← Chapters

အခန်း (၁၄၇-၁၄၈)

Vol. 13 Ch. 147-148

အခန်း (၁၄၇-၁၄၈)

Vol. 13 Ch. 147-148

အပိုင်း (၁၄၇) ရှောင်ပေါင့်လက်ရာ။

လူတိုင်းက ပြုံးလိုက်ကြ၏။

ထိုအခါမှ ကျန်းမင်ယွမ်က ဆက်ပြောလိုက်သည်။ "ဒီ ခရမ်းချဉ်သီးကြက်ဥကြော်မှာ အသုံးပြုထားတာက ခရမ်းရောင်ခရမ်းချဉ်သီးနဲ့ မြစိမ်းရောင် ကြက်ဥတွေပဲ ဖြစ်ရမယ်။ ဒီ ဆေးမြစ်ဆေးပင်တွေရဲ့ ဝိညာဉ်စွမ်းအင်တွေက လုံးဝနီးပါး ပျောက်ဆုံးသွားခြင်း မရှိဘူး။ ဒါမှ တကယ့်ကို ပြီးပြည့်စုံတဲ့ ဆေးဘက်ဝင် အစားအစာ ဖြစ်တာပဲ။ ဆေးလုံးတွေနဲ့တောင် ဂုဏ်ရည်တူ ယှဉ်ပြိုင်နိုင်တဲ့ အဆင့်ကို ရောက်နေပြီ။"

ချောင်ဝမ်နှင့် သူငယ်ချင်းများမှာ ဤဟင်းပွဲကို တမ်းတနေခဲ့သည်မှာ အလွန်တရာ ကြာမြင့်နေပြီ ဖြစ်၏။ ကျန်းမင်ယွမ် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် သူတို့က ချက်ချင်းပင် အလုအယက် စားသုံးကြတော့၏။

ဤသို့ စားသောက်နေကြစဉ်မှာပင် ကျန်းမုန်ယွင်၏ မျက်နှာပြင်မှာ ပိုပိုပြီး နီရဲလာခဲ့ပြီး နဖူးပြင်ပေါ်တွင်လည်း ချွေးစေးများ ဖြည်းညင်းစွာ စတင် ထွက်ပေါ်လာ၏။ အစပိုင်းတွင် လူအများက ဂရုမစိုက်မိခဲ့ကြချေ။ သို့သော်ငြား ခဏအကြာတွင် တစ်ခုခု မမှန်ကန်ကြောင်းကို သူတို့ ခံစားမိသွားကြသည်။

ကျန်းမုန်ယွင်မှာ မျက်နှာပြင်ကို ကြည့်လိုက်ရုံနှင့်ပင် အလွန်တရာ နေရထိုင်ရ ခက်ခဲနေကြောင်း သိသာနေ၏။

"ဒါက ...။"

ကျန်းမင်ယွမ်နှင့် ဖုန်းလင်းလုံတို့ အနည်းငယ် ရပ်တန့်သွားကြပြီး ချက်ချင်းပင် တအံ့တဩ အော်ဟစ်လိုက်ကြသည်။ "အဆင့်တက်တော့မယ်။"

ဟုန်ရှောင်ပေါင်က စတုတ္ထမြောက်ဟင်းပွဲကို သယ်ဆောင်ထွက်လာချိန်တွင် အောက်ထပ်၌ ရှုပ်ထွေး ကစဉ့်ကလျား ဖြစ်နေသည်ကို မြင်လိုက်ရ၏။ ချောင်ဝမ်နှင့် ဖုန်းလင်းလုံတို့က ကျန်းမုန်ယွင်ကို ဘေးနားသို့ တွဲခေါ်သွားကြ၏။

ဟုန်ရှောင်ပေါင် အနည်းငယ် ကြောင်အသွားပြီးနောက် ချက်ချင်းပင် သဘောပေါက်သွားသည်။ "ဟားဟား ... ဂုဏ်ပြုပါတယ်၊ ဂုဏ်ပြုပါတယ်။"

"မောင်လေးဟုန် ... မင်းရဲ့ ဒီ ဆေးဘက်ဝင် အစားအစာတွေက ဒီလောက်တောင် ကြီးမားတဲ့ အာနိသင် ရှိနေတာလား။"

ချောင်ဝမ်၏ မျက်နှာတွင် အံ့ဩတုန်လှုပ်မှုတို့ ပြည့်နှက်နေ၏။ "နေ့တိုင်း နေ့တိုင်း စားချင်စိတ်တောင် ပေါက်သွားပြီ။ အဲဒီလိုမှ မဟုတ်ရင် ကျွန်မလို အရည်အချင်း မရှိတဲ့သူ တစ်ယောက်တောင်မှ အဆင့်တက်နိုင်တဲ့ အခွင့်အရေး ရှိလာနိုင်လောက်တယ်။"

"ဟားဟား ... အဲဒါက လွယ်ကူတဲ့ ကိစ္စလေးပါဗျာ။"

ဟုန်ရှောင်ပေါင်က ပြုံးလျက် ပြောလိုက်သည်။ "အားလုံးကို သတင်းတစ်ခု ပြောပြရအုံးမယ်။ ဟုန်အမှတ်တံဆိပ် စားသောက်ဆိုင်ကို မနက်ဖြန် စတင် ဖွင့်လှစ်တော့မှာ ဖြစ်တယ်။ အားလုံးပဲ တစ်ယောက်ကို တစ်ယောက် လက်ဆင့်ကမ်း သတင်းပေးကြပါအုံး။ နေ့စဉ် မနက်ခင်းနဲ့ ညနေခင်းပိုင်းတွေမှာ တစ်ခါဖွင့်ရင် နှစ်နာရီကြာ ဖွင့်လှစ်သွားပါမယ်။"

"အရမ်း ကောင်းတာပဲ။"

ဖုန်းလင်းလုံ ချက်ချင်းပင် အလွန်တရာ ဝမ်းသာသွား၏။ "ဟားဟား ... အရမ်းကောင်းတယ်၊ အရမ်းကောင်းတယ်။ နောက်နောင် နေ့တိုင်း သူဌေးဟုန်ရဲ့ ဆေးဘက်ဝင် အစားအစာတွေကို စားသုံးလို့ ရတော့မယ်။"

"ဘာဖြစ်လို့ တစ်ရက်ကို နှစ်နာရီလောက်ပဲ ဖွင့်တာလဲ။"

ချန်ယန်ကတော့ မျက်လုံးလန်ကြည့်လျက် ပြောလိုက်သည်။ "သူဌေးရာ ... စီးပွားရေး လုပ်တာ ဒီလို လုပ်ရတာမျိုး မဟုတ်ဘူးလေ။"

"အဓိပ္ပာယ်မရှိတာ။ သူဌေးဟုန်ဖြစ်တဲ့ ကျုပ်က နှစ်ပေါင်းတစ်သောင်းမှာ တစ်ယောက် တွေ့ရခဲတဲ့ တုနှိုင်းမရတဲ့ ပါရမီရှင် တစ်ယောက် ဖြစ်တဲ့အလျောက် သဘာဝကျကျပဲ သိုင်းကျင့်ကြံဖို့လည်း လိုအပ်သေးတယ်လေ။" ဟုန်ရှောင်ပေါင်က လေးလေးနက်နက် မျက်နှာပေးဖြင့် ပြောလိုက်၏။

"ဈေးနှုန်း သတ်မှတ်ချက်က ဘယ်လိုမျိုးလဲ မသိဘူး။" ချောင်ဝမ်ကတော့ သတိထားလျက် မေးလိုက်သည်။

"ဆေးဘက်ဝင် အစားအစာတွေမှာ အသုံးပြုထားတဲ့ ဆေးမြစ်ဆေးပင်တွေကို အားလုံးလည်း သိကြတဲ့အတိုင်းပဲလေ။ ဒါကြောင့် ဈေးနှုန်းကိုတော့ သတ်မှတ်မှာက ...။" ဟုန်ရှောင်ပေါင်၏ အသံက ရုတ်တရက် ရပ်တန့်သွားခဲ့၏။

ဆိုင်တံခါးဝဆီမှ ယောကျ်ားလေး ဝတ်စုံကို ဝတ်ဆင်ထားသော တုနှိုင်းမရသည့် အလှပိုင်ရှင် မိန်းမပျိုလေး တစ်ဦး လျှောက်လှမ်းလာခဲ့သည်။ ထို ရုပ်ရည်သွင်ပြင်၊ ထို မျက်မှောင်ကြုတ်မှု၊ ထို အပြုံးတစ်ခု၊ အားလုံးက ရင်သပ်ရှုမောဖွယ် ကောင်းသည့် အလှတရားများပင် ဖြစ်၏။ မည်သို့ပင် ကြည့်ကြည့် တိုင်းပြည်ကို ပျက်သုဉ်းစေနိုင်တဲ့ မိန်းမလှလေး ဆိုသည်မှာ ဤမိန်းကလေးကို ပြောတာပဲ ဖြစ်လိမ့်မယ်ဟု သက်ပြင်းချ တမ်းတမိစေမည့် သူမျိုး ဖြစ်သည်။

ဟုန်ရှောင်ပေါင်သည် သူမကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက်၊ သူ၏ပါးစပ်မှာ ဘယ်လိုမှ ပြန်မပိတ်နိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် ဤ မိန်းမပျိုလေးသည် သူ၏ စေ့စပ်ထားသည့် သတို့သမီးလောင်းလေး ... ယွင်ချိုင်ရှောင် ဖြစ်နေသောကြောင့်ပင်။ သူမ ဝတ်ဆင်ထားသည့် ထို ယောကျ်ားလေး ဝတ်စုံမှာလည်း၊ ဟုန်ရှောင်ပေါင် ချွတ်ပေးခဲ့သည့် ဝတ်ရုံပင် ဖြစ်ချေတော့၏။

“ညီမလေး ချိုင်ရှောင်။” ယ

ောက်ျားလေးနှင့် မိန်းကလေးတို့အကြား အချစ်ရေး အချိန်ကာလတစ်ခုသို့ ရောက်ရှိလာချိန်တွင် တစ်ယောက်ကို တစ်ယောက် မြင်တွေ့ရသည့်အခါ အတွင်းစိတ်မှ ပေါ်ထွက်လာသော အပြုံးများကို မည်သို့မျှ ဖုံးကွယ်ထား၍ မရနိုင်ချေ။ ယခုအချိန်တွင် ဟုန်ရှောင်ပေါင်လည်း ထိုအတိုင်းပင် ဖြစ်နေ၏။ ရှင်းရှင်းပြောရလျှင် ပါးစပ်ပင် ရွဲ့စောင်းမတတ် ပြုံးဖြီးနေခဲ့သည်။

“ကိုကိုရှောင်ပေါင်။”

ယွင်ချိုင်ရှောင်၏ မျက်နှာပေါ်ရှိ ပျော်ရွှင် ကျေနပ်မှုများကလည်း ဖုံးကွယ်မထားနိုင်အောင် ပေါ်လွင်နေ၏။ ဟုန်ရှောင်ပေါင် ၏ ကိုယ်ငွေ့လေး ကျန်ရှိနေသေးသည့် အဝတ်အစားကို ဝတ်ဆင်ထားရသည်မှာ သူမကို သူက ထွေးပိုက်ထားသကဲ့သို့ ခံစားရစေသည်။ စိတ်ထဲတွင် ရှက်လည်းရှက်၊ ပျော်လည်း ပျော်ရွှင်နေမိ၏။

ဘာကြောင့်မှန်း သူမလည်း မသိပေမည့် အဆင့်တက်ပြီးချိန်တွင် ဖခင်ဖြစ်သူက ဤအဝတ်ကို ပစ်ပေးလာသည့်အခါ စိတ်ထဲတွင် ငြင်းဆန်လိုစိတ် လုံးဝမရှိဘဲ ဝမ်းသာအားရ ဝတ်ဆင်လိုက်မိသည်။

ဖခင်တွင် သိုလှောင်အိတ်ရှိရာ ထိုအထဲ၌ ဝတ်ရုံနှင့် အဝတ်အစားများ မရှိဘဲ နေပါမည်လား။ သို့ပေမည့် ဖခင်က ဟုန်ရှောင်ပေါင် ချန်ထားခဲ့သည့် အဝတ်ကို သူမအား ပေးခဲ့ခြင်းမှာ သူတို့နှစ်ဦး၏ လက်ထပ်ရေးကို အသိအမှတ်ပြုလိုက်ခြင်းပင် ဖြစ်ပသည်။ ကိုယ့်မိသားစုဝင်က ကိုယ့်ချစ်သူကို အသိအမှတ်ပြုပေးခြင်းထက် ပိုမိုလှပသော အရာ ရှိပါဦးမည်လား။

“လာ ... လာ ... လာ ... ဆာနေပြီ မဟုတ်လား။”

ဟုန်ရှောင်ပေါင်က ပို၍ပင် ဝမ်းသာအားရ ဖြစ်သွား၏။ “ကိုကို ဟင်းချက်ကျွေးမယ်။”

“အင်း။” ယွင်ချိုင်ရှောင်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ သူမက လူအုပ်ကြီးရှိရာသို့ လျှောက်သွားသည့်အခါ ဖုန်းလင်းလုံနှင့် ချောင်ဝမ်တို့က ကပျာကယာ နေရာလွတ်တစ်ခု ဖယ်ပေးလိုက်ကြသည်။

ယွင်ချိုင်ရှောင် ထိုင်တောင် မထိုင်ရသေးမီ ချောင်ဝမ်က ချက်ချင်း မေးလိုက်သည်။ “ဘယ်လိုလဲ ချိုင်ရှောင်။ အဆင့်တက်သွားပြီလား။”

“အင်း။” ယွင်ချိုင်ရှောင်က ပြုံးလျက် ဖြေလိုက်၏။ သူမကိုယ်တိုင်ပင် လေယင်ရေကန်ထဲမှ ထွက်ခါစရှိသေးချိန်တွင် နောက်တစ်ကြိမ် အဆင့်ထပ်တက်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

စောစောကတည်းက ခန့်မှန်းထားပြီး ဖြစ်သော်လည်း လူတိုင်းက လွန်စွာ အံ့အားသင့်သွားကြ၏။ ဤသည်က မည်သည့် အဓိပ္ပာယ်နည်း။ သူတို့ရှေ့တွင် ထိုင်နေသည့် ဤနူးညံ့သိမ်မွေ့သော မိန်းမပျိုလေးမှာ ရုပ်ခန္ဓာအဆင့် စတုတ္ထအဆင့်သို့ ရောက်ရှိနေသည့် သိုင်းပညာရှင်ကြီး ဖြစ်နေပြီဖြစ်သည်။

စတုတ္ထအဆင့်တဲ့လား ကောင်းကင်ဘုံ .,.,..။

“ဂုဏ်ယူပါတယ် ညီမလေး ချိုင်ရှောင်။”

ချောင်ဝမ်က သက်ပြင်းချကာ ပြောလိုက်၏။ “မူလကတည်းက တို့တွေရဲ့ ကွာဟချက်က အရမ်း ကြီးမားနေပြီးသား။ အခုတော့ မင်းရဲ့ ကျောပြင်ကိုတောင် လှမ်းမမြင်ရတော့ဘူး။”

“ဂုဏ်ယူပါတယ် ... ဂုဏ်ယူပါတယ်။”

ဖုန်းလင်းလုံကလည်း ပြောလိုက်သည်။ “ဒီနေ့ကစပြီး ဒီလေယင်မြို့တော်မှာ မင်းက နံပါတ်တစ် ပါရမီရှင်ပဲ။”

“အဲ့ဒါက ကိုကိုရှောင်ပေါင် ကျေးဇူးကြောင့်ပါ။”

ယွင်ချိုင်ရှောင်က တက်ကြွရွှင်လန်းစွာ ပြောလိုက်၏။ “အဖေက ပြောတယ်။ ကိုကိုရှောင်ပေါင်ရဲ့ ဆေးဘက်ဝင် အစားအစာက အရမ်း ထူးခြားလွန်းတယ်တဲ့။ ဒါကြောင့် ဘေးထွက်ဆိုးကျိုး တစ်စက်ကလေးတောင် မရှိတာ တဲ့။”

ပြိုင်ဘက်ကင်း အလှတရားတစ်ခုက တက်ကြွရွှင်လန်းနေချိန်တွင် မည်မျှလောက် ရင်သပ်ရှုမောဖွယ် ကောင်းသည့် မြင်ကွင်းမျိုး ဖြစ်လာမည်နည်း။ ချန်ယုနှင့် ကျန်းမင်ယွမ်တို့မှာ ကြောင်ငေးစွာ ကြည့်ရှုနေမိကြ၏။ သူတို့၏ ရင်ထဲတွင် တဒိန်းဒိန်း ခုန်လာခဲ့သည်။ သူတို့နှစ်ဦးမှာ ချက်ချင်းပင် ခေါင်းငုံ့၍ ထမင်းစားနေကြပြီး နောက်တစ်ကြိမ် မမော့ကြည့်ရဲတော့ချေ။

“အို ... အို ... အို ... အရမ်း ပျော်နေတာပဲ။”

ဖုန်းလင်းလုံက စနောက်လိုက်၏။ “ဘောင်းဘီတစ်ထည်တည်း အတူဝတ်တဲ့ သံယောဇဉ်လို့ ပြောကြတယ်။ မင်းတို့နှစ်ယောက်ကတော့ အခု ဝတ်ရုံတစ်ထည်တည်း အတူဝတ်တဲ့ သံယောဇဉ် ဖြစ်နေပြီပေါ့။”

ယွင်ချိုင်ရှောင်၏ မျက်နှာတွင် သွေးရောင် လွှမ်းသွားသော်လည်း ပြန်လည် ချေပခြင်း မရှိချေ။ တစ်စုံတစ်ခု ပြောရန် ပြင်ဆင်လိုက်ချိန်တွင်မှ ဘေးနား၌ တရားထိုင်နေသည့် ကျန်းမုန်ယွင်ကို မြင်တွေ့သွားခဲ့၏။ သူမက ပို၍ပင် အံ့အားသင့်သွားသည်။ “ညီမလေး မုန်ယွင်လည်း အဆင့်တက်သွားတာလား။”

“အင်း။ ရှောင်ပေါင်ရဲ့ ဟင်းပွဲအနည်းငယ်ကို စားပြီး ဒီလို ဖြစ်သွားတာ။”

ချောင်ဝမ်၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သေးသည့် အမူအရာများ ရှိနေဆဲပင် ဖြစ်၏။ သူမက သက်ပြင်းချကာ ပြောလိုက်၏။ “ကျင့်ကြံတာက သိုင်းကျမ်းစာတွေ၊ အတွေ့အကြုံတွေကို မမှီခိုဘဲ ဟင်းစားတာကို မှီခိုပြီး ဖြစ်လာနိုင်မယ်ဆိုတာ တကယ်ကို ယုံကြည်ဖို့ ခက်ခဲလွန်းလှတယ်။ ဒီလောကမှာ ဒီလိုကိစ္စမျိုး ရှိနေမယ်လို့ တကယ်ကို ထင်မထားခဲ့ဘူး။”

“အဲ့ဒါကလည်း ရှောင်ပေါင်ဆီမှာပဲ သီးသန့်ရှိတာပါ။ တခြားနေရာမှာ တွေးတောင် တွေးရဲလို့လား။”

ဖုန်းလင်းလုံက ဝင်ပြောလိုက်၏။ ပြောပြောဆိုဆိုနှင့် ဟူး ဟူသော အရိုးတုန်မတတ် ညည်းတွားသံလေးတစ်ခု ထွက်ပေါ်လာခဲ့သည်။အပိုင်း (၁၄၈) လှရဲ့လား။

“နောက်ထပ် ဟင်းပွဲအနည်းငယ်လောက် စားလိုက်ရင် အဆင့်တက်နိုင်တော့မယ်လို့ ခံစားနေရတယ်။”

ချောင်ဝမ်က ပြုံးလျက် ပြောလိုက်၏။ သူမက အလွန် မျှော်လင့်တကြီး ဖြစ်နေသည်။ “ချိုင်ရှောင် ... လာ။ မင်းလည်း မြန်မြန် စားတော့။”

“အို။” တူဖြင့် တစ်ချက် ယူစားလိုက်သည်နှင့် ယွင်ချိုင်ရှောင်၏ နှုတ်ခမ်းလေး တအံ့တဩ ပွင့်ဟသွားခဲ့၏။ ဟုန်ရှောင်ပေါင် ဟင်းချက်တတ်မှန်း သူမ သိသော်လည်း များများစားစား မစားဖူးခဲ့ချေ။ မှန်ကန်သည့် သိရှိ နားလည်မှုမျိုး လုံးဝ မရှိခဲ့ချေ။ ဤတစ်ချက် ယူစားလိုက်ရုံဖြင့်ပင် အသံထွက်၍ အော်ဟစ်မိမတတ် ဖြစ်သွားခဲ့ရသည်။

“ဒီလောကမှာ ဒီလောက် အရသာရှိတဲ့ ဟင်းမျိုး ရှိသေးတာလား။” ယွင်ချိုင်ရှောင်က သေသေချာချာ အရသာခံ စားသောက်နေ၏။ ပါးစပ်ထဲ၌ ကုန်ကြမ်းပစ္စည်းများ၏ အမြင့်ဆုံး ပေါင်းစပ်သွားမှုကို ခံစားမိပြီး စိတ်ထဲတွင် လွန်စွာ တုန်လှုပ်သွားခဲ့ရ၏။

“အမှန်တိုင်းပြောရရင် ဒီနေ့ကျမှ ဟင်းချက်ပြုတ်ရေးဌာနရဲ့ အရင်က ဂုဏ်ကျက်သရေကို ကျုပ် နောက်တစ်ကြိမ် ပြန်ယုံကြည်သွားတော့တယ်။”

ချန်ယုက သက်ပြင်းချကာ ပြောလိုက်သည်။ “အကြီးအကဲ ဆရာမ ရှစ်လျန်ယွင်ရဲ့ ဒဏ္ဍာရီလာ ဟင်းပွဲတွေအကြောင်း ကြားဖူးတာက တကယ်ကို လက်လှမ်းမမီနိုင်အောင် နက်နဲလွန်းတယ်လို့ ခံစားခဲ့ရတာ။ ဒါပေမဲ့ ညီလေးဟုန်ရဲ့ ဟင်းပွဲတွေကို မြင်တွေ့ပြီးတဲ့နောက်မှာတော့ ကျုပ် တကယ်ပဲ ယုံကြည်သွားခဲ့ပြီ။”

ယွင်ချိုင်ရှောင်သည် နားထောင်ရင်း မျက်နှာတစ်ခုလုံး အပြုံးများဖြင့် ပြည့်နှက်နေခဲ့၏။ ဤသည်က သူမကိုယ်တိုင် ချီးကျူးခံရသည်ထက်ပင် ပိုမို ပျော်ရွှင်စရာ ကောင်းနေသည်။ စိတ်ထဲတွင်တော့ ကိုကိုရှောင်ပေါင် လို အစွမ်းထက်သူတစ်ယောက်က အစောကြီးတည်းက ကျဆင်းနေခဲ့သည့် ဟင်းချက်ပြုတ်ရေးဌာနလို နေရာမျိုးမှာတောင် အလင်းရောင်တွေ ထိန်ထိန်လင်းအောင် တောက်ပနိုင်လိမ့်မည် ဟု တွေးတောနေမိ၏။

ဤသို့တွေးမိသည့်အခါ ဖခင်၏ စကားများကြောင့် စိတ်ထဲတွင် အတန်ငယ် လေးလံနေခဲ့သည့် ခံစားချက်များက ချက်ချင်းပင် အများကြီး ပေါ့ပါးသွားခဲ့တော့သည်။ ထိုသို့တွေးရင်း ဒုတိယထပ်ဆီမှ အသံသဲ့သဲ့ ထွက်ပေါ်နေဆဲ ဖြစ်သည့် နေရာသို့ လှမ်းကြည့်လိုက်၏။ စိတ်ထဲတွင် တစ်ချက် လှုပ်ရှားသွားပြီး မတ်တပ်ထရပ်ကာ ဒုတိယထပ်ဆီသို့ လျှောက်သွားခဲ့သည်။

ဟုန်ရှောင်ပေါင်မှာ ပြုလုပ်ပြီးစီးသွားသည့် သွေးသလင်းကျောက် ဆွဲကြိုးလေးကို ချိုင်ရှောင်ထံသို့ မည်သို့ ပေးရမည်ကို စဉ်းစားရင်း ခေါင်းခဲနေခဲ့၏။ သူက မျက်နှာ အရေထူသူဖြစ်ရာ မည်သို့ပေးပေး ပြဿနာမရှိပေမည့် ချိုင်ရှောင်၏ မျက်နှာက မည်မျှလောက် ပါးလျသနည်း။ မတော်တဆလေး ဖြစ်သွားလျှင်ပင် သူမ၏ မျက်နှာကို သူက နီရဲသွားအောင် လုပ်မိပြန်ဦးမည်။

သူ ထိုသို့ စဉ်းစားနေဆဲတွင်ပင် ချိုင်ရှောင် တက်လာခဲ့ပြီဖြစ်သည်။

“ညီမလေး ချိုင်ရှောင်။”

ဟုန်ရှောင်ပေါင်က အံ့ဩဝမ်းသာစွာ ပြောလိုက်၏။ “ဘယ်လိုလုပ် ရောက်လာတာလဲ။”

ဟုန်ရှောင်ပေါင်၏ အံ့ဩဝမ်းသာနေသည့် ပုံစံကို ကြည့်ကာ ယွင်ချိုင်ရှောင်၏ စိတ်ထဲတွင်လည်း နွေးထွေးသွားခဲ့၏။ သူမက ပြုံးလျက် ပြောလိုက်သည်။ “ကိုကို့ကို လာကြည့်တာ။”

“အံကိုက်ပဲ။ ကိုကို ညီမလေးကို ပေးစရာတစ်ခု ရှိတယ်။”

သူက ပြောပြောဆိုဆိုနှင့် ထိုဆွဲကြိုးလေးကို ဆွဲထုတ်လိုက်၏။ “ကိုကို ကိုယ်တိုင် လုပ်ထားတာ။”

“အို ... တကယ် လှတာပဲ။”

သွေးသလင်းကျောက်မှာ ကြည်လင် တောက်ပနေပြီး ဆွဲကြိုးကလည်း မကြွားဝါလွန်းချေ။ အလွန် တည်ငြိမ် ကျက်သရေရှိသည့် ပုံစံမျိုး ဖြစ်သည်။ ယွင်ချိုင်ရှောင်၏ မျက်နှာလေး ရဲခနဲ ဖြစ်သွားပြီး ကျောကို ဖြည်းညင်းစွာ လှည့်ပေးလိုက်၏။ “ကိုကိုရှောင်ပေါင် ... ညီမလေးကို ဆွဲပေးပါလား။”

“အင်း။” ဟုန်ရှောင်ပေါင်၏ ရင်ထဲတွင်လည်း တဒိန်းဒိန်း ခုန်လာခဲ့၏။ အရာအားလုံးက ရပ်တန့်သွားသကဲ့သို့ ထင်မှတ်ရသည်။

ထိုဆွတ်ဆွတ်ဖြူနေသည့် လည်တိုင်လေး၊ နက်မှောင်နေသည့် ဆံနွယ်များ၊ သေသပ်လှပသည့် နားရွက်လေး ...။

ယွင်ချိုင်ရှောင်ကလည်း ဟုန်ရှောင်ပေါင်၏ ပူလောင် ပြင်းပြသော အကြည့်များကို ခံစားမိပုံရ၏။ နားရွက်ဖျားလေးများပင် နီရဲလာခဲ့၏။ “ကိုကို ... ကိုကိုရှောင်ပေါင် ... မြန်မြန် လုပ်လေ။”

“အင်း … အင်း။” ဟုန်ရှောင်ပေါင်သည် အိပ်မက်မှ နိုးထလာသကဲ့သို့ ဖြစ်သွား၏။ သူ၏လက်က နောက်ဆုံးတွင် ယွင်ချိုင်ရှောင်၏ ဆံနွယ်များကို ဖြတ်ကျော်ပြီး ဆွဲကြိုးကို ချိတ်ဆက်ပေးလိုက်သည်။

ထိုအခါမှသာ ယွင်ချိုင်ရှောင်က ကိုယ်ကို လှည့်လာခဲ့၏။ မျက်နှာတစ်ခုလုံး ရှက်သွေးများ ဖြန်းပက်နေပြီး ခပ်တိုးတိုး မေးလိုက်၏။ “လှရဲ့လား။”

“လှတယ် ... လှတယ်။” ဟုန်ရှောင်ပေါင်က ချက်ချင်း ဖြေလိုက်၏။

အကြိမ်ပေါင်းများစွာ မြင်ဖူးနေသည့် ဤမျက်နှာလေးက ယခုချိန်တွင် အဘယ်ကြောင့် သူ့ကို ရင်သပ်ရှုမောဖွယ်ရာ ခံစားချက်မျိုး ပေးစွမ်းနေရပြန်သနည်း။

“အဖေက ပြောတယ်။ ညီမလေးက လေယင်နန်းဆောင် ဌာနချုပ်ဆီကို ရောက်သွားနိုင်တယ်တဲ့။ နောင်တစ်ချိန်မှာ ရင်ဆိုင်ရမှာတွေက တစ်ခါမှ မတွေးဆဖူးတဲ့ ဧရာမ တည်ရှိမှုကြီးတွေ ဖြစ်လိမ့်မယ်တဲ့။ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် ထိန်းချုပ်နိုင်ဖို့ဆိုရင် အစွမ်းထက်တဲ့ ခွန်အားကို ပိုင်ဆိုင်ထားမှ ရမယ်တဲ့။ ကိုကိုရှောင်ပေါင် ... ညီမလေး သေချာပေါက် ကြိုးစားပါ့မယ်။ ညီမလေးအတွက် ... ပြီးတော့ ... ကိုကို့အတွက်လည်း ပါတာပေါ့။”

နောက်ဆုံး စကားလုံး အနည်းငယ်မှာ ကြားရုံတမယ်မျှသာ ဖြစ်သော်လည်း ဟုန်ရှောင်ပေါင်ကတော့ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

ဟုန်ရှောင်ပေါင်၏ ခန္ဓာကိုယ်တစ်ခုလုံး လွင့်မျောနေသကဲ့သို့ ဖြစ်သွား၏။ ဦးခေါင်းတစ်ခုလုံး မူးဝေနေသည်။ ယခုချိန်တွင် သူသည် လေထုကို ရှူရှိုက်လိုက်လျှင်ပင် မူးယစ် သတိလစ်သွားတော့မည်ဟု ခံစားနေရ၏။

“ကိုကို့ပုံစံကြီးက ကြောင်တောင်တောင်နဲ့။”

ယွင်ချိုင်ရှောင်က ခစ်ခနဲ ရယ်မောလိုက်၏။ သူမက ဟုန်ရှောင်ပေါင်၏ လက်ထဲသို့ ပစ္စည်းတစ်ခုကို အလျင်အမြန် ထည့်ပေးလိုက်ပြီး ပြောလိုက်သည်။ “ကိုကိုရှောင်ပေါင်လည်း ကြိုးစားနော်။ ကိုကိုက အစွမ်းထက်တဲ့ သိုင်းပညာရှင်ပဲ ဖြစ်ဖြစ်၊ သာမန် သေမျိုးပဲ ဖြစ်ဖြစ် ညီမလေးက ... အမြဲတမ်း စောင့်နေမှာပါ။”

သတ္တိမွေးကာ ဤစကားကို ပြောဆိုပြီးသည့်နောက် သူမ၏ မျက်နှာမှာ ကြောက်ခမန်းလိလိ နီရဲသွားခဲ့၏။ ထပ်မံ၍ မနေရဲတော့ဘဲ အောက်ထပ်ဆီသို့ ခပ်သုတ်သုတ် ပြေးဆင်းသွားတော့၏။

ဟုန်ရှောင်ပေါင်က ယွင်ချိုင်ရှောင် ပေးသွားသည့် ပစ္စည်းလေးကို ကောက်ယူ ကြည့်ရှုလိုက်၏။ ထိုအရာက လွန်စွာ သေးငယ် သေသပ်သည့် အစိမ်းနုရောင် ငွေထည့်အိတ်လေး တစ်လုံး ဖြစ်ပေသည်။ အပေါ်တွင် လည်တိုင်ချင်း ယှက်နွယ်နေသည့် ရွှေဟင်္သာစုံတွဲကို ပန်းထိုးထား၏။ အသာအယာ ညှစ်ကြည့်လိုက်သည့်အခါ အိတ်လေးထဲတွင် မွှေးကြိုင်သော သစ်ပင်ရနံ့နှင့် ... ဆံနွယ်များ ထည့်ထားကြောင်း ဟုန်ရှောင်ပေါင် ခံစားမိလိုက်သည်။

“ဟားဟား ... အချစ်သက်သေ ပစ္စည်းလေးပေါ့ ဟုတ်လား။” ယင်းကျိုယိုက ဟုန်ရှောင်ပေါင် လက်ထဲရှိ ငွေထည့်အိတ်လေးကို စနောက်သည့် မျက်လုံးများဖြင့် ကြည့်လိုက်၏။

ဟုန်ရှောင်ပေါင်ကတော့ ကြားတောင် မကြားတော့သည့်ပုံပင် ဖြစ်သည်။ ငွေထည့်အိတ်လေးကိုသာ ဖြည်းညင်းစွာ ပွတ်သပ်နေခဲ့၏။ အတန်ကြာမှသာ သူက ကိစ္စတစ်ခုကို ရုတ်တရက် သတိပြုမိသွားပြီး ခေါင်းယမ်း၍ သက်ပြင်းချလိုက်သည်။ “ဦးလေးယွင်ကလည်း မြေခွေးအိုကြီး တစ်ယောက်ပါပဲလား။ ကျုပ်ကို ပြောတဲ့ စကားက တစ်မျိုး၊ ညီမလေး ချိုင်ရှောင်ကို ပြောတဲ့ စကားက နောက်တစ်မျိုးပဲ။ ဒါပေမဲ့ ကျုပ်တို့နှစ်ယောက်လုံး ကို အသက်လုပြီး ကျင့်ကြံချင်လာအောင် ပြောသွားတာတော့ အမှန်ပဲ။”

ဟုန်ရှောင်ပေါင်သည် လူ့ဘဝ၏ ကြီးမားသော ဝမ်းနည်းခြင်း လေးပါးနှင့် ပတ်သက်သည့် မတူညီသော မူကွဲပေါင်းများစွာကို ကြားဖူးခဲ့၏။ မူကွဲ အတော်များများတွင် ခွဲခွာခြင်း ဆိုသည်မှာ ပါဝင်စမြဲ ဖြစ်သည်။ သူက မည်မျှပင် သဘောထား ကြီးမားသူ ဖြစ်စေကာမူ စက္ကန့်ဆယ်ဂဏန်းလောက်တော့ စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ရ၏။

“မင်းကတော့ မဆိုးပါဘူး။ မင်းတို့နှစ်ယောက် အချစ်တွေ သဲသဲလှုပ်နေတဲ့ အချိန်မျိုးမှာတောင် မင်းရဲ့ စရိုက်လက္ခဏာအရ သိပ်ပြီး ဝမ်းနည်းနေတဲ့ပုံ မပေါ်ဘူးနော်။” ယင်းကျိုယိုက အနည်းငယ် ထူးဆန်းနေပုံရသည်။

“ဘာလို့ ဝမ်းနည်းရမှာလဲ။”

ဟုန်ရှောင်ပေါင်က သံသယတကြီး မေးလိုက်၏။ “သူ့ဆီ လိုက်သွားရုံပဲ မဟုတ်လား။”

အဘိုးက လက်မထောင်ပြလိုက်၏။

ဟုန်ရှောင်ပေါင်က လူအုပ်ကြီးအတွက် ဟင်းကြော်ပေးနေချိန်တွင် အဘိုးက စတင် ပြောဆိုလာခဲ့သည်။ “ငါ ခန့်မှန်းကြည့်တာတော့ ဒီနေရာက လူဆယ်ယောက်မှာ ကိုးယောက်လောက်က မင်းရဲ့ မိန်းမကို လျှပ်စီးနတ်မင်း ခန္ဓာကိုယ်လို့ ထင်နေကြလိမ့်မယ်။ မင်းရဲ့ အနာဂတ် ယောက္ခမအိုကြီးတောင် အဲဒီအတိုင်း ထင်နေလောက်တယ်။”

“ပြီးတော့ ဘာဖြစ်လဲ။” ဟုန်ရှောင်ပေါင်က အံ့အားသင့်သွား၏။

“မင်းရဲ့ မိန်းမက ဖန်ရောင်စဉ်သန့်စင်သော ဝိညာဉ်ခန္ဓာကိုယ် ဖြစ်ကြောင်း မင်းကို ငါ ပြောပြီးသားပါ။ ဒါပေမဲ့ ဒီခန္ဓာကိုယ်ရဲ့ အစွမ်းထက်ပုံကို မင်း သေချာ မသိသေးလောက်ဘူး။”

အဘိုး၏အသံက အနည်းငယ် တည်ကြည်လေးနက်နေခဲ့သည်။ “ဖန်ရောင်စဉ်သန့်စင်သော ဝိညာဉ်ခန္ဓာကိုယ် ဆိုတာ မွေးရာပါ ခန္ဓာကိုယ်ကြီး ဆယ်ခုထဲက တစ်ခုပဲ။ အလွန်အမင်း အစွမ်းထက်တာ။ အင်ပါယာကြီး လေးခု မပေါ်ပေါက်လာခင်ကဆိုရင် ဒြပ်စင်ငါးပါး ခန္ဓာကိုယ်တို့ ဘာတို့တောင် ခေါ်ကြသေးတယ်။ လွယ်လွယ်ပြောရရင် သူ ဒီတစ်ခါ ဝင်သွားတာက လေယင်ရေကန် မဟုတ်ဘဲ မီးယင်ရေကန်သာ ဆိုရင် သူက မိုးကြိုးတွေ ထွက်လာမှာ မဟုတ်ဘဲ မီးတောက်တွေ ထွက်ပေါ်လာမှာပဲ။ နားလည်ပြီလား။”

“နားလည်ပြီ ... နားလည်ပြီ။”

ဟုန်ရှောင်ပေါင် အလွန် ဝမ်းသာသွား၏။ အကယ်၍ ကံတရား ဖန်လာပါက ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေ ဆိုသည့် ဒြပ်စင်ငါးပါးလုံးကို စုဆောင်းမိသွားနိုင်သည် မဟုတ်ပါလား။ လွန်စွာ ဝမ်းသာနေရာမှ အနည်းငယ် ထူးဆန်းသွားပြန်၏။ “ဒါဆို အဘိုးက ဘာလို့ ‘ဒါတော့ ကိုင်တွယ်ရ ခက်ပြီ’ ဆိုတဲ့ ပုံစံမျိုး လုပ်နေတာလဲ။”

“လူမျိုးပေါင်းစုံ စစ်ပွဲကြီး ဖြစ်ပွားခဲ့တဲ့ အချိန်က ဖန်ရောင်စဉ်သန့်စင်သော ဝိညာဉ်ခန္ဓာကိုယ်၊ ဧရာမ နဂါးဆင် ခန္ဓာကိုယ်၊ လမင်းနတ်ဘုံ ဝိညာဉ်ခန္ဓာကိုယ်စတဲ့ မွေးရာပါ ဝိညာဉ်ခန္ဓာကိုယ်ကြီး ဆယ်ခုရဲ့ ဂုဏ်သတင်းက အရမ်း ကြီးမား ကျော်ကြားခဲ့တာ။ ဒါပေမဲ့ ဒီအကြောင်းတွေကို မပြောနဲ့အုံး။ မသေမျိုး ခန္ဓာကိုယ်လို့ ဂုဏ်ပုဒ်ရှိတဲ့ မိစ္ဆာမင်းအိုကြီးတွေတောင် သေကုန်ကြပြီ။ အခု လောကကြီးမှာ ဖန်ရောင်စဉ်သန့်စင်သော ဝိညာဉ်ခန္ဓာကိုယ်ကို သိတဲ့သူ လက်ချိုးရေလို့ ရလောက်တယ်။”

ယင်းကျိုယိုက တိတ်ဆိတ်စွာ စဉ်းစားလိုက်သည်။ “အစီအစဉ်တကျ ပြင်ဆင်မှုတွေ မလုပ်ထားဘူးဆိုရင် အဲ့ဒီ အရူးတွေက မင်းမိန်းမရဲ့ ဖန်ရောင်စဉ်သန့်စင်သော ဝိညာဉ်ခန္ဓာကိုယ်ကို အလကား ဖြုန်းတီးပစ်ကြလိမ့်မယ်။”

All Chapters