အခန်း ၂၇၄
Vol. 27 Ch. 274
Chapter 274
~
အခန်း ၂၇၄ : ရမှတ် နှစ်ထောင်တန် ပန်းအိုး
~
ယန်ကျီဝမ်က သူ၏ ခြေရင်းနားရှိ ဂုံနီအိတ်ကို တစ်ချက် ကြည့်လိုက်သည် ။ အိတ်ထဲတွင် ကြွေထည် ဆယ်ခုပင် မပြည့်ဘဲ အချို့မှာ အကောင်းပကတိပင် မဟုတ်ချေ ။
ဤတစ်ခေါက် နယ်ဆင်းရသည့် ရလဒ်အပေါ် သူ သိပ်ပြီး သဘောမကျလှ ။
" ဦးလေးချင် .. အနီးအနားက ရွာတွေမှာရော ဒီလို ကြွေထည်ပစ္စည်းမျိုးတွေ ရှိသေးလား .. "
ယန်ကျီဝမ်က ချင်ယိုတဲ၏ ခွက်ထဲသို့ အရက် ထပ်ငှဲ့ပေးရင်း ခပ်ပေါ့ပေါ့ပင် မေးလိုက်သည် ။
" ကျီဝမ် .. မင်းက ဒီပစ္စည်းတွေကို တကယ်ပဲ သဘောကျတာကိုး .. "
ချင်ယိုတဲက သက်ပြင်းချကာ ပြောလိုက်သည် ။
တခြားလူများ ဝမ်းဝအောင်ပင် မနည်း စားနေရချိန်တွင် ဤလူငယ်လေးသည်တော့ အစားအသောက်များကို အသုံးပြုပြီး အသုံးမဝင်သောပစ္စည်းများနှင့် လဲလှယ်နေလေသည် ။ သူ တကယ်ပင် နားမလည်နိုင်တော့ ။
ဤပစ္စည်းများက စား၍မရသလို အချို့ဆိုလျှင် အသုံးပြု၍ပင် မရချေ ။ အလှကြည့်ရုံ သက်သက်သာဖြစ်ပြီး သူ ဘာလုပ်ရန် ယူနေမှန်း မသိပေ ။ နောက်ဆုံးတွင်တော့ မြို့ပေါ်မှ လူများ၏ တွေးခေါ်ပုံက သူတို့နှင့် မတူညီ၍သာ ဖြစ်မည်ဟု သတ်မှတ်လိုက်ရတော့သည် ။
သို့သော်လည်း ကြွေထည်တစ်ခုကို ပြောင်းဖူးမှုန့်ကျင်း ဆယ်ဂဏန်းမှ ရာဂဏန်းအထိ ပေးပြီး လဲလှယ်နိုင်ကြောင်းကိုသာ သူ သိသွားပါက မည်သို့ တွေးမိမည် မသိချေ ။ သေချာသည်ကတော့ ဤအရောင်းအဝယ်မှာ နှစ်ဦးနှစ်ဖက် သဘောတူညီမှုဖြင့် လုပ်ဆောင်ခြင်းဖြစ်ရာ ယန်ကျီဝမ်က သူတို့ကို လိမ်လည်နေခြင်းဟုတော့ ဆို၍ မရနိုင် ။
ယန်ကျီဝမ်က အသာပြုံးလိုက်သော်လည်း ဘာမှ ပြန်မပြော ။ သူ မည်သို့ သဘောမကျဘဲ နေမည်နည်း ။ ဤအရာများ အားလုံးက ရမှတ်များ ဖြစ်ပေသည် ။
နယ်မဆင်းလာခင်က တခြားရွာများကို သွားရောက် စုံစမ်းရန် သူ တွေးခဲ့သေးသည် ။ သို့သော် နေရာစိမ်းဖြစ်နေသဖြင့် ချင်မိသားစုရွာသို့ အရင်လာရောက် စုံစမ်းခြင်းဖြစ်ပြီး သူတို့ တစ်ခုခု သိကောင်း သိနိုင်မည်ဟု တွေးခဲ့ခြင်းပင် ။ သူ တစ်ယောက်တည်း ရမ်းသန်း သွားလာနေရသည်ထက်တော့ ပိုကောင်းပေသည် ။
" အစ်ကိုယန် .. ဘယ်မှာရှိလဲဆိုတာ ညီမ သိတယ် .. "
ထိုအချိန်တွင် ချင်ကျင်းရုက လက်ကလေးကို အသာမြှောက်ကာ ဝင်ပြောလိုက်သည် ။
" တကယ်လား .. "
ယန်ကျီဝမ်က အံ့ဩဝမ်းသာစွာဖြင့် သူမကို ကြည့်လိုက်သည် ။
ချင်ယိုတဲက ဝင်ရောက် ဆူပူလိုက်၏ ။
" ကျင်းရု .. နင် ဘာတွေ လျှောက်ပြောနေတာလဲ .. ရွာထဲက ပုလင်းတွေ ခွက်တွေ အားလုံး ကျီဝမ်ကို ပေးလိုက်ပြီပဲ .. ဘယ်မှာ ရှိတော့လို့လဲ .. "
ဤသည်က အမှန်ပင် ဖြစ်သည် ။ အကယ်၍ ရွာထဲတွင် ရှိနေသေးလျှင် ယန်ကျီဝမ်ထံသို့ ယူလာပြီး အစားအသောက်များနှင့် လာလဲကြပေလိမ့်မည် ။
ချင်ကျင်းရုက နှုတ်ခမ်းဆူကာ ...
" သမီး ..ပြောတာ လျှိုမိသားစုရွာကို ပြောတာပါ .. ကိုယ့်ရွာအကြောင်း ပြောတာမှ မဟုတ်တာ .. "
ချင်ယိုတဲ တစ်ချက် ကြောင်အသွားပြီးနောက် ခဏတာ ငြိမ်သက်သွားကာ ...
" လျှိုမိသားစုရွာမှာတော့ တကယ် ရှိကောင်း ရှိနိုင်တယ် .. "
" ဦးလေးချင် .. အခြေအနေကို နည်းနည်းလောက် ရှင်းပြပါဦး .. "
ယန်ကျီဝမ် ချက်ချင်းပင် စိတ်ဝင်စားသွားတော့သည် ။
ချင်ယိုတဲက အရက်တစ်ငုံ သောက်လိုက်ပြီး ဖြည်းညင်းစွာ ရှင်းပြသည် ။
" လျှိုမိသားစုရွာက ငါတို့ရွာနဲ့ သိပ်မဝေးဘူး .. ဆယ်လီကျော်ကျော်လောက်ပဲ ဝေးတာ .. ကျင်းရုရဲ့ အမေက လျှိုမိသားစုရွာကလေ .. အဲဒီရွာမှာ အရင်တုန်းက ချမ်းသာခဲ့တဲ့ မိသားစု တစ်စု ရှိတယ် .. တကယ်လို့ သူတို့ဆီမှာ ပစ္စည်းကောင်းတွေ ကျန်နေသေးရင်တော့ အတော်ပဲ .. "
' ချမ်းသာခဲ့တယ် ဟုတ်လား .. '
ချင်ယိုတဲက ပွင့်ပွင့်လင်းလင်း မပြောသော်လည်း ယန်ကျီဝမ်ကတော့ သဘောပေါက်လိုက်သည် ။ အရင်တုန်းက လျှိုမိသားစုရွာတွင် မြေရှင်သူဌေးများ ရှိခဲ့ဖူးပုံရပေသည် ။ ယခုခေတ်တွင် လူတန်းစား ခွဲခြားမှုကို အလွန် အလေးထားသဖြင့် ချင်ယိုတဲက ထိုအကြောင်းကို ထုတ်ပြောရန် ဝန်လေးနေခြင်းပင် ။
အကယ်၍ ထိုအတိုင်းသာ အမှန်ဆိုလျှင် ထိုနေရာတွင် ပစ္စည်းကောင်းများ တကယ် ရှိနိုင်ပြီး သာမန် ပစ္စည်းမျိုးဖြစ်မည် မဟုတ်ချေ ။ ထိုသို့ တွေးမိသည်နှင့် ယန်ကျီဝမ်က စိတ်မရှည်နိုင်တော့ဘဲ ...
" ဦးလေးချင် .. ကျွန်တော့်ကို အဲဒီကို လိုက်ပို့ပေးလို့ ရမလား .. စိတ်ချပါ လိုက်ပို့ပေးရုံနဲ့တင် အဆင်မပြေခဲ့ရင်တောင် ပြောင်းဖူးမှုန့် ဆယ်ကျင်း ပေးပါ့မယ် .. "
ချင်မိသားစုတွင် စားနပ်ရိက္ခာ လိုအပ်နေသည်ဖြစ်၍ ချင်ယိုတဲက အားနာမနေတော့ဘဲ မေးလိုက်သည် ။
" အခု ချက်ချင်း သွားမှာလား .. "
အကယ်၍ သာမန်အချိန်ဆိုလျှင် သူ အလကား လိုက်ပို့ပေးမည် ဖြစ်သော်လည်း ယခုအချိန်တွင် မိသားစုတစ်ခုလုံး ငတ်နေကြသဖြင့် မျက်နှာပူနေ၍ မဖြစ်တော့ချေ ။
" အခု ချက်ချင်း သွားကြတာပေါ့ .. "
ယန်ကျီဝမ်က သုံးဘီးစက်ဘီးကို နင်းကာ ချင်ယိုတဲကို တင်ပြီး ထွက်လာခဲ့တော့သည် ။
...
တစ်နာရီကျော် ကြာပြီးနောက်....
ယန်ကျီဝမ်နှင့် ချင်ယိုတဲတို့ လျှိုမိသားစုရွာသို့ ရောက်ရှိလာကြသည် ။ အဓိကအားဖြင့် လမ်းအခြေအနေ သိပ်မကောင်းသဖြင့်သာ ကြာသွားခြင်းဖြစ်ပြီး မဟုတ်လျှင် ဤမျှကြာမည် မဟုတ်ပေ ။
ရွာထဲသို့ မဝင်ခင်မှာပင် ချင်ယိုတဲက ခြံဝန်းတစ်ခုကို လက်ညှိုးထိုးပြကာ ပြောလိုက်သည် ။
" အဲဒီနေရာက လျှိုဖူကွေ့ရဲ့ အိမ်ပဲ .. အရင်တုန်းကတော့ အဲဒီအနားမှာ နေတဲ့သူတွေ အများကြီးပဲ .. ဒါပေမဲ့ နောက်ပိုင်းကျတော့ သူ့မိသားစုရဲ့ လူတန်းစား နောက်ခံကို ရွံကြလို့ တခြားတစ်ဖက်ကို ပြောင်းသွားကြတာ .. "
ယန်ကျီဝမ်က ခေါင်းညိတ်လိုက်ပြီး ချင်ယိုတဲနှင့်အတူ ခြံဝန်းဆီသို့ လျှောက်သွားလိုက်သည် ။ ခြံဝန်းရှေ့သို့ ရောက်သောအခါ ယန်ကျီဝမ်က တစ်ချက် အကဲခတ်လိုက်သည် ။
ခြံဝန်းက အတော်လေး ကျယ်ဝန်းပြီး အတွင်း၌ အိမ်ခန်းများစွာ ရှိကာ အရင်က အလွန် ချမ်းသာခဲ့ပုံပေါ်သည် ။ ယခုအချိန်တွင် အခြေအနေ မကောင်းတော့သော်လည်း သူတို့ထံ၌ တန်ဖိုးကြီး ပစ္စည်းကောင်းများ ကျန်ရှိနေနိုင်သေးသည် ။
ယန်ကျီဝမ် ပေးလိုက်သည့် ရိက္ခာ ဆယ်ကျင်း အလကား မဖြစ်စေရန် ချင်ယိုတဲက ရှေ့ထွက်ကာ တံခါးခေါက်လိုက်သည် ။
" လျှိုဖူကွေ့ .. အိမ်မှာ ရှိလား .. "
" ဘယ်သူလဲ .. "
ခဏအကြာတွင် အတွင်းမှ အားနည်းသော အသံတစ်သံ ထွက်ပေါ်လာသည် ။ ထို့နောက် တံခါးပွင့်လာပြီး ဖြူဖျော့ဖျော့ မျက်နှာနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ပေါ်လာ၏ ။
သူ၏ မျက်နှာက အာဟာရပြတ်နေသည့် ပုံပေါ်ကာ အလွန် ပိန်လှီနေပြီး ဤခြံဝန်းကြီးနှင့် လုံးဝ လိုက်ဖက်မှု မရှိချေ ။ သို့သော် သူက ဤခြံဝန်း၏ ပိုင်ရှင် လျှိုဖူကွေ့ အစစ်ပင် ဖြစ်လေသည် ။ လျှိုဖူကွေ့က ယန်ကျီဝမ်တို့ နှစ်ယောက်ကို အကဲခတ်ကြည့်ပြီးနောက် မျက်မှောင်ကြုတ်ကာ မေးလိုက်သည် ။
" ခင်ဗျားတို့က ဘယ်သူတွေလဲ .. "
ချင်ယိုတဲက ပြန်ဖြေလိုက်သည် ။
" ငါက ချင်ယိုတဲလေ .. မင်းတို့ လျှိုမိသားစုရွာက သမက်ပေါ့ .. လျှိုကွေ့ဟွာရဲ့ ယောက်ျားကို မှတ်မိလား .. "
လျှိုဖူကွေ့က ခဏတာ စဉ်းစားလိုက်ပြီးမှ မှတ်မိသွားပုံဖြင့် ..
" ဪ .. ချင်မိသားစုရွာကပဲ .. ကျွန်တော် မှတ်မိပါပြီ .. "
သူက သံသယဖြင့် ထပ်မေးလိုက်သည် ။
" ခင်ဗျားတို့ ဘာကိစ္စ ရှိလို့လဲ .. "
ချင်ယိုတဲက ယန်ကျီဝမ်ဘက်သို့ လှည့်ကြည့်လိုက်သည် ။ ယန်ကျီဝမ်က သဘောပေါက်စွာဖြင့် ရှေ့သို့ တိုးလာပြီး ...
" မင်္ဂလာပါ ရဲဘော် .. ခင်ဗျားတို့ဆီမှာ ရှေးဟောင်းပစ္စည်းလေးတွေ ရှိတယ်လို့ ဦးလေးချင်က ပြောလို့ပါ .. ကျွန်တော့်ကို ရောင်းပေးနိုင်မလား .. "
လျှိုဖူကွေ့ ထိုစကားကို ကြားသည်နှင့် မျက်နှာပျက်သွားကာ အေးစက်စက် အသံဖြင့် ...
" မရှိဘူး .. ခင်ဗျားတို့ လူမှားနေပြီ .. "
"ဒိုင်း .."
ပြောပြီးသည်နှင့် တံခါးကို ပိတ်ချလိုက်တော့သည် ။
ယန်ကျီဝမ်နှင့် ချင်ယိုတဲတို့ ဆွံ့အသွားကြ၏ ။ ချင်ယိုတဲက အားနာစွာဖြင့် ..
" ဒီလို ဖြစ်သွားမယ်လို့ ငါလည်း မထင်ထားဘူး .. "
" ရပါတယ် .. "
ယန်ကျီဝမ်က ခေါင်းခါပြလိုက်သည် ။ တစ်ဖက်လူက တစ်ခုခုကို အထင်လွဲသွားခြင်းလည်း ဖြစ်နိုင်သည် ။ သူတို့မိသားစု၏ နောက်ခံ အခြေအနေ မကောင်းသဖြင့် ရွာထဲမှ လူများ၏ အနိုင်ကျင့်ခြင်းကို အမြဲ ခံနေရပုံရသည် ။
သူတို့က ရုတ်တရက် ရောက်လာပြီး ဤပစ္စည်းများအကြောင်း မေးလိုက်သဖြင့် လျှိုဖူကွေ့က တစ်ခုခု အထင်လွဲသွားခြင်း ဖြစ်နိုင်သည် ။ သို့သော် အတိအကျ ဘာဖြစ်သည်ကိုတော့ ယန်ကျီဝမ်လည်း စဉ်းစား၍ မရပေ ။
အချည်းနှီး အချိန်ကုန်သွားရုံသာ ရှိတော့သည် ။
သူတို့နှစ်ယောက် လှည့်ပြန်ရန် ပြင်လိုက်စဉ် တံခါးက ထပ်မံ ပွင့်လာပြီး သူတို့ကို လှမ်းခေါ်လိုက်သည် ။
" ခဏနေပါဦး .. "
ယန်ကျီဝမ် အံ့ဩစွာဖြင့် လှည့်ကြည့်လိုက်ရာ လျှိုဖူကွေ့၏ အနောက်တွင် ဖြူရော်နေသော မျက်နှာနှင့် အမျိုးသမီးတစ်ဦး ရပ်နေပြီး သူမ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ငါးနှစ် ခြောက်နှစ်အရွယ် ကလေးနှစ်ယောက်ကို လက်ဆွဲထားသည်ကို တွေ့လိုက်ရသည် ။ ကလေးနှစ်ယောက်မှာလည်း အာဟာရပြတ်နေသည့် ပုံပေါ်ကာ ပိန်ချုံးနေပြီး ငတ်မွတ်နေကြောင်း သိသာလှသည် ။
လျှိုဖူကွေ့က ကျောဘက်မှ ပန်းအိုးတစ်လုံးကို ထုတ်ယူလာပြီး ..
" ဒါကိုရော ခင်ဗျား ယူမလား .. "
အမှန်တော့ အရင်က လျှိုမိသားစု၏ ပစ္စည်းများမှာ အစိုးရထံ အပ်နှံလိုက်ရခြင်း သို့မဟုတ် လုယက်ခံလိုက်ရခြင်းများသာ ဖြစ်ခဲ့သည် ။ အိမ်တွင် ဘိုးဘွားစဉ်ဆက် အမွေအဖြစ် ကျန်ရှိနေသော ပစ္စည်းကောင်း အနည်းငယ်ကိုတော့ သူ ဖွက်ထားခဲ့၏ ။ ဘဝက မည်မျှပင် ခက်ခဲနေပါစေ သူ ရောင်းဖို့ မစဉ်းစားခဲ့ပေ ။
သို့သော် သူ၏ ဇနီးနှင့် သမီးများ၏ အခြေအနေကို မြင်သောအခါတွင်တော့ သူ၏ ဂုဏ်သိက္ခာကို ဘေးဖယ်ထားလိုက်ရတော့သည် ။
ပစ္စည်းတွေ ဘယ်လောက်ကောင်းကောင်း လူမရှိတော့လျှင် သိမ်းထား၍ ဘာအဓိပ္ပာယ် ရှိမည်နည်း ။ မြေကြီးထဲ အတူတူ မြှုပ်ပစ်ရုံသာ ရှိမည် မဟုတ်လော ။
မြို့ပေါ်သို့ သူ သွားရောင်းဖူးသည် ။ သို့သော် တစ်ဖက်လူ ပေးသော စျေးနှုန်းကို သဘောမကျခဲ့ပေ ။ ထို့အပြင် သူ့အတွက် ငွေက အသုံးမဝင်ဘဲ စားနပ်ရိက္ခာကိုသာ အလိုရှိခြင်း ဖြစ်သည် ။
ဤသည်ကလည်း သဘာဝကျလှသည် ။ ရှေးဟောင်းပစ္စည်းများမှာ နောင်တစ်ချိန်တွင် တန်ဖိုးကြီးလာနိုင်သော်လည်း ယခုလို ငတ်မွတ်ခေါင်းပါးနေချိန်တွင်တော့ ရိက္ခာ အနည်းငယ်လောက်ပင် တန်ဖိုးမရှိချေ ။ စားစရာ တစ်လုပ်က လူ့အသက်ကို ကယ်တင်နိုင်သည် မဟုတ်လော ။
ပန်းအိုးပေါ်ရှိ ပန်းကနုတ် အဆင်တန်ဆာများက အလွန် လှပပြီး သာမန်မဟုတ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ရာ ယန်ကျီဝမ်လည်း ချက်ချင်းပင် သဘောကျသွားတော့သည် ။
သူက မေးလိုက်သည် ။
" ကျွန်တော် တစ်ချက် ကိုင်ကြည့်လို့ ရမလား .. "
လျှိုဖူကွေ့က သိပ်ပြီး စိတ်မပါလှသော်လည်း ပန်းအိုးကို ကမ်းပေးလိုက်သည် ။
" ကျေးဇူးပါပဲ .. "
ယန်ကျီဝမ်က ကျေးဇူးတင်စကား ဆိုလိုက်ပြီး စနစ်၏ ပြန်လည်အသုံးပြုခြင်း လုပ်ဆောင်ချက်ကို အသုံးပြု၍ စစ်ဆေးကြည့်လိုက်သည် ။
မကြာမီမှာပင် သူ၏ မျက်လုံးများ ပြူးကျယ်သွားတော့သည် ။
အကြောင်းမှာ ဤပန်းအိုးအတွက် စနစ်က သတ်မှတ်ပေးသော ရမှတ်မှာ နှစ်ထောင်တိတိ ဖြစ်နေသောကြောင့်ပင် ။
ချင်မိသားစုရွာတွင် သူ စုဆောင်းခဲ့သော ပစ္စည်းများထဲမှ အမြင့်ဆုံး ရမှတ်မှာ တစ်ရာသာ ရှိခဲ့သည်ကို သိထားရမည် ။ ရမှတ်များ၏ ဝယ်ယူနိုင်စွမ်းမှာ အလွန် မြင့်မားပြီး ရမှတ် တစ်မှတ်လျှင် ပြောင်းဖူးမှုန့် ဆယ်ကျင်းသို့မဟုတ် ဝက်သား တစ်ကျင်း လဲလှယ်နိုင်ပေသည် ။ ရမှတ် နှစ်ထောင်ဆိုလျှင် ပြောင်းဖူးမှုန့်ချည်း သီးသန့် တွက်မည်ဆိုပါက ကျင်း နှစ်သောင်းအထိ လဲလှယ်နိုင်မည် ဖြစ်သည် ။
' တကယ့်ကို အံ့သြစရာပဲ.. ဒါမျိုးမှ တကယ့် ရှေးဟောင်းပစ္စည်း အစစ်အမှန်လို့ သတ်မှတ်နိုင်တာပဲ .. '