အခန်း ၁၉၁
Vol. 20 Ch. 191
Chapter 191
စုယွမ်လည်း သေချာကြည့်လိုက်တော့ ထူးဆန်းသောသတ္တဝါတစ်စုမှာ သူ့ဆီသို့ ဒူးထောက်၍ အရိုအသေပြုနေတာကို မြင်လိုက်ရသည်။
စုယွမ် တန့်သွားသည်။ သူလည်း နေရာပြောင်းကြည့်လိုက်တော့ ထိုသူများမှာ တကယ်တော့ သူ့ကို မမြင်ရကြောင်းကို သိလိုက်ရပေ၏။
သူလည်း သူတို့၏အကြည့်အတိုင်းလိုက်ကြည့်လိုက်တော့ ခုနစ်စဉ်ကြယ်၏ကြယ်အလင်းမှာ အဆောက်အအုံထဲသို့ ဝင်လာကာ စင်မြင့်ပေါ်သို့ တည်တည်မတ်မတ်ကျရောက်နေပြီး အနှီထူးဆန်းသောလူပေါ်ဖြာကျနေကြောင်းတွေ့လိုက်ရသည်။
စုယွမ်လည်း ကြယ်စွမ်းအင်အနည်းအငယ်ကို ယူကာ ဘာတွေဖြစ်နေသလဲတွက်ချက်ကြည့်လိုက်သည်။
ကြယ်စွမ်းအင်ဆိုသည်မှာ ကိစ္စတိုင်းကို မှတ်တမ်းတင်ထားတာပင်၊ ထို့အတွက် ယခုလေးတင်ဖြစ်သွားသောကိစ္စများကိုတော့ ရှာတွေ့ရန် အလွန်လွယ်ကူပါ၏။
ထိုသူတို့မှာ တကယ်တော့ တည်ရှိမနေသော ကြယ်နတ်ဆိုးကို ပူဇော်နေကြခြင်းဖြစ်သည်ပေ။
စုယွမ်မှာ ထူးဆန်းသွားရသည်။ သူလည်း အသိစိတ်ပင်လယ်ကို အဆောက်အအုံထဲမှ ထွက်စေလိုက်ပြီး ကောင်းကင်အလယ်တွင် ရပ်လိုက်ရာ အလွန်မှောင်မိုက်နေသောမြို့တစ်ခုကို မြင်လိုက်ရ၏။
လမ်းပေါ်၌ ဥဒဟိုသွားလာနေကြသောထူးဆန်းသောနတ်ဆိုးမျိုးနွယ်အမျိုးမျိုးမှာ စုယွမ်ကို ဉာဏ်ပွင့်သွားစေတော့၏၊ အရိုးငြမ်းနတ်ဆိုး၊ နတ်ဆိုးသေးသေးလေးများ၊ ဧရာမနတ်ဆိုးကြီးများ၊ နတ်ဆိုးမျက်လုံးအပိုရှိနေကြသောနတ်ဆိုးများ၊ တွားသွားနေသောအလောင်းကောင်များနှင်အတူ ပမာဏအနည်းငယ်သာရှိသောကောင်းကင်နှင့်မြေကြီးယင်နတ်ဆိုးများ အစရှိသည်တို့မှာ စုယွမ်ကို လုံးဝအမြင်ကျယ်သွားစေသည်ပင်။
သို့သော်လည်း စုယွမ်ပို၍အံ့ဩရသည်မှာ နေရာအနှံ့ပျံ့နှံ့သိပ်သည်းနေသော နတ်ဆိုးချီစွမ်းအင်တို့ဖြစ်ကြ၏၊ နတ်ဆိုးများ၏သဘာတအမှောင်စွမ်းအားမှာ နေရာတိုင်းတွင်တိုင်းတွင် ဖုံးအုပ်ထားပြီး ထိုစွမ်းအင်၏ဝိသေသလက္ခဏာမှာ ချီစွမ်းအင်နှင့် လုံးဝဆန့်ကျင်ဘက်ပါပေ။
ဤလူထူးဆန်းအုပ်စုပေါ်ရှိ ချီစွမ်းအင်များကတော့ တော်တော်လေးထူးဆန်းပေသည်၊ ထိုသည်မှာ သန့်စင်မနေဘဲ စွမ်းအင်နှစ်မျိုးရောစပ်နေသလို ခံစားရ၏၊ သို့ပေတည်း စုယွမ် ထိုသည်ကို ဂရုမစိုက်ပါပေ။
ထိုအစား သူတွေးရင်းတွေးရင်း အထင်တောင်ကြီးလာမိသေး၏။ ဤသို့သောနတ်ဆိုးချီတို့ပြည့်နက်နေသော ပတ်ဝန်းကျင်တွင် ချီစွမ်းအင်တစ်ပိုင်းတစ်စလေးကို ကျင့်ကြံနိုင်လျှင်တောင် အံ့လောက်ဖွယ်ကောင်းနေလေပြီ။ ထိုသို့ တစ်ကိုယ်လုံးအပြည့်ချီစွမ်းအင်ကျင့်ကြံနိုင်ခြင်းကတော့ တကယ်ကို ကြောက်မက်ဖွယ်ပါရမီဟုသာ ဆိုညွှန်းရပေမည်။
စုယွမ်လည်း မြေအောက်ခန်းထဲ ပြန်ဝင်လာလိုက်သည်။
စုယွမ်မှာ ရွှီသာ့၏သန့်စင်သောဝိညာဉ်စွမ်းအင်ကို ကြည့်ရင်း အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်မိ၏။
ရွှီသာ့ကတော့ စိတ်ထဲဝင်လာသောခုနစ်စဉ်ကြယ်ထိပ်သီးကျင့်စဉ်များကြောင့် အံ့ဩဝမ်းသာဖြစ်နေရခြင်းဖြစ်၏။
သို့သော် ထိုအချိန်တွင် မြေအောက်ခန်းအပေါ်ရှိ အိမ်မှာ ပေါက်ကွဲသွားလေသည်။
အိမ်တစ်ခုလုံးမှာ ပြာအတိကျသွားရခြင်းပေ။
ထို့အတွက် မြေအောက်ခန်းထဲရှိ မြင်ကွင်းများကလည်း အပြင်သို့ထွက်ပေါ်လာလေ၏။ မြေအောက်ခန်းကို ကာကွယ်နေသောအစီအရင်သာမရှိပါလျှင်မူ ဤသူတော်ကောင်းလမ်းစဉ်ကို သက်ဝင်သူများအားလုံးမှာ တစ်ချက်တည်းဖြင့် အကုန်ပါသွားနိုင်ပေသည်။
ရွှီသာ့၏အမူအရာမှာ တစ်ဆစ်ချိုးပြောင်းလဲသွားတော့၏။ သူမှာ ဘေးပတ်လည်ရှိ အဆင့်လေးအရိုးငြမ်းနတ်ဆိုးများကို ကြည့်ရင်း သူ့အမူအရာမှာ ယိုယွင်းသွားရပေသည်။
“အို၊ ဒါက ကြယ်ဝေဟင်သက်ဝင်သူခေါင်းဆောင်ရွှီတာ့ပါလား။ ဟားဟားဟား၊ ဒီတစ်ခေါက် မင်းဘယ်ကို ထွက်ပြေးမလဲကြည့်ကြသေးတာပေါ့။”
အရိုးငြမ်းနတ်ဆိုးခေါင်းဆောင်မှာ ကျယ်လောင်စွာရယ်မောနေရင်း လေသံကလည်း အံ့ဩနေဟန် ရှိပေသည်။
“သေစမ်း၊ ဘယ်လိုလုပ် ငါ့တည်နေရာကို သိသွားကြတာလဲ။ သူလျှိုရှိနေတာများလား။”
ရွှီသာ့မှာ ကြောက်ရွံ့နေကြသောနောက်လိုက်များကို ပြန်ကြည့်လိုက်သည်။ သို့သော် ဤအချိန်မှာ သူလျှိုဖမ်းရန် အချိန်ကောင်းမဟုတ်သေးပါပေ။
သူလည်း လွှတ်မြောက်ရာလွှတ်မြောက်ကြောင်းလေးရှာကြည့်သော်ငြား ဘေးပတ်လည်တွင် နတ်ဆိုးအစီအရင်များ ချမှတ်ထားကြောင်းတွေ့လိုက်ရ၏။ ထိုအချိန် သူတို့မှာကား ထောင်ချောက်ထဲပိတ်မိနေသောသားကောင်လေးများအလား သေဆုံးမှုကို ရှောင်လွဲနိုင်ရန် နည်းလမ်းမရှိတော့ပါပေ။
“ဘာလို့လဲ။ ငါ၊ သက်ဝင်သူခေါင်းဆောင်က အခုလေးတင် ထူးဆန်းတဲ့အမွေအနှစ်လေးရလိုက်တာ၊ အခုပဲ ငါ အောင်မြင်တော့မှာ။”
ရွှီသာ့မှာ ကူရာမဲ့နေသော်ငြား ကြယ်စင်များပြည့်နှက်နေသောကောင်းကင်ယံကို မြန်မြန်မော့ကြည့်လိုက်ပြီး ခိုင်မာသောအကြည့်များဖြင့် ဆိုလိုက်၏။
“သက်ဝင်သူရောင်းရင်းတို့၊ ငါ အခုလေးတင် ခုနစ်စဉ်ကြယ်အရှင်နဲ့ဆက်သွယ်နိုင်သွားတာ။ လူတိုင်း ရှိသမျှစွမ်းအင်အကုန်ထုတ်ပြီး အစီအရင်ကို အားဖြည့်ပေးကြပါ။ မကြာခင်မှာပင် ခုနစ်စဉ်ကြယ်အရှင်က ငါတို့ကိုကယ်တင်ဖို့ဆင်းသက်လာပြီး ခွန်အားတွေပေးသနားလာလိမ့်မယ်။ လက်မလျော့ကြနဲ့။”
လူတိုင်းကလည်း သူတို့ဟာ နောက်ဆုံးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်မှန်းနားလည်ကြသည်။ ရွှီသာ့၏စကားများကို ကြားချိန်တွင် ဤသက်ဝင်သူခေါင်းဆောင်မှာ သူတို့ကို လိမ်လည်လှည့်ဖျားနေခြင်းဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အရေးမပါတော့၊ အားလုံးမှာ ဝိညာဉ်စွမ်းအင်ကို အစွမ်းကုန်ထုတ်၍ မြင်းသေကို မြင်းရှင်အဖြစ် သဘောထားရန် ဆုံးဖြတ်လိုက်ကြ၏။
ရွှီသာ့မှာ ပို၍ကျယ်ကျယ်ပင် ဟစ်ကြွေးလာလေသည်။
“စကြာဝဠာကြယ်အလင်းကို ကိုင်ဆောင်သောခုနစ်စဉ်ကြယ်အရှင်၊ ခုနစ်စဉ်ကြယ်၏အုပ်စိုးသူ၊ ကြယ်ဝေဟင်ပြည်ထောင်စုအရှင်။”
ရွှီသာ့မှာ ဘာကိုမှမတွေးနိုင်တော့ ကဗြောင်းကသောင်းဖြစ်နေသောစကားလုံးများက သူ့ပါးစပ်ထဲမှ ကြုံရာကျပန်းထွက်လာလေသည်။ သူဟာ တာအိုအရှင်၏အကူအညီကို လိုချင်ခြင်းသာပေ။
ဤသည်ကိုမြင်တော့ အရိုးငြမ်းနတ်ဆိုးမှာ လှောင်ပြောင်လာ၏။
“သက်ဝင်သူခေါင်းဆောင်ရွှီသာ့၊ မင်းရဲ့လှည့်ကွက်လေးတွေ တော်ပါတော့ကွာ။ ကောင်းကင်ကြယ်နတ်ဆိုး၊ အခု ခုနစ်စဉ်ကြယ်အရှင်တဲ့လား၊ မင်း မင်းနောက်လိုက်ငတုံးတွေကိုပဲ လှည့်စားလို့ရမယ်၊ မင်းကိုယ်မင်းတော့ လှည့်စားလို့မရဘူးနော်။”
သူ အဖွဲ့ဝင်များကို လက်ယမ်းပြလိုက်သည်။
“မင်းတို့ ဒါကို မှတ်တမ်းတင်ထားလား။ ကိစ္စတွေကို အပြတ်ဖြတ်ပြီး အကုန်ရှင်းလိုက်ရအောင်။”
အဆင့်လေးရှိအရိုးငြမ်းနတ်ဆိုးဆယ့်နှစ်ကောင်တို့အားလုံးက ပြင်းထန်သောသတ်ဖြတ်လိုစိတ်များထုတ်ဖော်လာကြလေသည်။
နောက်တစ်ခိုက်တိုက်တွင် ကြီးမားသောအရိုးကြီးဆယ့်နှစ်ခုက လေထဲမှထွက်လာပြီး စင်မြင့်ဆီရောက်ရှိသွားလေသည်။
မြေအောက်ခန်းအပေါ်ရှိအစီအရင်မှာလည်း အစိတ်စိတ်အမွှာမွှာကွဲကြေသွားပြီး ကြယ်ဝေဟင်ပူဇော်စင်မြင့်ဟုခေါ်ကြသောစင်မြင့်ကလည်း ပျက်စီးသွားလေ၏။
ထိုအချိန်တွင်ပင် ရွှီသာ့၏မျက်နှာထက် စိတ်အားငယ်ခြင်းများ ပြည့်နှက်သွားရပေသည်။
သို့သော် ကောင်းကင်ရှိ ခုနစ်စဉ်ကြယ်မှာ ရုတ်ချည်း ပြင်းထန်စွာ လင်းလက်လာ၏။
မရေတွက်နိုင်သောကြယ်အလင်းတို့ကလည်း ကောင်းကင်မှာ ဖြာကျလာကာ နတ်ဆိုးနယ်မြေတစ်ခုလုံး၏အထက်ကောင်းကင်ကို လင်းလက်သွားစေတော့လေသည်။