← Chapters

အခန်း ၁၈၄

Vol. 19 Ch. 184

အခန်း ၁၈၄

Vol. 19 Ch. 184

Chapter 184

: ကမ္ဘာလောကများကိုကျော်ဖြတ်ကာ ကျော်ကြားမှု စုဆောင်းမည့်အကြံအစည်။

စုယွမ်က အသားစကြီးကို တစ်ဝက်ပိုင်းလိုက်ပြီး ရှောင်ချိုက်ဆီပစ်ပေးလိုက်သည်။

ရှောင်ချိုက်ကတော့ ပျော်ရွှင်စွာဖြင့် သူမ၏ငါးအမြှီးလေးများကို ယမ်းခါလျက် အသားစကြီးကို တစ်လုတ်တည်းဖြင့် မျိုချလိုက်လေ၏။

“အစ်မလီ၊ မြန်မြန် ဝင်ပေါက်ဖွင့်ပေးပါဦး၊ ကျွန်မ တံခါးပိတ်ကျင့်ကြံရမှာမလို့။”

ရှောင်ချိုက် မြန်မြန် အော်လိုက်သည်။

လေထဲမှ ဝင်ပေါက်တစ်ခုက ပေါက်လာလေသည်။

ရှောင်ချိုက်လည်း အနှီဝင်ပေါက်ထဲ ပြေးဝင်သွားတော့သည်။

ဤသို့ဖြင့် ရှောင်ချိုက်လည်း ဝင်ပေါက်နှင့်အတူ ပျောက်ကွယ်သွားလေသည်။

မကြာမီတွင် သန့်စင်သောဝိညာဉ်စွမ်းအင်များက စုယွမ်ခန္ဓာကိုယ်တွင်း ဝင်ရောက်လာကြပြီး သူ့တစ်ကိုယ်လုံးပျံ့နှံ့သွားတော့၏။

သူလည်း ချက်ချင်း သူ့စွမ်းအင်များ တိုးပွားလာတာကို ခံစားလိုက်ရပေသည်။

ရှောင်ချိုက်၏အနှီအသားစကို သန့်စင်နိုင်နှုန်းက ဝိညာဉ်ကျောက်တုံးများကို သန့်စင်သည်ထက်ပိုမြန်ကြောင်းသိလိုက်ရရာ စုယွမ် အံ့ဩသွားရပေသည်။

စုကျူကတော့ ကျန်ရှိသည့်အသားစကြီးကို မျှော်လင့်တကြီး ကြည့်နေလေ၏။

စုယွမ်ကတော့ ဒဲ့ပြောလိုက်သည်။

“မင်း ဒီအသားကို စားလို့မရဘူး။ စွမ်းအင်များလွန်းလို့ ချက်ချင်း ပေါက်ထွက်သွားလိမ့်မယ်။”

စုကျူမှာ နှမျောတသဖြစ်သွားလေသည်။

“ဒါပေမဲ့ နည်းနည်းလောက် ချက်ပြုတ်ထားရင်တော့ စားလို့ရမယ်။ အမ်း၊ ဒါပေမဲ့ အများဆုံးစွပ်ပြုတ်တစ်ပွဲစာပဲနော်။”

စုယွမ် ထိုသို့ဆိုရင်း ဝေဟင်ကမ္ဘာပန်းကုန်လုံးကို ဆင့်ခေါ်လိုက်ပြီး အနှီပန်းကန်လုံးကို ဟင်းချက်ရာတွင်သုံးသော ဒယ်စောက်ကြီးအဖြစ် ပြောင်းလိုက်သည်။ ထို့နောက် အနှီဒယ်ဇောက်ထဲ အသားစကြီးကို ပစ်ထည့်၍ သူ လောင်ချမ်ကို ညွှန်ကြားလိုက်၏။

“ဒါကို ရေလုံပြုတ်လိုက်နော်။”

လောင်ချမ်ကတော့ သက်ပြင်းသာ ချလာ၏။

“တကယ်ကို အစုံသုတ်အလုပ်ကြမ်းသမားဘဝပါပဲလား။”

စုယွမ်လည်း ပြောစရာပျောက်ရှသွားရပြီး ပြောပေးလိုက်၏။

“စိတ်မပူပါနဲ့။ မင်းလည်း အနာဂတ်ကျရင် ရတနာကောင်းကောင်းတွေကို စားနိုင်ဖို့ အခွင့်အရေးရှိလာမှာပါ။”

ထို့နောက် လောင်ချမ်လည်း စိတ်ဝင်စားစွာမေးလာသည်။

“တကယ်ပဲ ဒီအသားက ဘယ်ကရတာပဲ။ ဘယ်လိုလုပ်ပြီး ဒါကြီးက လေထဲကထွက်လာတာလဲ။”

စုယွမ်တစ်ယောက် ခပ်ယဲ့ယဲ့ပြုံးလိုက်ပေသည်။

“ဒီဟာလား။ တကယ်ကောင်းကင်ပေါ်ကကျလာတာလေ။”

စုယွမ် ကောင်းကင်ကို လက်ညိုးထိုးပြလိုက်သည်။

လောင်ချမ်၏နှုတ်ခမ်းထောင့်များတွန့်တက်သွားလေ၏။

“ရှောင်ချိုက်ကို လှည့်စားတာက ဟုတ်ပါသေးတယ်၊ ကျွန်တော့်ကို ဗြောင်လိမ်ဗြောင်စားလုပ်လို့ ဘာရမှာမလို့လဲဗျာ။”

ထို့နောက် သူလည်း သူ့ဘာသာသူသာ အသားပြုတ်နေလိုက်တော့သည်။

စုယွမ်လည်း ကြောင်အသွားရ၏။ သူလည်း အမှန်တိုင်းပြောတာပင်၊ မသေမျိုးနယ်မြေဆိုသည်မှာ အထက်ကောင်းကင်တွင် ရှိသည်မဟုတ်ပေလား၊ ထို့အတွက် ထိုသို့မသေမျိုးနယ်မြေမှ ရရှိလာသောအသားကလည်း တကယ်ကို ကောင်းကင်ပေါ်ကကျလာသည်ဟုသာ ပြောရမည်မဟုတ်ပေလား။

ထိုအချိန်တွင် စုလန်ကတော့ ညစာအတွက် စားပွဲအပြည့် ဟင်းပွဲများနေရာချပြီးပြီပင်။

“သခင်၊ စားပါ။”

စုလန်က တလေးတစားပြောလာသည်၊ ထို့နောက် သူမလည်း ဘေးနားရှိအသားစွပ်ပြုတ်ကို စူးစမ်းကြည့်လိုက်၏၊ အနှီစွပ်ပြုတ်၏အရှိန်အဝါမှာ သူမကို သွားရည်ကျလာစေသည်ပေ။

“အမ်း၊ မဆိုးဘူး။”

စုယွမ်လည်း စားပွဲပေါ်ရှိကြက်သားဟင်းများ၊ ဘဲကင်များနှင့် ဝိညာဉ်သီးရွက်များ စသည်ဖြင့် စားချင့်စဖွယ်မွှေးကျိုင်းနေကြစားစရာအမျိုးမျိုးနှင့်အတူ ဝိညာဉ်ဝိုင်တစ်အိုးကိုပါ တွေ့လိုက်ရရာ အလွန်ကျေနပ်သွားရသည်။

“ရှောင်လန် တော်တယ်။”

စုလန်လည်း ပြုံးဖြီးသွားပြီး စုကျူထံသို့ ထေ့ငေါ့သည့်အကြည့်တစ်ချက်ကြည့်လိုက်ပေ၏။

စုယွမ်ဟာ စားနေရင်းဖြင့် တွေးနေမိသည်။

သူလည်း ကမ္ဘာခရီးသွားသူ၊စိတ်အာရုံနှင့် ခုနစ်စဉ်ကြယ်စွမ်းရည်တို့ကို ပေါင်းလိုက်ပါက ကမ္ဘာလောကများကိုပင် ကျော်လွှားသွားနိုင်မည်ဖြစ်ကြောင်း မထင်ထားစဖူး။

စုယွမ်လည်း ထပ်ကြိုးစားကြည့်လိုက်တော့ အလုပ်မဖြစ်တော့တာတွေ့လိုက်ရသည်။ သူက ကမ္ဘာ့လှည့်ခရီးသွားစွမ်းရည်ကိုအသုံးမပြုဘဲ ပစ္စည်းများကို နေရာကူးပြောင်း၍ သယ်ဆောင်၍မရပါပေ။

ဤအချင်းအရာမှာတကယ်တော့ ရယ်ချင့်စဖွယ်ကောင်းပါ၏။ သို့သော် ဤအရာက စနစ်၏ပါရမီစွမ်းရည်များတွင် စည်းမျဉ်းများရှိနေကြောင်းကိုလည်း သိနိုင်၊ ရှင်းပြနိုင်ပေမည်သာ၊ တစ်ခုခုကိုစမ်းကြည့်၍အလုပ်ဖြစ်ပါက စည်းမျဉ်းကခွင့်ပြုထားပြီး အလုပ်မဖြစ်ပါက စည်းမျဉ်းကခွင့်မပြုကြောင်းနှင့် စနစ်အကြောင်းသိရှိနိုင်ပေမည်။

စုယွမ်၏စိတ်အစုံကလည်း ချက်ချင်း တက်ကြွသွားရသည်။ ထိုနေရာတွင် နဂါးခုနစ်ကောင်ကို ကူညီပေးနေရင်း သူလည်း နောင်အခါတွင် မသေမျိုးနယ်မြေသို့ မကြာခဏသွားရနိုင်ပေ၏။ ထိုမသေမျိုးနယ်မြေမှ အရင်းအမြစ်များကို အပါယူလာနိုင်လျှင်တော့ သူ၏ကျင့်ကြံနှုန်းကလည်း သေချာပေါက်ကို တိုးတက်လာမည်ပေ။

သူဟာ အိမ်မှာ ထိုင်နေရင်းနှင့် ကောင်းကင်မှ ရတနာများပြုတ်ကျလာမှာကို စောင့်ဆိုင်းနေနိုင်သည်ပင်။

သို့သော် နဂါးခုနစ်ကောင်သာ အနှီ သူတို့လုံခြုံသည်ထင်သောနေရာလေးတွင်ပဲ လှည့်လည်နေပါက အရင်းအမြစ်များက အကန့်အသတ်ရှိသွားမည်ပေ။

မသေမျိုးနယ်မြေသည်ကား အလွန်အဆင့်မြင့်လွန်း၏။ ကောင်းကင်ဘုံသို့ရောက်ရှိနိုင်ရန်အဆင့်မှာကား လေးဆင့်တည်းသာရှိသည်ပေ။ တစ်နည်းဆိုရသော် သူ၏လက်ရှိအဆင့်က အနှီမသေမျိုးလောကတွင် နောက်ဆုံးကရေလျှင် ဒုတိယအဆင့်ရလောက်သော အဆင့်သေးသေးလေးတစ်ခုသာဖြစ်နေချေမည်ပေ။

စုယွမ်လည်း အခြားကမ္ဘာများမှ သတ္တဝါများ သူ့နာမည်ခေါ်လာအောင် ဘယ်လိုလုပ်ရမလဲကို တွေးနေမိသည်၊ ထိုသို့ဆိုပါက မတူခြားနားသောအရင်းအမြစ်အမျိုးမျိုးကို ရရှိနိုင်မည်သာမက အထူးသဖြင့် ကျော်ကြားမှုအမှတ်များလည်း ရရှိနိုင်ပေမည်။

သူလည်း ကောင်းကင်ကို မော့ကြည့်လိုက်တော့ ခုနစ်စဉ်ကြယ်၏အလင်းမှာ သူ့မျက်ဝန်းများထဲ ဖြာကျလာ၏။

“မသေမျိုးနယ်မြေမကလို့ ကောင်းကင်ဘုံပဲဖြစ်ဖြစ် ကြည့်ရတာ ခုနစ်စဉ်ကြယ်ရှိတာပဲထင်တယ်။ အခြားကမ္ဘာတွေမှာရော ဒီလိုပဲလား။ တကယ်လို့ ဒီလိုပဲသာဆိုရင်...နည်းလမ်းတစ်ခုတော့ရှိတယ်။”

လောကကြီးထဲတွင် စုယွမ်သာမက ခုနစ်စဉ်ကြယ်စွမ်းအင်ကို အသုံးပြုနေကြသောကြယ်စွမ်းအင်ကျင့်ကြံသူများစွာရှိကြောင်းသိပေသည်၊ ဤကမ္ဘာတွင်တော့ ထိုမျှများလျှင်တောင် အခြားကမ္ဘာများတွင် ထိုနည်း၎င်းသာ ဖြစ်နိုင်ချေများ၏။

အနှီကြယ်စွမ်းအင်ကျင့်ကြံသူများကလည်း ကြယ်စွမ်းအင်ဖြင့်ရှေ့ဖြစ်ဟောခြင်းကနေ အလင်းပွင့်သွားတာမျိုးဖြစ်နိုင်သည်လေ။

အကယ်၍ သူသာ သူ၏အမွေအနှစ်ကျင့်စဉ်များကို ခုနစ်စဉ်ကြယ်ပေါ်တွင် ချန်ထားနိုင်ရန် နည်းလမ်းတစ်ခုတွေ့ပါက အခြားကမ္ဘာမှကြယ်ကျင့်ကြံသူများက အနှီအမွေသဘောတရားကိုလေ့လာလိုက်ပါလျှင် ထိုမှတဆင့် နေရာယူကာ စုယွမ်၏စိတ်အာရုံစွမ်းရည်ကို အသက်သွင်းလိုက်လို့ရမည်လား။

အရင်တစ်ခေါက်တုန်းကဆိုလျှင် အမတအကြီးအကဲနန်ကုန်းက ခုနစ်စဉ်ကြယ်အကြောင်းလေ့လာရင်း ခုနစ်စဉ်ကြယ်ထံမှ အသိအမှတ်ပြုမှုကို တောင်းဆိုချိန်တွင် စုယွမ်ကလည်း ခုနစ်စဉ်ကြယ်ပေါ်သို့ အသိစိတ်ပင်လယ်ကြောင့်ရောက်သွားကြောင်း မှတ်မိသေးသည်။

အကယ်၍ ထိုသို့သောအချိန်မျိုးတွင် သူသာ ခုနစ်စဉ်ကြယ်ပေါ် ထိပ်သီးကျင့်စဉ်တို့ကိုထားခဲ့ပါက အဆင်ပြေလောက်မည်လား။

စုယွမ် စိတ်ထဲရေရွတ်နေမိသည်။

“ကြယ်ကောင်းကင်ဆီက ထိပ်သီးကျင့်စဉ်၊ ဒီလိုဟာမျိုးက ချက်ချင်းကျော်ကြားပြီး နတ်ဘုရားတွေကူညီသလိုမျိုး သတင်းထွက်သွားပြီး အာရုံအများကြီးကိုလည်း ဆွဲဆောင်နိုင်လိမ့်မယ်၊ ပြီးတော့ ဝတ်ပြုဆုတောင်းတာတွေပါရလာနိုင်ပြီး ဂုဏ်သတင်းကျော်စေလာနိုင်တာပဲ။”

စုယွမ်မှာ တီးတိုးရေရွတ်ရင်း အမူအရာကလည်း အနည်းငယ်ထူးဆန်းလာရသည်။

သူ မရည်ရွယ်လျှင်တောင် ဤစွမ်းအင်များအားလုံး၏ပေါင်းစည်းခြင်းက လားရာတစ်ခုသို့ ဦးတည်နေပေသည်လေ။

“သေစမ်း၊ ဆိုးလွန်းတာပဲ။ ငါက အေးအေးချမ်းချမ်းလေး အရင်းအမြစ်နည်းနည်းနဲ့ကျော်ကြားမှုမှတ်လေးတွေကို စုဆောင်းချင်ရုံပဲလေ။”

စုယွမ်မှာ စနစ်မျက်နှာပြင်တွင် မသေမျိုးနယ်မြေဟူသောစကားကို မြင်မြင်ချင်း ထိုသို့သောနေရာတွင် ကျော်ကြားမှုမှတ်မြင့်ပါက မည်သို့သောစွမ်းရည်မျိုးရရှိလာနိုင်သည်ကို တွေးနေမိသည်။ သို့သော် ထိုသို့မသေမျိုးနယ်မြေတွင် ကျော်ကြားရန်ဆိုသည်မှာလည်း အလွန်ခက်ခဲပါ၏။ ယင်းအစား အခြားကမ္ဘာများရှိ သူ့ကျော်ကြားမှုအမှတ်တိုးရန်ဆိုသည်ကမှ ပို၍လွယ်ကူကာ အဆင်ပြေလိမ့်မည်ပေ။

“ငါ့ကို နတ်ဆိုးဘာညာအဖြစ်အထင်လွဲသွားကြတောင် ကိစ္စမရှိပါဘူးလေ၊ အဲ့ဒီအခြားကမ္ဘာကလူတွေက ငါ့ကို လာပြဿနာရှာနိုင်မှာမှ မဟုတ်တာ။ အဲ့ဒါလုပ်ဖို့အဆင်ပြေလောက်တယ်။”

ထိုသို့တွေးရင်း သူလည်း စာကြည့်တိုက်ဘက်လှမ်းကြည့်လိုက်သည်။

“ကုယို၊ကျုးကောကျန့်နဲ့ အခြားသူတွေက အခုချိန်ဆိုရင် ကြယ်ကအသိအမှတ်ပြုခံရဖို့ စံနှုန်းကို မီလောက်ပြီထင်တယ်။”

တွေးရင်း စုယွမ်၏စိတ်နှလုံးလည်း တည်ငြိမ်သွားရာ သူ စုသာ့ကို ခေါ်လိုက်၏။

“သွားပြီး ကုယို၊ ရှဲ့ရင်းရင်း၊ ကျူးကောကျန့်နဲ့ နန်ကုန်းဟော်ယွီတို့ကို ဒီကိုလာဖို့ဖိတ်ခဲ့ပါ။”

စုသာ့လည်း ခေါင်းညိတ်၍ပြန်ပြောလာသည်။

“ဟုတ်ကဲ့ပါ၊ သခင်။”

ဤသို့ဖြင့် စုသာ့က စုယွမ်၏ကတ်ပြားအခွဲကိုယူရင်း အသွင်ပြောင်းပြီးနောက် ပထမဆုံးအကြိမ်ဖြင့် တောင်ပေါ်မှ ဆင်းလာခဲ့လိုက်သည်။

လမ်းတစ်လျှောက်တွင်လည်း အချို့တပည့်များမှာ ဤမရင်းနှီးလှသောရွှေအမြုတေအဆင့်အကြီးအကဲကို မြင်ပြီး စိတ်ဝင်တစားကြည့်လာကြ၏။ သို့သော် ထိုသို့သေချာကြည့်မှသာ သူတို့ဟာ စုသာ့ဟာ ဝိညာဉ်သားရဲတစ်ကောင်ဖြစ်ကြောင်းသိလိုက်ကြရပြီး အလွန်အမင်းအံ့သြသွားရတော့သည်။

စုသာ့လည်း မြန်မြန်ဆန်ဆန်ပင် စာကြည့်တိုက်ထဲသို့ ရောက်သွားခဲ့သည်။သူ သခင်ရှာခိုင်းသော တပည့်များကို ရှာနေတုန်းမှာပင် ရင်းနှီးသောအရှိန်အဝါတစ်ခုကို အာရုံရသွား၏။

All Chapters