အခန်း ၁၉၄
Vol. 20 Ch. 194
Chapter 194: မိုးကြိုးဘီလူးကြီး၏အာရုံစိုက်မှု။
ထျန်းယွမ်နယ်မြေ၊ ဘုံကိုးဘုံအလွန်တွင် မိုးကြိုးဘီလူးကြီးမှာ အိပ်နေရင်း အနည်းငယ်တုန်လှုပ်လာ၏။
သူဟာ တစ်ခုခုကို အာရုံခံမိလိုက်ပုံဖြင့် ရုတ်ချည်း မျက်လုံးတစ်ဖက်ဖွင့်လာပြီး ကောင်းကင်ဘုံကိုးဘုံသို့ ငုံ့ကြည့်လေ၏။
ထို့နောက် သူ ချင်းခယ်ကုန်းမြေအလယ်ရှိ ဂိုဏ်းတစ်ခုအထက်တွင်တည်ရှိနေသောကံကောင်းခြင်းတိမ်တိုက်ကို မြင်လိုက်ရသည်၊ ထို့တိမ်တိုက်၏အလယ်တွင်လည်း ကြာပန်းတစ်ပွင့်က ပွင့်အာနေ၏။
ဂိုဏ်းကတိမ်တိုက်ကြီး၏ဖုံးလွှမ်းမှုကြောင့် မိုးကြိုးဘီလူးကြီးမှာ စုယွမ်၏ကံကောင်းခြင်းတိမ်စိုင်ကို ချက်ချင်း မမြင်နိုင်ခဲ့ပါပေ၊ ထို့အပြင် သူ ဂိုဏ်း၏ကြာပန်းကိုကြည့်ရင်း မျက်မှောင်ကြုတ်နေဆဲ။
“ဘာဖြစ်သွားတာလဲ။ ဘယ်လိုလုပ် ထျန်ယွမ်နယ်မြေက ဂိုဏ်းတစ်ခုက ရုတ်တရက်ကြီး မသေမျိုးဂိုဏ်းဖြစ်ဖို့အလားအလားထရှိသွားရတာတုန်း။”
သူ့မျက်နှာပေါ်တွင် မကျေနပ်မှုတစ်ခုကပေါ်လာပြီး သူ့မျက်ဝန်းထဲတွင်လည်း မိုးကြိုးတစ်ချက်လင်းလက်သွားပြီး အောက်သို့ဆင်းကျသွားလေသည်။
ထျန်ယွမ်နယ်မြေ၏ကောင်းကင်ဘုံတာအိုဆန္ဒမှာ ထွက်ပေါ်လာပြီး မိုးကြိုးကို အားပျော့သွားစေလေ၏။
မိုးကြိုးဘီလူးကြီးမှာ ခပ်ယဲ့ယဲ့ပြုံးလိုက်၏။
သို့သော် သူ့အပြုံးမှာ အေးခဲသွားရပေသည်။ သူ ကံကောင်းခြင်းတိမ်တိုက်များထဲ အဆင့်ခုနစ်ရှိဝိညာဉ်ရတနာထွက်လာပြီး အားလျော့နေသောမိုးကြိုးကို ဟန့်တာလိုက်တာကို တွေ့လိုက်ရခြင်းပေ။ ဤသို့ဖြင့် ဂိုဏ်း၏ကံကောင်းခြင်းတိမ်များမှာ အနည်းငယ်မျှတောင် မထိခိုက်လေဘဲ အလွန်တည်ငြိမ်ခိုင်မြဲနေလေ၏။
ဤတစ်ကြိမ်တွင်မူ မိုးကြိုးဘီလူးကြီးမှာ တကယ်ထိတ်လန့်သွားရသည်။ သူလည်း မျက်လုံးနှစ်ဖက်လုံးကို သေချာဖွင့်၍ သူ့ကိုယ်ကြီးဖြင့် ထရပ်လိုက်၏။
သူ လုပ်လိုက်သည့်လှုပ်ရှားမှုသေးသေးလေးတစ်ခုကတောင် သူ့ဘေးရှိမိုးကြိုးပင်လယ်ကြီးကို ချက်ချင်းတုန်ခါသွားစေ၏။ သူ အပြည့်အဝမတ်တပ်ရပ်လိုက်သောအခါတွင်မူ သူ့အသက်ရှုသံကြောင့်ဖြစ်ပေါ်လာသော မိုးကြိုးများမှာ အောက်ကောင်းကင်ဘုံကိုးခုဆီ တိုက်ရိုက်ကျရောက်သွားရလေသည်။
ထျန်းယွမ်နယ်မြေ၏ကောင်းကင်တာအိုဆန္ဒကထွက်ပေါ်လာပြီး မိုးကြိုးပင်လယ်မှ မိုးကြိုးချက်များ မြေကမ္ဘာကိုဖျက်စီးပစ်မည့်အရေးကိုတတ်နိုင်သမျှ ကာကွယ်တော့၏။ သို့သော် ကာကွယ်မှုမှလွှတ်ထွက်သွားသောကြွင်းကျန်စွမ်းအင်များကတော့ အောက်သို့ဆက်လက်ကျဆင်းကာ ချင်းခယ်ကုန်းမြေအရှေ့ဘက်ပင်လယ်ဆီသွားကျ၍ ပင်လယ်သမုဒ္ဒရာကို လှိုင်းထန်ကာ ကသောင်းကပြောင်းဖြစ်စေတော့လေသည်။
မိုးကြိုးဘီလူးကြီး ကောင်းကင်ဘုံကိုးခုနှင့်နီးကပ်လာသောအခါတွင်မူ ကောင်းကင်နှင့်မြေကြီး၏ဥပဒေသကြိုးတန်းများက ချက်ချင်းတားမြစ်လာပြီး သူ့ကို ပိတ်ဆို့လာ၏။
မိုးကြိုးဘီလူးကြီးကတော့ ဥပဒေသကြိုးတန်းများကိုကြည့်ရင်း လှောင်ပြုံးပြုံးလိုက်သည်။
“သာမန်သေမျိုးနယ်မြေကောင်းကင်တာအိုလေးတစ်ခု၊ ပြီးတော့ ဒီလောက်တောင်အားနည်းနေတာ။ ငါသာ မင်းကို ဖျက်စီးမိလို့ မဟာတာအိုရဲ့အတိဒုက္ခရောက်လာမှာကို ကြောက်လို့သာမဟုတ်ရင် မင်းဆိုတာ ငါ့တစ်ချက်စာပဲရှိတယ်။ ဒီလောက်အကြာကြီး မင်းပျောက်ကွယ်သွားဖို့ကို စောင့်နေစရာမလိုဘူး။”
မိုးကြိုးဘီလူးကြီးမှာ သိသိသာသာကို ထျန်းယွမ်နယ်မြေ၏ကောင်းကင်ဘုံတာအိုကို မကျေမနပ်ဖြစ်နေသည့်ဟန်ပါပေ။
ကောင်းကင်ဘုံတာအိုတွင် အသိဉာဏ်မရှိလေရာ သူ့ကို ဘာမှ တုံပြန်မလာခဲ့၊ ထိုအစားကောင်းကင်တာအို၏ကန့်သတ်ချက်ကို ကျော်လွန်နေသောသတ္တဝါများ ထျန်းယွမ်နယ်မြေထဲ ဝင်မလာစေရန်သာ တားမြစ်နေ၏။
မိုးကြိုးဘီလူးကြီးမှာ ကောင်းကင်ဘုံကိုးခုအပေါ်တွင် ရပ်လျက် သူဟာ အဆင့်တစ်ကံကောင်းခြင်းကြာပန်းကို ကြည့်ကာ မျက်မှောင်ကြုတ်နေလေ၏။
အကယ်၍ မသေမျိုးဂိုဏ်းတစ်ခုသာ ထွက်ပေါ်လာပါလျှင် ထျန်းယွမ်နယ်မြေစာ သဘာဝအတိုင်း ပျောက်ကွယ်သွားတော့မည်မဟုတ်ဘဲ ထိုအစား ပြန်လည်ပေါင်းစည်းလာနိုင်သည်။ ထိုသို့ဆိုလျှင် သူဟာ တာဝန်ကို ပြီးမြောက်အောင် ဘယ်တော့မှထမ်းဆောင်နိုင်တော့မည်မဟုတ်။
“နာချက်ကွာ။”
မိုးကြိုးဘီလူးကြီးမှာ မျက်မှောင်ကြုတ်နေဆဲ။ ယခုအချိန် သူတွေးမိသည့်ဖြေရှင်းနည်းကတော့ ကောင်းကင်တာအို၏အကန့်အသတ်ထဲ ဝင်သည့်သတ္တဝါများကို ပို့ကာ ထိုမသေမျိုးဂိုဏ်းဖြစ်လာရန်အလားအလာရှိနေသည့်ဂိုဏ်းကို အမြစ်ပြတ်ရှင်းပစ်ရန်ပင်။ သို့သော်လည်း ထိုလုပ်ရပ်က ထျန်းယွမ်နယ်မြေကို အရင်းအမြစ်တစ်ခုပေးလိုက်သလိုလည်း ဖြစ်သွားနိုင်သည်ပေ။ အကယ်၍ လွှတ်လိုက်သောသတ္တဝါများသာ ပြန်မလာပါက လက်ဆောင်ပေးလိုက်သကဲ့သို့ပင် ဖြစ်နေရချေမည်။
မိုးကြိုးဘီလူးကြီးမှာ ထျန်းယွမ်ကုန်းမြေတစ်ခုလုံးကို စေ့စေ့စပ်စပ်ကြည့်သော်လည်း လေဟာနယ်အဆင့်ရှိကျင့်ကြံသူတစ်ယောက်တောင် မတွေ့ပါလေ။
သူ ထိုကိစ္စကိုတော့သေချာပါ၏။ အကယ်၍ လေဟာနယ်အဆင့်ဖြစ်တည်မှုတစ်ခုသာ ပေါ်လာပါက အရင့်အရင်ကတည်းက သူ သေချာပေါက်သတိပြုမိပေမည်သာ။ သို့သော်လည်း ထိုအဆင့်ခုနစ်ရှိဝိညာဉ်ရတနာကလည်း လေဟာနယ်အဆင့်တစ်ဝက်လောက်ကို ပြည့်မှီသော်ငြား သူ သတိမထားခဲ့မိသည်မဟုတ်ပေလား။
“ပြဿနာပဲကွာ။”
မိုးကြိုးဘီလူးကြီးမှာ အေးစက်စက်နှာမှုတ်လိုက်ပြီး ပြန်လှည့်ကာ နေရာပြောင်းအစီအရင်ရှိသည့် လေဟာနယ်ကျွန်း၏တစ်ဖက်ခြမ်းကို ပြန်သွားလိုက်သည်။
မိုးကြိုးဘီလူးကြီးလည်း နေရာပြောင်းအစီအရင်ကို အသက်သွင်းပြီး ခဏလောက်စောင့်နေလိုက်၏။
မိုးကြိုးစွမ်းအင်များရှိနေသော ကျောက်သေးသေးလေးအရွယ်အစားရှိဘီလူးလေးက နေရာပြောင်းအစီအရင်မှ ထွက်ပေါ်လာ၏။
“လိုင်မန် မျိုးနွယ်စုခေါင်းဆောင်ကို ဂါဝရပြုပါတယ်။”
မိုးကြိုးဘီလူးသေးသေးလေးက ချက်ချင်း ဒူးတစ်ဖက်ထောက်ချလာလျက် သူ့အမူအရာကလည်း အင်မတန် ရိုကျိုးနေလေသည်။
“အမ်း။”
မိုးကြိုးဘီလူးကြီးမှာတော့ အသံတစ်ချက်သာ ထွက်ပြီး သူ့နောက်မျိုးဆက်လေးကို သိပ်ဂရုမစိုက်ပါပေ။
“လေဟာနယ်အဆင့်အလတ်တန်းလား။ အကန့်အသတ်နဲ့ကွက်တိလောက်ပဲ။ မင်းရဲ့တာဝန်က ဒီဂိုဏ်းကို အပြတ်ရှင်းဖို့ပဲ၊ နားလည်လား။”
မိုးကြိုးဘီလူးကြီးက အောက်ကို ညွှန်ပြရင်း ခုနစ်စဉ်ကြယ်ဂိုဏ်းကို လက်ညွှန်းထိုးလိုက်၏။
ဤသည်ကိုကြားတော့ လိုင်မန်လည်း ချက်ချင်း နားလည်သွားပြီး ပြောလိုက်သည်။
“ကျွန်တော် တာဝန်ကို ပြီးမြောက်ဖို့ အစွမ်းကုန်ကြိုးစားခဲ့ပါ့မယ်။”
“သွားတော့။”
မိုးကြိုးဘီလူးကြီးက လိုင်မန်ကို ဆွဲခေါ်ကာ ချင်းခယ်ကုန်းမြေဆီသို့ ပစ်ချလိုက်သည်။
လိုင်မန်ကလည်း ချက်ချင်း မိုးကြိုးဘောလုံးအသွင်ပြောင်းရင်း ထျန်းယွမ်နယ်မြေဆီ ပြေးဝင်သွားလိုက်၏။
ထို့နောက် ထျန်းယွမ်နယ်မြေ၏ကောင်းကင်တာအိုက ပေါ်လာပြီး စည်တားလာ၏။ သို့သော် လိုင်မန်မှာ ထိုစည်းကို လွယ်ကူစွာဖြတ်၍ ထျန်းယွမ်နယ်မြေသို့ ဝင်ရောက်နိုင်ခဲ့လေသည်။
မိုးကြိုးဘီလူးကြီးမှာ ခပ်ယဲ့ယဲ့ပြုံးလာ၏။
“အသုံးမကျချက်ကွာ၊ ရန်သူဝင်လာတာသိရက်နဲ့တောင် မတားနိုင်ဘူး။”
သူဟာ ထျန်းယွမ်နယ်၏ကောင်းကင်တာအိုကို လှောင်ပြောင်နေလိုက်၏၊ သို့သော် ကောင်းကင်တာအိုမှာ ဘာမှ မတုံ့ပြန်ပါပေ။
ဤသို့ဖြင့် သူ့မှာ ပျင်းလာရလေသည်။
သူလည်း ခေါင်းခါရင်း အိပ်ချင်လာတော့သည်။ သူ့အမြင်တွင် လိုင်မန်ဟာ လေဟာနယ်အဆင့်အလတ်တန်းတောင် ရောက်နေပြီဖြစ်ရာ လေဟာနယ်အဆင့်ပင်တစ်ယောက်မှ မရှိသေးသော သေမျိုးဂိုဏ်းတစ်ခုကို ဖြေရှင်းရန်ဆိုသည်မှာ အလွယ်လေးပါပေ။ သို့သော် အဓိကကိစ္စမှာ လိုင်မန်တစ်ယောက် ဘယ်လိုပြန်လာမလဲဆိုသည့်အကြောင်းကိုပင်။
သို့သော် သူ ဒါကို တွေးမနေတော့။ ထိုသူ ပြန်မလာရင်လည်း ကိစ္စမရှိပါလေ။ ထိုသူမှာ မျိုးနွယ်ထဲရှိ သာမန်လေဟာနယ်အဆင့်လေးမျှသာဖြစ်သည်ပေ။
ထျန်းယွမ်နယ်မြေထဲဝင်လာပြီးနောက်တွင် လိုင်မန်မှာ ရုတ်ချည်း ကမ္ဘာမြေကြီးထံမှာ ဖိနှိပ်မှုများက လျော့နည်းသွားရကြောင်း ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်မှာ ရုတ်ချည်း ဆန့်ထွက်သွားလျက် လက်ရှိရှိနေသည့်ငါးမီတာလောက်မှ သူ၏မူလအရွယ်အစားဖြစ်သောမီတာငါးရာလောက်အထိ ပြန်လည်ကြီးမားသွားရသည်။
သူဟာ လူသားပုံစံပင်ပြောင်းလို့ရနေကြောင်း ခံစားလိုက်ရသည်။ ဤကမ္ဘာ၏ကန့်သတ်ချက်များမှာ မရှိသည့်အလား နည်းပါးလှသည်ပင်။
“ဒါကသေမျိုးနယ်မြေလား။ ချီစွမ်းအင်က တော်တော်နည်းတာပဲ။ တာအိုအနည်အနှစ်ကလည်း ဘာမှမရှိလောက်အောင် နည်းတာပါလား။”
လိုင်မန်မှာ ဖိနှိပ်မှုများ ကင်းလွှတ်သွားခြင်းကြောင့် အစတွင် နေလို့ကောင်းသွားသော်ငြား မကြာမီတွင် သေမျိုးနယ်မြေ၏အားနည်းချက်များကို မြင်လာရသည်။ အကယ်၍ သူသာ ဤသို့သောနေရာမျိုးတွင် နေရပါက ကျင့်ကြံဆင့်က လုံးဝဆက်တက်နိုင်တော့မည် မဟုတ်ပါပေ။
ထို့ကြောင်ပင် သူ့မှာ ပြန်လာရန်အလျင်လိုလာရသည်၊ သူလည်း ကိစ္စများကိုမြန်မြန်ရှင်းပြီး ပြန်သွားမည်ဟုတွေးထားလိုက်သည်။
သူလည်း ခုနစ်စဉ်ကြယ်ဂိုဏ်း၏တည်နေရာကို ရှာတွေ့တာနှင့် တိုက်ရိုက်ပျံသန်းလာလိုက်သည်။
ထိုအချိန်သည်မှာ စုယွမ်တစ်ယောက် ကမ္ဘာများကို ခုန်ကူးကာ စမ်းသပ်နေတာနှင့်ယှဉ်လျှင် ငါးလတောင်ရှိသွားပြီဖြစ်သည်။