အခန်း (၁၄၅-၁၄၆)
Vol. 13 Ch. 145-146
အပိုင်း (၁၄၅) ထိပ်ဖြူ ခွေးတူဝက်တူကြီးရဲ့ အစွမ်း။
“…….”
လူတိုင်း နောက်တစ်ကြိမ် ဆံ့အသွားကြပြန်၏။ မျက်နှာတစ်ခုလုံး အသားမာများ ထူထပ်နေသည့် ထို လူမိုက်ကြီးမှာ မျက်နှာပူစရာ ဖြစ်လာ၍ အော်ဟစ်လိုက်သည်။ "ဒါ မတွက်ဘူး။ ဒီ ရွှေဝက်ဝံပေါက်လေးက ပိုင်ရှင်မရှိတဲ့ ပစ္စည်း ဆိုတာ သိသာနေတာပဲ။ သိုင်းလောက စည်းမျဉ်းအရတော့ တွေ့တဲ့သူတိုင်း ဝေစု ရရမယ်။"
"ဟင် ... အရိုက်ခံချင်နေကြတာလား။"
ဟုန်ရှောင်ပေါင် အင်္ကျီလက်စွပ်ကို ပင့်တင်ရန် ပြင်လိုက်စဉ်မှာပင် ချိုင်ရှောင်၏ သူငယ်ချင်းများ ရှိနေသည်ကို ရုတ်တရက် သတိရသွား၏။ ထို့ကြောင့် ချက်ချင်း ပြောလိုက်သည်။ "ထားလိုက်ပါတော့လေ။ ဧည့်သည်တွေ ရှိနေလို့။ ခင်ဗျားတို့ အမြန်ဆုံး ဖယ်သွားကြ။ သွား ... သွား ... သွား ... သွား ... သွား ...။"
"မင်းက ပြန်ပြောရဲတယ်ပေါ့။ ငါ မင်းရဲ့ ဆိုင်ကို ဖျက်ဆီးပစ်မယ်ဆိုတာ ယုံလား။" မျက်နှာတစ်ခုလုံး အသားမာများ ထူထပ်နေသည့် လူမိုက်ကြီးက ဒေါသတကြီး အော်ဟစ်လိုက်၏။
ထိုစဉ် ဟုန်ရှောင်ပေါင်က သူ့ဆိုင်တွင်း၌ ကောင်ကြီးတစ်ကောင် ရှိနေသည်ကို ရုတ်တရက် သတိရသွားခဲ့သည်။ ဝမ်းသာအားရဖြင့် ထိပ်ဖြူ ခွေးတူဝက်တူကြီးကို လက်ညှိုးထိုးပြလိုက်၏။ "သူက ဘယ်သူလဲ သိလား။ ကျုပ်အိမ်က တံခါးစောင့် ခွေးကြီးပဲ။ သူ အရူးထလာရင် သူ့ကိုယ်သူတောင် ပြန်ရိုက်တဲ့ကောင်။ ဝမ်းနည်းစရာတွေ မဖြစ်ခင် အမြန် သွားကြတော့။"
ဤမျှလောက် ကြီးမားသော ကောင်ကြီးကို လူအများက မမြင်ဘဲ မနေလောက်ချေ။ သို့သော်ငြား သာမန် သိုင်းကျင့်ကြံသူများထဲတွင် ထိပ်ဖြူ ခွေးတူဝက်တူကြီးကို မှတ်မိသူမှာ တကယ်ကို နည်းပါးလှသည်။
ထို လူမိုက်ကြီးကလည်း ထိုနည်းတူပင် ဖြစ်၏။ ချက်ချင်းပင် အထင်အမြင် သေးစွာ နှာခေါင်းရှုံ့လိုက်၏။ "သူ ဟုတ်လား။ ငါ သူ့ကို လက်နှစ်ဖက်တောင် အလျော့ပေးပြီး ...။"
ဝူး ...။
ထိပ်ဖြူ ခွေးတူဝက်တူကြီးက ဒေါသတကြီး ကြုံးဝါးလိုက်၏။ အရှိန်ပြင်းစွာ ခုန်ပျံတက်လာပြီး လက်ဝါးတစ်ချက်တည်းဖြင့် တည့်တည့်မတ်မတ် ရိုက်ချလိုက်တော့သည်။
ဘုန်း ... ဘုန်း ...။
လူမိုက်ကြီး၏ ခန္ဓာကိုယ်သည် ကြိုးပြတ်သွားသော စွန်တစ်ကောင်ပမာ မျက်စိတစ်မှိတ် အတွင်းမှာပင် အရိပ်အယောင် ပျောက်ကွယ်သွား၏။ ၎င်း၏ အစား တစ်ဖက် နံရံပေါ်တွင် လူ့ခန္ဓာကိုယ် ပုံသဏ္ဌာန်နီးပါး ရှိသော အပေါက်ကြီး တစ်ပေါက်သာ ကျန်ရစ်တော့၏။
ဘေးနားတွင်ရှိနေသူ အနည်းငယ်မှာ ကြောင်အသွားကြ၏။ နောက်တစ်ခဏတွင် သူတို့ထဲမှ တစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်သည်။ "သူ့ကို သတ်ကြ။ အစ်ကိုကြီးအတွက် လက်တုံ့ပြန်ကြမယ်။"
ဘုန်း ...။ ဘုန်း ...။ ဘုန်း ...။
ထိပ်ဖြူ ခွေးတူဝက်တူကြီးက လက်ဝါးများကို တစ်ချက်ပြီးတစ်ချက် ရိုက်ချလိုက်၏။ လက်ဝါး တစ်ချက် ရိုက်ချလိုက်တိုင်း လူမိုက်ကြီး တစ်ယောက်စီ လွင့်စင်ထွက်သွားသည်။ လက်နက်များ ယူဆောင်၍ ခုခံရန် ကြိုးစားသူများလည်း ရှိသော်ငြား ထိပ်ဖြူ ခွေးတူဝက်တူကြီး၏ တစ်ချက်တည်း ရိုက်ချမှုအောက်တွင် လက်နက်မှာ နှစ်ပိုင်း ပြတ်တောက်သွားကြရ၏။
ဤမျှလောက် ပြတ်သားပြီး သန့်ရှင်းသပ်ရပ်သော မြင်ကွင်းမျိုးကို လူအများက ဘယ်သောအခါကများ မြင်ဖူးခဲ့ကြပါမည်နည်း။ အားလုံး အံ့ဩ တုန်လှုပ်သွားကြတော့သည်။
"ဝါး ...။ ဒီ ထိပ်ဖြူ ခွေးတူဝက်တူကြီးက အရမ်း စွမ်းအားကြီးတာပဲ။"
ကျန်းမုန်ယွင်က လက်ခုပ်တီးလျက် ပြောလိုက်၏။ "သဲအိတ် သေးသေးလေးတွေကို ထိုးနေသလိုမျိုးပဲ အဲဒီလူတွေကို ရှင်းထုတ်ပစ်လိုက်တာ။"
"တတိယအဆင့် ထိပ်တန်း မိစ္ဆာသားရဲ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်လှပေတယ်။"
ကျန်းမင်ယွမ်လည်း အလွန်တရာ အားကျနေသည့် မျက်နှာပေးဖြင့် ပြောလိုက်၏။ "ဒီစွမ်းရည်က တကယ်ကို လျှော့တွက်လို့ မရတာပဲ။"
"ဟီးဟီး ... တံခါးစောင့်က မဆိုးဘူးမလား။" ဟုန်ရှောင်ပေါင်က ပြုံးရွှင်စွာ ပြောလိုက်၏။ ထွက်ခွာသွားရန် ပြင်လိုက်စဉ်မှာပင် ချန်ယန် ရောက်ရှိလာခဲ့သည်။
"အယ်ယို ... ကျုပ်ရဲ့ သူဌေးကြီးရယ်။ စီးပွားရေးလုပ်တာ ခင်ဗျားလိုမျိုး လုပ်တဲ့သူ ဘယ်မှာရှိလဲ။"
ချန်ယန်က အလွန်တရာ စိတ်မကောင်းစွာဖြင့် ပြောလိုက်၏။ "အခုလက်ရှိ ကျုပ်တို့ရဲ့ နာမည်ကျော်ကြားမှုနဲ့ ဆိုရင် ဒီလို နေ့တစ်ဝက်လောက် ဆိုင်မဖွင့်တာက ဝိညာဉ်ကျောက်တုံး ဘယ်လောက်တောင် ဆုံးရှုံးသွားစေလဲ ဆိုတာ သိရဲ့လား။"
"ချန်ယန် ... ရောက်လာတာ အတော်ပဲ။ ကျုပ် လူတိုင်း မြည်းစမ်းကြည့်ဖို့ ဟင်းနည်းနည်းလောက် ချက်မလို့။"
ဟုန်ရှောင်ပေါင်က ပြုံးရွှင်စွာ ပြောလိုက်၏။ "နောက်နောင် ဆိုင်တံခါး သော့ကို ခင်ဗျား ယူထားလိုက်ရင် ပြီးရော မဟုတ်ဘူးလား။"
ပြောပြီးသည်နှင့် အပေါ်ထပ်သို့ တက်သွားကာ ဟင်းလျာများ စတင် ပြင်ဆင်တော့၏။ ယွင်ချိုင်ရှောင် အဆင့်တက်ခြင်းတွင် ယွင်ရှန့်ရွှမ် စောင့်ရှောက်ပေးနေ၍ သဘာဝကျကျပင် ဘာပြဿနာမှ မရှိနိုင်ချေ။ သို့ပေမည့် သူ၏ စိတ်ထဲတွင်တော့ ဘယ်လိုလုပ်လုပ် ငြိမ်သက်သွားခြင်း မရှိခဲ့ချေ။
ယွင်ချိုင်ရှောင် မကြာမီ လေယင်နန်းဆောင် ဌာနချုပ်သို့ သွားရတော့မည်ကို တွေးမိသောအခါ စိတ်ထဲတွင် အနည်းငယ် ဟာတာတာ ဖြစ်သွားမိ၏။
"အဘိုး ... ကျုပ် ဘယ်လို စွမ်းအားအဆင့်ကို ရောက်ရင် ဌာနချုပ်က ပါရမီရှင်တွေကို ပျပ်ဝပ်သွားအောင် ဆွဲထိုးနိုင်လောက်ပြီလဲ။"
"ခန့်မှန်းခြေတော့ သတ္တမအဆင့်၊ အဋ္ဌမအဆင့် လောက်ပေါ့။"
"ဒါဆို ကောင်းပြီ။ ဒီနှစ်ပဲ။ သခင်လေး ကျုပ်က သွေးသားခန္ဓာ အဋ္ဌမအဆင့် (နတ်ဘုရား ခွန်အားအဆင့်) ကို ရောက်အောင် ကျင့်မယ်။"
"မင်း ရူးသွားပြီလား။"
ယင်းကျိုယိုမှာ ပြောစရာ စကားပင် မရှိတော့ချေ။ "အဋ္ဌမအဆင့် (နတ်ဘုရား ခွန်အားအဆင့်) ဆိုတာ ဘယ်လို သဘောတရားမျိုးလဲ ဆိုတာကို မင်း သိရဲ့လား။"
"ဒါဆိုရင် ... နှစ်နှစ် ယူမယ်လေ။"
ယင်းကျိုယို မျက်ဖြူလန်သွားသည်ကို မြင်သောအခါ၊ ဟုန်ရှောင်ပေါင်က စမ်းသပ်သည့်အနေဖြင့် ထပ်ပြောလိုက်၏။ "အဲဒီလိုမှ မဟုတ်ရင် နောက်ထပ် တစ်နှစ် ထပ်တိုးလိုက်မယ်လေ။"
"သွားစမ်း။"
အဘိုးကြီး၏ စကားတစ်ခွန်းက ဟင်းသီးဟင်းရွက် ဈေးဆစ်သကဲ့သို့ တစ်နှစ်ပြီးတစ်နှစ် တိုးတောင်းနေသည့် ဟုန်ရှောင်ပေါင်ကို နောက်ဆုံးတွင် ပါးစပ်ပိတ်သွားစေခဲ့၏။ "သမိုင်းတစ်လျှောက်မှာ သွေးသားခန္ဓာ ဒသမအဆင့် အထိ အစွန်းရောက်ပုံစံတွေနဲ့ပဲ အဆင့်တက်နိုင်တဲ့ ပထမဆုံးသော မိစ္ဆာဆန်တဲ့ ပါရမီရှင်တစ်ယောက် ဖြစ်ချင်တာလား။"
အဘိုးကြီးက မည်မျှ ပါးနပ်လှသနည်း။ ဤစကား တစ်ခွန်းတည်းနှင့်ပင် ဟုန်ရှောင်ပေါင်ကို အသေအချာ ဖမ်းစားနိုင်ခဲ့၏။ ဟုန်ရှောင်ပေါင်မှာ ဟင်းလှီးဓားကို ပစ်ချပြီး ယခုအချိန်ကတည်းကပင် ဒသမအဆင့်အတွက် အစွန်းရောက် ကျင့်ကြံခြင်းကို စတင်ချင်စိတ် ပေါက်သွားခဲ့သည်။
ဒေါက် ... ဒေါက် ... ဒေါက် ... ဒေါက် ... ဒေါက် ...။
ဟင်းလှီးဓားသံက တိုးညင်းစွာ ထွက်ပေါ်နေပြီး အသံများက သိမ်မွေ့ စိပ်ဖြန်းကာ အဆက်မပြတ် ဖြစ်နေခဲ့၏။ အစွန်းရောက်အဆင့်သို့ ရောက်ရှိခြင်းက ခွန်အားကို ကြီးမားစွာ တိုးပွားစေရုံသာမက၊ ဟုန်ရှောင်ပေါင်၏ ကိုယ်ပိုင် ကြွက်သားများအပေါ် ထိန်းချုပ်နိုင်စွမ်းကိုလည်း အလွန်တရာ မြင့်မားသည့် အဆင့်တစ်ခုသို့ တက်လှမ်းစေခဲ့သည်။ လှီးဖြတ်ထားသည့် အာလူးချောင်းများမှာ ပေတံဖြင့် သေချာစွာ တိုင်းထွာထားသကဲ့သို့ တိကျ သပ်ရပ်လွန်းနေ၏။
ဟုန်ရှောင်ပေါင်တွင် ဝိသေသ လက္ခဏာ တစ်ခု ရှိသည်။ သူ တကယ်တမ်း အလေးအနက် ထားလာပြီဆိုလျှင် ဆွေမျိုး ခြောက်ပါးကိုပင် မသိတော့ချေ။ အင်း ... မဟုတ်သေးဘူး။ ပြင်ဆင်ပြောရလျှင် ပြင်ပ လောက၏ အရာဝတ္ထုများကို အာရုံမခံမိတော့ခြင်းပင်။ ယခုအခိုက်အတန့်တွင် သူက ဤကဲ့သို့သော အခြေအနေမျိုးဆီသို့ ချက်ချင်း ဝင်ရောက်သွားခဲ့သည်။ ဟင်းချက်ပစ္စည်း တစ်ခုချင်းစီကို မြန်ဆန်စွာ ပြင်ဆင်ပြီးစီးသွားခဲ့ပြီး … မကြာမီမှာပင် ဒယ်အိုးထဲသို့ ထည့်သွင်းလိုက်တော့သည်။
ရွှီး ...။ ရွှီး ...။
"ရှန်သံ ဒယ်အိုး နဲ့ ဟင်းကြော်ရတာကမှ တကယ့် ခံစားမှု အရသာကို ပေးစွမ်းနိုင်တာပဲ။"
ထို့အပြင် သေးငယ်သည့် မီးတောက်စက်ကွင်း ပညာရပ်လေးတစ်ခုလည်း ရှိနေသေးရာ မီးအပူရှိန်က အလွန်တရာ ညီညာစွာဖြင့် ဒယ်အိုး၏ နေရာအနှံ့အပြားသို့ ကူးစက်သွားခဲ့၏။
ဟုန်ရှောင်ပေါင်သည် ကျေနပ် အားရစွာဖြင့် ဆီများကို ဒယ်အိုးတွင်းသို့ လောင်းထည့်လိုက်သည်။
ရွှီး ... ရွှီး ... ရွှီး ...။
ဆီစက်လေးများက ဒယ်အိုး အောက်ခြေပေါ်တွင် ခုန်ပေါက်နေကြ၏။ သာမန် ဒယ်အိုးများကဲ့သို့ ကစဉ့်ကလျား ခုန်ပေါက်နေသည့် မြင်ကွင်းမျိုး မဟုတ်ချေ။ ဆီပြင် တစ်ခုလုံးအပေါ်၌ ဆီပေါက်လေးများက ညီညာစွာ ခုန်ထွက်နေကြသည်။ ကြိုတင် လေ့ကျင့် ဇာတ်တိုက်ထားသကဲ့သို့ပင်။
ကြက်သွန်မြိတ်နှင့် အခြားသော အမွှေးအကြိုင်များ၊ အမျိုးမျိုးသော ဟင်းခတ်အမွှေးအကြိုင်များကို ထည့်သွင်းလိုက်ရာ မကြာမီမှာပင် မွှေးကြိုင်သော ရနံ့များ ထွက်ပေါ်လာခဲ့သည်။
စောစောစီးစီးတည်းက လှီးဖြတ်ထားသည့် အာလူးချောင်းများကို ထည့်သွင်းလိုက်ပြီး မီးအပူရှိန် လုံလောက်သည့် အချိန်သို့ ရောက်သောအခါမှသာ မျှစ်ချဉ်ကို ထည့်သွင်းလိုက်၏။
"အရမ်း မွှေးတာပဲ။" ပထမထပ်ရှိ လူအနည်းငယ်မှာ မခံမရပ်နိုင် ဖြစ်လာကြတော့သည်။
ကျန်းမင်ယွမ် ဆိုလျှင် မျက်လုံးများပင် ကြောင်တောင်တောင် ဖြစ်နေခဲ့၏။ "အပြစ်ပြောစရာ မရှိဘူး။ တကယ်ကို ပြည့်စုံလွန်းတယ်။ ဒါက ... မျှစ်ချဉ်ပဲ။ ဒီလိုမျိုး တွဲဖက်ပြီး ချက်လို့ ရတာလား။"အပိုင်း (၁၄၆) ဒါမှ ပြည့်စုံလုံလောက်တဲ့ ဆေးဘက်ဝင် အစားအစာ ဖြစ်တာပဲ။
"ရပါပြီဗျာ ...။" ဟုန်ရှောင်ပေါင်က မျှစ်ချဉ် အာလူးချောင်းကြော်ကို သယ်ဆောင်လာခဲ့၏။
လူအများမှာ စောစောစီးစီးတည်းက သွားရည်များကို အကြိမ်ပေါင်းများစွာ မြိုချထားပြီး ဖြစ်သည်။
အားလုံးက အချင်းချင်း ကြည့်ရှုလိုက်ကြ၏။
ချောင်ဝမ်က ရုတ်တရက် အကြံပြုလိုက်သည်။ "မောင်လေးကျန်းက အစားအသောက် လမ်းစဉ်အပေါ် နားလည် သဘောပေါက်မှုက သာမန်မဟုတ်ဘူးလေ။ သူ့ကို အရင်ဆုံး အကဲဖြတ် မှတ်ချက်ပေးခိုင်းရင် မကောင်းဘူးလား။"
"အဲဒါ တကယ်ကို ကောင်းတာပေါ့။" ကျန်းမင်ယွမ်က ဝမ်းသာအားရ ပြောလိုက်၏။ အားနာခြင်း၊ စည်းကမ်းစောင့်သိနေခြင်း မရှိဘဲ တူတစ်ချောင်းဖြင့် ညှပ်ယူကာ၊ တစ်လုတ်တည်း ပါးစပ်ထဲ ထည့်လိုက်သည်။ သူ၏ မျက်နှာ ပုံပန်းသွင်ပြင်မှာ အရိုးထဲထိ စိမ့်ဝင်သွားလောက်အောင် အရသာခံနေသည့် ဟန်ရှိ၏။
အတန်ကြာမှ မျက်လုံးများကို ဖွင့်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။ "ငရုတ်သီးက မီးကို ကြောက်တဲ့ အရာပဲ။ အာလူးချောင်းရဲ့ မီးအပူရှိန်ကိုတော့ အစ်ကိုကြီးဟုန်က ခုနစ်ပုံခန့် ကျက်တဲ့အထိ ထိန်းချုပ်ထားခဲ့တယ်။ ဒါကြောင့် ရွှေဝါရောင် အနည်းငယ် သန်းနေတာမျိုး ဖြစ်သွားပြီး ဆီစက်လေးတွေက အာလူးချောင်းတွေ ထဲကို ဖြည်းဖြည်းချင်း စိမ့်ဝင်သွားစေခဲ့တယ်။ မျှစ်ချဉ်ရဲ့ ရှူရှိုက်မိရုံနဲ့ လျှာအောက်ကနေ သွားရည်တွေ ယိုစီးကျလာစေတဲ့ အချဉ်ဓာတ်ကလည်း အာလူးချောင်းတွေထဲကို ပြီးပြည့်စုံစွာနဲ့ တစ်မျှင်ချင်းစီ စိမ့်ဝင်နေခဲ့တယ်။ ဒါ့အပြင် အခြားသော ဟင်းခတ်အမွှေးအကြိုင်တွေရဲ့ အရသာလည်း ပါဝင်နေသေးတော့ ... ဒါ ... ဒါက တကယ်ကို ကျုပ် တစ်သက်တာမှာ စားဖူးသမျှ အကောင်းဆုံးသော အာလူးချောင်းကြော် တစ်ပွဲပဲ။"
လူအများမှာ သူ၏ ပြောဆိုပုံကြောင့် သွားရည်များ ဇလုံကြီး အနည်းငယ်စာမျှ ကျဆင်းလာ၏။ ထိုအထဲတွင် ကျန်းမုန်ယွင်က အဆိုးဆုံး ဖြစ်သည်။ သူမက သွားရည် အကြိမ်အနည်းငယ် မြိုချမိသည်ကို အနည်းငယ်မျှ ဖုံးကွယ်ထားခြင်း မရှိခဲ့ချေ။
"အား ... အား ... အား ... မခံစားနိုင်တော့ဘူး။ တကယ်ကို မခံစားနိုင်တော့ဘူး။" ကျန်းမုန်ယွင်မှာ မခံမရပ်နိုင်တော့ဘဲ တူတစ်ချောင်းဖြင့် ညှပ်ယူစားသုံးလိုက်၏။ ချက်ချင်းပင် မျက်လုံးများကို မှိတ်ကာ ရှည်လျားသော "အူး ...။" ဆိုသည့် အသံတစ်ခု ထွက်ပေါ်လာစေခဲ့သည်။
လူတိုင်းက ဤသူထံတွင်လည်း အဆင့်မြင့်သော အမြင်များ ရှိနေပေမည်ဟု တွေးတောလိုက်ကြ၏။ ထို့ကြောင့် သွားရည်များကို အတင်းအကျပ် အောင့်ထားကာ သူမ ဘာပြောမည်နည်းဟု စောင့်ဆိုင်းနေကြ၏။
ကျန်းမုန်ယွင်က အတန်ကြာအောင် အရသာခံပြီးသည့်နောက်မှ ပြောလိုက်သည်။ "အရမ်း စားလို့ကောင်းတာပဲ။"
"..."
လူတိုင်း တစ်ပြိုင်တည်း ဆံ့အသွားကြ၏။ ကျန်းမင်ယွမ်နှင့် ယှဉ်လိုက်လျှင် ဤသည်က ဘာအကဲဖြတ် မှတ်ချက်မျိုး ဖြစ်သနည်း။
ယခုကဲ့သို့သော အချိန်မျိုး ရောက်လာသောအခါမှသာ စာအုပ်စာပေ ဖတ်ရှုခြင်း၏ အရေးပါမှုက သိသာ ထင်ရှားလာ၏။ အကယ်၍ သူတို့သာ လာရောက် စားသုံးကြမည် ဆိုပါက 'အရမ်း စားလို့ကောင်းတာပဲ' ဆိုသည်မှလွဲ၍ ‘မတရား စားလို့ကောင်းတာပဲ' ဆိုသည့် စကားတစ်ခွန်းသာ ပိုလာလောက်ပေသည်။ အလွန်ဆုံး တတ်နိုင်သည့် အရာမှာ ‘သောက်ရမ်းကြီး စားလို့ကောင်းတာပဲ' ဆိုသည့် စကားမျှပင်။
"အရမ်း စားလို့ကောင်းတာပဲ။"
"အရမ်း စားလို့ကောင်းတာပဲ။"
လူအများတွင် ကျန်းမင်ယွမ်ကဲ့သို့သော အစားအသောက် အကဲဖြတ် ပညာရှင်၏ ကျွမ်းကျင်မှုမျိုး မရှိကြချေ။ သူတို့၏ ဤ "အရမ်း စားလို့ကောင်းတာပဲ" ဆိုသော စကားတစ်ခွန်းတည်းက မည်မျှလောက် ဖြူလျော်ပြီး အားနည်းလွန်းနေသည်ကို သိကြသော်ငြား အဆက်မပြတ် ချီးကျူး ထောပနာပြုနေကြဆဲ ဖြစ်သည်။
"တကယ့်ကို ဆေးဘက်ဝင် အစားအစာ စစ်စစ်ကြီးပါလား။ ကောင်းကင်ဘုံ ... ဒီ ဝိညာဉ်စွမ်းအင်တွေလေ။ ရှင်တို့ ခံစားမိကြလား။"
ဖုန်းလင်းလုံသည် မိန်းမ,မဆန်စွာဖြင့် သူမ၏ ဗိုက်ကို လက်ညှိုးထိုးပြလိုက်၏။ "ဝိညာဉ်စွမ်းအင်တွေက သွေးကြောတွေထဲမှာ လှည့်ပတ်သွားလာနေတဲ့ လမ်းကြောင်းကို ကျွန်မ အရမ်း ရှင်းရှင်းလင်းလင်းကြီး ခံစားမိနေတယ်။"
"တစ်ကိုယ်လုံး နွေးထွေးနေတာပဲ။ ပြီးတော့ ဝိညာဉ်စွမ်းအင်တွေ အရမ်း အရှိန်အဟုန်မြန်မြန် တိုးပွားလာနေတာကိုလည်း ခံစားမိတယ်။" ကျန်းမုန်ယွင်ကလည်း တအံ့တဩ ပြောလိုက်သည်။
လူအများ အံ့ဩတုန်လှုပ်နေကြစဉ်မှာပင် ဟုန်ရှောင်ပေါင်က ဒုတိယမြောက် ဟင်းပွဲက သယ်ဆောင်လာခဲ့ပြီ ဖြစ်၏။
"ဟီးဟီး ... အားလုံးပဲ ဒီ ဟင်းနုနွယ်သုပ်လေးကို မြည်းစမ်းကြည့်ကြပါအုံး။"
ပန်းကန်ပြားပေါ်တွင် သေးငယ်သော ဟင်းနုနွယ် မျှော်စင်လေး တစ်ခုကို ဆင့်စီထားပြီး၊ ဘေးနားတွင် အနီရောင် ပန်းကန်ပြား အသေးလေး တစ်ခုလည်း ရှိနေ၏။
လူတိုင်းက နောက်တစ်ကြိမ် ကျန်းမင်ယွမ်ကို ပထမဆုံး တူတစ်ချောင်း စတင် ညှပ်ယူစေလိုက်သည်။
ကျန်းမင်ယွမ်က တူတစ်ချောင်းကို အရင်ဆုံး ညှပ်ယူလိုက်ပြီး သေသေချာချာ အရသာခံ မြည်းစမ်းကြည့်ပြီးနောက်မှ ပြောလိုက်၏။ "ချဉ်ချဉ်ချိုချိုလေးပါလား။ အစ်ကိုကြီးဟုန်က တစ်ခုခု အချိုအနှစ်ကို ထည့်သွင်းထားတာ ဖြစ်ရမယ်။"
စောစောက အကဲဖြတ် မှတ်ချက်နှင့် ယှဉ်လိုက်လျှင် ဤမှတ်ချက်ကတော့ အတော်လေး သာမန် ဖြစ်သွားခဲ့သည်။ ကျန်းမင်ယွမ်သည် ဟုန်ရှောင်ပေါင်က ဤကဲ့သို့သော ဟင်းပွဲမျိုးသာ ချက်ပြုတ်နိုင်လိမ့်မည်ဟု သိပ်ပြီး မယုံကြည်သကဲ့သို့ ရှိနေသည်။
ဘေးနားရှိ အနှစ်ပန်းကန်ပြားထဲမှ အနှစ်အနည်းငယ်ကို တို့ဆိပ်လိုက်သည်။ ဟင်းနုနွယ်ရွက်က ပါးစပ်ထဲ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ချက်ချင်း မျက်နှာပြင် တစ်ခုလုံး ပြောင်းလဲသွားတော့၏။ မျက်နှာပေါ်ရှိ ပုံပန်းသွင်ပြင်က အဆက်မပြတ် ပြောင်းလဲနေခဲ့သည်။ အတန်ကြာမှ တအံ့တဩ ရေရွတ်လိုက်၏။
"တို့စရာ အနှစ်ရဲ့ အစပ်အရသာက လှုံ့ဆော်မှု ရှိပြီး အရမ်း ပြင်းထန်တယ်။ ဒါက ကျုပ် သိထားတဲ့ ရေချောင်းဒေသ ရိုးရာ ငရုတ်ဆီ အနှစ်အရသာထက်ကို ပိုပြီး ကြွယ်ဝ ဆန်းကြယ်နေသေးတာပဲ။ အဲဒီအထဲမှာ အမျိုးပေါင်းများစွာသော ဟင်းခတ်အမွှေးအကြိုင်တွေ ပေါင်းစပ်ပါဝင်နေပေမဲ့လည်း အားလုံးက ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နေကြသလိုမျိုးပဲ။ ဘယ်အမွှေးအကြိုင်ကမှ တခြားတစ်ခုရဲ့ အရသာကို ဖုံးလွှမ်းသွားတာမျိုး မရှိဘူး။ သေသေချာချာလေး အရသာခံကြည့်ရုံနဲ့ အရသာ တစ်ခုချင်းစီကို ခွဲခြား သိရှိနိုင်တယ်။ ဒါ့အပြင် ဟင်းနုနွယ်ရွက်ရဲ့ လတ်ဆတ်တဲ့ အချိုအရသာနဲ့ ငရုတ်ဆီအနှစ်ရဲ့ အစပ်အရသာတို့က တစ်ခုကိုတစ်ခု အပြန်အလှန် ပံ့ပိုးပေးနေကြတယ်။ အပြစ်ပြောစရာ မရှိဘူး။ တကယ်ကို ပြီးပြည့်စုံလွန်းတာပဲ။"
"ဟယ် ...။ ပုံမှန် အချိန်တွေတုန်းကတော့ ညီလေးကျန်းက အစားအသောက် ရူးသွပ်သူ တစ်ယောက် ဆိုတာကို မသိခဲ့ရဘူးပဲ။" ချန်ယုမှာ သွားရည်များ ကျဆင်းလာတော့မတတ် ဖြစ်နေပြီး သူလည်း တူကို စတင် အသုံးပြုလိုက်သည်။
"အသုပ်ဟင်းပွဲ ဟုတ်လား။ ကြိုက်တယ်။" ဖုန်းလင်းလုံ အလွန်တရာ ဝမ်းသာသွားပြီး သူမလည်း တူကို အသုံးပြုလိုက်၏။
ဒုတိယထပ်တွင်မူ ဟုန်ရှောင်ပေါင်သည် တတိယမြောက် ဟင်းပွဲဖြစ်သော ခရမ်းချဉ်သီးကြက်ဥမွှေကြော် ကို ချက်ပြုတ်နေပြီ ဖြစ်သည်။
မီးတောက်ငရုတ်သီး အတုံးအဆစ်လေးများက တဖျောက်ဖျောက် မြည်ဟည်းနေဆဲ ဖြစ်သည်။ ထိုကဲ့သို့သော အစပ်အရသာကို တစ်ချက်မျှ ရှူရှိုက်ကြည့်ရုံနှင့်ပင် အလွန်တရာ ထူးကဲစွာ စပ်ဖျဉ်းလိမ့်မည် ဖြစ်ကြောင်း သေချာပေါက် သိရှိနိုင်၏။
သို့သော်ငြား အစပိုင်း စတင် ချက်ပြုတ်စဉ်ကလွဲ၍ ကျန်အချိန်များတွင် အနည်းငယ်မျှ မွှန်းကျပ်လာခြင်း မရှိခဲ့ချေ။ တစ်ချိန်တည်းမှာပင် ခရမ်းရောင်ခရမ်းချဉ်သီးများမှာ သလင်းကျောက် တစ်ခုပမာ ဖြစ်နေပြီး မွှေးကြိုင်သော ရနံ့များ ဖုံးလွှမ်းနေရာ စားသုံးလိုစိတ်ကို အစွမ်းကုန် လှုံ့ဆော်ပေးနေ၏။
ထို အရောင်အသွေးက ဟုန်ရှောင်ပေါင် မူလက စိတ်ကူးထားခဲ့သကဲ့သို့ အမည်းရောင်ဆန်ဆန် ဆိုးရွားနေခြင်း မရှိချေ။ ဆန့်ကျင်ဘက်အားဖြင့် တစ်ချက် ကြည့်လိုက်ရုံနှင့်ပင် သွားရည်ကျလာစေမည့် ပုံပန်းသွင်ပြင်မျိုး ဖြစ်သည်။
ထို့အပြင် မြစိမ်းရောင်ရှိသော ကြက်ဥများမှာလည်း ပုံသဏ္ဌာန် မမှန်သော မြစိမ်းကျောက်စိမ်းတုံးလေးများကဲ့သို့ အရောင်အလက် တောက်ပနေပြီး တစ်ချက် ကြည့်မိရုံနှင့် မျက်လုံး ဖယ်ခွာ၍ မရနိုင်လောက်အောင် ဆွဲဆောင်နေ၏။
ဟုန်ရှောင်ပေါင်တွင် စားသောက်ဆိုင် ဖွင့်လှစ်ရန် စောစောစီးစီးတည်းက ပြင်ဆင်မှု ရှိနေခဲ့ပြီး ဖြစ်သည်။ ယနေ့ သူက အားလုံးကို ဟင်းတစ်ဝိုင်း ဧည့်ခံကျွေးမွေးရခြင်းတွင် အမှန်တကယ်တော့ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက် အသေးလေး တစ်ခု ပါဝင်နေ၏။ ၎င်းမှာ သဘက်ခါတွင် စားသောက်ဆိုင် တရားဝင် ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း ကြေညာရန်ပင် ဖြစ်သည်။
တတ်နိုင်သည့် အခြား နည်းလမ်း မရှိပေ။ ယခုအခါ ဟုန်ရှောင်ပေါင်တွင် လေယင်နန်းဆောင် ဌာနချုပ်မှ အချစ်ပြိုင်ဘက် တစ်ပုံတစ်ပင်ကြီး အလိုအလျောက် တိုးပွားလာခဲ့ပြီ မဟုတ်ပါလား။
သူက သူ၏ အေးအေးလူလူ နေထိုင်တတ်သည့် အလေ့အထကို သေချာပေါက် ပြုပြင် ပြောင်းလဲရပေတော့မည်။ ထိုသို့မဟုတ်လျှင် အချိန်ကျရောက်လာပါက မိန်းမတောင် အလုခံရနိုင်ခြေ ရှိ၏။ တခြားသူများ ကျင့်ကြံကြရာတွင် တစ်နှစ်ပတ်လုံး တန်ခိုးကျင့်ခြင်းတို့၊ သိုင်းပညာရပ်တွေကို လေ့ကျင့်ခြင်းတို့ လုပ်ဆောင်ကြရသည်။
သို့ပေမည့် ဟုန်ရှောင်ပေါင်က မဘယ်သူနည်း။ သူက တန်လန် ခန္ဓာကိုယ် ပိုင်ရှင် တစ်ယောက်ပင်။ သူ၏ ကျင့်ကြံခြင်း ဆိုသည်မှာ မရေမတွက်နိုင်သော ဝိညာဉ်ကျောက်တုံးများဖြင့် စုပုံတည်ဆောက်ထားရခြင်း ဖြစ်၏။ သေချာပေါက် ပိုက်ဆံ ကောင်းကောင်း ရှာဖွေရပေတော့မည်။ ထို့ကြောင့် စားသောက်ဆိုင်အတွက် လိုအပ်သော ပန်းကန်လုံး၊ တူ၊ စားပွဲနှင့် ထိုင်ခုံများ ဘာတစ်ခုမှ မရှိသေးသော်ငြား သူက ဆိုင်ကို စတင် ဖွင့်လှစ်ရန် တွေးတောလိုက်ခြင်း ဖြစ်၏။
ကြော်ပြီးသား ဖြစ်သည့် ခရမ်းချဉ်သီးကြက်ဥကြော်ကို သယ်ဆောင်၍ ဆင်းလာသောအခါ၊ ချောင်ဝမ်နှင့် သူငယ်ချင်းများက ချက်ချင်းပင် တအံ့တဩ အော်ဟစ်လိုက်ကြသည်။ "အလို ... ခရမ်းချဉ်သီးကြက်ဥကြော်လား။"
"အို ... ခင်ဗျားတို့ ဒါကို စားဖူးကြလို့လား။" ကျန်းမင်ယွမ် အနည်းငယ် ကြောင်အသွား၏။
"တစ်ခါ စားဖူးတယ်။ အမြဲတမ်း စွဲလန်း နေခဲ့တာလေ။"
ချောင်ဝမ်က ပြုံးလျက် ပြောလိုက်သည်။ "အဲဒီတုန်းက ညီမလေး ချိုင်ရှောင်မှာ စေ့စပ်ထားတဲ့ သတို့သားလောင်း တစ်ယောက် ရှိတယ် ဆိုတာကို သိရတော့၊ တို့အားလုံးက စစ်ဆေး အကဲဖြတ်ပြီး အခက်တွေ့အောင် လုပ်မယ်လို့ စဉ်းစားခဲ့ကြတာ။ ဒါပေမဲ့ အရမ်းကို အပြစ်မဲ့စွာနဲ့ပဲ ဒီ ဟင်းပွဲရဲ့ ဖမ်းစားတာကို ခံလိုက်ရတယ်။"
"ကဲ ... လာပါ၊ အစားအသောက် အကဲဖြတ် ပညာရှင်ကြီးရယ် ... အကဲဖြတ် မှတ်ချက်လေး ပေးပါအုံး။" ဖုန်းလင်းလုံ က ဟင်းပန်းကန်ကို ကျန်းမင်ယွမ်၏ အရှေ့သို့ တွန်းပို့ပေးလိုက်၏။
ကျန်းမင်ယွမ်က တူတစ်ချောင်း ညှပ်ယူလိုက်ပြီး၊ အတန်ကြာအောင် သေသေချာချာ အရသာခံ မြည်းစမ်းကြည့်ပြီးနောက်မှ ပြောလိုက်သည်။ "ခရမ်းရောင်ခရမ်းချဉ်သီးရဲ့ အရသာက အင်မတန် ကြွယ်ဝ ပြည့်ဝလွန်းတယ်။ တစ်ချက်လေး ရှူရှိုက်ကြည့်ရုံနဲ့တင် သွားရည်တွေက တားမရ ဆီးမရ ကျဆင်းလာစေတယ်။
မြစိမ်းရောင် ကြက်ဥကို ပြောရရင်တော့ ... မွှေးကြိုင်တဲ့ရနံ့က အရမ်း ပြင်းထန်ပေမဲ့လည်း၊ နည်းနည်းလေးမှ ညှီစော်နံတာမျိုး မရှိဘူး။ ဆန့်ကျင်ဘက်အနေနဲ့ လတ်ဆတ်ပြီး သိမ်မွေ့ အေးချမ်းတဲ့ ခံစားမှုမျိုးကို ပေးစွမ်းနိုင်တယ်။
ငရုတ်သီးကိုတော့ ထပ်ပြောစရာတောင် မလိုတော့ဘူး။ မီးတောက်ငရုတ်သီးက အရမ်း စပ်ဖျဉ်းတယ်။ ဒါပေမဲ့ ဒီလောက် စပ်ဖျဉ်းတဲ့ အရသာကလည်း မြန်မြန် လျော့ပါးသွားပြီး၊ ထုံကျဉ်ကျဉ် ခံစားမှုလေးကိုသာ ကျန်ရစ်စေခဲ့တယ်။ ဒါ့အပြင် အဲဒီ အစပ်အရသာလေးက လူတစ်ယောက်ရဲ့ အစားအသောက် ခံတွင်းကို အပြီးတိုင် ဖွင့်လှစ်ပေးလိုက်တာပဲ။ ကျွတ် ကျွတ် ...။ ဒါက အစားအသောက် ခံတွင်းဖွင့်ပေးတဲ့ ဟင်းပွဲ တစ်ပွဲပဲ။ အစ်ကိုကြီးဟုန်က ဘာဖြစ်လို့ အခုချိန်မှ ဒီဟင်းပွဲကို ချပေးရတာလဲ