အခန်း ၂၇၂
Vol. 27 Ch. 272
Chapter 272
~
အခန်း ၂၇၂ : ရှီတိုး.... " အဖေ.. မိန်းမ ဆိုတာ စားလို့ရလား.. "
~
"မနက်ဖြန်ကျရင် ကျေးလက်ဘက် ခဏသွားဖို့ စိတ်ကူးထားတယ်.."
ယန်ကျီဝမ်က ရှီတိုးလေးကို ချော့မြူရင်း ယွီလီကို ပြောလိုက်သည် ။
ယွီလီက ဟင်းရွက်သင်နေရင်း ရပ်တန့်သွားကာ စိုးရိမ်သော မျက်နှာဖြင့်...
"ဘာလို့ ကျေးလက်ကို သွားမှာလဲ.. ပြီးတော့ အလုပ်တာဝန်တွေလည်း ပြီးနေတာပဲကို.."
ယခုအချိန်သည် ငတ်မွတ်ခေါင်းပါးဘေး ဖြစ်ပွားနေသည့် ကာလဖြစ်၍ ကျေးလက်သို့ သွားသောလမ်းမှာ လုံးဝ မလုံခြုံပေ ။ ယန်ကျီဝမ်က ငါးမျှားရုံဖြင့် တစ်လ တာဝန်များကို လုပ်နိုင်သည် ။ ယွီလီက သူမ၏ ခင်ပွန်းဖြစ်သူ အန္တရာယ်ကြုံတွေ့မည်ကို စိုးရိမ်နေ၏ ။
" ရွာဘက်မှာ ပစ္စည်းလေးတွေ သွားစုမလို့ပါ.."
ယန်ကျီဝမ်က သူမကို စိတ်အေးစေရန် ကြည့်လိုက်ပြီး အေးအေးဆေးဆေးပင် ပြောလိုက်သည် ။
"ရွှီတာမော့လည်း ခဏခဏ ကျေးလက်သွားနေတာပဲလေ.. သူ ဘာမှ မဖြစ်တာပဲဟာ.. ဘာမှ မဖြစ်ပါဘူး.. ပြီးတော့ ကိုယ့်ရဲ့ စွမ်းရည်ကိုလည်း မင်း သိပြီးသားပဲ.. သာမန်လူ အယောက် ၁၀၀ ဆိုရင်တောင် ကိုယ့်အနား ကပ်ဖို့ မလွယ်ဘူး.."
နောက်ဆုံး အကြိမ် ပစ္စည်း ရခဲ့သည်မှာ လွန်ခဲ့သောနှစ်ကုန်ပိုင်းက ချင်ယိုတဲ ပို့ပေးလိုက်သည့် ကြွေထည်ပစ္စည်းများသာ ရှိသေးသည် ။ အနာဂတ်တွင် ပိုမိုကောင်းမွန်သည့် ဘဝကို ပိုင်ဆိုင်လိုလျှင် ပစ္စည်းများကို ဆက်လက် ရှာဖွေရပေဦးမည် ။ ငါးမျှားပြီး ရမှတ်ရှာသည်က အချိန်များစွာ လိုအပ်လေသည် ။
သူ့တွင် အခြား ရွေးချယ်စရာ ရှိသေးသည် ။ မှောင်ခိုဈေးကွက်နှင့် ပူးပေါင်းလျှင် ပိုမြန်သော်လည်း ယခုတော့ အလျင်မလိုသေးပေ ။ ကျေးလက်ဘက်ကို တစ်ခေါက်သွားပြီးမှသာ စဉ်းစားရပေမည် ။
" ကံကောင်းလို့ပါ.. လူတွေက အဆိုးဆုံး ဖြစ်လာရင် ဘာမဆို လုပ်ရဲတာမျိုး.."
ယွီလီက စိုးရိမ်နေလေ၏ ။ ယန်ကျီဝမ်၏ လက်ရုံးရည်ကို သူမ သိသော်လည်း သေနတ်နှင့် ပစ်လျှင် သေနိုင်သေးသည် ။အန္တရာယ် မဖြစ်စေချင်ပေ ။
"ကိုယ် သတိထားမှာပါ.."
ယန်ကျီဝမ်က ထိုသို့ ပြောလိုက်ချိန်တွင် ယွီလီသည် သူ့ကို တားဆီး၍ မရတော့မည်ကို သိသွားပြီး...
"အဲ့တာဆို အားလုံး သတိထားပါ.. အန္တရာယ် ရှိရင် ပြေးနော်..."
"သိပါတယ်.."
ယန်ကျီဝမ်က စနောက်လိုက်သည် ။
"ကိုယ်က မိန်းမနဲ့ သားလေးကိုမှ မခွဲနိုင်တာ.. နောက်ကျရင် ရှီတိုးလေး မိန်းမ ယူတာကို ကြည့်ရဦးမှာလေ.."
ယွီလီက သူ့ကို စိတ်မရှည်သလို မျက်စောင်းထိုးလိုက်သည် ။
"ရှီတိုးက ဘယ်အရွယ် ရှိသေးလို့လဲ.."
ယန်ကျီဝမ်က ရယ်လိုက်သည် ။ ရှီတိုးက ဘာမှ နားမလည်သေးဘဲ ခေါင်းမော့ကာ ဖခင်ဖြစ်သူကို ကြည့်၍ ။
"အဖေ.. မိန်းမ ဆိုတာ ဘာလဲ.. စားလို့ ရလား.."
ယန်ကျီဝမ် ခဏတာ ဆွံ့အသွားပြီးနောက် ခေါင်းကို ပွတ်သပ်ပေးကာ ပြုံး၍ ...
"စားလို့ ရတာပေါ့.. အရမ်း အရမ်းကို အရသာ ရှိတာ.. နောက်ကျရင် မင်း သိလာလိမ့်မယ်..."
"ယန်..ကျီ..ဝမ်.."
ယွီလီက သူမ၏ ခင်ပွန်းကို စိုက်ကြည့်ကာ မကျေမနပ်ဖြင့် ...
"ရှင်.. သားကို ဒီလို အဓိပ္ပာယ် မရှိတာတွေ မသင်ပေးပါနဲ့.."
' ဒီလူကတော့လေ.. ကလေးက ဘာသိသေးလို့လဲ.. ဒီလိုမျိုး ရှက်စရာကောင်းတဲ့ ကိစ္စတွေကို သင်ပေးနေတာ.. တခြားသူတွေသာ ကြားသွားရင် ဘယ်လိုလုပ်မလဲ.. '
နောက်တစ်နေ့တွင်...
ယန်ကျီဝမ်က မနက်စောစောထကာ ကျေးလက်သို့ ထွက်ခွာသွားခဲ့သည် ။ နေ့လယ်ပိုင်းလောက်တွင်တော့ ချင်းမိသားစုရွာသို့ ရောက်ရှိသွား၏ ။ ကံကောင်းသည်မှာ လမ်းတွင် ပြဿနာ မရှိခဲ့ပေ ။ ပြဿနာ ဖြစ်လာလျှင် သူ မကြောက်သော်လည်း အနှောင့်အယှက် ဖြစ်မည်ကိုတော့ မကြိုက် ။
ချင်ယိုတဲ၏ အိမ်သို့ ရောက်သောအခါ ချင်ကျင်းရုက ခြံဝင်းငယ်လေးထဲတွင် အဝတ်လျှော်နေသည်ကို တွေ့လိုက်ရသည် ။ ယန်ကျီဝမ်၏ ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာသည် ။
' ချင်မိသားစုက မိန်းကလေးတွေ အဝတ်လျှော်ရတာပဲ ကြိုက်ကြတာလား...'
ချင်ဟွိုင်ရုဆိုလျှင်လည်း နေ့တိုင်း အဝတ်လျှော်နေတတ်ပြီး လျှော်၍ပင် မကုန်နိုင် ။ သူ သိသည်မှာ ချင်ဟွိုင်ရုက အဝတ်လျှော်ရန် အကြောင်းပြချက်ဖြင့် ရှာကျူး၏ နေ့လယ်စာဘူးကို စောင့်နေခြင်းပင် ။
"ကလင်..ကလင်..ကလင်.."
ယန်ကျီဝမ်က သုံးဘီး၏ ဘဲလ်ကို တီးလိုက်သည် ။ အဝတ်လျှော်နေသော ချင်ကျင်းရုက အသံကြားသဖြင့် ခေါင်းမော့ကြည့်လိုက်ပြီးနောက် မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည် ။
"အစ်ကိုယန်.. ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ.. ညီမလေးကို လာကြည့်တာလား..."
ချင်ကျင်းရုက လက်ထဲရှိ အဝတ်ကို ချကာ လက်ကို အဝတ်စဖြင့် သုတ်ပြီး ပျော်ရွှင်စွာဖြင့် ပြေးလာသည် ။ ယန်ကျီဝမ်က ပြုံး၍ ခေါင်းညိတ်ကာ စက်ဘီးပေါ်မှ အိတ်တစ်ခုကို ထုတ်ပေးလိုက်သည် ။
"ဟုတ်တယ်.. ရော့.. ဒါ မင်းအတွက် လက်ဆောင်.."
"ကျေးဇူးတင်ပါတယ် အစ်ကိုယန်.."
ချင်ကျင်းရုက ယူကြည့်လိုက်ရာ အိတ်ထဲတွင် ယုန်နို့သကြားလုံး များ နှင့် အသား တစ်ကျင်းခန့် ပါနေသဖြင့် မျက်လုံးများပင် ဝင်းပသွားကာ ယန်ကျီဝမ်ကို အိမ်ထဲသို့ စိတ်အားထက်သန်စွာ ဖိတ်ခေါ်လိုက်သည် ။ ချင်ကျင်းရု ပေးသော ရေကို သောက်ရင်း ယန်ကျီဝမ်က စနောက်လိုက်သည် ။
"မတွေ့တာ ကြာပြီ.. ကျင်းကျင်းက ပိုပြီး လှလာတယ်နော်.."
"ဘယ်ဟုတ်ပါ့မလဲ.."
ချင်ကျင်းရုက ချီးမွမ်းခံရသဖြင့် မျက်နှာလေး နီရဲသွားသည် ။ သူမကို ပထမဆုံးအကြိမ် တွေ့တုန်းကဆိုလျှင် အသားအရေက ညိုမည်းပြီး ဆံပင်ကလည်း အရောင်လွင့်နေသည် ။ ထိုစဥ်က ရုပ်ဆိုးသည်ဟု ပြောလျှင် မမှားပေ ။ ယခုဆိုလျှင် ၆၁ နှစ်ကုန်ခါနီးဖြစ်ပြီး ချင်ကျင်းရု ၁၅ နှစ် ပြည့်ပေတော့မည် ။ ယန်ကျီဝမ် မှတ်မိသလောက် ချင်ကျင်းရု ပထမဆုံး အကြိမ် ပါလာသည့်အချိန်က ၆၅ နှစ် ဖြစ်ပြီး သူမ၏ အသက် ၁၈ နှစ် ပြည့်ခါစ ဖြစ်သည် ။
ယန်ကျီဝမ် သူမကို ဆက်မစနောက်တော့ဘဲ မေးလိုက်သည် ။
"ကျင်းကျင်း.. အဖေကော.."
"သူ တောင်ပေါ် တက်သွားတာ.. မကြာခင် ပြန်လာတော့မှာ.."
ချင်ကျင်းရုက ပြန်ဖြေလိုက်သည် ။ ချင်ယိုတဲက အားသည့်အချိန် အမဲလိုက်လေ့ ရှိပေသည် ။ ကံကောင်းလျှင် ယုန် သို့မဟုတ် တောကြက် မိတတ်ပြီး ရိက္ခာဖြင့် လဲလှယ်နိုင်သည်။ ဤအကြောင်းကို ယန်ကျီဝမ် ချင်ယိုတဲထံမှ ကြားဖူးထားသည် ။
"ကျင်းကျင်း.. အဖေ ပြန်ရောက်ပြီ.."
ပြောရင်းဆိုရင်းပင် ချင်ယိုတဲ ရောက်လာသည် ။ ယန်ကျီဝမ် လှည့်ကြည့်လိုက်ရာ ချင်ယိုတဲက ယုန်တစ်ကောင်ကို ကိုင်ကာ ပြုံးရွှင်စွာ ပြန်လာသည်ကို တွေ့လိုက်ရ၏ ။ အိမ်ရှေ့သို့ ရောက်သည်နှင့် ချင်ယိုတဲက ရင်းနှီးနေသော သုံးဘီးစက်ဘီးကို မြင်လိုက်ရသည် ။ ထို့နောက် ခြံဝင်းထဲတွင် ရှိနေသော ယန်ကျီဝမ်ကို မြင်လိုက်ရသဖြင့် မျက်လုံးများ ဝင်းပသွားသည် ။
"ကျီဝမ်.. ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ.."
ထို့နောက် သူတစ်ခုခု သတိရသွားဟန်ဖြင့် လက်ထဲရှိ ယုန်ကို မြှောက်ပြကာ ...
"မင်း ရောက်လာတာ အချိန်ကိုက်ပဲ.. ကံကောင်းလို့ ယုန်တစ်ကောင် မိလာတယ်.. ခဏနေရင် ငါတို့ နှစ်ယောက် သောက်ကြမယ်.."
ယန်ကျီဝမ်က ခေါင်းညိတ်၍ ပြုံးပြီး...
" ကောင်းတာပေါ့.. ကျွန်တော်လည်း အရက်ကောင်းကောင်း တစ်ပုလင်း ယူလာတယ်.."
ယန်ကျီဝမ်က အိတ်ထဲမှ အရက်တစ်ပုလင်း ထုတ်ပေးလိုက်သည် ။ ချင်ယိုတဲ၏ မျက်လုံးများမှာ ပို၍ပင် ဝင်းပသွားပြီး ချင်ကျင်းရုကို ...
"ကျင်းကျင်း.. သွား ယုန်ကို ချက်လိုက်.. ငါ မင်းအစ်ကိုကျီဝမ်နဲ့ အတူ သောက်မယ်.."
"ဟုတ်ကဲ့ပါ.."
ချင်ကျင်းရုက ယုန်ကို ယူကာ မီးဖိုချောင်သို့ သွားတော့သည် ။ ချင်ယိုတဲနှင့် ယန်ကျီဝမ်တို့က ခြံဝင်းထဲတွင် ထိုင်ကာ အရက်သောက်ရင်း စကားပြောကြသည် ။
"ကျီဝမ်.. ဒီတစ်ခါ လာတာက.."
ချင်ယိုတဲက စူးစမ်းလိုစွာ မေးလိုက်သည် ။ ယန်ကျီဝမ်က အရက်ကို အနည်းငယ် သောက်လိုက်ပြီး...
"ထွေထွေထူးထူး မဟုတ်ပါဘူး.. အားနေတာနဲ့ ဦးလေးတို့ဆီမှာ ကြွေထည်ပစ္စည်းတွေ ထပ်ရှိသေးလားလို့ လာကြည့်တာ.."
ချင်ယိုတဲက နားလည်သွားပြီးနောက် သက်ပြင်းချကာ...
"အဲဒါတော့ မျှော်လင့်ချက် ကုန်သွားပြီ.. မနှစ်က မင်းဆီ ပို့လိုက်ပြီးတဲ့နောက်မှာ ထပ်ရှာကြည့်သေးတယ်.. ဒါပေမဲ့ အရေအတွက်က ပြောပလောက်အောင် မရှိတော့ဘူး.."
"မရှိလည်း ဘာမှ မဖြစ်ပါဘူး.. အလည် လာဖြစ် သွားတာပေါ့.."
ယန်ကျီဝမ်က ခွက်ကို မြှောက်ကာ...
"လာ.. ဦးလေး.. ကမ်ပေ့.. "
နှစ်ယောက်သား ခွက်တိုက်၍ မော့လိုက်ပြီးနောက် ချင်ယိုတဲက ...
"ကျီဝမ်.. တခြားပစ္စည်းတွေ ရော မယူဘူးလား.."
"ဦးလေးတို့ဆီမှာ ဘာတွေ ရှိလို့လဲ.."
ယန်ကျီဝမ်က သူ့ကို ကြည့်လိုက်သည် ။ ချင်ယိုတဲက လက်ကာပြကာ...
"သိပ်တော့ မရှိပါဘူး.. အလုပ်မရှိတုန်း တောကောင်တွေ ဖမ်းပြီး အသားခြောက် လုပ်ထားတာ.. အဲဒါတွေရော ယူမလားလို့ပါ.."
"ယူတာပေါ့.. ဘာလို့ မယူရမှာလဲ.. ဘယ်လောက်ရှိရှိ အကုန်ယူမယ်.."
အဝယ်တော်၏ တာဝန်က စား၍ ရသမျှ ဝယ်ယူရန်ပင် ။ အသားကောင်းဆိုလျှင် သူ စက်ရုံသို့ ပြန်မပို့ဘဲ အိမ်သို့ ယူသွားနိုင်သည် ။ တောကောင်သားက စားရခဲသည်ဖြစ်ရာ အနည်းငယ် မြည်းကြည့်ဖို့ ကောင်းပေလိမ့်မည် ။
"ဒါဆိုရင် ရိက္ခာနဲ့ လဲလို့ ရမလား.."
ချင်ယိုတဲက ထပ်မေးသည် ။
"လဲလို့ ရတာပေါ့.. အခုချက်ချင်းလဲလို့ ရတယ်.."
ယန်ကျီဝမ်က ခေါင်းညိတ်၍ ပြုံးလိုက်သည် ။ ယခုအချိန်တွင် ရိက္ခာသည် ပိုက်ဆံထက် ပို၍ တန်ဖိုးရှိသည် ။ ပိုက်ဆံရှိတိုင်း ရိက္ခာ ဝယ်မရပေ ။
"အလျင်မလိုပါဘူး.. ထမင်းစားပြီးမှ ပြောကြတာပေါ့.."
ချင်ယိုတဲက လက်ကာပြလိုက်သည် ။ အချိန်အနည်းငယ် ကွာခြားသည်က အရေးမကြီးပေ ။