အခန်း ၂၇၅
Vol. 27 Ch. 275
Chapter 275
~
အခန်း ၂၇၅ : ယွမ်ခေတ် ကြွေပန်းအိုး အပြာ ရရှိခြင်း
~
" ရဲဘော်.. ဘယ်လောက်နဲ့ ရောင်းဖို့ စဥ်းစားထားလဲ .. "
ယန်ကျီဝမ်က ရင်ထဲက စိတ်လှုပ်ရှားမှုကို ဖိနှိပ်ရင်း မေးလိုက်သည် ။
စနစ်က ဤပန်းအိုး၏ မူလဇာစ်မြစ်ကို ဖော်ပြပေးခဲ့သည် ။ ယွမ်ခေတ် ကြွေပန်းအိုး အပြာ ။ ယွမ်မင်းဆက်ခေတ်က အပြာရောင် ကြွေပန်းအိုး ဖြစ်သည် ။ ဤမျှ တန်ဖိုးကြီးနေသည်မှာ အံ့သြစရာ မဟုတ်ချေ ။ ဤမျှ ကောင်းမွန်စွာ ထိန်းသိမ်းထားသော ယွမ်ခေတ် ကြွေပန်းအိုး အပြာမှာ နောင်ခေတ်များတွင် လေလံပွဲ၌ ကြောက်မက်ဖွယ်ကောင်းသော ဈေးနှုန်းဖြင့် ရောင်းချရပေမည် ။ ဤတစ်ခေါက် လာရသည်မှာ တန်သွားလေပြီ ။
သို့သော် သူက အရမ်းသိသာအောင် မပြရဲ ။ ဤပစ္စည်းကို လက်ထဲ မရသေးသရွေ့ သူ စိတ်ချနိုင်မည် မဟုတ်ချေ ။
လျှိုဖူကွေ့က သူ၏ ဇနီးနှင့် သမီးများကို လှည့်ကြည့်လိုက်ပြီး ခေါင်းခါကာ..
" ကျုပ် ပိုက်ဆံ မလိုချင်ဘူး.. ရိက္ခာပဲ လိုချင်တယ် .. "
မိသားစု အခြေအနေ မကောင်းသဖြင့် မှောင်ခိုဈေးမှလွဲ၍ ပိုက်ဆံရှိလျှင်ပင် စားနပ်ရိက္ခာ ဝယ်၍မရချေ ။ စားနပ်ရိက္ခာကသာ အရေးအကြီးဆုံး ဖြစ်သည် ။ သူ ထိုမျှလောက် မတုံးအပေ ။
" ရပါတယ် .. "
ယန်ကျီဝမ်က ခေါင်းညိတ်လိုက်ပြီး..
" ခင်ဗျား ရိက္ခာ ဘယ်လောက် လိုချင်လဲ .. "
လျှိုဖူကွေ့က အရင်က ချမ်းသာသော မိသားစုမှ ကလေးဖြစ်ခဲ့ဖူးရာ ဗဟုသုတ မနည်းလှချေ ။ ယန်ကျီဝမ် ဤပန်းအိုးကို အလွန်သဘောကျနေကြောင်း သူ မြင်သည် ။ သူ ခဏတာ တိတ်ဆိတ်သွားပြီးနောက် အံကြိတ်ကာ...
" ကျုပ် ရိက္ခာ ကျင်းတစ်ရာ လိုချင်တယ် .. "
တကယ်တော့ သူ မှောင်ခိုဈေးသို့ သွားမေးကြည့်ပြီးဖြစ်သည် ။ သို့သော် တစ်ဖက်လူက အများဆုံး ကျင်း သုံးဆယ်သာ ပေးပြီး ၎င်းမှာလည်း ပြောင်းဖူးမှုန့်သာ ဖြစ်သည် ။ နည်းလွန်းသည်ဟု ထင်သဖြင့် သူ မရောင်းခဲ့ပေ ။ ဤဈေးနှုန်းက အနည်းငယ် မြင့်နေကြောင်း သူ သိသည် ။ သို့သော် ဇနီးနှင့် သမီးများအတွက် သူ ဘာမှ ဂရုမစိုက်နိုင်တော့ ။
" လျှိုဖူကွေ့.. မင်း ဓားပြတိုက်နေတာလား .. "
ယန်ကျီဝမ် စကားမပြောရသေးခင်မှာပင် ချင်ယိုတဲက မနေနိုင်ဘဲ ဝင်ပြောလိုက်သည် ။ သူက စကားမပြောနိုင်တော့ဘဲ ဆက်၍...
" မင်းရဲ့ ဒီပစ္စည်းက အများဆုံး ရိက္ခာကျင်း နှစ်ဆယ် သုံးဆယ် လောက်ပဲတန်တာ.. မင်းက ကျင်း တစ်ရာတောင် တောင်းရဲတယ်ပေါ့ .. "
သူတို့ဆီမှာ ကြွေထည် ပစ္စည်းများပင် ရိက္ခာ ဆယ်ကျင်းသာ ရသည် ။ သို့သော် ဤ လျှိုဖူကွေ့က ပန်းအိုးတစ်လုံးကို ကျင်းတစ်ရာ တောင်းနေ၏ ။ တခြားလူများကို အရူးများဟု ထင်နေသည်လော ။ သူက ယန်ကျီဝမ်နှင့် အတူ လိုက်လာသူဖြစ်၍ ယန်ကျီဝမ်ကို အရှုံးမခံစေလိုပေ ။
" ကောင်းပြီ.. ကျုပ် လက်ခံတယ် .. "
သို့သော် မထင်မှတ်ဘဲ ယန်ကျီဝမ်က တိုက်ရိုက်ပင် သဘောတူလိုက်သည် ။ ဤသည်က ချင်ယိုတဲကို အံ့အားသင့်သွားစေသည် ။
ခဏအကြာတွင် သူ သတိပြန်ဝင်လာပြီး အလျင်စလိုဖြင့်..
" ကျီဝမ်.. ပန်းအိုးတစ်လုံးက ဘယ်လိုလုပ် အဲ့ဒီလောက် တန်မှာလဲ .. မင်း အလိမ်မခံနဲ့နော် .. "
ထိုသို့ပြောပြီးနောက် သူက လျှိုဖူကွေ့ကို ဆက်ပြောသည် ။
" အများဆုံး ကျင်း ငါးဆယ်ပဲ.. အဲ့ထက်ပိုရင် ငါတို့ မယူတော့ဘူး .. "
လျှိုဖူကွေ့က သူ့ကို ဂရုမစိုက်ဘဲ ယန်ကျီဝမ်ကိုသာ စိုက်ကြည့်နေသည် ။ ယန်ကျီဝမ်က ချင်ယိုတဲကို ခေါင်းခါပြလိုက်ပြီး..
" ဦးလေးယိုတဲ... ဒီပန်းအိုးကို ကျွန်တော် တကယ် သဘောကျလို့ပါ .. ရဲဘော်လျှိုလည်း ဒါကို မြင်တယ် .. "
လျှိုဖူကွေ့၏ မျက်လုံးများ အရောင်လက်သွားသော်လည်း ရှင်းပြမည့်ပုံ မပေါ်ချေ ။
" ကျီဝမ်.. မင်းကတော့ကွာ .. "
ချင်ယိုတဲ ဘာဆက်ပြောရမှန်း မသိတော့ ။ မိသားစု၏ အခြေအနေ ကောင်းလျှင်ပင် ဤသို့ ဖြုန်းတီး၍ မရပေ ။ အကယ်၍ ယန်ကျီဝမ်သာ သူ့ကလေးဖြစ်လျှင် ခြေထောက်ကို ရိုက်ချိုးမိပေမည် ။
ယန်ကျီဝမ်က လျှိုဖူကွေ့အား ပြောလိုက်သည် ။
" ရဲဘော်လျှို.. ပြောင်းဖူးမှုန့် ကျင်း တစ်ရာကို ကျုပ် သဘောတူတယ်.. ဒါပေမဲ့ ပစ္စည်းသွားယူဖို့ ကျုပ် မြို့ထဲ ပြန်ရဦးမယ် .. မနက်ဖြန်မှ ပြန်လာခဲ့မယ် .. "
လျှိုဖူကွေ့က ခေါင်းညိတ်လိုက်သည် ။
" ဦးလေးယိုတဲ.. ဦးလေးကို အရင် လိုက်ပို့ပေးမယ် .. "
ချင်ယိုတဲ နောက်မှ လိုက်သွားရုံသာ တတ်နိုင်တော့သည် ။
ချင်ယိုတဲကို လိုက်ပို့ပြီးနောက် ယန်ကျီဝမ် မြို့သို့ ပြန်လာခဲ့သည် ။
' အစကတည်းက သိရင် လာကတည်းက ရိက္ခာတချို့ အပြင်ထုတ်လာခဲ့ပါတယ်.. ဒါဆိုရင် အခုလို နှစ်ခေါက် သွားစရာ မလိုတော့ဘူး .. '
သူ စိတ်ထဲမှ တွေးလိုက်သည် ။
သူက သံသယဝင်ခံရမည်ကို စိုးရိမ်ခဲ့ခြင်း ဖြစ်သည် ။ သို့သော်လည်း ထိုယွမ်ခေတ် ကြွေပန်းအိုး အပြာအတွက် ခရီးပိုထွက်ရသည်မှာ တန်ပေသည် ။ ဤအကြောင်းပြချက်ဖြင့်သာ သူကိုယ်သူ နှစ်သိမ့်နိုင်တော့သည် ။
မြို့သို့ ပြန်ရောက်ချိန်တွင် ညနေစောင်းနေလေပြီ ။ ခြံဝန်းထဲသို့ ရောက်သည်နှင့် အမြဲတမ်း မျှော်ကြည့်နေတတ်သော ယွီလီ၏ ရင်းနှီးနေသော ပုံရိပ်ကို တွေ့လိုက်ရသည် ။ ယန်ကျီဝမ်၏ ရင်ထဲတွင် နွေးထွေးသွား၏ ။
" မိန်းမ.. ကိုယ် ပြန်လာပြီ .. "
သူမ ရှေ့တွင် စက်ဘီးပေါ်မှ ဆင်းလိုက်ရင်း ယန်ကျီဝမ်က ညင်သာစွာ ပြောလိုက်သည် ။
ယွီလီက သက်ပြင်းချလိုက်ပြီး..
" ရှင် ပြန်လာလို့ တော်သေးတာပေါ့ .. ကျွန်မ စိတ်ပူနေတာ သေတော့မယ် .. "
အလုပ်ဆင်းပြီး ပြန်ရောက်ကတည်းက သူမ ညစာပင် မစားဘဲ တံခါးဝတွင် စောင့်နေခဲ့ခြင်း ဖြစ်သည် ။ နယ်ဘက်က အန္တရာယ်များသဖြင့် ပြန်လာသည့်လူကို မတွေ့ရသရွေ့ သူမ စိတ်မချနိုင်ချေ ။
ယန်ကျီဝမ်က ပေါ့ပေါ့ပါးပါးဖြင့်..
" စိတ်မပူပါနဲ့လို့ ပြောထားသားပဲ.. ကိုယ့် အရည်အချင်းနဲ့ ဘယ်သူကများ ကိုယ့်ကို ရန်စရဲမှာလဲ .. "
သူက ချင်ယိုတဲထံမှ ဝယ်လာသော အသားခြောက်များကို စက်ဘီးပေါ်မှ ယူလိုက်သည် ။ အသားခြောက်များမှာ ယုန်သားနှင့် တောကြက်သားများကို နေလှန်းထားခြင်း ဖြစ်သည် ။ အသားခြောက်များကို ဆွဲယူလာကာ ပြုံးပြီး ပြောလိုက်သည် ။
" ရော့.. ဒါ တောကနေ ဝယ်လာတာ.. အိမ်ကလူတွေ စားဖို့ သိမ်းထားလိုက်.. ပိတ်ရက် အားတဲ့အခါကျရင် ဟိုက်တန်တို့ကို နည်းနည်း ယူသွားပေးလိုက် .. "
ယွီလီက လှမ်းယူလိုက်ပြီး ခေါင်းညိတ်ကာ..
" အိမ်အရင်ပြန်ကြတာပေါ့ ..ဟင်းတွေ အိုးထဲမှာ နွှေးထားတယ် .. "
" ကောင်းပါပြီဗျာ .. "
နောက်တစ်နေ့ မနက်..
ယန်ကျီဝမ် မစောင့်နိုင်တော့ဘဲ နောက်တစ်ကြိမ် တောသို့ ထပ်ဆင်းလာခဲ့သည် ။ သုံးနာရီကြာပြီးနောက် လျှိုမိသားစု ခြံဝန်းရှေ့သို့ ရောက်လာ၏ ။ သူက ရှေ့တိုးကာ တံခါးကို ခေါက်လိုက်သည် ။
" ရဲဘော်လျှို.. ကျုပ် ရောက်ပြီ .. "
တံခါးက ချက်ချင်း ပွင့်လာသည် ။ လျှိုဖူကွေ့သည် သုံးဘီးစက်ဘီးပေါ်ရှိ ဂုန်နီအိတ်ကို ချက်ချင်း မြင်သွားသည် ။
ယန်ကျီဝမ်က စက်ဘီးပေါ်မှ ဂုန်နီအိတ်ကို ဆွဲချလိုက်ပြီး..
" ပြောင်းဖူးမှုန့် ကျင်း တစ်ရာ.. ခင်ဗျား ကြည့်လို့ ရတယ် .. "
လျှိုဖူကွေ့က ဂုန်နီအိတ်ကို ဖွင့်ကာ စစ်ဆေးကြည့်ပြီးနောက် ခေါင်းညိတ်လိုက်သည် ။ ရိက္ခာများ ပြဿနာ မရှိချေ ။
" ခဏစောင့် .. "
လျှိုဖူကွေ့က ပြောပြီးသည်နှင့် အိမ်ထဲသို့ ဝင်သွားကာ ချိန်ခွင်တစ်ခုကို ကိုင်၍ ပြန်ထွက်လာသည် ။ ယန်ကျီဝမ်၏ ရှေ့တွင် သူ တစ်ခေါက် ချိန်တွယ်ကြည့်လိုက်ပြီးမှ ခေါင်းညိတ်ကာ အိမ်ထဲသို့ ပြန်ဝင်သွားသည် ။ ပြန်ထွက်လာချိန်တွင်တော့ လက်ထဲ၌ မနေ့က ပန်းအိုး ပါလာလေပြီ ။
သူက ပန်းအိုးကို ယန်ကျီဝမ်ထံ ကမ်းပေးလိုက်သည် ။ ယန်ကျီဝမ်က လှမ်းယူပြီးနောက် စနစ်၏ လုပ်ဆောင်ချက်ဖြင့် သေချာအောင် တစ်ခေါက် ပြန်စစ်ကြည့်လိုက်သည် ။ ပြဿနာ မရှိသည်ကို မြင်မှ ပြုံး၍ ခေါင်းညိတ်ကာ ...
" ပစ္စည်းက ပြဿနာ မရှိပါဘူး .. ဒါဆိုရင် ဒီကိစ္စ ပြီးသွားပြီနော် .. "
လျှိုဖူကွေ့က ခေါင်းညိတ်လိုက်သည် ။
" ကျေးဇူးတင်ပါတယ် .. "
" ကိုယ်လိုချင်တာ ကိုယ်ရတာပါပဲ .. "
ယန်ကျီဝမ်က ခေါင်းခါလိုက်ပြီး..
" နောက်နောင် လဲချင်တဲ့ ပစ္စည်းတွေ ရှိသေးရင် ကျုပ်ကို လာရှာလို့ ရတယ် .. "
လိပ်စာ ပေးခဲ့ပြီးနောက် ယန်ကျီဝမ် ထွက်လာခဲ့သည် ။
လျှိုဖူကွေ့သည် ယန်ကျီဝမ် ထွက်သွားသည်ကို အဆုံးထိ ကြည့်နေပြီးမှ ရိက္ခာများကို အိမ်ထဲသို့ ယူသွားကာ တံခါးကို ပိတ်လိုက်သည် ။ သူ၏ ဇနီးနှင့် ပိန်လှီနေသော သမီးနှစ်ယောက်က သူ ဆွဲလာသည့် ဂုန်နီအိတ်ကို စိုက်ကြည့်နေကြ၏ ။
" ယောက်ျား.. ဒါတွေက .. "
အရာအားလုံးက အတုအယောင်များ ဖြစ်နေမည်ကို စိုးရိမ်သဖြင့် လျှိုဖူကွေ့ ဇနီး၏ အသံမှာ အနည်းငယ် တုန်ယင်နေသည် ။
" အင်း.. အကုန်လုံးက ရိက္ခာတွေချည်းပဲ .. "
လျှိုဖူကွေ့က ပြုံးဖြီးဖြီးဖြင့်..
" မိန်းမ.. မင်း အခုပဲ သွားချက်တော့.. များများချက်နော်.. ဒီနေ့ ငါတို့ ဗိုက်ဝအောင် စားကြမယ် .. "
သမီးနှစ်ယောက်က ကြားသည်နှင့် တပြိုင်နက် သွားရည်မျိုချလိုက်ကြသည် ။ သူမတို့ ဗိုက်ဝအောင် မစားရသည်မှာ မည်မျှကြာပြီမှန်းပင် မသိတော့ချေ ။
သို့သော် လျှိုဖူကွေ့၏ ဇနီးက တွေဝေသွားပြီး..
" ယောက်ျား.. နည်းနည်းတော့ ချွေတာမှ ဖြစ်မယ်.. နေ့ရက်တွေက ရှည်သေးတယ်လေ .. "
" ကိစ္စမရှိဘူး.. ရိက္ခာအတွက် ငါ နည်းလမ်း ရှာမယ် .. "
လျှိုဖူကွေ့က ငြင်းပယ်ခွင့်မပေးဟန်ဖြင့် လက်ကို ကြီးကျယ်ခမ်းနားစွာ ဝှေ့ယမ်းလိုက်သည် ။ သို့သော် သူ စိတ်ထဲတွင်တော့ တိတ်တဆိတ် တွေးလိုက်မိ၏ ။
' အလွန်ဆုံး ရှေးဟောင်းပစ္စည်း နည်းနည်း ထပ်ရောင်းရုံပေါ့ .. '
အစပျိုးပြီးသွားပြီးနောက် သူ သဘောပေါက်သွားလေပြီ ။ ထိုပစ္စည်းများက ပစ္စည်းကောင်းများ ဖြစ်သော်လည်း ရှေးစကားရှိသည် မဟုတ်ပါလော ။ သေလျှင် ကိုယ့်နောက် ဘာမှ မပါပေ ။ သိမ်းထားလည်း အသုံးမဝင် ။ ဇနီးနှင့် သမီးများကို ကျွေးမွေးရန် ရိက္ခာနှင့် လဲလှယ်လိုက်သည်ကမှ ပိုကောင်းသေးသည် ။
" ယောက်ျား.. ရှင့်စကားကို နားထောင်ပါ့မယ် .. "
လျှိုဖူကွေ့ ဇနီးက သမီးနှစ်ယောက်ကို ကြည့်လိုက်ပြီး နောက်ဆုံးတွင် သဘောတူလိုက်သည် ။ ထို့နောက် သမီးနှစ်ယောက်ကို ခေါ်ကာ ချက်ရန် သွားတော့သည် ။
ဤမြင်ကွင်းကို ကြည့်ရင်း လျှိုဖူကွေ့သည် ဝမ်းသာပီတိဖြစ်ကာ မျက်ရည်များ စီးကျလာ၏ ။ သို့သော် သူ ဝမ်းနည်းနေခြင်း မဟုတ်ဘဲ ဝမ်းသာလွန်း၍ ငိုမိခြင်းသာ ဖြစ်သည် ။ ဤသည်က ပြီးခဲ့သော နှစ်များအတွင်း သူ၏ အပေါ့ပါးဆုံးသော အချိန်အခါပင် ။ နောက်ဆုံးတွင် သူ၏ ဇနီးနှင့် သမီးများကို ဗိုက်ဝအောင် သူ ကျွေးနိုင်ခဲ့ပေပြီ ။
အခြားတစ်ဖက်တွင်တော့...
ခရီးတစ်ထောက် ရောက်ပြီးနောက် ယန်ကျီဝမ်သည် ယွမ်ခေတ် ကြွေပန်းအိုး အပြာကို စနစ် နေရာလွတ်ထဲသို့ ထည့်လိုက်သည် ။ ရမှတ်နှင့် လဲလှယ်ရန် သူ မရည်ရွယ်ထားချေ ။
ဤပစ္စည်းက နောင်တွင် အလွန်တန်ဖိုးကြီးလာမည်ဖြစ်ရာ သိမ်းဆည်းထားခြင်းက အကောင်းဆုံးပင် ။ ထို့အပြင် ယခု သူ၏ ရမှတ်များက သောင်းဂဏန်းကျော် ရှိနေသေး၏ ။ ဤမျှလောက်လေးကို မလိုအပ်ပေ ။
သူ၏ ခန့်မှန်းချက်အရ လျှိုဖူကွေ့ထံတွင် အခြား ပစ္စည်းကောင်းများ သေချာပေါက် ရှိနေသေးသည် ။ တစ်ဖက်လူက ဆန္ဒမရှိသဖြင့် သူ အတင်းအကျပ် မတိုက်တွန်း ခဲ့ခြင်းပင် ။ သို့သော် လျှိုမိသားစု၏ အခြေအနေကို ကြည့်ရသလောက် နောင်တွင် သူ့ကို လာရှာမည်ဟု ခန့်မှန်းရသည် ။ ဤသည်က သူ တမင် လိပ်စာ ပေးခဲ့ရသည့် အကြောင်းရင်းပင် ဖြစ်တော့သည် ။