← Chapters

အခန်း ၁၉၂

Vol. 20 Ch. 192

အခန်း ၁၉၂

Vol. 20 Ch. 192

Chapter 192: ခုနစ်စဥ်ကြယ်တာအိုအရှင်၊ စွမ်းရည်များအဆင့်မြင့်သွားခြင်း။

ဝေဟင်ကောင်းကင်တစ်ခုလုံးမှာ ကြယ်အလင်းတို့ပြည့်နှက်သွားသည့်အတိုင်း လင်းလက်သွားလေ၏။

ရောင်စုံကြယ်စွမ်းအင်တို့မှာ လေထုအလယ်စုစည်းသွားကြပြီး မိုင်ထောင်ချီသောပုံရိပ်ယောင်ကို ဖြစ်ပေါ်လာပေသည်။

ကြယ်စွမ်းအင်တို့မှာ သိပ်သည်းသည်ထက်သိပ်သည်းလာလျက် ပုံရိပ်တစ်ခုမှာ အသေးစိတ်ပုံပေါ်လာ၏။

ထိုပုဂ္ဂိုလ်မှာကား အံ့ချီးဖွယ်ကောင်းလောက်အောင်ပင် ခေါင်းသုံးဖက်၊ လက်ခြောက်ဖက်ရှိနေလေသည်၊ ခေါင်းသုံးဖက်တွင်ရှိနေကြသော မျက်နှာများကလည်း မတူကွဲပြားလျက်ရှိ၏။

ရှေ့ဆုံးမျက်နှာမှာကား မျက်နှာအစိတ်အပိုင်းများကင်းမဲ့နေလျက်၊ နှာခေါင်း သို့မဟုတ် ပါးစပ်စသည်တို့ပင် မရှိဘဲ လက်ထဲတွင်မူ ဆန်းကြယ်သောရတနာတစ်ခု၏ပုံရိပ်ယောင်ကို ဆွဲကိုင်ထား၏။

ဘယ်ဘက်ရှိမျက်နှာကတော့ နူးညံ့ငြင်သာနေပြီး ရှေးဟောင်းဒယ်စောက်ရတနာပုံရိပ်ကို ပွေ့ချီထား၏၊ ထိုဒယ်ဇောက်ထဲမှ ဝိညာဉ်စွမ်းအင်တို့လျှံကျနေပြီး ရတနာ၏အရှိန်အဝါကလည်း ကောင်းကင်တစ်ခွင် ပျံ့နှံ့နေလေသည်။

ညာဘက်မျက်နှာမှာတော့ ရက်စက်ကြမ်းကြုတ်ဟန်ရပြီး လက်တွင်တော့ ဓါးရှည်ခုနစ်ချောင်းကို ဆွဲထားလေသည်၊ အနှီဓါးရှည်တို့မှာ ချီစွမ်းအင်တို့အပြည့်ဖြင့် ရက်စက်ပြတ်သားသည့်အငွေ့အသက်များ ကောင်းကင်နှင့် မြေကြီးတစ်ခွင် ပျံ့နှံ့နေ၏။

ထိုအချိန် နတ်ဆိုးမျိုးနွယ်မြို့ထဲရှိ နတ်ဆိုးမျိုးနွယ်အားလုံးတို့မှာ မျက်လုံးများပြူးကျယ်သွားကြလျက် ကြောက်ရွံ့မှုကြောင့် ဖြူဖျော့သွားကြသည်။

မြေအောက်ခန်းထဲတွင်မူ အရိုးငြမ်းလက်နက်ဆယ့်နှစ်ခုမှာ စင်မြင့်ဆီသို့ တိုက်ခိုက်ရန် ပြေးသွားနေဆဲ။

ထိုအပြုအမူမှာ သုံးမျက်နှာနတ်ဆိုးပုံရိပ်ယောင်၏အာရုံကို ဆွဲဆောင်မိလိုက်သည့်အလားရှိသည်။ ညာဘက်က ရက်စက်ဟန်ရသောမျက်နှာမှာ အနည်းငယ်ပြောင်းလဲသွားပြီး မျက်ဝန်းများထဲတွင်လည်း ခုနစ်စဉ်ကြယ်အလင်းတို့လင်းထွက်လာပြီး ဓါးရှည်ပုံသဏ္ဍာန်အလင်းတန်းခုနစ်ချောင်းမှာ မြေအောက်အတွင်းသို့ ပြေးဝင်သွားကြသည်။

နောက်မှ ပစ်လွှတ်လိုက်သောဓါးရှည်တို့က အရင်ရောက်လာပြီး အရိုးငြမ်းဆယ့်နှစ်ခုကို တိုက်ခိုက်၍ ပိုင်ရှင်များထံ ပြန်လွှင့်ထွက်သွားလိုက်၏။ ဘေးတွင်ရပ်ကြည့်နေကြသောနတ်ဆိုးမျိုးနွဘ်တို့မှာ ဘေးဒုက္ခအကြီးကြီးကြုံရလေပြီ၊ ပြန်လွှင့်လာသောအရိုးငြမ်းများကြောင့် ထိခိုက်သွားသူများက သေလျှင်သေ၊ မဟုတ်လျှင် ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားသည်ချည်းသာ ဖြစ်ပေသည်။

ဓါးရှည်တို့၏အရှိန်မှာ ထိုမျှနှင့်တင် ရပ်တန့်မသွားသေးဘဲ နောက်ထပ်အရိုးငြမ်းနတ်ဆိုးခုနစ်ကောင်ဆီပျံသန်းသွားလေသည်။

အဆင့်လေးရှိအရိုးငြမ်းနတ်ဆိုးခုနစ်ကောင်မှာ ထိုဓါးရှည်တို့ပြေးဝင်လာတာကိုတောင် တုံ့ပြန်ချိန်မရလိုက်၊ သူတို့ကိုယ်ထဲရှိ အသက်ဓာတ်မှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားပြီး သေဆုံးသွားတော့၏။

“အဲ့ဒါဘာကြီးလဲ။”

အရိုးငြမ်းနတ်ဆိုးခေါင်းဆောင်၏မျက်နှာမှာ ကြောက်ရွံ့မှုကြောင့်ဖြူဖျော့နေပြီး သုံးမျက်နှာပုံရိပ်ယောင်ကို ထိတ်လန့်မှုရော သံသယနှင့်ပါ ရောပြွန်ကြည့်မိ၏။

ရွှီသာ့ကတော့ အလွန်ပျော်ရွှင်သွားပြီး ချက်ချင်း ဒူးထောက်ကာ အရိုအသေပြုတော့သည်။

“ခုနစ်စဥ်ကြယ်ဂိုဏ်းခေါင်းဆောင်ကျွန်တော် ရွှီသာ့၊ ခုနစ်စဥ်ကြယ်တာအိုအရှင်ကို ဂါဝရပြုပါတယ်။ အရှင့်ရဲ့သစ္စာရှိအစေခံက တာအိုအရှင်ပျော်မွေ့နိုင်ဖို့ နတ်ဆိုးပစ္စည်းတွေ ပူဇော်ထားပါတယ်။”

သုံးမျက်နှာကြယ်အလင်း၏ဘယ်ဘက်ရှိ နူးညံ့သောမျက်နှာထားက ရှေ့သို့ အနည်းငယ်လှည့်လာ၏။ ထိုသူ့မျက်နှာပေါ်ရှိနူးညံ့သောအပြုံးမှာ ရွှီသာ့၏နှလုံးသားကို သက်သာရာရှိသွားစေပေသည်။

ကြယ်အလင်းတန်းတစ်ခုမှာ ပူဇော်ပစ္စည်းများထံ ကျရောက်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အနှီကြယ်အလင်းတို့က ထိုပစ္စည်းတို့ကို သိမ်းယူသွားလေ၏။

ထျန်းယွမ်နယ်မြေတွင်မူ ပစ္စည်းအပုံတစ်စုမှာ စုယွမ်၏ပင်မခန္ဓာကိုယ်နံဘေးတွင် ပေါ်လာလေသည်။ ထိုအထဲ နတ်ဆိုးမျိုးနွယ်အသွေးအသားများနှင့် နတ်ဆိုးလက်နက်တို့ပါဝင်ပေ၏။

သူလည်း သာမာန်လျှံကာ ၎င်းတို့ကို ချိတ်ပိတ်ကာ ရွှီသာ့ကို ဘာပြန်ပေးရမလဲဟုစဉ်းစားလိုက်သည်။

သူ ဝေဟင်ကမ္ဘာပန်းကန်လုံးဆီ လှည့်ကြည့်လိုက်သည်။

“မင်းဆီမှာ အဆင့်လေးဝိညာဉ်ရတနာဖြစ်တဲ့ဝိညာဉ်စုဆောင်းနဖူးစည်းရှိတယ်မလား။ မင်း အဲ့ဒါကို နောက်တစ်ခုဖန်တီးနိုင်လား။”

“လုပ်နိုင်ပါတယ်၊ ဒါပေမဲ့ အသေးစားလောက်ပဲ။ အဲ့ဒီအသေးစားနဖူးစည်းတွေအသုံးပြုတာနဲ့ သူတို့ကလည်း အပြန်အလှန် ကျွန်တော့်ကို အားဖြည့်ပေးလိမ့်မယ်။ သခင် ဝိညာဉ်မွေးဖို့ကြံနေတာလား။ အခုလောလောဆယ် အဲ့ဒီလိုလုပ်ဖို့မှမလိုတာ။”

လောင်ချမ်မှာ ပဟေဠိဖြစ်လျက်ဆိုသည်။

“ကောင်းတယ်၊ ကောင်းတယ်။ အဲ့ဒီလိုဝိညာဉ်စုဆောင်းနဖူးစည်းအသေးစားလေးတစ်ခုလုပ်လိုက်။ နောက်ပြီး သူ့နာမည်ကို ခုနစ်စဉ်ကြယ်နဖူးစည်းလို့ပေးလိုက်။”

“ဘာအတွက်လဲ။ အဲ့ဒါကိုဖန်တီးက ကျွန်တော့်အနည်အနှစ်ကို ကုန်ခမ်းစေတယ်လေ။”

လောင်ချမ်မှာ ညီးတွားနေသော်ငြား ပင်မအနည်အနှစ်များကို အသုံးပြု၍ ဝိညာဉ်စုဆောင်းနဖူးစည်းတစ်ခု၊ မဟုတ်သေး ယခုဆိုလျှင် ခုနစ်စဉ်ကြယ်နဖူးစည်းဟု အမည်ရသွားပြီဖြစ်သောအရာကို ဖန်တီးလိုက်သည်။

“တတိယအဆင့်လေးတွေလည်း နည်းနည်းလောက်လုပ်ထားပါဦး။”

“တတိယအဆင့်တွေက ပြဿနာမရှိပါဘူး။ လိုချင်သလောက်လုပ်ပေးလို့ရတယ်။”

လောင်ချမ် တည်ငြိမ်စွာပြောလိုက်၏။

ဤသို့ဖြင့် စုယွမ်မှာ တစ်ခဏအကြာတွင် လက်ထဲ၍ ဝိညာဉ်စုဆောင်းသည့်ခုနစ်စဉ်နဖူးစည်းအနည်းငယ်ကို ကိုင်ထားလေ၏။

ထိုအရာများက နတ်ဆိုးကျင့်ကြံသူများသာ သုံးသည့်အရာဖြစ်လင့်ကစား နတ်ဆိုးကျင့်ကြံသူများကလည်း မိမိတို့၏စွမ်းအင်ကို အားဖြည့်ရန်ချီစွမ်းအင်ကိုသာ သုံးရသည်လေ။ ထို့အတွက် အများက လူသားမဆန်ဘူးဟုသမှုတ်ခံရမည်မှလွဲ၍ ဤနဖူးစည်းများကို သူတော်ကောင်းလမ်းစဉ်ကလူများလည်း သုံးစွဲ၍ရသည်သာပင်။ ပြောရလျှင် ချင်းခယ်ကုန်းမြေ၏နတ်ဆိုးကျင့်ကြံသူများဆိုသည်မှာ ရက်စက်သောနည်းလမ်းများကို အသုံးပြုကြသောချီစွမ်းအင်ကျင့်ကြံသူများသာဖြစ်ရာ အခြားကမ္ဘာရှိနတ်ဆိုးများနှင့်တော့ ကွာခြားလှ၏။

စုယွမ်၏အသိစိတ်ပင်လယ်မှာ ဤခုနစ်စဉ်ကြယ်နဖူးစည်းများအပေါ်အုပ်လွှမ်းသွားလျက် သူလည်း ဝိညာဉ်ကျောက်တုံးအနည်းငယ်ကို ယူကာ ကမ္ဘာလှည့်ခရီးသွားသူစွမ်းအင်ကို အသက်သွင်းလိုက်ပေသည်။

နတ်ဆိုးနက်နယ်မြေတွင် သုံးမျက်နှာကြယ်စွမ်းအင်ပုံရိပ်က ပူဇော်ပစ္စည်းများကို ယူပြီးသည့်အခါ ဘယ်ဘက်လက်ထဲ ကိုင်ထားသောဒယ်ဇောက်ထံမှာ အလင်းတို့ကတဖြတ်ဖြတ်လင်းလာ၏။

နောက်တစ်ခိုက်တန့်တွင် အလင်းတို့မှာ ဖြာထွက်လာပြီး စင်မြင့်ကို ဖုံးအုပ်သွားပေသည်၊ ထို့နောက် စင်မြင့်ပေါ်တွင် ချီစွမ်းအင်တောက်ပနေသောနဖူးစည်းသဏ္ဍာန်ရတနာဒါဇင်လောက်ကို တွေ့လိုက်ရ၏။ ထိုနဖူစည်းတို့၏မျက်နှာပြင်တွင် ခုနစ်စဉ်ကြယ်အမှတ်တံဆိပ်ရှိနေလေရာ အလွန်ဆန်းကြယ်ဟန်ပေါ်နေလေသည်။ ထိုသည်သာမက စင်မြင့်ပေါ်တွင် နတ်ဆိုးမျိုးနွယ်များအဖို့ အဖျက်စွမ်းအားအလွန်ကောင်းသည့် ဝိညာဉ်စွမ်းအင်တို့တောက်ပနေသောသန့်စင်သည့်ဝိညာဉ်ကျောက်တုံးများစွာကိုလည်း တွေ့လိုက်ရသည်။

ဤသည်များကို ကြည့်ရင်း ရွှီသာ့မှာ အပျော်လွန်နေရသည်။

“တာအိုအရှင် ရက်ရက်ရောရောချီးမြင့်တဲ့အတွက် ကျွန်တော် ကျေးဇူးတင်ပါတယ်။”

ရှေ့ဘက်ရှိ မျက်နှာအစိတ်အပိုင်းတို့ကင်းမဲ့နေသောမျက်နှာက အနည်းငယ်ငုံလာသည်၊ အနှီမျက်နှာက သူ့ကို စူးစမ်းစိုက်ကြည့်လာလေသည့်ပုံပေ။ ကြယ်အလင်းတို့က အိုးထဲမှ ပျံထွက်လာပြီး ရုတ်တရက် ရွှီသာ့၏အသိစိတ်ပင်လယ်ထဲ ဝင်ရောက်သွား၏။

တစ်ခဏချင်းတွင်း အချက်အလက်များစွာမှာ ရွှီသာ့၏အသိစိတ်ပင်လယ်ထဲ ရောက်ရှိလာလေသည်။

ရွှီသာ့မှာ ချက်ချင်း ခုနစ်ကြယ်အရှင်၏အာရုံကို အရယူနိုင်ရန် မည်သည့်ပစ္စည်းများဖြင့် ပူဇော်ရမည်ကို နားလည်သွား၏။ ထို့အတူ ခုနစ်စဉ်ကြယ်နဖူးစည်းကို အသုံးပြုပုံနှင့်တကွ ထိုသည်တို့ကို မည်သို့သန့်စင်ရမည်ကိုပါ နားလည်သွားပေသည်။

အစက သူ့စိတ်ထဲတွင် ဝေဝါးနေသောခုနစ်စဉ်ကြယ်ထိပ်သီးကျင့်စဉ်တို့ကလည်း ရှင်းလင်းပြတ်သားလာပေသည်။

ထိုသည်အားလုံးပြီးဆုံးပြီးသည့်နောက်တွင် သုံးမျက်နှာကြယ်အလင်းပုံရိပ်ယောင်မှာ ၎င်း၏တာဝန်ပြီးဆုံးသွားသည့်အတိုင်း တဖြည်းဖြည်းပြန်လည်ပျောက်ကွယ်လာလေသည်။

“ကျွန်တော် တာအိုအရှင်ကို နှုတ်ခွန်းဆက်သပါတယ်။”

ရွှီသာ့၏အမူအရာမှာ ပြောင်းလဲသွား၏။

ထို့နောက် သူ စင်ပေါ်ရှိရတနာများကို သိမ်းဆည်းလိုက်ပြီး အခြားသူများဘက်လှည့်ကာ စိတ်လှုပ်တရှား အော်လိုက်သည်။

“ငါ့နောက်လိုက်ခဲ့ကြ။”

သူ ချက်ချင်း ဦးဆောင်ထွက်ခွာလျက် တောမျက်မည်းကြီးထဲ တိုးဝင်ပျောက်ကွယ်သွားတော့သည်။

အခြားသက်ဝင်သူများမှာလည်း နှောင့်နှေးမနေရဲဘဲ ချက်ချင်း နောက်လိုက်ကြ၏။

အရိုးငြမ်းနတ်ဆိုးခေါင်းဆောင်၏မျက်နှာမှာတော့ မဲမှောင်နေလေသည်။ သူ့မှာ တဖြည်းဖြည်းချင်းပျောက်ကွယ်နေပြီဖြစ်သော်ငြား အလုံးစုံပျောက်မသွားသေးသောပုံရိပ်ယောင်ကို ကြည့်ပြီး ကြောက်ရွံ့နေရလျက် ထိုကြယ်ဝေဟင်အဖွဲ့ထွက်ပြေးသွားတာကိုသာ ကူရာမဲ့ကြည့်နေရပေသည်၊ မဟုတ်သေး၊ ယခုဆိုလျှင် ထိုသူတို့မှာ ခုနစ်စဉ်ကြယ်ဂိုဏ်းဟု မိမိကိုယ်ကို ခေါ်ဝေါ်နေကြလေပြီ။

ယခုတစ်ခေါက်တာဝန်မှာ တကယ်ကို အရေးကြီးသော်ငြား သူ့အသက်ပိုအရေးကြီးသည်ဟုထင်သော်ကြောင့် ငြိမ်နေတာပင်။

သူ့ဘေးရှိ အပျက်အစီးများမှာ စိတ်လိုက်မာန်ပါလုပ်ခြင်း၏အကျိုးဆက်များပေ။

ကံကောင်းစွာဖြင့် ထိုအချိန်တုန်းက သူ ရာထူးအပေါ်မှီခိုကာ နှုတ်ခမ်းလှုပ်ရုံသာ အမိန့်ပေးပြီး ဘာကိုမှ ကိုယ်တိုင်ဝင်မတိုက်မိလို့ပင်။ မဟုတ်ပါက သူလည်း ဤနေရာတွင် အသက်ဘေးကို တွေ့ကြုံရမည်လေ။

ကြယ်အလင်းတို့ ပြန်လည်ပျောက်ကွယ်သွားသည်နှင့် ညနက်ကောင်းကင်မှာ ထပ်မံ၍ တစ်ခါ အမှောင်ထုတို့ ပြန်လည်ကြီးစိုးလာ၏။

သို့သော်လည်း မြေအောက်ခန်းပတ်လည်နေရာယူထားကြသော ဒဏ်ရာရနတ်ဆိုးမျိုးနွယ်တို့၏မြည်ကြွေးသံတို့က အခြားနတ်ဆိုးများကို အသိပြန်ဝင်စေလာလေသည်။

“ခုနစ်စဉ်ကြယ်တာအိုအရှင်တဲ့လား။”

“တိတ်တိတ်နေစမ်း၊ အဲ့ဒီနာမည်မပြောစမ်းနဲ့။ တော်တော်ရက်စက်တဲ့နတ်ဘုရားပဲကွ။”

“အဲ့ဒီသက်ဝင်ယုံကြည်သူတွေက တကယ်ကြီး သူတော်ကောင်းလမ်းစဉ်ဘက်ကနတ်ဘုရားနဲ့ဆက်သွယ်လို့ရသွားတာလား။ မယုံနိုင်စရာပဲ။”

“ငါ ခဏက စင်မြင့်ပေါ်မှာ ထူးထူးဆန်းဆန်းရတနာတွေပေါ်လာတာတွေ့လိုက်တယ်။ ဘာတွေလဲဆိုတာသိချင်မိသား။”

“ငါကြားတာက အဲ့ဒီလို သက်ဝင်သူတွေရဲ့သက်တမ်းက အခြားကျင့်ကြံဆင့်တူလူတွေထက် အဆများစွာပိုအသက်ရှည်တယ်တဲ့။ တကယ်လားဘာလားတော့ ငါလည်း သေချာမသိဘူး။”

“အဓိပ္ပာယ်မရှိတာတွေမပြောစမ်းနဲ့၊ အသတ်ခံရနိုင်တယ်ကွ။”

ဤသို့ဖြင့် ဆွေးနွေးမှုများမှာ မြို့အနှံ့ပျံ့နှံ့သွားလေသည်။

ထိုအဖြစ်အပျက်များက လျင်မြန်သည့်အရှိန်ဖြင့် ပျံ့နှံ့သွားပြီး နတ်ဆိုးမျိုးနွယ်မြို့တော်အထိပါရောက်ရှိသွားပြီး နတ်ဆိုးအင်ပါယာ၏အာရုံကိုပါ ဆွဲဆောင်သွားလေသည်။

နတ်ဆိုးအင်ပါယာကလည်း ထိုသတင်းများကို သတင်းသက်သက်သာ ယုံကြည်သည်မဟုတ်၊ အနှီသုံးမျက်နှာရှိကြယ်အလင်းပုံရိပ်ယောင်နတ်ဘုရားကို မှတ်တမ်းတင်ထားသောပုံကို မြင်လိုက်ရသောကြောင့်ဖြစ်၏။ ထို့အတွက် သူလည်း ဤကိစ္စကို အလေးအနက်ထား၍ နတ်ဆိုးမြို့အားလုံးကို ထိုသက်ဝင်သူဂိုဏ်းသားများအာလုံးအား ဖမ်းဆီးရန် အမိန့်ထုတ်လိုက်သည်။

ဤသို့ဖြင့် ကြယ်ဝေဟင်ဂိုဏ်းဖြစ်စေ၊ ခုနစ်စဉ်ကြယ်ဂိုဏ်းဖြစ်စေ၊ သို့မဟုတ် မည်သည့်ဂိုဏ်းဖြစ်ပါစေ ထိုသို့သက်ဝင်သူဂိုဏ်းများအားလုံးမှာ အသဲအသန်လိုက်လံဖမ်းဆီးခံရတော့သည်။ အထူးသဖြင့် ခုနစ်စဉ်ကြယ်ဂိုဏ်းခေါင်းဆောင်ရွှီသာ့မှာ အလိုရှိသူထိပ်ဆုံးစာရင်းတွင် ရှိနေလေ၏။

သူက မြို့တိုင်းက ခုနစ်စဉ်ကြယ်ဂိုဏ်းလွှမ်းမိုးဝင်ရောက်လာမည်ကို တင်းကြပ်စွာတားမြစ်ထားလိုက်သည်။ အဆုံးစွန်ဆုံး ထိုခုနစ်စဉ်ကြယ်အရှင်အကြောင်းဆွေးနွေးသည့်သူကိုတောင် သက်ဝင်သူအဖြစ် သတ်မှတ်ခံရပေမည်။ သို့သော် မည်သူမှမပြောသော်ငြား ခုနစ်စဉ်ကြယ်အရှင်မှာ တိတ်တဆိတ်ဖြင့် အချို့နေရာများတွင် သူတော်ကောင်းနတ်ဘုရား၊ အချို့နေရာများတွင် နတ်ဆိုးဘက်မှနတ်ဘုရား အဖြစ်သတ်မှတ်ထားလျက် အကျဉ်းချုပ်အားဖြင့် အင်အားကြီးပုဂ္ဂိုလ်တစ်ပါးအနေဖြင့် သတ်မှတ်ထားကြ၏။

All Chapters