက်တစ်ကြိမ် တိုးဝင်သွားပြန်သည်။
"..."
ဤသည်က ဘယ်လိုဖြစ်သနည်းကို လူတိုင်း ချက်ချင်းပင် သဘောပေါက်သွားကြ၏။ ရွှေဝက်ဝံပေါက်လေးမှာ သခင် ရှိနေခြင်းပင်။
သို့သော်ငြား နေ့တစ်ဝက်နီးပါးခန့် အချိန်ကုန်ခံ လိုက်ဖမ်းထားရသည့် အပြင် လက်လက်ထနေသည့် ဝိညာဉ်ကျောက်တုံးများ၏ ဖြားယောင်းမှုကြောင့် လူအများက ဤအတိုင်း လက်ချည်းသတ်သတ် ထွက်မသွားလိုကြချေ။
မျက်နှာတစ်ခုလုံး အသားမာများ ထူထပ်နေသည့် လူမိုက်ကြီးတစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်၏။ "ဘာအဓိပ္ပာယ် မရှိတာတွေ ပြောနေတာလဲ။ ရွှေဝက်ဝံပေါက်လေးက မင်းဟာ ဟုတ်လား။ မင်း ခေါ်လိုက်ရင် သူ ထူးသလား။"
"ထူးတာပေါ့။"
ဟုန်ရှောင်ပေါင်က ငုံ့ကြည့်လျက် ခေါ်လိုက်သည်။ "ငတုံးလေး။"
ရတနာဝက်ဝံ။ "အု ...။"
"…..."