အခန်း ၁၉၈
Vol. 20 Ch. 198
Chapter 198: ထောင်ချောက်မိခြင်း။
ကောင်းကင်ယံတွင် ပြင်းထန်သောမိုးကြိုးတိမ်တစ်ခုမှာ အဝေးတစ်နေရာမှနေပြီး မီတာရာချီကို ဖုံလွှမ်းသွားလေသည်။
ထိုတိမ်စိုင်အလယ်တွင် မီတာရာချီရှည်လျားသောကြောက်မက်ဖွယ်သတ္တဝါကြီး တစ်ကောင်ရပ်နေလေ၏။
၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ရေခဲပြာကျောက်များဖြင့်ဖွဲ့စည်းထားပြီး ထိုကျောက်များမျက်နှာပြင်တွင် ထူးဆန်းသောအစီအရင်ပုံစံများရှိပေသည်။ မိုးကြိုးစွမ်းအင်တို့ကလည်း ထိုကျောက်များမှ တဖြတ်ဖြတ်လင်းလက်နေ၏။ အစိမ်းရင့်ရောင်ကျောက်မျက်လုံးများတွင်တော့ မောက်မာမှုမှာ ထင်ထင်ရှားရှားရှိနေပြီး သူ၏အကြည့်များမှာ ခုနစ်စဉ်ကြယ်ဂိုဏ်းအဝင်ဝတွင် စုဝေးနေကြသောလူသားမျိုးနွယ်ကျင့်ကြံသူများကို ကြည့်ရင်း သတ်ဖြတ်လိုစိတ်များပြင်းထန်လာလေသည်။
လိုင်မန်တွငင် သေမျိုးနယ်မြေရှိ မည်သည့်သတ္တဝါနှင့်မှ ဆက်သွယ်ပြောဆိုနေရန် ရည်ရွယ်ချက်မရှိပါပေ။
ကြီးမားသောကျောက်သားလက်မောင်းကြီးကို မြှောက်လိုက်ရာ ခုနစ်စဉ်ကြယ်ဂိုဏ်းပတ်လည်တွင် မိုးကြိုးတိမ်များဖုံးအုပ်သွားလေ၏။
လိုင်မန်က သူ့တိုက်ခိုက်မှုရလဒ်ကိုတောင် တစ်ချက်ငဲ့မကြည့်ပါပေ၊ သူက လက်ဝှေ့ယမ်းပြီးတာနှင့် ချက်ချင်း ခေါင်းလှည့်ကာကောင်းကင်သို့ပျံသန်းသွားလေသည်။ သူ့အတွက်တော့ ထိုတိုက်ခိုက်မှုက ခုနစ်စဉ်ကြယ်ဂိုဏ်းတစ်ခုလုံးကို ဖျက်စီးပစ်ရန်လုံလောက်ပြီဟု တွေးထားတာဖြစ်ပေ၏။
မီတာရာချီသောမိုးကြိုးတိမ်စိုင်ကြီးမှာ တကယ်ကို ပြင်းအားပြင်းထန်လှသည်။ ထို့အပြင် ၎င်းက လေဟာနယ်အဆင့်အလတ်တန်းမှာ ပစ်လွှတ်လိုက်ခြင်းဖြစ်ရာ တိမ်စိုင်၏စွမ်းအင်မှာ အဆမတန်များပြားနေတော့၏။
လိုင်မန်လည်း အရှိန်တင်ကာ ကောင်းကင်သို့ ပျံတက်နေပြီပင်။
သို့သော် ခဏမျှ ပျံသန်းပြီးနောက်တွင် မျှော်လင့်ထားသော မိုးကြိုးသံကြီးမှာ ပေါ်ထွက်မလာလေရာ လိုင်မန်မှာ ခဏရပ်သွားရ၏။
သူလည်း ခေါင်းလှည့်ပြီး ခုနစ်စဉ်ကြယ်ဂိုဏ်းဘက်ကို ပြန်ကြည့်လိုက်သည်။
သူ အချင်းအားဖြင့်ဆယ်မိုင်လောက်ရှိနိုင်သောကြီးမားသည်ကျောက်စိမ်းဒယ်ဇောက်ကြီးတစ်လုံးကို တွေ့လိုက်ရသည်။ ထို့အပြင့် ၎င်းဒယ်ဇောက်အတွင်းမှာ မြေကမ္ဘာကိုတောင် တုန်လှုပ်စေမတတ်သောစုပ်ယူစွမ်းအားမှာ ထွက်ပေါ်နေပြီး မိုင်ရာချီကြီးမားသောမိုးကြိုးတိမ်ကြီးကို အသဲအသန်ဝါးမျိုဖျက်စီးနေလေသည်။
ထိုကျောက်စိမ်းဒယ်ဇောက်၏ရှေ့တွင် အင်းအားကြီးမားလှသောမိုးကြိုးများကလည်း ကြောင်လေးတစ်ကောင်အလား၊ နည်းနည်းလေးမှ ပြန်မခုခံနိုင်ဖြစ်နေလေသည်ပင်။
လောင်ချမ်က အူလှိုက်သဲလှိုက်ရယ်မောနေ၏။
“ကောင်းကင်ဘုံမိုးကြိုးကို ဝါးမျိုးပြီးနောက်ပိုင်း မိုးကြိုးရေကန်အဖြစ် ပြောင်းနိုင်စွမ်းကို ရသွားတာလေ။ အရင်ကထင်ခဲ့တာ ငါက မိုးကြိုးအနှစ်နည်းနည်းထုတ်နိုင်ရုံပဲလို့၊ ဒါပေမဲ့ မိုးကြိုးစွမ်းအင်တွေကိုပါ ခံနိုင်ရည်ရှိသွားမယ်မထင်ထားဘူး။ အခုဆိုရင် မိုးကြိုးဆိုတာ ငါ့အတွက် အားဖြည့်အစားအစာပဲကွ။”
ဆံပင်ဖြူဖြင့် စုချမ်က ဝေဟင်ကမ္ဘာပန်းကန်လုံးကို ထိန်းချုပ်၍ မိုင်ရာချီကြီးမားသောမိုးကြိုးတိမ်ကြီးကို စုပ်ယူရန် အကောင်းဆုံးကြိုးစားနေလေသည်။ ဝေဟင်ကမ္ဘာပန်းကန်လုံးအောက်တွင်ကား မိုးကြိုးအနှစ်ရေကန်တစ်ခုမှာ ဖြစ်ပေါ်လေလျက်၊ ယခုမိုးကြိုးတိမ်များက ရေကန်အတွက် အကောင်းဆုံးကုန်ကြမ်းဖြစ်လာကာ ရရှိလာသောအနည်အနှစ်မှာ စိတ်ဝိညာဉ်ဖွံ့ဖြိုးခြင်းအဆင့်ကျင့်ကြံသူတော်တော်များများကိုပင် ထောက်ပံ့နိုင်ပေသည်။
စုယွမ်လည်း ဝေဟင်ကမ္ဘာပန်းကန်လုံးကို ကူညီရင်း စဉ်ဆက်မပြတ် မိုးကြိုးကို သန့်စင်ပေးနေ၏။ စက္ကန့်ဒါဇင်လောက်အကြာတွင်ပင် မိုင်ရာချီမိုးကြိုးတိမ်တိုက်ကြီးမှာ လူသားတစ်ဦးနှင့်ရတနာတစ်ခုအတူတကွပူးပေါင်းမှုဖြင့် အလုံးစုံသန့်စင်ခံလိုက်ရလေသည်။
အသံကြီးတစ်ခုမှာ ပန်းကန်လုံး၏နှုတ်ခမ်းဝမှ ထွက်ပေါ်လာပေသည်။
“ဟစ်၊ ကျွန်တော် ဗိုက်ပြည့်နေပြီ။”
စုယွမ်လည်း ကောင်းကင်ရှိလိုင်မန်ကို ကြည့်လိုက်ပြီး လက်ကို အရိုအသေပြုဟန် ဆုပ်လိုက်သည်၊
“လတ်ဆောင်အတွက် ကျေးဇူးအများကြီးတင်ပါတယ်၊ တာအိုရောင်းရင်း။ ဘေးကင်းတဲ့ခရီးလေးဖြစ်ပါစေ၊ ကျွန်တော် ထွက်မတွေ့တော့ဘူးနော်။”
လိုင်မန်မှာ လေထုအလယ်တွင် ကြောင်အနေရလျက်၊ ထိုအချိန်လေးတွင် သူ့မှာ မျက်နှာလုံးဝပျက်သွားကာ အဖက်ဆယ်၍ မရတော့တွေးမိလိုက်ရပေသည်။
သူ မနေနိုင်ဘဲ ကောင်းကင်ပေါ်မော့ကြည့်လိုက်မိပြီး ထိုနောက် မြန်မြန်ခေါင်းပြန်ငုံ့ကာ စုယွမ်ကို မကျေမနပ်စိုက်ကြည့်လာလေသာည်။ ဤလူသားမျိုးနွယ်က သူ့ကို မျိုးနွယ်စုခေါင်းဆောင်ရှေ့တွင် အရှက်ရစေခဲ့သည်ပင်။ သူတော့ဖြင့် ထိုလူသားမျိုးနွယ်၏ဝိညာဉ်ကို ဆွဲထုတ်ကာ မိုးကြိုးထောင်တွင် ပိတ်လှောင်ထားပြီး နှစ်တစ်သောင်းလောက်မိုးကြိုးဒဏ်ခံရအောင် လုပ်ပစ်ချင်မိပါ၏။
ထိုအချိန်တွင် စုယွမ်ကတော့ သူ့အရှေ့ရှိသတ္တဝါအကြောင်း အချက်အလက်များ တွက်ချက်နေရတာဖြစ်သည်။
ကြယ်အလင်းများက ကောင်းကင်ယံမှကျဆင်းလာပြီး သူ့ကို သတင်းအချက်အလက်များ ပေးလာသည်။
သူ အဓိကအချက်အလက်များကို စိတ်ထဲစီလိုက်သည်။
【နာမည်】: လိုင်မန်။
【မျိုးနွယ်】: မိုးကြိုးဝိညာဉ်ဘီလူး။
【ကျင့်ကြံဆင့်】: လေဟာနယ်အဆင့်အလတ်တန်း။
【အသက်သွေးကြော】: မိုးကြိုးရင်းမြစ်အမြုတေ။
【ဥပဒေသအဆင့်】: မိုးကြိုးဥပဒေသ: စတင်အဆင့်(9/129600)
【နတ်ဘုရားစွမ်းရည်】: မိုးကြိုးတိမ်ကျဆင်း၊ မိုးကြိုးလွှတ်မြောက်၊ ကွေ့ရေယင်မိုးကြိုး၊ မိုးကြိုးနယ်ပယ်။
【လက်နက်】:မိုးကြိုးလက်နက်(အဆင့်ခုနစ်အနိမ့်တန်းဝိညာဉ်ရတနာ)
【ရုပ်ခန္ဓာကိုယ်ကြံ့ခိုင်မှု】: အဆင့်ခုနစ်အလတ်တန်းစားဝိညာဉ်ရတနာနှင့် နှိုင်းယှဉ်၍ရ။
ပြိုင်ဖက်ဖြစ်သူ၏အချက်အလက်များမှာ စုယွမ်၏တွက်ချက်မှုများထဲ အလုံးစုံပေါ်လာ၏။
တစ်ဖက်လူ၏ကျင့်ကြံဆင့်မှာ အင်မတန်မြင့်မာသလို ရုပ်ခန္ဓာကိုယ်ကလည်း တော်တော်လေးသန်မာသည်။ ထို့အတူ အဆင့်ခုနစ်ရှိဝိညာဉ်ရတနာကိုပါ ပိုင်ဆိုင်ထားပြီး သူတက်မြောက်သောနတ်ဘုရားစွမ်းအင်ကလည်း အားနည်းမည့်ဟန်မပေါ်၊ ၎င်းသတ္တဝါက ဥပဒေသလေ့လာခြင်းတွင်သာ အနည်းငယ်အားနည်းနေပေသည်။
ယခုလေးတွင် သူ မိုးကြိုးဥပဒေသကို လေ့လာထားရာ သူဟာ မိုးကြိုးဥပဒေသတွင် စုစုပေါင်းလေ့လာစရာ ၁၂၉၆၀၀ရှိကြောင့်သိ၏။ ပြိုင်ဖက်ဖြစ်သူမှာ ယခုမှ ထိုထဲကိုးခုလောက်သာလေ့လာနိုင်သေးရာ အစပိုင်းအဆင့်သာရှိသေးသည်ပင်။
နောက်ပြီး မိုးကြိုးပင်လယ်ကို လေ့လာတုန်းကလည်း စုယွမ်က မိုးကြိုး၏အဖျက်စွမ်းအင်ကို အဓိကထားလေ့လာရာ စုစုပေါင်းအံ့ချီးဖွယ်၇၂ခုကို လေ့လာခဲ့ပေရာ သူလည်း အစပိုင်းရှိသေးဟုသာပြောရမည်။
သူ၏ရုပ်ခန္ဓာကိုယ်ကလည်း သက်တမ်း၁၂၀၀၀၀နှစ်စာဖြစ်ရာ အလွန်သန်မာပြီး ထူးခြားသက်ရှိများနှင့်တောင် နှိုင်းယှဉ်၍ရရာ ထိုအတွက် ပြိုင်ဘက်ကို စိုးရိမ်စရာမလိုချေ။
ထို့အပြင် သူလည်း အဆင့်ခုနစ်ရှိဝိညာဉ်ရတနာကိုပိုင်ဆိုင်၏၊ သူ့တွင်နှစ်တောင်ရှိနေသေးသည်ပေ။ ဝေဟင်ကမ္ဘာပန်းကန်လုံးမှာ အဆင့်ခုနစ်အထိ ပြန်လည်မရောက်သေးတောင် ၎င်း၏အနှစ်သာရကတော့ ရှိသေးပေသည်။
အကြီးမားဆုံးကွာဟချက်ကတော့ မှော်စွမ်းအင်အရည်အသွေးတွင်သာ ဖြစ်ပေမည်။ စိတ်ဝိညာဉ်ဖွံဖြိုးခြင်းထိပ်ဆုံးအဆင့်စွမ်းအင်မှာ လေဟာနယ်အဆင့်ထက် နှစ်ဆင့်လောက်ပို၍ နောက်ကောက်ကျနေပေသည်။ သို့သော် သူ၏မှော်စွမ်းအင်မှာ အဆင့်တူတို့ထက် များစွာပိုအရည်အသွေးကောင်းရာ ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်ဟုသတ်မှတ်၍ရ၏။ ထို့အတွက် ကွာဟချက်ကို အဆင့်တစ်ဆင့်သာ ကွာသည်ဆိုနိုင်ပေသည်။
သူလည်း ဥပဒေသအမြင်တွင် မြင့်မားနေခြင်းက မှော်စွမ်းအင်အရာကွာခြားချက်ကို ဖြည့်ဆည်းပေးနိုင်မလားမသိ။ အကယ်၍ သူသာ လိုက်မှီခဲ့ပါက ထိုသည်မှာ ကျင့်ကြံရေးတွင် အရေးကြီးဆုံးသည်ကား တာအိုအပေါ်သိနာလည်မှုဖြစ်ကြောင်း သက်သေထူနိုင်ပေမည်၊ ထိုနောက်မှ မှော်စွမ်းအင်အရာက ဒုတိယလိုက်သည်ဟူ၍။
ထိုအတွေးများအားလုံးက တစ်ခဏလေးအတွင်းဖြစ်သွားသည်ပေ။
ပြန်လှည့်လာပြီးနောက်တွင် လိုင်မန်မှာ အတော်လေးအလျင်လိုနေချေပြီ။ ဧရာမတူကြီးတစ်ချောင်းက လေထဲမှ ထွက်လာပြီး ၎င်းလက်ထဲရောက်သွား၏။ သူက ရှေ့သို့ တစ်လှမ်းလှမ်းလိုက်ရာ တစ်ခဏချင်းတွင်း ခုနစ်စဉ်ကြယ်ဂိုဏ်းအပြင်သို့ ရောက်ရှိသွားလေသည်။
“သွားသေလိုက်တော့။”
တူကြီး၏ရိုက်ချက်အောက်တွင် ကောင်းကင်ကြီးမှာ မိုးကြိုးများနှင့် ပြည့်နှက်သွားသည်။
စုယွမ်လည်း အေးစက်စက်သာ နှာမှုတ်လိုက်သည်။ သူလည်း ဝေဟင်ကမ္ဘာပန်းကန်လုံးကို ခုနစ်စဉ်ကြယ်ဓါးရှည်တစ်လက်အဖြစ်အသွင်ပြောင်းလိုက်သည်။ ထို့နောက် စုယွမ် ဝိညာဉ်စွမ်းအင်ကို အသုံးပြုလျက် ခုနစ်စဉ်ကြယ်ဓါးရှည်ထဲ နတ်ဘုရားစွမ်းရည်ပါ အသက်သွင်း၍ ပစ်လွှတ်လိုက်တော့သည်။
“ခုနစ်စဉ်ကြယ်ဒြပ်စင်မိုးကြိုးဓါး။”
ဓါးရှည်မှာ ပစ်လွှတ်ခံလိုက်ရသည်နှင့် ၎င်းနောက်တွင် ဓါးရှည်အရိပ်ခြောက်ခုက လိုက်ပါလာလေ၏။ ဤသို့ဖြင့် ဓါးရှည်ခုနစ်ချောင်းမှာ အစီအရင်တစ်ခုအလားစုစုံသွားပြီး ထိုထဲမှာ မိုးကြိုးစွမ်းအင်များစွာထွက်ပေါ်လာပြီး မိုးကြိုးဓါးရှည်ကြီးတစ်ခု ဖြစ်ပေါ်ဖွဲ့စည်းလာလေသည်။
ဝေဟင်ကမ္ဘာပန်းကန်လုံးထဲရှိ မိုးကြိုးအနည်အနှစ်များမှာ အနှီမိုးကြိုးဓါးကြီးဆီ စွမ်းအင်များကို ထောက်ပံ့ပေးထားသောကြောင့် ဓါးရှည်၏ခွန်အားမှာ အဆက်မပြတ်တိုးတက်လာလေ၏။
ဤသို့ဖြင့် ဧရာမမိုးကြိုးတူကြီးတစ်လက်နှင့် ဧရာမမိုးကြိုးဓါးရှည်တစ်လက်မှာ လေထုအလယ် ထိတိုက်မိကြတော့သည်။
ဝုန်း၊ ဝုန်း၊ ဝုန်း။
လက်နက်နှစ်ခုထိတွေ့မိချိန်လေးတွင်ပင် မြေကမ္ဘာတုန်ဟီးစေမတတ်မိုးကြိုးများစွာဟာ ပေါက်ကွဲထွက်သွားလျက် ဝိညာဉ်ရတနာနှစ်ခုလုံး ပြန်ကန်ထွက်သွားရသည်။
ပေါက်ကွဲမှုမှ ပြင်းထန်သောအရှိန်ကလည်း မိုင်တစ်ရာပတ်လည်ပျံ့နှံ့သွားပေ၏။ ထို့နောက် ကောင်းကင်တွင် အပေါက်လေးတစ်ခုဖြစ်ပေါ်လာလေသည်။ ထိုအပေါက်ဖြစ်ပေါ်လာသည်နှင့် ပြင်းထန်သော ဆွဲအားကြီးဖြစ်ပေါ်လာပြီး ပေါက်ကွဲထွက်လာသောမိုးကြိုးစွမ်းအင်တိုင်းကို ထိုအပေါက်ထဲ ဆွဲသွင်းတော့သည်။
ဧရာမမိုးကြိုးတူကြီးနှင့် ဝေဟင်ကမ္ဘာပန်းကန်လုံးတောင် ထိုအပေါက်ထဲ အတင်း ဆွဲသွင်းခံရလေသည်။
ကံကောင်းစွာဖြင့် အနှီကောင်းကင်ရှိအပေါက်မှာ တစ်ခဏမျှသာ ဖြစ်ပေါ်ခြင်းဖြစ်ရာ မည်သည့်ဝိညာဉ်ရတနာမှ ပါမသွားလိုက်ပါချေ။
သို့သော် အနှီဖြစ်ရပ်က လိုင်မန်ရော စုယွမ်ကိုပါ ထိတ်လန့်သွားစေ၏။
လိုင်မန်လည်း မြန်မြန် မိုင်ဒါဇင်လောက် ပြန်ဆုတ်လိုက်ရသည်။