အခန်း ၂၇၃
Vol. 27 Ch. 273
Chapter 273
~
အခန်း ၂၇၃ : ချင်ကျင်းရု ... " အစ်ကိုယန်.. ညီမကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးပါလား... "
~
" အဖေ...အစ်ကိုယန်.. ယုန်သား ကျက်ပြီနော်.. "
အရက် သောက်နေကြစဉ်မှာပင် ချင်ကျင်းရုက ယုန်သားဟင်း ချက်ပြီးသဖြင့် ပန်းကန်ထဲ ထည့်ယူလာသည် ။
" ကျီဝမ်.. မင်း အရင်စားနှင့်..ငါ ရွာလူကြီးနဲ့ ငါ့အစ်ကိုကို သွားခေါ်လိုက်ဦးမယ်.. အလာကျရင် ပစ္စည်းတွေ တစ်ခါတည်း ယူလာခဲ့ဖို့ပါ ပြောခဲ့ရမယ်.. "
ချင်ယိုတဲက ပြောပြီးသည်နှင့် နေရာမှထကာ ထွက်သွားလေသည် ။
ချင်ကျင်းရုသည် ဝင်ထိုင်လိုက်ပြီး ယန်ကျီဝမ်အတွက် အရက်ငဲ့ပေးလိုက်သည် ။ သူမ၏ မျက်နှာပေါ်တွင် စကားတစ်ခွန်းကို ပြောချင်နေသော်လည်း တုံ့ဆိုင်းနေသည့် ဟန်ပန်မျိုး ပေါ်လွင်နေသည် ။
ယန်ကျီဝမ်က ပြုံးလိုက်ပြီး ...
" ကျင်းရု.. မေးချင်တာရှိရင်လည်း မေးလေ..ငါတို့က သူစိမ်းတွေမှ မဟုတ်တာ.. "
ချင်ကျင်းရုက အနည်းငယ် ရှက်ရွံ့စွာဖြင့် ...
" တကယ်တော့ ဘာမှမဟုတ်ပါဘူး..ညီမ အစ်မ အခြေအနေ ဘယ်လိုရှိလဲ ဆိုတာလေး သိချင်လို့ပါ.. "
ကျားဒုံရွှီ ဆုံးပါးသွားသည့် သတင်းကို သူမ ကြားသိထားပြီး ဖြစ်သည် ။
ချင်ယိုချိုက်က သွားရန် ရည်ရွယ်ခဲ့သော်လည်း ပြီးခဲ့သည့်နှစ်က ကျားကျန်းရှီ၏ ဆက်ဆံပုံကို တွေးမိသွားပြီး သူတို့ဘက်ကလည်း အကြောင်းမကြားသည့်အတွက် မသွားဖြစ်ခဲ့ပေ ။
ဤသတင်းကိုပင် အခြားသူများထံမှ ကြားခဲ့ရခြင်း ဖြစ်၍ သူ၏ ရင်ထဲတွင် ဒေါသထွက်နေခဲ့သည် ။ သို့တိုင် သူ၏ သမီးဖြစ်သူကိုတော့ သနားနေဆဲဖြစ်ပြီး မျက်နှာပူသဖြင့်သာ သွားမကြည့်ခြင်း ဖြစ်သည် ။
ချင်ကျင်းရုသည် သူမ၏ ဦးလေးဖြစ်သူ သက်ပြင်းချနေသည်ကို တစ်ကြိမ်မက မြင်တွေ့ဖူး၍ ယခု ယန်ကျီဝမ် ရောက်လာခိုက် ကြုံကြိုက်သဖြင့် မေးပေးခြင်းပင် ။
" ချင်ဟွိုင်ရုလား.. "
ယန်ကျီဝမ်က ခဏတာ စဥ်းစားပြီးနောက် ပြုံး၍...
" ကောင်းတယ်..သူ အခု အတော်လေး အဆင်ပြေနေပါတယ်.. အခု သူတို့ မိသားစု အခြေအနေက သူ့ယောက်ျား အသက်ရှိနေတုန်းကထက်တောင် ပိုပြီး ကောင်းနေသေးတယ်.. "
" ဟင် .."
ချင်ကျင်းရု၏ မျက်နှာတွင် မေးခွန်း အမှတ်အသား အကြီးကြီး ပေါ်လာသည် ။
ယောက်ျား ဆုံးပါးသွားပြီးနောက် သူမ၏ အစ်မက စက်ရုံ အလုပ်ကို ဆက်ခံနိုင်သည်ဟု ကြားထားသော်ငြား ကလေးမွေးပြီးချိန်အထိ စောင့်ရဦးမည် မဟုတ်ပါလော ။ လက်ရှိအချိန်တွင် ဝင်ငွေဟူ၍ တစ်ပြားတစ်ချပ်မျှ မရှိ ။ မည်သို့ ပို၍ အဆင်ပြေနေသနည်း ။ သူမ ရှုပ်ထွေးသွားသည် ။
သို့သော် ယန်ကျီဝမ်က သူမကို လိမ်ညာမည် မဟုတ်သလို ထိုသို့ လိမ်ညာစရာ အကြောင်းလည်း မရှိပေ ။
ချင်ကျင်းရု ရှုပ်ထွေးနေသည်ကို မြင်သောအခါ ယန်ကျီဝမ်က ရှင်းပြလိုက်သည် ။
" သူ့မှာ ယောက်ျား မရှိတော့ဘူး ဆိုပေမယ့် အခု သူ့မိသားစုကို လုပ်ကျွေးနေတဲ့ ယောက်ျား နှစ်ယောက်တောင် ရှိတယ်လေ.. ဒါကြောင့် အရင်ကထက် အများကြီး ပိုအဆင်ပြေနေတာပေါ့.. "
ယီကျုံးဟိုင် အကြောင်းကို ထည့်မပြောလျှင်ပင် ရှာကျူး တစ်ယောက်တည်းက ကျားမိသားစုကို အစွမ်းကုန် ကူညီထောက်ပံ့ နေသည် ။ နေ့တိုင်း ထမင်းဘူး ယူလာပေးသည့်အပြင် ကျားမိသားစု၏ ရိက္ခာ အားလုံးကိုပါ ရှာကျူးက တာဝန်ယူပေးထားသည် ။ ထို့အပြင် သူ၏ လစာများကိုပါ ကျားမိသားစုကို အကုန်နီးပါး ချေးငှားထားပေးသေး၏ ။
ထို့ကြောင့် ကျားမိသားစု၏ အခြေအနေက ကျားဒုံရွှီ ရှိစဉ်ကထက်ပင် ပို၍ အဆင်ပြေနေလေသည် ။
" ယန်လေး.. မင်းပြောတာ တကယ်ပဲလား.. "
ချင်ကျင်းရု အံ့သြချိန်ပင် မရလိုက် ။ ဒေါသတကြီး အော်ဟစ်လိုက်သော အသံတစ်သံကို ထွက်ပေါ်လာသည် ။ သူတို့နှစ်ဦး လှည့်ကြည့်လိုက်ရာ ချင်ယိုတဲက ချင်ယိုချိုက်နှင့် ရွာလူကြီးကို ခေါ်လာလေသည် ။ စကားပြောလိုက်သူမှာ ချင်ဟွိုင်ရု၏ ဖခင်ဖြစ်သူ ချင်ယိုချိုက်ပင် ။
ချင်ယိုချိုက်က ခြံဝင်းထဲသို့ မည်းမှောင်နေသော မျက်နှာဖြင့် ဝင်လာပြီး ...
" ယန်လေး.. မင်း ခုနက ပြောတာတွေက တကယ်လား.. ဟွိုင်ရုက တကယ်ပဲ အဲ့ဒီလို အရှက်မရှိတဲ့ ကိစ္စမျိုးကို လုပ်ခဲ့တာလား.. "
ယန်ကျီဝမ်က ယောက်ျားနှစ်ယောက် သူမကို လုပ်ကျွေးနေသည် ဟု ပြောသည်ကို ကြားလိုက်ရသဖြင့် သူ အထင်လွဲသွားခြင်း ဖြစ်သည် ။ ချင်ယိုတဲ၏ မျက်နှာအမူကလည်း သိပ်မကောင်းလှပေ ။ ချင်ဟွိုင်ရုသည် သူ၏ တူမ ဖြစ်၍ ချင်ဟွိုင်ရုသာ ထိုကဲ့သို့ အရှက်ရစရာ ကိစ္စများကို လုပ်ခဲ့ပါက သူ၏သမီး အိမ်ထောင်ဖက် ရှာသည့်အခါတွင်ပါ ထိခိုက်မှု ရှိလာနိုင်သည် ။
ချင်ဟွိုင်ရုက ထိုသို့သော မိန်းမစားမျိုး ဖြစ်သည်ဟု သတင်းပြန့်သွားပါက ချင်မိသားစုမှ သမီးမိန်းကလေးများကို မည်သူက ယူရဲတော့မည်နည်း ။
" အာ.. ဦးလေး အထင်လွဲနေပြီ.. ကျွန်တော် ဆိုလိုတာက ကျားဒုံရွှီရဲ့ ဆရာနဲ့ သူ့ရဲ့ ညီအစ်ကိုလို ခင်ရတဲ့ သူငယ်ချင်းကို ပြောတာပါ.. "
ယန်ကျီဝမ် အလျင်အမြန် ရှင်းပြလိုက်ရသည် ။ သူ ချင်ကျင်းရုကို နောက်ပြောင်ရန်သာ ရည်ရွယ်ခဲ့သော်လည်း ချင်ယိုချိုက် ကြားသွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ ။
ချင်ဟွိုင်ရုသည် ရှာကျူးကို သူမ မိသားစုအတွက် ခိုင်းစားရန် ရည်ရွယ်ချက် ရှိနေသည် ဆိုပါသော်ငြား သူတစ်ပါးကို နောက်ကွယ်တွင် အတင်းပြောခြင်းမှာ ကိုယ်ကျင့်တရားနှင့် မညီပေ ။ ထို့အပြင် ချင်ဟွိုင်ရုသည် ယခုအချိန်အထိ ဘာမှ မလုပ်ရသေးပေ ။ သူ၏ စကားထဲမှ ကျားဒုံရွှီ၏ ညီအစ်ကိုလို ခင်ရသူ ဆိုသူမှာ သဘာဝကျကျပင် ရှာကျူးကို ရည်ညွှန်းခြင်း ဖြစ်သည် ။
ကျားဒုံရွှီ ဆုံးပါးသွားသည်မှာ မကြာသေးသော်လည်း ရှာကျူးက ကျန်ရစ်ခဲ့သော အမေ၊ ဇနီးနှင့် ကလေးများကို လုပ်ကျွေးနေသဖြင့် အကောင်းဆုံး ညီအစ်ကိုကောင်း ဟု သတ်မှတ်နိုင်ပေသည် ။
ယန်ကျီဝမ်၏ ရှင်းပြချက်ကို ကြားပြီးနောက်မှသာ ချင်ယိုချိုက်၏ မျက်နှာက အနည်းငယ် ပြန်လည် ကြည်လင်လာခဲ့သည် ။
လေထု အနည်းငယ် တင်းမာနေသည်ကို မြင်သောအခါ ချင်ယိုတဲက စကားလွှဲလိုက်သည် ။
" ရွာလူကြီး.. ရိက္ခာ လဲချင်တယ်ဆို.. ပစ္စည်းတွေ ကျီဝမ်ကို မြန်မြန် ပြလိုက်လေ.. "
" ဟေ..အေး.. ဟုတ်သားပဲ.. "
ရွာလူကြီးက သူ၏ ဆိုလိုရင်းကို နားလည်သဖြင့် အိတ်ကို ယန်ကျီဝမ် ရှေ့သို့ အမြန် ချပေးလိုက်သည် ။
ယန်ကျီဝမ်က ...
" လောစရာ မလိုပါဘူးဗျာ.. ဒီနေ့ ကျွန်တော် အရက်ကောင်းလေး ပါလာတယ်.. အတူတူ သောက်ကြတာပေါ့.. "
" နေပါစေတော့.. အိမ်မှာ ဟင်းတွေ ချက်ထားပြီးပြီ.. "
ရွာလူကြီးက ခေါင်းခါ၍ ငြင်းလိုက်သည် ။ သူ ကုန်းဆင်းရန် အားနာနေလေ၏ ။ ချင်ယိုချိုက်သည်လည်း ထိုနည်းတူစွာပင် ။
ယန်ကျီဝမ်က အတင်းအကျပ် မတိုက်တွန်းတော့ပေ ။ အရောင်းအဝယ် ကိစ္စများ ပြီးစီးသွားသောအခါ ရွာလူကြီးနှင့် ချင်ယိုချိုက်တို့ ပြန်သွားကြသည် ။
ယန်ကျီဝမ်က ယုန်သားကို တစ်လုတ် မြည်းကြည့်လိုက်ပြီးနောက်...
" အင်း.. အရသာရှိလိုက်တာ.. ကျင်းရု မင်းရဲ့ လက်ရာက တကယ်မဆိုးဘူးပဲ.. နောင်ကျရင် ဘယ်ကောင်များ ကံကောင်းသွားမလဲ မသိဘူး .."
ချင်ကျင်းရု၏ မျက်လုံးများ အရောင်လက်သွားပြီး မျက်နှာရဲရဲလေးဖြင့် တိုးတိုးလေး မေးလိုက်သည် ။
" အစ်ကိုကျီဝမ်.. ဒါဆို ကျွန်မကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးနိုင်မလားဟင် .."
ယန်ကျီဝမ်သည် အိမ်ထောင်ကျပြီးသား ဖြစ်ရာ သူမ မျှော်လင့်ချက် မရှိတော့ပေ ။ သို့သော် အခြားသူများ ရှိနေသေးသည် ။
ချင်ကျင်းရုသည် ကျေးလက်ရှိ ဆင်းရဲဒုက္ခများကို ကြောက်လန့်နေပြီ ဖြစ်ကာ မြို့ပေါ်သို့ အိမ်ထောင်ပြုပြီး နိုင်ငံတော်က ခွဲဝေပေးသည့် ရိက္ခာ ကိုသာ စားချင်နေမိသည် ။
သူမ ဤကဲ့သို့ အတွေးဝင်နေသည် ကလည်း ချင်ဟွိုင်ရု အိမ်ပြန်လာတိုင်း သူမ မည်မျှ အဆင်ပြေကြောင်း အမြဲတမ်း ကြွားဝါလေ့ရှိသောကြောင့်ပင် ။
ပြီးခဲ့သည့်အကြိမ် ချင်ကျင်းရု ခြံဝင်းသို့ သွားခဲ့စဉ်က ချင်ဟွိုင်ရု ကြွားဝါနေခြင်းသာ ဖြစ်ကြောင်းကို တွေ့ရှိခဲ့ရသော်လည်း၊ ယန်ကျီဝမ်နှင့် သိကျွမ်းပြီးနောက်ပိုင်းတွင်မူ သူမ၏ အစ်မ အခြေအနေမျိုးမှာ အနည်းငယ်မျှသာ ရှိသည်ဟု သူမ ယူဆထားမိသည် ။
ယန်ကျီဝမ် ထိုစကားကို ကြားလျှင် ဆွံ့အ သွားလေတော့သည် ။
ဤကလေးမ က မခေ ။ အသက် ၁၅ နှစ်ပင် မပြည့်သေးသော်လည်း အိမ်ထောင်ဖက် ရှာပေးရန် ရဲရဲဝံ့ဝံ့ တောင်းဆို နေချေပြီ ။
ဤအသက်အရွယ်မျိုးဖြင့် တောရွာများတွင် အိမ်ထောင်ကျသွားသူ အတော်များများ ရှိသည် ဆိုသော်ငြား ယန်ကျီဝမ် အတွက်တော့ အတော်လေး ငယ်လွန်းနေသေးသည် ။
" ကျင်းရု... "
ယန်ကျီဝမ် ဘာမှ မပြောရသေးခင် ချင်ယိုတဲက သဘောမကျဟန်ဖြင့် ငေါက်လိုက်သည် ။
သူ အနည်းငယ် ရှက်သွားလေ၏ ။ မိန်းကလေး တစ်ယောက်က လူစိမ်းတစ်ဦးအား အိမ်ထောင်ဘက် ရှာပေးရန် ပြောရိုးထုံးစံ အဘယ်မှာ ရှိပါအံ့နည်း ။ ဤစကားမျိုးကို အဖေ ဖြစ်သော သူကိုယ်တိုင် ပြောရမည်ဖြစ်သည် ။
သူက ယန်ကျီဝမ်ကို အလျင်အမြန် ရှင်းပြလိုက်သည် ။
" ကျီဝမ်.. ကလေးမက နားမလည်လို့ပါ.. မင်း စိတ်ထဲ မထားပါနဲ့.. "
ချင်ကျင်းရုက နှုတ်ခမ်း စူလိုက်ပြီး သိပ်မပျော်ရွှင်တော့သည့်ဟန် ပေါ်သွားသည် ။ သူမ တွေးထားသည်က ယန်ကျီဝမ်သည် စက်ရုံကြီးတစ်ခုတွင် အလုပ်လုပ်နေသူ ဖြစ်၍ သိကျွမ်းသူများ မနည်းလှချေ ။ သူမအတွက် ကောင်းမွန်သည့် လူတစ်ယောက်ကို မိတ်ဆက်ပေးနိုင်မည်မှာ သေချာသည် ။
ယန်ကျီဝမ်က ခေါင်းခါရင်း...
" ရပါတယ် ဦးလေးရဲ့.. ကျင်းရုလည်း အဆင်ပြေပြေ နေချင်လို့ပါ.. ဒါက လူ့သဘာဝပါပဲ..."
' အစ်ကိုယန်ကမှ ငါ့ကို နားလည်ပေးတာ ..'
ချင်ကျင်းရု ထိုစကားကို ကြားသောအခါ အလွန် ဝမ်းသာသွားသည် ။ သက်တောင့်သက်သာ ဘဝကို ဖြတ်သန်းချင်သည့် ဆန္ဒကြောင့်သာ မဟုတ်လျှင် သူမ မျက်နှာပူခံပြီး မေးမည် မဟုတ်ပေ ။
ယန်ကျီဝမ်က ပြုံးလိုက်ပြီး...
" ကျင်းရု မလောပါနဲ့ဦး.. ငါတို့ မြို့ပေါ်မှာ အိမ်ထောင်ပြုရင် အသက် ၁၈ နှစ်ပြည့်တဲ့အထိ စောင့်ရတယ်.. နောက်ထပ် နှစ်နည်းနည်းလောက် ကြာရင် ငါ မင်းအတွက် ကြည့်ပေးမယ်.. သင့်တော်တဲ့သူ ရှိရင် မိတ်ဆက်ပေးမယ်လေ.. "
" ဒါဆို အစ်ကိုယန် မေ့မသွားနဲ့နော်.. "
ချင်ကျင်းရု ဝမ်းသာသွားပြီး ထပ်မံ သတိပေးဖို့လည်း မမေ့ချေ ။
ချင်ယိုတဲ ခေါင်းကိုက်သွား၏ ။ သူ၏ သမီး ဖြစ်သူမှာ အိန္ဒြေ ဟူ၍ တစ်စက်ကလေးမျှ မရှိ ။ သို့သော် ကောင်းသည့်ကိစ္စဟု တွေးမိကာ သူက ယန်ကျီဝမ်ကို ကျေးဇူးတင်စွာဖြင့် ...
" ကျီဝမ်.. ဒါဆိုရင်တော့ မင်းကို ဒုက္ခပေးရတော့မယ်.. ဒါပေမယ့် ရှာမတွေ့လည်း ကိစ္စမရှိပါဘူး.. တတ်နိုင်သလောက်လေး လုပ်ပေးပေါ့ကွာ .."
မြို့သားများသည် ပုံမှန်အားဖြင့် ကျေးလက်မှ ရွာသူများကို လက်တွဲဖော် ရှာလေ့မရှိကြောင်း သူ သိထားသည် ။ ကလေးများက မိခင်၏ အိမ်ထောင်စုစာရင်း နောက်ကိုသာ လိုက်ရသည် မဟုတ်ပါလော ။ ကျေးလက်မှ ဇနီးကို ယူလိုက်ပါက ဝန်ထုပ်ဝန်ပိုးများစွာ တိုးလာသည်နှင့် အတူတူပင် ။ သာမန်လူများက ဤကဲ့သို့ လုပ်မည် မဟုတ်ပေ ။
ကျန်းဝေ့ကောနှင့် ကျားဒုံရွှီတို့လို လူမျိုး အနည်းငယ်သာ ရှိသည် ။ ကျန်းဝေ့ကောသည် ကိုယ်လက်အင်္ဂါ မသန်စွမ်း၍ ဖြစ်ပြီး ကျားဒုံရွှီသည်တော့ သူ၏ မိခင်ဖြစ်သူက တင်တောင်းငွေကို နှမြောသောကြောင့်သာ ဖြစ်သည် ။
ယန်ကျီဝမ်က ခေါင်းညိတ်လိုက်ပြီး...
" ကျွန်တော် သတိထား ကြည့်ပေးပါ့မယ်.. "