အခန်း ၂၇၆
Vol. 27 Ch. 276
Chapter 276
~
အခန်း ၂၇၆ : ဖားချင်နေသော တတိယသား
~
အချိန်များ ကုန်ဆုံးသွားကာ မျက်စိတစ်မှိတ်အတွင်းမှာပင် သောကြာနေ့သို့ ရောက်ရှိလာခဲ့သည် ။
ယန်ကျီဝမ်သည် ထုံးစံအတိုင်းပင် လေးနာရီ မိနစ်လေးဆယ်တွင် သံမဏိစက်ရုံမှ ထွက်ကာ ဇနီးဖြစ်သူကို သွားကြိုလေသည် ။
လမ်းရုံးသို့ ရောက်သောအခါ ငါးနာရီ အတိအကျပင် ရှိနေပြီး ယွီလီ အလုပ်ဆင်းချိန်နှင့် ကွက်တိကျနေသဖြင့် ဇနီးသည်ကို ခေါ်ကာ အိမ်သို့ ပြန်လာခဲ့သည် ။
အိမ်သို့ရောက်သောအခါ ယန်ကျီဝမ်က သားဖြစ်သူကို ထိန်းသည့်အလုပ်ကို ယူလိုက်ပြီး ယွီလီကမူ ညစာပြင်ဆင်ရန် ရန်ရွေ့ဟွားကို သွားကူညီပေးလေသည် ။
ပိတ်ရက်များမှလွဲ၍ ဤသည်က သူ၏ နေ့စဉ်ပုံမှန် ဖြတ်သန်းမှုပင် ။
ခြံဝန်း အရှေ့ဘက်တွင်မူ ရှောင်ရှီတိုးက ယန်ကျီဝမ် ကိုယ်တိုင် လုပ်ပေးထားသော သစ်သားမြင်းလေးကို စီးကာ လက်ထဲတွင်လည်း သစ်သားဓားလေးကို ဝှေ့ယမ်းရင်း ဟန်ရေးပြနေ၏ ။
" ကျာ့.. ကျာ့ .."
" အစ်ကိုကျီဝမ် .."
" ခဲအို.. ညီမလေး ရှောင်ရှီတိုးနဲ့ လာကစားတာ .."
ခဏအကြာတွင် ဟဲယွီဆွေနှင့် ယွီဟိုက်တန်တို့ အတူတူ ရောက်လာကြသည် ။
ယွီဟိုက်တန်က ရှေ့သို့တိုးကာ ရှီတိုးကို ပွေ့ချီလိုက်ပြီး သူ၏ ဖောင်းအစ်နေသော ပါးလေးကို နမ်းကာ ...
" ရှီတိုးလေး.. ဒေါ်လေးကို လွမ်းနေလား .."
" လွမ်းဘူး .. သား မြင်းစီးကစားချင်တာ .."
ရှောင်ရှီတိုးက ယွီဟိုက်တန်၏ ရင်ခွင်ထဲတွင် ရုန်းကန်နေပြီး သူ၏ မျက်နှာလေးက မကျေမနပ် ဖြစ်နေသည် ။
" ဟွန့်.. သစ္စာဖောက်လေး .. ဒေါ်လေးက အမြဲတမ်း မုန့်တွေ ဝယ်လာပေးတာကို .."
ယွီဟိုက်တန်က စိတ်ဆိုးသယောင်ဖြင့် ရှီတိုး၏ ပါးလေးကို နှာခေါင်းဖြင့် ပွတ်လိုက်ပြီးနောက် မလွှတ်ချင်လွှတ်ချင်ဖြင့် သစ်သားမြင်းပေါ်သို့ ပြန်ချပေးလိုက်သည် ။
" ပြန်ရောက်ပြီလား .. ဟိုက်တန်လည်း ရောက်နေတာနဲ့ အတော်ပဲ.. ယွီဆွေ ဒီည ဒီမှာပဲ ညစာလာစားလှည့် .."
ယန်ကျီဝမ်က ဟဲယွီဆွေကို ပြောလိုက်ပြီးနောက် ယွီဟိုက်တန်ဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည် ။
" ဟိုက်တန် .. ဒီကိုလာတာ အိမ်က လူတွေကိုရော ပြောခဲ့ရဲ့လား .. အဖေနဲ့ အမေ စိတ်ပူနေရဦးမယ် .."
" ရှောင်ဟွားကို စကားပါးခိုင်းလိုက်တယ် .."
ယွီဟိုက်တန်က ခေါင်းညိတ်၍ ပြန်ဖြေသည် ။
ရှောင်ဟွားက သူမ၏ အိမ်နီးချင်းဖြစ်ပြီး သူမနည်းတူ ယခုနှစ်တွင် အထက်တန်း တက်ရသူ ဖြစ်သော်လည်း အတန်းတော့ မတူပေ ။
ထိုအခါမှ ယန်ကျီဝမ်လည်း ခေါင်းညိတ်လိုက်ပြီး ဘာမှ ဆက်မပြောတော့ချေ ။
အထက်တန်း ရောက်ပြီးကတည်းက ဟဲယွီဆွေနှင့် သူငယ်ချင်း ဖြစ်သွားသောကြောင့်လား မသိ ။ ယွီဟိုက်တန်သည် ခြံဝန်းထဲသို့ မကြာခဏ လာကစားလေ့ရှိသည် ။
ဟဲယွီဆွေက ဖိတ်ခေါ်မှုကို ကြားသောအခါ လက်ကာပြ၍ ....
" ရပါတယ် အစ်ကိုကျီဝမ် .. ကျွန်မဘာသာ အိမ်မှာပဲ ဖြစ်သလို စားလိုက်ပါ့မယ် .."
" အားနာမနေပါနဲ့ .. ပြီးခဲ့တဲ့အပတ်က မင်း အချိန်မရလို့ ရိက္ခာ သွားမဝယ်ရသေးဘူး မလား .. လာစားဆို လာစားလိုက်ပါ .."
ယန်ကျီဝမ်၏ ပြတ်သားသော သဘောထားကြောင့် ဟဲယွီဆွေ ငြင်းမရတော့ဘဲ ခေါင်းညိတ် လက်ခံလိုက်ရသည် ။
" ခဲအို..မသိပါဘူး.. ကျောင်းက ထမင်းဟင်းတွေ စားလို့လုံးဝ မကောင်းဘူး .. ဒီတစ်ပတ်ကို ဘယ်လို ဖြတ်သန်းခဲ့ရလဲဆိုတာ အကို သိမှာမဟုတ်ဘူး .."
ယွီဟိုက်တန်က ညည်းတွားလိုက်ပြီးနောက် ယန်ကျီဝမ်၏ လက်မောင်းကို ဖက်ကာ ချွဲနွဲ့လိုက်သည် ။
"မသိဘူး .. မသိဘူး...ညီမလေးက ဒီကို အဝေးကြီး လမ်းလျှောက် လာရတာ.. ဒီည ခဲအို ညီမလေးကို အစားကောင်းကောင်းလေးတွေ ကျွေးရမယ် .. ကြည့်ပါအုံး.. ညီမလေး ဘယ်လောက်တောင် ပိန်သွားလဲဆိုတာ .."
ယန်ကျီဝမ်က လက်မြှောက်အရှုံးပေးလိုက်ပြီး ..
" ဘာစားချင်လဲဆိုတာ ငါ့အမေနဲ့ နင့်အစ်မကိုသာ သွားပြောချေ .."
" အခုပဲ သွားပြောလိုက်မယ် .."
ယွီဟိုက်တန်က တက်ကြွစွာဖြင့် အိမ်ထဲသို့ ပြေးဝင်သွားတော့သည် ။
ယန်ကျီဝမ်က ခေါင်းခါလိုက်မိသည် ။ ဤကောင်မလေးက အငတ်ဘေးကို မကြောက်သေးပုံရသည် ။ စားစရာ ရှိရုံနှင့် လုံလောက်နေသည်ကို အပြစ်တင်နေသေးသည် ။
ဟဲယွီဆွေက ဤမြင်ကွင်းကို ကြည့်ကာ အားကျနေမိ၏ ။
အရင်တုန်းက ရှာကျူးကို သူမ ချွဲနွဲ့ခဲ့သည့် နေ့ရက်များကို သတိရသွားစေသည် ။ အရင်ကဆိုလျှင် သူမ ချွဲလိုက်သည်နှင့် သူမအစ်ကိုက အစားကောင်းကောင်း ချက်ကျွေးလေ့ရှိသည် ။
သို့သော် လောကကြီးက အမြဲတမ်း ပြောင်းလဲနေသည်သာ ။ သူမနှင့် ရှာကျူးတို့မှာ အရင်လို အခြေအနေသို့ ဘယ်တော့မှ ပြန်မရောက်နိုင်တော့ချေ ။
ဟဲယွီဆွေက ခေါင်းခါလိုက်ပြီး ခေါင်းထဲမှ အတွေးများကို ဖယ်ရှားလိုက်ကာ ...
" အစ်ကိုကျီဝမ် .. ကျွန်မကို ပိုက်ဆံ ငါးရာလောက် ထုတ်ပေးပါ .."
" ရှာကျူးကို ပေးမလို့လား .."
ယန်ကျီဝမ်က သူမကို ကြည့်လိုက်ရာ ဟဲယွီဆွေက ခေါင်းညိတ်လိုက်ပြီး ခပ်အေးအေးပင် ပြန်ဖြေသည် ။
" အရင်တုန်းက ကျွန်မကို ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ ကျေးဇူးကို ပြန်ဆပ်တယ်လို့ပဲ သဘောထားလိုက်ပါတော့မယ် .."
မည်သို့ပင်ဆိုစေကာမူ ဟဲတာချင်း ထွက်သွားပြီးနောက်ပိုင်း ရှာကျူးက သူမကို ကျွေးမွေးစောင့်ရှောက်ခဲ့သည်မှာ အမှန်ပင် ။ ဤအချက်ကို ငြင်းပယ်၍ မရပေ ။
ရှာကျူးက ထိုအကြောင်းပြချက်ကို အသုံးပြု၍ သူမထံမှ ပိုက်ဆံတောင်းနေခြင်းက သူမကို စိတ်မကောင်းဖြစ်စေသော်လည်း သူမ ထုတ်ပေးရပေမည် ။
အိမ်တိုင်းတွင် အခက်အခဲ ကိုယ်စီ ရှိတတ်ကြ၍ ယန်ကျီဝမ် အများကြီး ဝင်မပြောလိုတော့ချေ ။
" ငါ သွားယူပေးမယ် .. ငါးရာပဲ လိုတာ သေချာတယ်နော် .."
ဟဲယွီဆွေက ခေါင်းညိတ်ပြသည် ။
" ကျန်တဲ့ဟာတွေကို အစ်ကိုပဲ ဆက်သိမ်းထားပေးပါ .. လိုအပ်တဲ့အချိန်ကျမှ အစ်ကို့ဆီက ပြန်တောင်းပါ့မယ် .."
ယန်ကျီဝမ်လည်း ခေါင်းညိတ်လိုက်ပြီး ရှီတိုးကို ခဏကြည့်ထားပေးရန် ပြောကာ သူမအတွက် ပိုက်ဆံသွားယူပေးလေသည် ။
ဟဲယွီဆွေ ပိုက်ဆံရပြီးနောက် နှုတ်ဆက်ကာ အိမ်သို့ ပြန်သွားသည် ။
ကျားမိသားစုအိမ်တွင် ...
ကျားကျန်းရှီက ပြတင်းပေါက်မှတစ်ဆင့် ဟဲယွီဆွေ ပြန်လာသည်ကို မြင်လိုက်ရသည် ။ သူမက မီးဖိုချောင်ထဲတွင် ထမင်းချက်နေသော ချင်ဟွိုင်ရုကို အလျင်စလိုဖြင့်...
" ချင်ဟွိုင်ရု .. ဟဲယွီဆွေ ပြန်လာပြီ .."
ချင်ဟွိုင်ရုက ယောက္ခမဖြစ်သူ၏ ဆိုလိုရင်းကို နားလည်သဖြင့် ပြန်ပြောလိုက်သည် ။
" အမေ .. နောက်နှစ်ရက်လောက်နေမှ သွားတာ ကောင်းမယ်ထင်တယ် .. လွန်ခဲ့တဲ့ နှစ်ရက်ကမှ ရှာကျူးဆီက ချေးထားတာဆိုတော့ ခဏခဏ သွားချေးနေဖို့က သိပ်အဆင်မပြေဘူး .."
ထိုစကားကို ကြားသောအခါ ကျားကျန်းရှီက မကျေမနပ်ဖြင့် ..
" ညည်းနှယ်အေ...ဘာအဆင်မပြေစရာ ရှိလို့လဲ .. အဲဒီပိုက်ဆံတွေ အားလုံးက ငါတို့အိမ်အတွက်ပဲဟာကို .. ရှာကျူး အကုန်ဖြုန်းလိုက်မိရင် ဘယ်လို လုပ်မလဲ .."
ချင်ဟွိုင်ရုက ကျားကျန်းရှီ၏ စကားကို မှားယွင်းသည်ဟု မထင် ။ ရှာကျူး၏ ပိုက်ဆံများက သူမတို့ အပိုင်ဖြစ်သည် ။
သူမက ပြန်ဖျောင်းဖျလိုက်သည် ။
" သူ မသုံးပါဘူး.. ရှာကျူးက ပုံမှန်ဆိုရင် ပိုက်ဆံ သိပ်သုံးတာမှ မဟုတ်တာ.. သူ ပိုက်ဆံရလာတာနဲ့ တစ်နေ့မဟုတ် တစ်နေ့ ကျွန်မတို့အိမ်ဆီ ရောက်လာမှာပါပဲ .."
" ဟမ့် .. အဲဒါဆိုလည်း ညည်း မြန်မြန်လေးသာ အမိဖမ်းထား .."
ကျားကျန်းရှီက ပြောပြီးနောက် ဘာမျှ ဆက်မပြောတော့ ။
အခြားတစ်ဖက်တွင်မူ ..
ဟဲယွီဆွေသည် သူမ၏ အခန်းသို့ မပြန်ဘဲ ရှာကျူး၏ အခန်းသို့ တိုက်ရိုက် သွားလိုက်သည် ။
သူမ အခန်းထဲသို့ ဝင်ဝင်ချင်းပင် ရှာကျူးက သူ၏ ခြံဝန်းငယ်လေးထဲတွင် အရက်သောက်နေသည်ကို တွေ့လိုက်ရသည် ။ သူမက စားပွဲပေါ်သို့ တစ်ချက် ဝေ့ကြည့်လိုက်ရာ မည်သည့် အမြည်းမှ မရှိ ။ ရှာကျူးက အရက်ကိုချည်း သက်သက် သောက်နေခြင်း ဖြစ်သည် ။
ဤမြင်ကွင်းကို မြင်သောအခါ ဟဲယွီဆွေက စိတ်ထဲမှ အေးစက်စက် လှောင်ရယ်လိုက်သည် ။
' ခံပေါ့ .. '
သူမ ခြေထောက်နှင့် စဉ်းစားလျှင်ပင် အကြောင်းရင်းကို သိနိုင်ပေသည် ။ ရှာကျူးက ပိုက်ဆံများနှင့် အိမ်ရှိ ရိက္ခာများကို ကျားမိသားစုအား အကုန်ပေးလိုက်သဖြင့် ယခုလို ထမင်းငတ်သည့် အခြေအနေသို့ ရောက်သွားခြင်းမှလွဲ၍ အခြားအကြောင်း မရှိနိုင်ချေ ။
သို့သော် ဤသည်က သူမနှင့် ဘာမှမဆိုင် ။ သူကိုယ်တိုင် သဘောကျ နေ၍ သူမအား လာမထိခိုက်လျှင် ရပေပြီ ။
ရှာကျူးက ဟဲယွီဆွေ ပြန်လာသည်ကို မြင်သောအခါ ဝမ်းသာအားရဖြင့် ..
" ယွီဆွေ .. ပြန်လာပြီလား .. ထမင်းစားပြီးပြီလား .. အစ်ကို တစ်ခုခု သွားလုပ်ပေးရမလား .."
ဟဲယွီဆွေက ခနဲ့တဲ့တဲ့ ပြုံးလိုက်ပြီး ..
" အိမ်မှာ ရိက္ခာ ကျန်သေးလို့လား .."
ရှာကျူး ဆွံ့အသွား၏ ။
အိမ်တွင် ရိက္ခာ မရှိတော့ကြောင်း သူ ယခုမှ သတိရသွားသည် ။ မဟုတ်လျှင် သူ အရက်ချည်းသက်သက် သောက်နေမည် မဟုတ်ပေ ။
ဟဲယွီဆွေက သူ့ကို ဂရုမစိုက်ချင်တော့ချေ ။ သူ ဤမျှ ရင်းနှီးပြနေခြင်းမှာ ပိုက်ဆံအတွက်သာ ဖြစ်ပေသည် ။
သူမက ပိုက်ဆံကို စားပွဲပေါ်သို့ ပစ်တင်လိုက်ပြီး အေးစက်စက် လေသံဖြင့် ...
" ဒါက အစ်ကို့ ဝေစု တစ်ဝက်ပဲ .. ပိုက်ဆံကို သေချာသိမ်းထား .. မနက်ဖြန်ကျရင် ငါတို့ လမ်းရုံးကို သွားပြီး အိမ်ခွဲကြမယ် .."
ရှာကျူးက တစ်စုံတစ်ရာ ပြောရန် ပါးစပ်ဟလိုက်သော်လည်း ဟဲယွီဆွေ၏ သဘောထားက အလွန်ပြတ်သားနေသည်ကို မြင်သောအခါ သူလည်း နှုတ်ဆိတ်နေရုံသာ တတ်နိုင်တော့သည် ။
သူ ငြိမ်သက်သွားသည်ကို မြင်သောအခါ ဟဲယွီဆွေ လှည့်ထွက်လာခဲ့တော့သည် ။
ယန်မိသားစုအိမ်တွင် ...
" ရော့ ဟိုက်တန် .. ကြက်ပေါင်လေး စား .. ကြည့်စမ်း ..နင် ဒီတလော ပိန်သွားလိုက်တာ .."
ထမင်းစားပွဲပေါ်တွင် ယန်ကျီဖန့်က ယွီဟိုက်တန်ကို ကြက်ပေါင် တစ်ချောင်း ခပ်ထည့်ပေးကာ ဖားယားနေသည် ။
ယွီဟိုက်တန်က ရွံရှာသလို ပန်းကန်ကို ဖယ်လိုက်ပြီး နှုတ်ခမ်းဆူကာ ...
" ငါ မစားဘူး .. ရှီတိုးနဲ့ နင့် ညီလေး ညီမလေးတွေ စားဖို့သာ ချန်ထားလိုက် .."
သူမကို ဖားယားတတ်သော သူများကို သူမ အနည်းငယ် ရွံရှာမိသည် ။ ကျောင်းမှ ယောကျာ်းလေး အတန်းဖော်များနည်းတူပင် ။
ယန်ဖူကွေ့က ဤမြင်ကွင်းကို ကြည့်ကာ သက်ပြင်းချရင်း ခေါင်းခါလိုက်မိသည် ။
ရန်ရွေ့ဟွားကမူ ဘာမှ မပြောချေ ။
တတိယသား၏ အသက်မှာ ယွီဟိုက်တန်နှင့် သိပ်မကွာ။ သူတို့နှစ်ယောက်သာ အဆင်ပြေသွားပါက ဆွေမျိုးအချင်းချင်း ပိုမိုရင်းနှီးသွားမည်ဖြစ်၍ ပိုကောင်းပေသည် ။
ယွီလီက စားပွဲအောက်မှ ယန်ကျီဝမ်ကို ခြေထောက်ဖြင့် တစ်ချက်ကန်ကာ မျက်ရိပ်ပြလိုက်သည် ။ အဓိပ္ပာယ်မှာ တတိယသားက ဟိုက်တန်ကို သဘောကျနေသည်ကို ဘယ်လိုလုပ်ကြမလဲဟူ၍ ဖြစ်သည် ။
ယန်ကျီဝမ်က အသာပြုံးလိုက်ပြီး ကိစ္စမရှိကြောင်း သူမကို ခေါင်းခါပြလိုက်သည် ။
ယွီဟိုက်တန်ကို ကြည့်ရသည်မှာ ပေါ့ပေါ့ပါးပါး သာ နေတက်သော်လည်း သူမ၏ စိတ်ထဲတွင်တော့ အလွန် မောက်မာလှသည် ။ တတိယသားကို သူမ သဘောကျရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ချေ ။ ထို့ကြောင့် တတိယသား လုပ်နေသမျှမှာ အလကား အပင်ပန်းခံနေခြင်းသာ ဖြစ်သည် ။
ယန်ကျီဖန့်က ယခု သူ၏ အလုပ်အကိုင် အတည်တကျ ရှိနေပြီဖြစ်သဖြင့် သူ၏ အခြေအနေ မဆိုးလှဟု ထင်နေ၍သာ ။ မဟုတ်လျှင် တတိယသားတွင် ဤမျှ သတ္တိရှိမည် မဟုတ်ပေ ။ သို့သော် အိမ်တွင် ဧည့်သည်များ ရှိနေသေး၍ သူများ အထင်သေးစရာ မဖြစ်စေသင့်ချေ ။
ထို့ကြောင့် သူက မျက်နှာကို တည်ထားကာ ယန်ကျီဖန့်ကို ငေါက်လိုက်သည် ။
" တတိယကောင် .. မစားဘူးဆိုရင်လည်း မင်းအခန်းထဲ ပြန်သွားတော့ .. ဒီမှာ သူများ အစားပျက်အောင် မလုပ်နဲ့ .."
"ဟုတ် .."
ယန်ကျီဖန့်က မျက်နှာငယ်လေးဖြင့် နာခံလိုက်လေသည် ။