အခန်း ၁၈၅
Vol. 19 Ch. 185
Chapter 185
အနှီအရှိန်အဝါနောက်လိုက်ရင်း စုတာ့ ကျင့်ကြံသူတစ်ယောက်အနား ရောက်သွားခဲ့သည်။
အနှီအမျိုးသားကျင့်ကြံသူမှာ အကြီးအကဲစု၏ထိပ်သီးကျင့်စဉ်များကို လေ့လာနေတုန်း ရုတ်တရက် သူ့လက်မောင်းထဲရှိဝိညာဉ်ငါးထံမှ မူမမှန်တာကို ခံစားလိုက်ရသည်။ ထို့အတွက် သူလည်း မျက်လုံးဖွင့်ပြီး ရှုပ်ထွေးစွာကြည့်လိုက်၏။
ဝိညာဉ်ငါးလေးမှာ ခေါင်းဆန့်၍ နေရာတစ်ဖက်ဆီကြည့်နေလျက် မျက်ဝန်းများထဲ၍လည်း အံ့ဩမှုများ ကိန်းအောင်းနေလေသည်။
ကုယိုလည်း ခေါင်းလှည့်ကြည့်လိုက်တော့ ထွားကျိုင်းသောအမျိုးသားတစ်ဦးကို တွေ့လိုက်ရပြီး အရှိန်အဝါကလည်း ရွှေအမြုတေအဆင့်ဖြစ်နေ၏။
သူလည်း မြန်မြန်ထ၍ အရိုအသေပြုလိုက်သည်။
“ကုယိုအကြီးအကဲကိုအရိုအသေပြုပါတယ်။”
စုသာ့လည်း လက်ယမ်းပြီး ပြောလိုက်သည်။
“ကျွန်တော်က အကြီးအကဲမဟုတ်ပါဘူး၊ သခင်ရဲ့ဝိညာဉ်သားရဲဆိုတော့ အမ်း ဒီအတိုင်း အခြွေအရံလို့ပြောလို့ရပါတယ်။”
ထို့နောက် သူက ဝိညာဉ်ငါးကို လှည့်ကြည့်၍ ပြော၏။
“ညီအစ်ကိုတစ်ဆယ့်သုံး၊ မတွေ့ရတာကြာပြီ။ မင်းလည်း ဒုတိယအဆင့်ကို ရောက်သွားပြီမလား။”
တစ်ဆယ့်သုံးလေးကလည်း လူသားဘာသာစကားဖြင့် ပြန်ဖြေလာသည်။
“ဒုတိယအစ်ကို၊ မင်းက တတိယအဆင့်တောင် ရောက်သွားတာလား။ အခြားအစ်ကိုအစ်မတွေရော အဆင်ပြေကြလား။”
စုသာ့ပြုံးလိုက်သည်။
“ငါ့ကို အခု စုသာ့လို့ခေါ်တယ်။ ငါက သခင်ပေးတဲ့ဆေးရဲ့အကူအညီနဲ့တတိယအဆင့်ရောက်သွားခဲ့တာ။ ငါနဲ့အတူ တတိယအဆင့်ကို ရောက်တာ အခြားလေးယောက်ရှိသေးတယ်။ ကျန်တဲ့သူတွေလည်း ဒုတိယအဆင့်ထိပ်ဆုံးကို ရောက်နေကြပြီဆိုတော့ တတိယအဆင့်နဲ့သိပ်မကွာတော့ပါဘူး။”
တစ်ဆယ့်သုံးလေးမှာ ထိုအရာကို ကြားတော့ ရပ်တန့်သွားရသည်။
“အဲ့ဒီလောက်မြန်လား။ အကုန် ဒုတိယအဆင့်ရောက်သွားကြတာလား။”
“ဟုတ်တယ်။”
စုသာ့သက်ပြင်းချလိုက်သည်။
“မင်း၊ သခင့်ဆီမှာဆိုရင် မကုန်ခမ်းနိုင်တဲ့အရင်းအမြစ်တွေရှိတယ်၊ နေ့တိုင်း ဗိုက်အင့်တဲ့အထိစားရတာ။ အဲ့ဒါကို ဘယ်လိုလုပ် အပြင်ထွက်သွားရတာလဲ။ အခုဆိုရင် မင်းက အခုမှ ဒုတိယအဆင့်အစောပိုင်းပဲရှိသေးတယ်၊ မင်းရဲ့မျိုးရိုးကလည်း တော်တော်လည်း မသန့်စင်ဖြစ်နေပြီ။ ဟင်း၊ အခြားသူတွေရော ဘယ်လိုနေလဲ။ မင်းထက်တော့ မဆိုးနိုင်ဘူးမလား။”
တစ်ဆယ့်သုံးလေးမှာ တိတ်ဆိတ်နေလျက် ပြန်မဖြေပါပေ။
ကုယိုကလည်း လူတစ်ယောက်နှင့်ငါးတစ်ကောင်ကြားက စကားကို နားထောင်ရင်း တဖြည်းဖြည်း နားလည်လာရ၏။ ဤရွှေအမြုတေအဆင့်အကြီးအကဲမှာ အမှန်တော့ အကြီးအကဲစု၏ဝိညာဉ်ငါးဖြစ်နေသည်ပဲ။
ထို့အပြင် အနှီလူက တကယ်ပဲ တစ်ဆယ့်သုံးလေး၏ဒုတိယအစ်ကို ဖြစ်ဟန်ရပေသည်။
သူ တစ်ဆယ့်သုံးလေးပြောတာကြားဖူးသည်အရတော့ ထိုအချိန်က ထိုငါးအုပ်စုမှာ ပထမအဆင့်သာရှိသေးသည်ဆို၊ ထိုသို့ဆိုလျှင် မျက်စိတစ်မှိတ်အတွင်း ဘယ်လိုလုပ် တတိယအဆင့်အထိရောက်သွားရပါသနည်း။
ထို့အပြင် အနှီအားကောင်းလှသောအရှိန်အဝါအရ တတိယအဆင့်ကို လောလောလတ်လတ်မှ ဝင်ရောက်နိုင်ထားပုံလည်း မပေါ်ပါပေ။
ထိုသို့ဆိုပါက ဆယ့်သုံးလေး သူ့နောက်လိုက်ရသည်မှာ အင်မတန်ကို နစ်နာရသည်ပဲ။
“မင်း ကျွန်တော့်ကို ဘာပြောချင်လို့လဲ။”
ကုယိုလည်း အသက်ပြင်းပြင်းရှုကာ မေးလိုက်၏။
သူ ဆယ့်သုံးလေးကို နှစ်သိမ့်ပေးလိုက်သည်။
ဆယ့်သုံးလေးကတော့ မတတ်မကြွ၊ ငေးငိုင်ကာ အထီးကျန်နေသလိုသာ ရှိနေသည်။
စုသာ့က မထူးမခြားနားသာ ဆိုလာသည်။
“ကျွန်တော်က သခင့်ဆီက စကားကိုလာပြောပေးတာပါ။ ကုယို၊ရှဲ့ရင်းရင်း၊ ကျူးကောကျန့်နဲ့နန်ကုန်းဟော်ယွီတို့ကို သခင်က ဖိတ်ပါတယ်တဲ့။ မင်းက ကုယိုမလား။ ကျေးဇူးပြုပြီး အခြားသူတွေကိုလည်း စကားပါးပေးပါဦး။”
ကုယိုလည်း ဤသည်ကိုကြားတော့ ခေါင်းညိတ်လိုက်၏။
“ကျွန်တော်နားလည်ပါပြီ။”
သူ ချက်ချင်း ကတ်ပြားကို ထုတ်၍ အခြားသူများကို ခေါ်လိုက်လေ၏။
လူသုံးယောက်ကလည်း အမြန်လာ၍ စုသာ့ကို လေးစားသမှုပြလာကြလေသည်။
ဤသည်ကိုမြင်တော့ စုသာ့လည်း များများစားစားမတွေးတော့။ သူ ရှဲ့ရင်းရင်း၏ရင်ခွင်ထဲရှိတစ်ဆယ့်ခြောက်လေးကိုကြည့်ရင်း သက်ပြင်းချလိုက်သည်။
“ကျွန်တော်နဲ့လိုက်ခဲ့ကြပါ။”
စုသာ့က လက်ကိုဝေ့လိုက်ရာ လူတိုင်း၏ခြေထောက်အောက်တွင် အားတစ်မျိုးကဖြစ်ပေါ်လာ၏။ ထို့နောက် တိမ်စိုင်တစ်ခုအဖြစ်ဖွဲ့စည်းသွားပြီး အမတခြံဝန်းနံပါတ်ခြောက်သို့ ပျံသန်းသွားလေသည်။
ဤမြင်ကွင်းမှာ ကျူးကောကျန့်နှင့်နန်ကုန်းဟော်ယွီတို့အတွက် မထူးခြားသောငြား တစ်ဆယ့်သုံးလေးနှင့်တစ်ဆယ့်ခြောက်လေးတို့ကတော့ အလွန်အမင်း ထိတ်လန့်သွားကြလေသည်။
ဆိုလိုသည်မှာ စုသာ့လုပ်သွားသောအကွက်မှာ အံ့မခန်းဖြစ်လှသည်ဆိုသည့်အကြောင်းပင်။
အကယ်၍ စုသာ့သာ သူတို့တွေးနေတာကို သိပါက သူ သေချာပေါက်ကို အံတင်းတင်းကြိတ်မိပေလိမ့်မည်သာ။ ဤသည်မှာ တကယ်တော့ များများလေ့ကျင့်မှုသာပေ၊ နေ့တိုင်း တိမ်များဖွဲ့စည်းရကာ မိုးဖြစ်ထွန်းစေရသောကြောင့် ဤအတတ်က မသိလိုက်ဘာသာနှင့် တိုးတက်လာခဲ့ရခြင်းဖြစ်ပေသည်။
လေးယောက်လုံးခြံဝန်းထဲ ရောက်သောအခါတွင် သူတို့အားလုံးက မွှေးကြိုင်လှသော အသားရနံ့ကိုရလိုက်ရာ သွားရည်ပင်ယိုလာရပြီး ခြံဝန်းထဲရှိ ဒယ်စောက်ကြီးထံလှမ်းကြည့်လိုက်မိကြ၏။
စုယွမ်ကလည်း လေးယောက်လုံးကို ပြုံး၍ ပြောလိုက်သည်။
“အချိန်ကိုက်ရောက်လာကြတာပဲ။ အခုလေးတင် ဒီပဥ္စမအဆင့်ယောင်မိစ္ဆာသားရဲရဲ့အသားက ရေလုံပြုတ်လို့ပြီးသွားတာ။ မင်းတို့ လာမြည်းကြည့်ကြလေ။”
ကျူးကောကျန့်မှာ ထိတ်လန့်သွားရသည်။
“ဆက်ခံသူအရှင်၊ ဒါက ပဥ္စမအဆင့်ယောင်သားရဲရဲ့အသားလား။”
“အရမ်းအံ့ဩမနေပါနဲ့၊ ငါက ကံကောင်းသွားရုံပဲ။ အဲ့ဒီတော့ ငါလည်း အဆာပြေစားမလို့။ ဒါပေမဲ့ မင်းတို့ရဲ့ကျင့်ကြံဆင့်ကလည်း နိမ့်နေမှတော့ စွပ်ပြုတ်တစ်ခွက်လောက် လာသောက်ကြလှည့်။”
စုယွမ်လည်း ပြုံး၍ လက်ကိုယမ်းလိုက်ရာ လူလေးယောက်ရှေ့တွင် ပန်းကန်လုံးလေးခွက်ပေါ်လာလေ၏၊ ထို့နောက်တွင်မူ အနှီပန်းကန်လုံးများထဲ စွပ်ပြုတ်ရည်များပေါ်လာ၏၊ သို့သော် အသားကတော့ တစ်ချက်လောက်သာပါသည်ပေ။
တစ်ဆယ့်သုံးလေးက ကုယို၏အိတ်ကပ်ထဲမှ ပေါ်လာပြီး အနှီပန်းကန်လုံးထဲရှိ အသားကို မျှော်လင့်တကြီးကြည့်နေရှာလေသည်။