အခန်း ၂၆၉
Vol. 27 Ch. 269
Chapter 269
~
အခန်း ၂၆၉ : ချင်ဟွိုင်ရု၏ ကြာပန်းဖြူစရိုက် နိုးထလာခြင်း
~
ချင်ဟွိုင်ရု ဤစကားကို ကြားသောအခါ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားသည် ။
ငါးစာ မိသွားလေပြီ ။
သူမ ဤမျှလောက် အချိန်ယူပြီး လမ်းခင်းခဲ့ရသည်မှာ ဤအချိန်လေးကို စောင့်နေခဲ့ခြင်း မဟုတ်ပါလော ။
ကျားဒုံရွှီ သေဆုံးသွားပြီးသည့် နောက်ပိုင်းတွင် ချင်ဟွိုင်ရုသည် သူမ၏ ပင်ကိုယ်စရိုက်များ လွတ်မြောက်သွားသည့်အလား ငြင်းပယ်ချင်ယောင်ဆောင်ပြီးမှ လက်ခံသည့် လှည့်ကွက်များကို အလွန်ပင် ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနေလေတော့သည် ။
သူမက ချက်ချင်းပင် ခေါင်းခါပြလိုက်ပြီး...
" နင်လည်း မလွယ်ဘူးလေ.. ထားလိုက်ပါတော့.. ငါ့ဘာသာပဲ နည်းလမ်းရှာလိုက်ပါ့မယ်.. "
" ညီမချင်... မိန်းမသား တစ်ယောက်တည်း.. အခု အလုပ်လည်း မရှိဘဲနဲ့ ဘာနည်းလမ်း ရှာနိုင်မှာလဲ.. "
ရှာကျူးက မကျေမနပ်ဖြင့်...
" ငါပြောရရင် အဒေါ်ကျန်းက တကယ်စိတ်တိုချင်စရာပဲ.. ညီမချင် ဗိုက်ထဲမှာ သူတို့ ကျားမိသားစုရဲ့ မြေးလေးကို လွယ်ထားရတာလေ.. ဒါကိုတောင် အားဆေးလေး ဘာလေး ဝယ်သောက်ဖို့ ပိုက်ဆံ မပေးဘူးလား.. "
ချင်ဟွိုင်ရု၏ မျက်ဝန်းတွင် မျက်ရည်များ ဝဲတက်လာကာ သနားစဖွယ် အမူအရာလေးဖြင့်...
"ငါ ယောက္ခမက အဲ့တာတွေအကုန် ပန့်ကန့် မင်္ဂလာဆောင်ကျရင် သုံးဖို့ ချန်ထားတာမို့လို့ ထုတ်သုံးလို့ မရဘူးတဲ့.. "
သူမ စိတ်ထဲတွင် ထိုစကားကို အလွန်ပင် ရွံရှာမိသည် ။
ပန့်ကန့်အတွက် ချန်ထားသည်ဟုသာ ပြောနေသော်လည်း ကျားအဘွားကြီးက သူမဘာသာ သုံးဖြုန်းရန် ချန်ထားခြင်းသာ ဖြစ်၏ ။
ထိုအဘွားကြီး စားသောက်ဆိုင်သို့ ခိုးသွားနေသည်ကို သူမ မြင်ဖူးသည်မှာ တစ်ခါမက နှစ်ခါမကတော့ချေ ။
သို့သော်လည်း သူမ၏ လိမ္မာရေးခြားရှိသော ချွေးမကောင်းဟူသည့် ပုံရိပ်ကို ထိန်းသိမ်းထားရန်အတွက် ယောက္ခမ ဖြစ်သူ၏ အတင်းကို ပြော၍ မဖြစ် ။
ရှာကျူးက မျက်လုံးလှန်ပြလိုက်ပြီး...
" ပန့်ကန့်က ဒီလောက်ငယ်သေးတာ.. မင်္ဂလာဆောင်ဖို့ကို ဘယ်အချိန်ထိ စောင့်နေရမှာလဲ.. "
" ညီမချင်.. ပမာဏ တစ်ခုသာ ပြောလိုက်.. ဘယ်လောက် လိုချင်လဲ.. "
ချင်ဟွိုင်ရုက အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးမှ လက်နှစ်ချောင်း ထောင်ပြလိုက်သည် ။
" နှစ်ဆယ်.. "
ရှာကျူး လန့်သွား၏ ။
ချင်ဟွိုင်ရုက လက်ခါပြလိုက်ပြီး...
" ဒါ အရမ်းများသွားမှန်း ငါ သိပါတယ်.. နင်လည်း မလွယ်ပါဘူး.. ငါ နင့်ကို ဒုက္ခမပေးသင့်ဘူး.. "
ယောကျ်ားများ အမုန်းဆုံးအရာမှာ မိန်းမများက သူတို့အား မစွမ်းဆောင်နိုင်ဟု ပြောခြင်းပင် ။ မည်သည့် ကိစ္စမျိုးတွင်မဆို ထိုနည်းတူသာ ။
ထို့ကြောင့် ရှာကျူးက ဤစကားကို ကြားသည်နှင့် တစ်စက္ကန့်ပင် မစဥ်းစားတော့ဘဲ ချက်ချင်း လက်ခံလိုက်သည် ။
" ယွမ်နှစ်ဆယ်တည်း မလား.. ငါ့ တာဝန်သာထား .. မနက်ဖြန် ငါ ရှာလာခဲ့မယ်.. "
" ဒါ.. ဒါဆိုလည်း နင့်ကို ဒုက္ခပေးရတော့မယ်.. ကျူးဇီ.. ကျေးဇူးတင်ပါတယ်.. နင်က တကယ့် လူကောင်းပါပဲ.. "
ရှာကျူးကို မျက်စပစ်ပြပြီးနောက် ချင်ဟွိုင်ရုက ထမင်းဘူးကိုဆွဲကာ အိမ်ထဲသို့ ပြန်ဝင်သွားလေသည် ။
ရှာကျူးသည် ထိုအကြည့်ကြောင့် ရင်ထဲတွင် ကလိကလိ ဖြစ်သွားပြီး ချင်ဟွိုင်ရု အိမ်ထဲဝင်သွားမှသာ သူ့အိမ်ဘက်သို့ ပြန်လှည့်လာခဲ့သည် ။
" ဖြန်း.."
သူ့အိမ်တံခါးဝသို့ ရောက်သောအခါမှ သူ သတိပြန်ဝင်လာပြီး သူ့ကိုယ်သူ ပါးတစ်ချက် ရိုက်ပစ်လိုက်၏ ။
" သောက်ခွေး ..မင်း ဘာလို့များ ချမ်းသာချင်ယောင် ဆောင်နေရတာလဲ.. အခုတော့ ဟုတ်နေပြီ.. "
ရှာကျူးက နောင်တရစွာဖြင့် ရေရွတ်လိုက်သည် ။
လစာထုတ်ရန် လဝက်ခန့် လိုနေသေး၏ ။
သူ ချင်ဟွိုင်ရုအတွက် ယွမ်နှစ်ဆယ်ကို မည်သည့်နေရာမှ သွားရှာရမည်နည်း ။
လူတစ်ယောက်ယောက်ဆီ သွားချေးရမည်လော ။
သူ့ပါးစပ်က အလွန်ကြမ်းသဖြင့် ပိုက်ဆံချေးချင်သူ မရှိပေ ။
ယီကျုံးဟိုင် တစ်ယောက်သာ ရှိသည် ။
သို့သော် ယီကျုံးဟိုင်ထံမှ ချေးထားသည်က မကြာသေး ။ မည်သို့လျှင် ထပ်ချေးရဲပါမည်နည်း ။
ထိုအချိန်က ချေးခဲ့သည်ကလည်း ချင်ဟွိုင်ရုအား ထောက်ပံ့ရန်ပင် ။
ယခုလည်း ချင်ဟွိုင်ရုကို ကတိပေးပြီး ဖြစ်နေ၍ ကတိဖျက်၍ မဖြစ်ပေ ။
အိမ်ပြန်ရောက်ပြီးနောက် ရှာကျူးက ကုတင်ပေါ်တွင် လှဲလျောင်းရင်း စိတ်ညစ်ညစ်ဖြင့် ဆေးလိပ်သောက်နေလိုက်သည် ။
အချိန်အတော်ကြာ စဥ်းစားပြီးနောက်..
ထောက်ပံကြေးကို သူ သတိရသွား၏ ။
ထိုထောက်ပံ့ကြေးတွင် သူ ဝေစုတစ်စု ရသင့်သည်ဟု ယီကျုံးဟိုင်က ပြောခဲ့သည် ။
ထို့ကြောင့် သူ့ပိုင်ဆိုင်သည့် ဝေစုကို သူ ပြန်ယူသည်က မလွန်လောက်ပေ ။
သူ့ဝေစုကိုသာ ပြန်ရလိုက်ပါက ညီမချင်အား ကတိပေးထားသည့် ယွမ်နှစ်ဆယ်မှာ ပြဿနာ မဟုတ်တော့ချေ ။
ထိုအကြောင်းကို တွေးမိသည်နှင့် ရှာကျူး ချက်ချင်းပင် တစ်ကိုယ်လုံး ပေါ့ပါးသွားသလို ခံစားလိုက်ရပြီး မျက်လုံးမှိတ်လိုက်သည်နှင့် ခဏအကြာတွင် အိပ်ပျော်သွားလေတော့သည် ။
သို့သော် ဤသည်က ချင်ဟွိုင်ရု လိုချင်နေသော ရလဒ်ဖြစ်ကြောင်းကိုမူ သူ မသိခဲ့ချေ ။
ရှာကျူးအား ဟဲယွီဆွေထံမှ ပိုက်ဆံသွားတောင်းစေရန် ရည်ရွယ်ချက်ဖြင့် သူမက ထိုပမာဏကို တမင်သက်သက် ပြောလိုက်ခြင်း ဖြစ်သည် ။
ဤကဲ့သို့ ကိစ္စမျိုးကို တစ်ခါတည်းဖြင့် အများကြီး တောင်း၍ မကောင်းကြောင်း သူမ သိထားသဖြင့် ရေရှည်အတွက် ဖြည်းဖြည်းချင်း အစီအစဥ်ဆွဲထားခြင်းပင် ။
ရှာကျူးသာ ပိုက်ဆံ ယူလာနိုင်ခဲ့ပါက ထိုငွေအားလုံးကို သူမထံ တဖြည်းဖြည်း ချေး ယူနိုင်မည့် နည်းလမ်း သူမတွင် ရှိပေသည် ။
ကျားဒုံရွှီ မရှိတော့သည့် နောက်ပိုင်းတွင် ချင်ဟွိုင်ရု၏ ကြာပန်းဖြူ စရိုက်လက္ခဏာက တဖြည်းဖြည်း နိုးထလာသည်ဟု ဆိုရမည် ။
(ကြာပန်းဖြူ = ဖြူဖြူစင်စင် အပြစ်ကင်းပြီး သနားစရာကောင်းတဲ့ ပုံစံမျိုး .. အနိုင်ကျင့် ခံရသူ ဟန်ဆောင်ကာ အခြားသူများကို အသုံးချတက်တဲ့ မိန်းမမျိုး.. အများအမြင်မှာ လူကောင်းပုံစံကို အမြဲထိန်းထားတက်တာ...လက်ဖက်စိမ်းတို့ ပန်းနုသွေးတို့ နဲ့ မတူတာက သူက လိုချင်တာ ရှိရင်တောင် တိုက်ရိုက်တောင်းတာထက် တစ်ဖက်လူက အတင်းလိုက်ပေးအောင် ချူတာ..)
...
နောက်တစ်နေ့...
ရှာကျူးက စက်ရုံသို့ အစောကြီးသွားကာ ကန်တင်းမှ တာဝန်ခံဝမ်ကို ရှာပြီး...
" ဖက်တီးဝမ်... ကျုပ် ခွင့်ယူမယ်.. "
ထိုသို့ တစ်ခွန်းသာ ပြောခဲ့ပြီး သံမဏိစက်ရုံမှ ချက်ချင်း ထွက်သွားလေသည် ။
တာဝန်ခံဝမ် ဒေါသထွက်သွားသော်လည်း ဘာမှ မတတ်နိုင် ။
ကံကောင်းထောက်မစွာဖြင့် မာဟွာက ယခုအခါ သီးသန့်ဟင်းလျာများ ချက်ပြုတ်သည့် တာဝန်ကို တဖြည်းဖြည်း လွှဲပြောင်းယူနေလေပြီ ။ ထို့ကြောင့် သူ ရှာကျူးနှင့် သိပ်အဆက်အဆံ မလုပ်ရတော့ပေ ။ သို့မဟုတ်ပါက ဒေါသထွက်၍ သေသွားနိုင်ပေသည် ။
သံမဏိစက်ရုံမှ ထွက်လာပြီးနောက် ရှာကျူးက ဟဲယွီဆွေ၏ အထက်တန်းကျောင်းဆီသို့ တည့်တည့် သွားလိုက်သည် ။
ဂိတ်စောင့်မှတဆင့် အကြောင်းကြားလိုက်ပြီးနောက် သိပ်မကြာမီ ဟဲယွီဆွေ ကျောင်းပေါက်ဝသို့ ရောက်လာ၏ ။
ဟဲယွီဆွေနှင့်အတူ သူမ၏ ကျောင်းသူ သူငယ်ချင်း တစ်ယောက်လည်း ပါလာသည် ။
ဟဲယွီဆွေက ရှာကျူးနှင့် နှစ်မီတာခန့် အကွာတွင် ရပ်လိုက်ပြီး အေးစက်စွာဖြင့် ...
" နင် ဘာလာလုပ်တာလဲ.. "
ဂိတ်စောင့်က သူမအကို လာရှာသည်ဟု ပြောသောကြောင့် သူမ ထွက်မလာချင်ခဲ့ချေ ။
သို့သော်လည်း ရှာကျူးက သူမကို အရှက်ကွဲအောင် တစ်ခုခု လုပ်မည်ကို စိုးရိမ်သဖြင့် နောက်ဆုံးတွင် သူမ ထွက်လာခဲ့ရ၏ ။
" ငါ.. "
ရှာကျူးက ဟဲယွီဆွေ၏ ဘေးရှိ ကျောင်းသူကို ကြည့်လိုက်ပြီး စကားစပြောရန် ခက်ခဲနေလေသည် ။
ဟဲယွီဆွေက အခြေအနေကို နားလည်သွားပြီး ဘေးရှိ သူငယ်ချင်းကို ပြောလိုက်သည် ။
" ဟိုက်တန်.. နင် ဟိုဘက်နားမှာ သွားစောင့်နေပေးပါလား.. "
မှန်ပေသည် ။ ဟဲယွီဆွေ၏ ဘေးတွင် ရပ်နေသူက ယန်ကျီဝမ်၏ ခယ်မဖြစ်သူ ယွီဟိုက်တန် ပင် ။
သူမနှင့် ဟဲယွီဆွေက အထက်တန်းကျောင်း အခန်းဖော်များ ဖြစ်ကြသည် ။
ဟဲယွီဆွေက သူမ ခဲအိုနေသည့် ခြံဝင်းထဲတွင် နေထိုင်ကြောင်းနှင့် သူမ၏ အမနှင့် ခဲအိုတို့ကို သိကြောင်း ကြားသိရပြီးနောက် သူတို့နှစ်ဦး ချိန်တိုအတွင်းမှာပင် သူငယ်ချင်းများ ဖြစ်သွားခဲ့ကြ၏ ။
ယွီဟိုက်တန်က ရှာကျူးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဘေးဘက်သို့ ထွက်သွားသည် ။
ထိုအခါမှသာ ရှာကျူးက အသံတိုးတိုးဖြင့်...
" ငါ ပိုင်တဲ့ ပိုက်ဆံဝေစုကို လာယူတာ.. "
"ဟက်..."
ဟဲယွီဆွေက မခန့်ဟန်ဖြင့် ရယ်လိုက်သည် ။ ထင်သည့်အတိုင်းပင် ပိုက်ဆံကြောင့် လာခဲ့ခြင်းသာ ။
သူမက မစဥ်းစားဘဲ ငြင်းလိုက်သည် ။
" အဲ့တာက အဖေ ငါ့ကို ပေးထားတဲ့ ထောက်ပံ့ကြေးပဲ..နင် နဲ့ ဘာမှ မဆိုင်ဘူး.. "
" အဲ့ဒီ လူယုတ်မာကြီးက ငါ့အဖေ မဟုတ်ဘူး.. "
ရှာကျူးက နှာခေါင်းရှုံ့လိုက်ပြီး ...
" အဲ့လူယုတ်မာကြီးက နင့်ကို ပေးခဲ့တာ ဆိုရင်တောင် ဒီနှစ်တွေထဲ နင်စားခဲ့တာတွေ.. နင်ဝတ်ခဲ့တာတွေက ပိုက်ဆံတွေ မဟုတ်ဘူးလား.. "
ထိုစကားကို ကြားလျှင် ဟဲယွီဆွေက ခါးသီးစွာ ရယ်လိုက်ပြီး...
" ဟဟ..နင်က ငါနဲ့ အဲ့လောက်တောင် ရှင်းရှင်းလင်းလင်း တွက်ချင်နေတာလား.. "
သူမ ထိုငွေများကို မောင်ပိုင်စီးရန် ရည်ရွယ်ချက် မရှိခဲ့ပေ ။
သို့သော် ယခုအခါ ရှာကျူး၏ စိတ်အာရုံ အားလုံးက ချင်ဟွိုင်ရုအပေါ်တွင်သာ ရောက်နေသဖြင့် ထိုငွေများကိုသာ ပေးလိုက်ပါက နောက်ဆုံးတွင် ကျားမိသားစု၏ အိတ်ကပ်ထဲသို့ ရောက်သွားမည်မှာ သေချာနေသည် ။
ဤကိစ္စကို ကြိုတင်ကာကွယ်ရန်အတွက် သူမက ယန်ကျီဝမ်ထံတွင် အပ်ထားခဲ့ခြင်း ဖြစ်သည် ။
အဘယ်ကြောင့်ဆိုသော် ရှာကျူးက ယန်ကျီဝမ်ကို ကြောက်ကြောင်း သူမ သိထားသောကြောင့်ပင် ။
လက်ရှိတွင် သူမနှင့် ရှာကျူးတို့၏ ဆက်ဆံရေးက အလွန် တင်းမာနေသော်လည်း ရှာကျူး ပြောခဲ့သလို ဤနှစ်များတစ်လျှောက် ပြုစုပျိုးထောင်ပေးခဲ့သည့် ကျေးဇူးကို ဆပ်သည့်အနေဖြင့် ထိုငွေထဲမှ တစ်စိတ်တစ်ပိုင်းကို ရှာကျူးအား ခွဲပေးချင်သည် ။
သို့သော် သူမ စိတ်ထဲတွင် ထိုသို့တွေးထားသော်လည်း ရှာကျူး၏ ပါးစပ်မှ ထွက်လာသည့် အခါတွင်မူ ထိုစကားက အဓိပ္ပါယ် တစ်မျိုး ဖြစ်သွားလေသည် ။
ရှာကျူးက ခေါင်းမာမာဖြင့် ....
" .အဲ့တာ နင် လောဘ ကြီးတာလေ... ဦးလေးယီက အစကတည်းက ငါ့ဝေစုကို ငါ့ကိုပေးဖို့ ရည်ရွယ်ထားတာ.. နင် အတင်း ယူသွားတာ.. "
ဟဲယွီဆွေ ဤစကားကို ကြားသောအခါ ဒေါသထွက်လွန်း၍ ရယ်တောင်ရယ်ချင်သွားသည် ။
ယီကျုံးဟိုင်..
သူမကသာ ရဲတိုင်မည်ဟု ခြိမ်းခြောက်မထားလျှင် ငွေထုတ်ပေးမည် မဟုတ်ပေ ။
ထိုကဲ့သို့ လူမျိုးထံတွင် သူမက စိတ်ချလက်ချ ပိုက်ဆံ ထားခဲ့ရမည်လော ။
သူမ ဆက်ပြောရန်ပင် ပျင်းရိသွားတော့သည် ။
ထို့ကြောင့် သူမက ဂရုမစိုက်သည့် လေသံဖြင့်...
" ကောင်းပြီလေ.. နင်က ဒီလောက်တောင် ပြောနေမှတော့ သောကြာနေ့ ငါ အိမ်ပြန်ရောက်တဲ့အခါ ပိုက်ဆံ ပေးမယ်.. အဲ့တာပြီးရင် ငါတို့ အိမ်ထောင်စု ခွဲကြမယ်.. နောက်ဆို ဘယ်သူ့ကိစ္စ ဘယ်သူမှ မစွက်ဖက်ကြေးပဲ.. "
မိသားစု ခွဲသည်ဖြစ်စေ ။ မခွဲသည်ဖြစ်စေ ။ ရှာကျူးက ဂရုမစိုက်ပေ ။ ယခုအချိန်တွင် သူသည် ချင်ဟွိုင်ရုအား ပေးထားသော ကတိကိုသာ ဖြည့်ဆည်းချင်နေသည် ။
သူက မျက်မှောင်ကြုတ်လိုက်ပြီး...
" မရဘူး.. ငါ အခု ချက်ချင်း လိုချင်တာ.. "
ဟဲယွီဆွေက ခေါင်းခါပြလိုက်သည် ။
" ပိုက်ဆံက အခု ငါ့ဆီမှာ မရှိဘူး.. "
" ဘာပဲဖြစ်ဖြစ် ဒီနေ့ ငါ ပိုက်ဆံ ရကိုရမှ ဖြစ်မယ်.. မဟုတ်ရင် ဒီကိစ္စ ပြီးမှာမဟုတ်ဘူး.. "
ရှာကျူးက သေနေသောဝက် ရေနွေးပူလောင်းခံရသည်ကို မကြောက်သည့်အလား ခေါင်းမာနေသည့် ပုံစံကြောင့် ဟဲယွီဆွေ ဒေါသထွက်ကာ တစ်ကိုယ်လုံး တုန်ရီလာသည် ။
ဘေးတွင် ရှိနေသော ယွီဟိုက်တန် ဆက်ပြီး နားမထောင်နိုင်တော့ချေ ။
သူမက ဒေါသတကြီးဖြင့် လျှောက်လာကာ ခါးထောက်ပြီး...
" ဟေ့.. နင် ဘယ်လိုဖြစ်နေတာလဲ.. အကိုလုပ်နေပြီးတော့ ဒီလို လုပ်ရသလား.. ညီမဆီ လာပြီး ပိုက်ဆံတောင်းနေတာ နင် မရှက်ဘူးလား.. "
သူမ အဝေးကြီး ထွက်မသွားခဲ့ချေ ။ အကုန်လုံးကို မကြားရသော်လည်း ရှာကျူးက ဟဲယွီဆွေထံမှ ပိုက်ဆံတောင်းနေသည်ကိုတော့ သူမ ကြားလိုက်ရသည် ။
အထူးသဖြင့် ဟဲယွီဆွေ ဒေါသထွက်လွန်း၍ ငိုတော့မည့် အခြေအနေကို မြင်လိုက်ရသောကြောင့် သူမ ချက်ချင်းပင် ပြေးလာခဲ့၏ ။