အခန်း ၁၈၆
Vol. 19 Ch. 186
Chapter 186
: ခုနစ်စဥ်ကြယ်အရှင်။
စုယွမ်က ဆယ့်သုံးလေးကို တစ်ချက်သာ ကြည့်လိုက်ပြီး ဂရုမစိုက်။
သူလည်း သူ့ကိုယ်သူအတွက် အသားကြီးကြီးတစ်စယူလိုက်ပြီး ပန်ကန်းလုံးထဲထည့်ကာ ပါးစပ်အပြည့် စားသောက်တော့သည်။
သူ၏သဘာဝတားမြစ်အခင်းအကျင်းမှာ အသက်ဝင်သွားပြီး သူ့ကိုယ်ထဲရှိ မရီဒျာန်များကလည်း စတင်လည်ပတ်လာတော့၍ အသားကို စတင်သန့်စင်တော့လေ၏။ သန့်စင်ကာ ပေါကြွယ်ဝသောစွမ်းအင်များမှာ သူ့မရီဒျာန်များ၊ ဒန်ထျန်များထဲ အရှိန်အဟုန်အပြည့်တိုးဝင်းလာကြပြီး အလိုအလျောက် အနည်အနှစ်စွမ်းအင်အပြည့်ပြောင်းလဲသွားကြသည်။
အနှီသားရဲ၏အသားထဲ စွမ်းအင်သန့်စင်မှုနှုန်းမှာ စုယွမ်တွေးထားသည်ထက် များစွာ ကျော်လွန်နေပြီး အနည်းငယ်လေးသန့်စင်ရုံဖြင့်နှင့်တင် အနည်အနှစ်စွမ်းအင်အဖြစ်ပြောင်းလဲသွားခဲ့သည်။ ၎င်းက စုစည်းခြင်း သို့မဟုတ် ဖိနှိပ်ခြင်းအစရှိသဖြင့် လုပ်ငန်းစဉ်စဉ်တွေတောင်မလိုလိုက်၊ စွမ်းအင်မှာ သိပ်သည်းလွန်း၍ အနည်းငယ်ကျဲသွားစေရန် ကောင်းကင်နှင့်မြေကြီးချီစွမ်းအင်များနှင့် ရောနှောရန်သာ လိုအပ်လိုက်ပေသည်။
အကယ်၍ စိတ်ဝိညာဉ်ဖွံဖြိုးခြင်းအဆင့်များနှင့်ဝိညာဉ်အသွင်ပြောင်းလဲခြင်အဆင့်ကျင့်ကြံသူများသာ ဒီလိုအသားမျိုးနေ့တိုင်းစားရပါက သေချာပေါက်ကို ဝိညာဉ်စွမ်းအင်စုဆောင်းနေရသောအချိန်များကို လျော့ချနိုင်ပေမည်။
“စားလေ၊ ဘာတွေ ရပ်ကြည့်နေကြတာလဲ။”
စုယွမ် သာမန်လျှံကာသာ လှမ်းပြောလိုက်သည်။
ထိုသည်ကိုကြားတော့ တပည့်လေးဦးမှာ အချင်းချင်းကြည့်လိုက်မိကြ၏။
“ကျေးဇူးတင်ပါတယ်၊ အကြီးအကဲ။”
ကုယိုက အသားသေးသေးလေးကို ဆယ့်သုံးလေးထံ ကျွေးလိုက်ပြီး သူကမူ အသားစွပ်ပြုတ်ရည်ကို တစ်ငုံသောက်ကြည့်လိုက်သည်။
နောက်တစ်ခိုက်တန့်တွင်ပင် အသား၏ထူးကဲလှသောအရသာမှာ သူ၏အာရုံခံအဖုလေးများထဲ စိမ့်ဝင်သွား၏။ စွပ်ပြုတ်ရည်တို့ လည်ချောင်းအတွင်း လျောကျကာ သူ့အစာအိမ်ထဲဝင်ရောက်လာချိန်တွင်မူ ထူထပ်သောဝိညာဉ်စွမ်းအင်များကို ချက်ချင်း ခံစားလိုက်ရ၏။
သူ့အမူအရာမှာ ပြောင်းလဲသွားပြီး ချက်ချင်း တင်ပျင်ခွေထိုင်၍ သန့်စင်တော့သည်။
အခြားသုံးယောက်လည်း ထိုအတိုင်းသာ၊ စွပ်ပြုတ်တစ်လုတ်လောက်သောက်ပြီးသည်နှင့် ကျင့်ကြံသည့်အခြေအနေထဲရောက်သွားကြလေ၏။ ထို့အပြင် သူတို့၏ခေါင်းများထဲ အဖြူရောင်အငွေ့များလည်း ထွက်လာလေသည်၊ ၎င်းတို့မှာကား သူတို့၏စွမ်းအင်သန့်စင်စွမ်းအင်နှုန်းက နှေးကွေးလွန်း၍ ဝိညာဉ်စွမ်းအင်များ အပြင်သို့ ပြန်ထွက်သွားရခြင်းဖြစ်သည်။
စုယွမ်လည်း စုလန်နှင့် အခြားသူများကိုပါ စွပ်ပြုတ်သောက်ရန် ခေါ်လိုက်၏။
သူတို့က ချက်ချင်း ပျော်ရွှင်စွာဖြင့် သောက်သုံးကြတော့သည်။
ထို့နောက် စုယွမ်က အိုးကြီးထဲမှ အသားရည်အများစုကို မြစ်ထဲ သာမာန်လျှံကာလောင်းထည့်လိုက်၏။ စွပ်ပြုတ်ရည်ထဲရှိစွမ်းအင်များက လျင်မြန်စွာပျံ့နှံ့သွားပြီး မြစ်နှင့်အတူ စီးဆင်းသွားလေသည်။
မြစ်ထဲရှိ ဝိညာဉ်ငါးများကလည်း သောက်သုံးကြလေ၏။ ထိုသည်သာမက သေမျိုးငါးများစွာကပါ ထိုစွပ်ပြုတ်ရေကို သောက်သုံးမိရာ သူတို့၏အရှိန်အဝါက ချက်ချင်း ထိုးတက်ပြီး ဝိညာဉ်ငါးအဆင့်ထိ ရောက်သွားလေသည်။
တောင်တစ်ခုလုံးရှိ သတ္တဝါများစွာမှာလည်း မြစ်ရေထဲရှိစွမ်းအင်များကြောင့် ဆွဲဆောင်ခံလိုက်ရပြီး တော်တော်များများက သောက်သုံးရန် မြစ်ကမ်းဘေးသို့ရောက်လာကြ၏။ ထိုသို့သောက်ပြီးနောက်တွင်လည်း သတ္တဝါတိုင်း၏မျက်ဝန်းထဲရှိ ဝိညာဉ်စွမ်းအင်ဓာတ်မှာ သိသိသာသာကို ထူးကဲလာလေသည်။
အသားစွပ်ပြုတ်မှ ထွက်သော ချီစွမ်းအင်အငွေ့အသက်များကလည်း တောင်ထိပ်သို့ ပျံသန်းသွားချိန်တွင် အစီအရင်မှ အပြင်သို့ မထွက်နိုင်အောင် ပိတ်ဆို့ခံလိုက်ရသည့်အတွက် ထိုလေထုထဲတွင်ပင် ဝိညာဉ်စွမ်းအင်ရှိတိမ်သေးသေးလေးတစ်ခု ဖြစ်တည်လာလေသည်။ အချိန်တစ်ခုကြာသည်အထိ ရေငွေ့များစုစည်းပြီး လေးလံလာသည့်အချိန်တွင်မူ အနှီတိမ်တိုက်မှ ဝိညာဉ်မိုးတို့က တစ်စက်တစ်စက်ရွှာကျလာရာ တောင်တစ်ခုလုံးရှိ အပင်များကို အားဖြည့်ပေးနေတော့သည်။
စုယွမ် မြစ်ထဲသို့ လှမ်းကြည့်လိုက်ရာ ဒုတိယအဆင့်ထိပ်ဆုံးရှိနေသောဝိညာဉ်များမှာ အရှိန်အဝါများပေါက်ထွက်လာလျက် အသီးအသီး ရွှေအမြုတေအဆင့်ရောက်ရှိတော့မလိုဖြစ်နေတာတွေ့လိုက်ရသည်။
စုယွမ် အံ့ဩသွားရသည်။ သူလည်း ဝေဟင်ကမ္ဘာပန်းကန်လုံးမှ ဝိညာဉ်ရည်အချိုကို ထုတ်ယူ၍ အနှီအဆင့်တက်တော့မည်ဖြစ်သော ဝိညာဉ်ငါးများထံ ပေးလိုက်၏။
နှစ်နာရီ၊ သုံးနာရီကြာပြီးနောက်တွင် ဝိညာဉ်ငါးများမှာ မြစ်ထဲမှ တစ်ကောင်ပြီးတစ်ကောင်ထွက်လာလျက် မြေပြင်ပေါ်တွင် အနည်းငယ် လူးလိမ့်ပြီးနောက်တွင် လူငယ်လေးများအသွင်ပြောင်းသွားကြလေသည်။
“သခင့်ကို ဂါဝရပြုပါတယ်။”
“သခင့်ကို ဂါဝရပြုပါတယ်။”
ယခုအခါ ဝိညာဉ်ကလေးများအသွင်ပြောင်းသွားကြပြီဖြစ်သောဝိညာဉ်ငါးလေးများက စုယွမ်ဆီ အရိုအသေပြုလာကြ၏။
စုယွမ်လည်း ကျေနပ်စွာပြုံးလိုက်သည်။ အနှီဝိညာဉ်ငါးများမှာ ဒုတိယအဆင့်၏နောက်ဆုံးထိပ်ဆုံးအခြေအနေတွင်ရှိနေခဲ့ကြတာဖြစ်သည်၊ မသေမျိုးနယ်မြေကငှက်ကြီးစွမ်းအင်လှုံ့ဆော်မှုက မျိုးရိုးကိုပါ လှုပ်နိုးသွားလေသည့်အတွက် ဝိညာဉ်ငါးများအတွက် တတိယအဆင့်သို့ လွယ်လွယ်ကူကူအဆင့်တက်သွားနိုင်ခြင်းဖြစ်ပေ၏။
“အမ်၊ မင်းကို စုဟယ်လို့ခေါ်မယ်၊ မင်းကိုကျ စုမေ့။”
စုယွမ်လည်း မျက်ဝန်းများထဲ ဝိညာဉ်စွမ်းအင်အားအကောင်းဆုံးမိန်းကလေးနှစ်ယောက်သုံးယောက်လောက်ကို ရွေးကာ သူ့အခြွေအရံဖြစ်စေပြီး ကျန်သူများကိုတော့ စုသာ့နှင့်အတူ လယ်သွားစိုက်ရန် ညွှန်ကြားလိုက်သည်။
ညအချိန်ကား ရောက်ရှိလာလေပြီ။
ကျူးကောကျန့်နှင့် အခြားသူများမှာလည်း နောက်ဆုံးတွင် စွပ်ပြုတ်တစ်လုတ်စာကို သန့်စင်နိုင်ကြလေပြီ။ တစ်ဦးချင်းစီမှာ အရှိန်အဝါအပြည့်ဖြစ်လျက် သူတို့ကိုယ်တိုင်လည်း စွမ်းအင်တို့ကို သေချာမထိန်းချုပ်နိုင်သေးရာ ဝိညာဉ်စွမ်းအင်များလျှံထွက်နေလေ၏။ လူတိုင်းက နေရာတွင်ပင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်အထိ ရောက်သွားနိုင်သည်ပေ။
စုယွမ်လည်း သူတို့ရှေ့ရှိ ပန်းကန်လုံးကို လက်ညိုးထိုး၍ ပြောလိုက်၏။
“ဒါတွေကို ယူသွားပြီး ဖြည်းဖြည်းချင်း သေချာသန့်စင်လိုက်ကြပါ။”
ကျုးကောကျန့်လည်း မြန်မြန် ဂရုတစိုက်နှင့် ပန်းကန်လုံးကို ချိတ်ပိတ်လိုက်၏၊ ကျန်ရှိနေသေးသောအသားစနှင့်စွပ်ပြုတ်ရည်တို့မှာ ကောင်းကင်နှင့်မြေကြီးအဆင့် ရတနာတစ်ခုနှင့်ညီသည်လေ။
ကုယို အဝေးက ဝိညာဉ်စိုက်ခင်းများထဲရှိ အလုပ်ကြိုးစားနေကြသော ကောင်လေး၊ကောင်မလေးများကို ကြည့်ရင်း ပြောစရာစကားပျောက်ရှနေရ၏။ ယခုဆိုရင် သူ့မှာ အကြီးအကဲစုလက်အောက်က အစေခံပင်ဖြစ်ချင်လာရပြီ၊ ထိုအတွက် ရမည့်အကျိုုးအမြတ်များမှာ အဆမတန်ကြီးမားလွန်ကြသည်လေ။
ထိုအချိန် ကျုးကောကျန့်က ထပြောလာသည်။
“ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အကြီးအကဲ။ အကြီးအကဲမှာ ကျွန်တော်တို့ကို ဘာများ ညွှန်ကြားစရာရှိလို့ပါလဲ။ မီးတောင်ကိုကျော်၊ ပင်လယ်ကို ဖြတ်ရမယ်ဆိုရင်တောင် တုံ့ဆိုင်းမှုမရှိလုပ်ပေးမှာပါ။”
စုယွမ် အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။
“အဲ့ဒီလောက် အကြီးအကျယ်မဟုတ်ပါဘူး၊ ဟားဟား။ ကိစ္စက ရိုးရှင်းပါတယ်၊ မင်းတို့ကို ခုနစ်စဉ်နဲ့ ဆက်သွယ်ပြီး သူ့အသိအမှတ်ပြုတာရဖို့ ကြိုးစားစေချင်ရုံပဲ။ နောက်ပြီး အဲ့ဒီလို ဆက်သွယ်နေတုန်းလည်း ငါ့နာမည်ကို ခေါ်ပေး။ ပြောရရင် မင်းတို့ ငါ့ကိုနဲ့ခုနစ်စဉ်ကြယ်ကို တသားတည်းလို့မှတ်ထားပြီးတော့ ခေါ်နိုင်တယ်။ နားလည်လား။”
လေးယောက်လုံးမှာ ကြောင်အသွားကြလျက်၊ သို့သော် ထို့နောက် အာလုံးခေါင်းညိတ်၍ ဆိုလာပါသည်။
“နားလည်ပါတယ်။”
“အင်း၊ သွားပြီး ကြိုးစားကြည့်ကြ။”
စုယွမ်လည်း လေးဦးလုံးကို စင်မြင်ဆီသို့ ခေါ်သွားလိုက်သည်။ ဝေဟင်ကမ္ဘာပန်းကန်လုံးကို ခုနစ်စဉ်ကြယ်စင်မြင့်အဖြစ်ပြောင်းကာ သူတို့လေးဦးကို ကိုင်တွယ်စေလိုက်၏။
ကျူးကောကျန့်က ပထမဆုံးစတင်ကြိုးစားကြည့်၏။ သူ ခုနစ်စဉ်ကြယ်နှင့်ချိတ်ဆက်ကာ အသိအမှတ်ပြုမှုကို တောင်းခံနေစဉ် တစ်ချိန်တည်းတွင်လည်း စုယွမ်၏အမည်ကို စိတ်ထဲခေါ်နေလိုက်၏။
စုယွမ်ကတော့ အနီးတွင်ရပ်လျက် စိတ်အာရုံစွမ်းရည်က တုံ့ပြန်လာမှာကို စောင့်နေလေသည်။
ထိုအချိန် ခုနစ်စဉ်ကြယ်စွမ်းအင်နှင့် စိတ်အာရုံစွမ်းအင်တို့က တပြိုင်တည်း အသက်ဝင်လာ၏။
သူလည်း ချက်ချင်း စိတ်အာရုံစွမ်းရည်ထဲ ဝင်ရောက်လိုက်တော့သည်။
သူ၏အသိစိတ်ပင်လယ်တစ်ဝက်မှ မည်မျှလောက်မှန်းတောင် မသိနိုင်သည့်အကွာအဝေးပမာဏကြီးကျော်ဖြတ်ပြီးနောက်တွင် ကောင်းကင်ဗဟိုကြယ်ပေါ်တွင် ရောက်ရှိသွား၏။
စုယွမ်၏အသိစိတ်ပင်လယ်မှ မြင်ကွင်းက ရုတ်ချည်း အကျယ်ချဲ့လိုက်ရကာ အောက်ရှိ ကျယ်ပြန့်ကာ အဆုံးကိုပင် မမြင်နိုင်သောကြယ်ကိုယ်ထည်နှင့်အတူ အဝေးရှိ ခုနစ်စဉ်ကြယ်အစုအဝေး၏ကျန်ကြယ်ခြောက်လုံးကိုပါ မြင်လိုက်ရသည်။
သို့သော် စုယွမ် သူဘာလုပ်သလဲဆိုတာ တိတိကျကျသိပါ၏။
သူ အသိစိတ်ပင်လယ်ဖြင့် ခုနစ်စဉ်၏ကြယ်စွမ်းအင်ကို ရွေ့လျားစေကာ သူ့၏အမွေကျင့်စဉ်များကို ခုနစ်စဉ်ကြယ်ပေါ်တွင် ချန်ရစ်ရန်ကြိုးစားလိုက်သည်။
ထိုအတွေးပေါ်လာသည်နှင့် ကောင်းကင်ဗဟိုကြယ်ပေါ်တွင် ကြယ်အလင်းများစွာက စုဝေးလာကြ၏။ စုယွမ်၏ထိန်းချုပ်မှုအောက်တွင် သူတို့က ကောင်းကင်ဗဟိုကြယ်ပေါ်၌ ကောင်းကင်နှင့်မြေကြီး၏အစီအရင်များကို အလိုအလျောက် စတင်ရေးဆွဲကြတော့၏။
စုယွမ်၏နှလုံးသားမှာ ဆတ်ခနဲ တစ်ချက် တုန်လှုပ်သွားရသည်၊ ဤကိစ္စက တကယ်ပဲ ဖြစ်နိုင်သည်ပဲ။
ကောင်းကင်ဗဟိုကြယ်မှာကား ကြင်နာတတ်သောအကြီးအကဲတစ်ခုအလားပင်၊ သူ့ကိုလည်း ကလေးတစ်ယောက် လျှောက်ခြစ်နေသည့်အလား၊ ၎င်း၏ကိုယ်ပေါ်၌ အလိုရှိရာကို ရေးဆွဲခွင့်ပြုထားခဲ့သည်။
ကောင်းကင်နှင့်မြေကြီး၏အစီအရင်မှာ လျင်မြန်စွာ ဖွဲ့စည်းနေလျက်၊ အချိန်များကလည်း စက္ကန့်နှင့်အမျှကုန်ဆုံးနေ၏။
သူ့ အသိစိတ်ပင်လယ်ပြန်မရောက်ခင်တွင် စုယွမ်က အရင်ဆုံး ကျူးကောကျန့်ကို အသိအမှတ်ပြုမှုအနည်းငယ်ပေးလိုက်သည်၊ ထို့နောက်တွင်မှ နန်ကုန်းဟော်ယွီ၏ဆက်တိုက်တောင်းဆိုမှုက ထပ်မံရောက်လာရာ စုယွမ်လည်း ကောင်းကင်ဗဟိုကြယ်ပေါ် စက္ကန့်အနည်းငယ်ထပ်၍ နေနိုင်ခဲ့သည်။
စုယွမ်မှာ အချိန်နှင့်အမျှ အသက်လုလျက် ကောင်းကင်နှင့်မြေကြီး၏အစီအရင်ကို အလျင်အမြန်ရေးဆွဲနေရသည်။ အနှီအစီအရင်များမှာကား တာအိုအဆောင်တံဆိပ်များတွင်ပါဝင်သော ကောင်းကင်နှင့်မြေကြီးနိယာမများကို ရေးထိုးထားသောအခြေခံစာလုံးများဖြင့် ရေးထားတာဖြစ်ပေသည်။ ထို့အတွက် မည်သည့်ပုံစံသတ္တဝါမျိုးဖြစ်ပါစေ၊ မည်သို့ ဘာသာစကားကိုအသုံးပြုသည်ဖြစ်ပါစေ၊ သူတို့ဟာ အမွေအနှစ်ကျင့်စဉ်များကို ဖတ်ရှုနိုင်ကြပေမည်။