အခန်း ၂၇၀
Vol. 27 Ch. 270
Chapter 270
~
အခန်း ၂၇၀ : ယွီဟိုက်တန်... " ငါ ခဲအိုကို ခေါ်ပြီး နင့်ကို ထိုးခိုင်းမယ်.. "
~
" နင်က ဘယ်သူလဲ .. ငါ့ညီမနဲ့ ငါ စကားပြောနေတာ နင်နဲ့ ဘာဆိုင်လို့လဲ .. "
ရှာကျူးက ခေါင်းလှည့်ကာ ယွီဟိုက်တန်ကို စိတ်မဝင်စားဟန်ဖြင့် တစ်ချက်ကြည့်လိုက်သည် ။
မူရင်းဇာတ်လမ်းထဲတွင် သူသည် သူ၏ရှေ့မှောက်ရှိ ဤကောင်မလေးကို နောင်တစ်ချိန်တွင် လိုက်ရန် ကြံရွယ်လိမ့်မည်ဆိုသည်ကို သူ မသိခဲ့ချေ ။
ယွီဟိုက်တန်က နှာမှုတ်လိုက်ပြီး...
" ဟွန့်.. ငါက ယွီဆွေရဲ့ အချစ်ဆုံးသူငယ်ချင်းပဲ .. "
သူမက ရှာကျူးကို အထက်အောက် သေချာကြည့်လိုက်ပြီး သရော်သည့်ဟန်ဖြင့်...
" နင့်အသက်က လေးဆယ်ကျော်နေပြီလေ .. ဒီလောက် အသက်ကြီးနေပြီကို ကိုယ့်ဘာသာ ပိုက်ဆံမရှာဘဲ ညီမဆီကနေ ပိုက်ဆံ လာတောင်းရဲသေးတယ် .. နင့်မှာ အရှက်ရော ရှိသေးရဲ့လား .. "
ယွီဟိုက်တန်က စစချင်းပင် တိုက်စစ် ဆင်တော့သည် ။ သူမ၏ ပါးစပ်က အလွန်သွက်ကြောင်း နာမည်ကြီးပြီး အိမ်တွင် တခြားသူများနှင့် ရန်ဖြစ်သည့်အခါတိုင်း တစ်ခါမှ မရှုံးခဲ့ဖူးချေ ။
" သွားစမ်းပါ .. ငါ ဒီနှစ်မှ အသက် နှစ်ဆယ်ကျော်ပဲ ရှိသေးတယ် .. "
ရှာကျူးက ဒေါသတကြီး အော်ပြောလိုက်သည် ။ တစ်ဖက်လူက မိန်းကလေးတစ်ယောက် ဖြစ်နေ၍ ကံကောင်းသည် မဟုတ်လျှင် သူ လက်ပါမိလောက်ပေပြီ ။
'ရုပ်ရင့်နေတော့ရော ဘာဖြစ်လဲ .. သူတို့အိမ်က ထမင်းကို စားနေတာမှ မဟုတ်ဘဲ ...'
သူအား ရုပ်ရင့်သည်ဟု ပြောသူများကို သူအမုန်းဆုံးပင် ။ ဤသည်က အမှန်တရား ဖြစ်သော်လည်း သူ ဘာလုပ်နိုင်မည်နည်း ။ ရုပ်ရည်ဆိုသည်က သူ ဖန်တီး၍ ရသောအရာ မဟုတ် ။
တစ်ခါတစ်ရံတွင် သူ အလွန် စိတ်ပျက်မိသည် ။ ဟဲယွီဆွေက မည်သို့ကြောင့် လှပနေပြီး သူသည်ကတော့မည်သို့ကြောင့် ဤမျှ ရုပ်ရင့်နေရသနည်း ။
အရင်က သူနှင့် ဟဲယွီဆွေတို့ အပြင်ထွက်သည့်အခါ လူများက သူတို့ကို သားအဖဟုပင် ထင်ခဲ့ကြသည် ။
" ဘာ .. "
ယွီဟိုက်တန်က ရှာကျူးကို ကြောင်အမ်းအမ်း ကြည့်လိုက်ပြီး မယုံကြည်နိုင်စွာဖြင့်...
" နင်က နှစ်ဆယ်ကျော်ပဲ ရှိသေးတာ .. "
ပြောပြီးနောက် သူမက ဟဲယွီဆွေကို လှမ်းကြည့်လိုက်သည် ။ ဟဲယွီဆွေက ခေါင်းညိတ်ပြလိုက်သည် ။ ယွီဟိုက်တန် ပို၍ပင် အံ့အားသင့်သွားလေတော့သည် ။
ဤမျှ ရုပ်ရင့်သောသူကို သူမ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင် ။ မသိလျှင် သူမ၏ အဖေနှင့် ရွယ်တူဟုပင် ထင်ရလောက်သည် ။
သို့သော် သူမက အလျှော့မပေးဘဲ ဆက်၍ ..
" နင်က နှစ်ဆယ်ကျော်ဆိုပေမဲ့ ယောက်ျားကြီးပဲလေ .. ကျောင်းသူလေးဆီကနေ ပိုက်ဆံ လာတောင်းရတာကို နင် မရှက်ဘူးလား .. "
" နင်နဲ့ ဘာဆိုင်လို့လဲ .. "
ရှာကျူး၏ မျက်နှာ နီရဲသွားပြီး နှာခေါင်းရှုံ့ကာ...
"ဟမ့်.. အဲ့ဒါက ငါ့ပိုက်ဆံလေ .. ငါ ဘာလို့ မတောင်းရမှာလဲ .. "
" နင် .. "
" တော်ပါတော့ ဟိုက်တန် .. ဒီကိစ္စကို နင် ဝင်မပါပါနဲ့တော့ .. "
ယွီဟိုက်တန် ထပ်ပြောရန် ပြင်လိုက်သော်လည်း ဟဲယွီဆွေက ဖြတ်ပြောလိုက်သည် ။
ယွီဟိုက်တန်ကို ချော့မော့ပြီးနောက် သူမက ရှာကျူးကို ကြည့်ကာ ခပ်အေးအေးပင် ပြောလိုက်သည် ။
" ပိုက်ဆံက ငါ့ဆီမှာ မရှိဘူး .. ငါလည်း အခု ခွင့်ယူလို့ မရဘူး .. နင် ပိုက်ဆံ တကယ်လိုချင်ရင် အစ်ကိုကျီဝမ်ဆီမှာ သွားတောင်းလိုက် .. "
" ဘာ .. နင်က ပိုက်ဆံတွေကို အဲ့ခွေးမသားဆီ ပေးထားတာလား .. "
ရှာကျူးက သူမကို အံ့အားသင့်စွာ ကြည့်လိုက်သည် ။ ဤမျှများပြားသော ပိုက်ဆံများကို ယန်လောင်အာက ပြန်မပေးလျှင် မည်သို့ လုပ်မည်နည်း ။
ယွီဟိုက်တန်က ဒေါသထွက်သွားပြီး..
" ငါခဲအိုကို အဲ့လို မခေါ်နဲ့ .. "
ရှာကျူး ကြောင်သွားပြီး အံ့ဩစွာဖြင့်...
" ယန်လောင်အာက နင့်ယောက်ဖလား .. ဒါဆို နင့်အစ်မက ယွီလီပေါ့ .. "
" မရဘူးလား .. "
ယွီဟိုက်တန်က ဂုဏ်ယူဝင့်ကြွားစွာ ရင်ကော့လိုက်ပြီး ...
" နင် ယွီဆွေကို ထပ်ပြီး အနိုင်ကျင့်မယ်ဆိုရင် ငါ့ ခဲအိုကို ခေါ်ပြီး နင့်ကို ထိုးခိုင်းလိုက်မယ် .. "
သူမ၏ ခဲအိုက တိုက်ခိုက်ရာ၌ ကျွမ်းကျင်ကြောင်း သူမ သိထားသည် ။ ဤအဘိုးကြီးကို ထိုးကြိတ်ရန် ချွေးပင် ထွက်မည် မဟူတ်ချေ ။
ရှာကျူး ထိုစကားကို ကြားသောအခါ အနည်းငယ် စိတ်ညစ်သွားသည် ။ ဖြစ်နိုင်လျှင် ယန်လောင်အာထံမှ ပိုက်ဆံသွားမတောင်း ချင်ပေ ။
" ပိုက်ဆံကို နင် သူ့ကို ပေးလိုက်တာလေ .. နင့်ဘာသာ သွားပြန်တောင်း .. "
" သွားချင်သွား မသွားချင်နေ .. ငါ နင့်ကို ဂရုစိုက်နေဖို့ အချိန်မရှိဘူး .. မဟုတ်ရင်လည်း သောကြာနေ့ ငါ ပြန်လာတဲ့အထိ စောင့်နေလိုက် .. "
" ဟိုက်တန် .. ငါတို့ သွားရအောင် .. အတန်းစတော့မယ် .. "
ထိုစကားကို ချန်ထားရစ်ကာ ဟဲယွီဆွေက ယွီဟိုက်တန်ကို ဆွဲပြီး ကျောင်းထဲသို့ ဝင်သွားတော့သည် ။
ရှာကျူးက ထိုအခြေအနေကို မြင်လျှင် စိတ်ပျက်လက်ပျက်ဖြင့် လက်သီးကို ဆုပ်လိုက်ပြီး သံမဏိစက်ရုံသို့သာ ပြန်လာခဲ့ရတော့သည် ။
...
ဝယ်ယူရေးဌာန ရုံးခန်းတံခါး ပွင့်သွားပြီး ရှာကျူးက ခေါင်းပြူကာ တစ်ခန်းလုံးကို ဝေ့ကြည့်လိုက်သည် ။ မှိန်းနေသော ယန်ကျီဝမ်ကို အလျင်အမြန်ပင် ရှာတွေ့သွားပြီး ...
" ယန်လောင်အာ .. မင်းနဲ့ ပြောစရာရှိလို့ ခဏလောက် ထွက်ခဲ့ပါဦး .. "
ယန်ကျီဝမ်က သိပ်မထချင်ပေ ။
လီရှန်းလီက သိချင်စိတ်ဖြင့်...
" ညီလေး .. မင်းနဲ့ ရှာကျူးက အဆင်မပြေဘူး မဟုတ်လား .. သူ မင်းကို ဘာလာပြောတာလဲ .. "
" မသိဘူးလေ .. "
ယန်ကျီဝမ်က ခေါင်းခါလိုက်ပြီး ခဏစဉ်းစားကာ အပြင်သို့ ထွက်လာခဲ့သည် ။
သူက ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်ပြီး စိတ်မရှည်ဟန်ဖြင့်...
" ပြောစရာရှိတာ မြန်မြန်ပြော .. ငါ အိပ်မလို့ လာမနှောင့်ယှက်နဲ့ .. "
သူက ရှာကျူးလို လူမျိုးကို အလွန် အထင်သေး၏ ။ မုဆိုးမတစ်ယောက်အတွက်နှင့် ကိုယ့်ညီမအရင်းကို ဤမျှအထိ ဆက်ဆံရက်သည်မှာ တကယ့်ကို အသုံးမကျသူပင် ။
သူ၏ အခြေအနေက မဆိုးလှချေ ။ စက်ရုံကြီးတစ်ခု၏ ခေါင်းဆောင်စားဖိုမှူး ဖြစ်ပြီး လစာကလည်း မနည်းသည့်အပြင် အိမ်ပိုင်လည်း ရှိသေးသည် ။
ရုပ်ရည်ကသာ အနည်းငယ် ရင့်နေသော်လည်း ဤအခြေအနေမျိုးဖြင့် မိန်းမရှာရန် အလွန်လွယ်ကူလှပေသည် ။
ယီကျုံးဟိုင်၏ နှောင့်ယှက်မှုများ ရှိနေသော်လည်း သူသာ တကယ်တမ်း မိန်းမယူရန် ဆုံးဖြတ်လိုက်ပါက ခက်ခဲမည့်ကိစ္စ မဟုတ်ပေ ။
သို့သော် ဤကောင်က မုဆိုးမတစ်ယောက်အပေါ်၌ အရူးအမူး စွဲလမ်းနေသည် ။
ထိုမုဆိုးမတွင် မည်သို့သော မှော်အစွမ်းများ ရှိနေသည်ကိုတော့ မသိ ။
' အပျိုလေးတွေက သူ့လောက် မမွှေးလို့များလား .'
' ချောင်ချောင်လိုမျိုး သူများမိန်းမကို ကြိုက်တဲ့ အကျင့် ရှိနေမယ်ဆိုရင်လည်း မဆန်းပါဘူးလေ ...'
သို့သော် ညီမအရင်းအပေါ် ဤမျှအထိတော့ လုပ်စရာ မလို ။
သူ၏ အကြောင်းပြချက်က မည်သို့ပင် ရှိနေပါစေ ယန်ကျီဝမ်က ဤသို့သော လူမျိုးကို အထင်မကြီးသဖြင့် သူ့အပေါ် ကောင်းမွန်သော သဘောထား မရှိခြင်းပင် ။
ရှာကျူး၏ စိတ်ထဲတွင် ချင်ဟွိုင်ရုကို ပေးထားသော ကတိကို ဖြည့်ဆည်းရန်သာ ရှိနေသဖြင့် အများကြီး ဂရုမစိုက်နိုင်တော့ချေ ။
သူက တိုက်ရိုက်ပင် ပြောလိုက်သည် ။
" ယွီဆွေက ငါ့ကို လွှတ်လိုက်တာ .. မင်းဆီမှာရှိတဲ့ ငါ့ဝေစု ပိုက်ဆံတွေကို ပေးလိုက်ပါ .. "
" မင်း ဘယ်လို သက်သေပြမလဲ .. "
ယန်ကျီဝမ်က ပြန်မေးလိုက်သည် ။
သူက ရှာကျူး၏ စကားတစ်ခွန်းတည်းနှင့် ပိုက်ဆံများကို ထုတ်ပေးမည် မဟုတ်ပေ ။
ရှာကျူးက သူ့ကို မလိမ်ရဲသော်လည်း သူ တမင် မပေးချင်၍ စိတ်ဒုက္ခပေးနေခြင်းပင် ။
ဟဲယွီဆွေ ကိုယ်တိုင် လာပြောမှသာ ထုတ်ပေးမည် ။ မဟုတ်ပါက တွေးပင် မတွေးနှင့် ။
" မဟုတ်ဘူးလေ .. ဒါကို ဘယ်လို သက်သေပြရဦးမှာလဲ .. ငါ ခုနက ယွီဆွေဆီ သွားခဲ့တယ် .. သူ ကိုယ်တိုင် မင်းဆီ လာခဲ့ဖို့ ပြောလိုက်တာ .. "
ရှာကျူးမှာ ဆွံအသွားပြီး ကြောင်အမ်းအမ်း ဖြစ်သွားသည် ။
ထို့အပြင် ဟဲယွီဆွေက သူ့ကို ယန်လောင်အာဆီ တောင်းခိုင်းရုံသာ ဖြစ်ပြီး မည်သည့် အထောက်အထားမှ မပေးလိုက်ချေ ။
" ချီးတဲ့မ ..ကောင်းကင်ကြီးက သက်သေပဲ .. ငါက ငါပိုက်ဆံကို လာယူရုံလေ...သက်သေပြဖို့ လိုနေသေးတာလား .. '
သူသာ ယန်လောင်အာကို ယှဥ်နိုင်ပါက သောက်ခွက်တွေချည်း တီးပစ်မိပေမည် ။
ယန်ကျီဝမ်က ထပ်မေးလိုက်သည် ။
" သူက မင်းကို ငါ့ဆီ လာခိုင်းတယ်ဆိုတာ မင်း ဘယ်လို သက်သေပြမလဲ .. "
ရှာကျူး ခေါင်းများပင် ကြီးလာပြီး ဒေါသတကြီးဖြင့်...
" သူ တကယ် လွှတ်လိုက်တာပါ .. မင်းရဲ့ ခယ်မလေးလည်း ကြားတယ် .. မယုံရင် သူ့ကို သွားမေးကြည့် .. "
" မသွားဘူး .. ငါ မအားဘူး .. "
" မင်း သက်သေ မပြနိုင်ရင် လာမနှောင့်ယှက်နဲ့ .. မဟုတ်ရင် ငါ့ လက်က ငါထိန်းနိုင်တာ မဟုတ်ဘူးနော် .. "
ဆေးလိပ် သောက်ပြီးသွားသောအခါ ယန်ကျီဝမ်က သတိပေးစကား ပြောလိုက်ပြီး ရုံးခန်းထဲသို့ ပြန်ဝင်သွားတော့သည် ။
ရှာကျူး ဒေါသထွက်ပြီး စိုးရိမ်နေသော်လည်း မည်သို့ ဆက်လုပ်ရမည်ကို မသိ ။ ဒေါသတကြီးဖြင့်သာ ပြန်လာခဲ့ရသည် ။
...
ညနေ အလုပ်ဆင်းချိန်း...
ရှာကျူးက ချင်ဟွိုင်ရုကို ရှောင်ပြီး အိမ်သို့ ပြန်ရန် စဉ်းစားခဲ့သော်လည်း မကြာမီပင် ထိုအကြံကို လက်လွှတ်လိုက်ရ၏ ။
အဘယ်ကြောင့်ဆိုသော် သူ အလယ်ခြံဝန်းထဲသို့ ခြေချလိုက်သည်နှင့် အဝတ်လျှော်နေသော ချင်ဟွိုင်ရုက သူ့ကို မြင်သွားသည် ။
သူ မတတ်နိုင်တော့ဘဲ ခပ်တည်တည်ဖြင့်သာ လျှောက်လာပြီး....
" ညီမချင် .. "
" ရှာကျူး ပြန်လာပြီလား .. "
ချင်ဟွိုင်ရုက နှုတ်ဆက်လိုက်ပြီး မျှော်လင့်ချက် အပြည့် တောက်ပနေသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေသည် ။
ရှာကျူး ချက်ချင်းပင် ခေါင်းကိုက်လာ၏ ။ သို့သော် ဤအခြေအနေသို့ ရောက်နေပြီဖြစ်၍ အမှန်အတိုင်းသာ ပြောလိုက်တော့သည် ။
" တောင်းပန်ပါတယ် ညီမချင် .. ငါ ပိုက်ဆံ မရခဲ့ဘူး .. "
' တကယ်ကို အသုံးမကျတဲ့ကောင် .. '
ချင်ဟွိုင်ရုက စိတ်ထဲမှ တိတ်တဆိတ် ကျိန်ဆဲလိုက်သော်လည်း နားမလည်ဟန်ဆောင်ကာ ...
" ဘာဖြစ်လို့လဲ .. ယွီဆွေက မပေးဘူးလား .. အဲ့ဒီပိုက်ဆံထဲမှာ နင့်ဝေစုလည်း ပါတာကို ယွီဆွေ ဒီလိုလုပ်တာကတော့ အရမ်းလွန်လွန်းပါတယ် .. "
" ငါ ယွီဆွေဆီ သွားတယ်ဆိုတာ နင်က ဘယ်လိုသိတာလဲ .. "
ရှာကျူးက သူမကို ကြောင်အမ်းအမ်း ကြည့်လိုက်သည် ။
ချင်ဟွိုင်ရု၏ မျက်နှာ ပျက်သွားသည် ။ မကောင်းတော့ ။ မတော်တဆ စိတ်ထဲရှိသည့်စကားများ ထွက်သွားခဲ့လေပြီ ။ သူမက အမြန်ပင် မသိဟန်ဆောင်ကာ...
" ဟင် .. ငါ မသိပါဘူး .. ဒီအတိုင်း ရမ်းရွှမ်းပြီး ခန့်မှန်းလိုက်တာ.. "
ကံကောင်းစွာဖြင့် ရှာကျူးက အသေးစိတ် မမေးတော့ဘဲ စိတ်ပျက်လက်ပျက်ဖြင့်...
" သူက ပေးချင်ပါတယ် .. ဒါပေမဲ့ ပိုက်ဆံတွေကို ယန်လောင်အာဆီမှာ အပ်ထားတော့ ယန်လောင်အာက မပေးဘူး ဖြစ်နေတာ .. "