← Chapters

အခန်း ၂၇၇

Vol. 27 Ch. 277

အခန်း ၂၇၇

Vol. 27 Ch. 277

Chapter 277

~

အခန်း ၂၇၇ : ချင်ဟွိုင်ရု၏ ပါးနပ်မှု

~

​နောက်တစ်နေ့တွင် ရှာကျူးတို့ မောင်နှမသည် အိမ်ခွဲနေရန်အတွက် လမ်းရုံးသို့ အစောကြီး သွား၍ စာရင်းသွားလုပ်ကြသည် ။ ယွီလီ ကိုယ်တိုင် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်၏ ။

​အိမ်ခွဲသည့် သဘောတူညီချက်များက ဟဲယွီဆွေ အစောပိုင်းက ပြောထားသည့်အတိုင်းပင် ။ သူမ နေသည့် အခန်းနှင့် ရိက္ခာစာအုပ် ခွဲထုတ်ခွင့်ကိုသာ တောင်းဆိုခဲ့သည် ။

​တခြားအရာများနှင့် ပတ်သက်၍ အိမ်တွင်လည်း ဘာမှ မရှိသဖြင့် သူမ မငြင်းခုံချင်တော့ပေ ။

​စုငွေနှင့် ပတ်သက်၍ ပြောရမည်ဆိုလျှင်တော့ ရှာကျူး အလုပ်လုပ်လာသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း စုငွေ တစ်ပြားမှ မရှိ ။ ပိုဆိုးသည်က သူမ၏ ထောက်ပံ့ကြေးကိုပင် ပြန်၍ မျက်စိကျနေသေး၏ ။

​ဤကဲ့သို့ အကိုမျိုးကို မလိုအပ်ချေ ။ မဟုတ်လျှင် တစ်ချိန်ချိန် ညီမအရင်းကိုပင် ရောင်းစားသွားနိုင်သည် ။

​ထိုနေ့မှာပင် ရှာကျူးတို့ မောင်နှမ အိမ်ခွဲသည့် သတင်းက ခြံဝင်းကြီး တစ်ခုလုံးသို့ ပျံ့နှံ့သွားလေတော့သည် ။

​ညစာစားချိန် ယီမိသားစုအိမ်တွင်..

​အဒေါ်ယီက သက်ပြင်းချလိုက်ပြီး..

​" ကျူးဇီ နဲ့ ယွီဆွေ တို့ ကလေးနှစ်ယောက်က ဘယ်လိုလုပ်ပြီး အိမ်ခွဲတဲ့ အခြေအနေအထိ ရောက်သွားရတာလဲ.. မိဘတွေရဲ့ အထောက်အပံ့လည်း မရှိကြဘဲနဲ့ အတူတူ ကောင်းကောင်းမွန်မွန် နေ နေကြတာကို.. "

​သူမသည် ရှာကျူးနှင့် ဟဲယွီဆွေတို့ ကြီးပြင်းလာသည်ကို ကြည့်လာခဲ့သူဖြစ်သည် ။ အစတုန်းက ဟဲတာချင်း ထွက်သွားချိန်တွင် ဟဲယွီဆွေက ငယ်ရွယ်သေးပြီး ရှာကျူးကသာ ပြုစုပျိုးထောင်ပေးခဲ့ခြင်း ဖြစ်၏ ။ မူလက မောင်နှမနှစ်ယောက် အပြန်အလှန် အားကိုးကြပြီး ဆက်ဆံရေး အလွန်ကောင်းမွန်ခဲ့ရာမှ ယခုကဲ့သို့ အခြေအနေထိ မည်သို့မည်ပုံ ဖြစ်သွားသည်ကို သူမ နားမလည်နိုင်တော့ပေ ။

​" ယွီဆွေက တကယ်ကို နားမလည်တာပဲ.. ကျူးဇီက သူ့ကို စောင့်ရှောက်ဖို့အတွက် အခု အသက် ၂၃ ၂၄ နှစ် ရောက်တဲ့အထိ မိန်းမတောင် မယူနိုင်ခဲ့ဘူး.. ကျေးဇူးမတင်ရင်တောင် နေပါစေ အခုလို အိမ်ခွဲဖို့ပါ လုပ်လာတယ်ဆိုတော့ တကယ့်ကို ကျေးဇူးကန်းတဲ့ ကောင်မလေးပဲ.. "

​ယီကျုံးဟိုင်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည် ။

​သူ၏ လေသံတွင် မကျေနပ်မှုများ ပါဝင်နေ၏ ။ ဤသည်ကလည်း အံ့သြစရာတော့ မဟုတ် ။ အဘယ်ကြောင့်ဆိုသော် ဟဲယွီဆွေက ယန်လောင်အာကို ခေါ်လာပြီး သူ့အား ခြိမ်းခြောက်ခဲ့သည်ကို သူ မှတ်မိနေသေး၍ပင် ။

​သို့ပေသိ သူ့စိတ်ထဲတွင်တော့ ဤသို့ ခွဲလိုက်သည်ကို ပို၍ သဘောကျနေသည် ။ ယခု ရှာကျူးသည် သူ မျက်စိကျထားသော အိုစာမင်းစာ ပြုစုပေးမည့်သူ ဖြစ်၍ ဟဲယွီဆွေ ဆိုသည့် ဝန်ထုပ်ဝန်ပိုး မရှိတော့လျှင် ပို၍ပင် ပြီးပြည့်စုံသွားပေမည် ။

​နောက်ထပ် နှစ်အနည်းငယ်လောက် သေချာသွန်သင်ဆုံးမပြီး လူကြီးသူမကို ရိုသေတက်သည့် မိန်းမတစ်ယောက် နေရာချပေးလိုက်လျှင် သူ့အတွက် အိုစာမင်းစာ ပြုစုပေးရန် ပို၍ ကောင်းမွန်သွားမည် ။

​ရည်ရွယ်ထားသူနှင့် ပတ်သက်၍မူ ယီကျုံးဟိုင်၏ စိတ်ထဲတွင် အစီအစဥ် ရှိပြီးသား ဖြစ်၏ ။ ချင်ဟွိုင်ရုက အသင့်တော်ဆုံးပင် ။ ရိုသေကိုင်းရှိုင်းမှု ရှိသည့်အပြင် စရိုက်လည်း ပြဿနာ မရှိချေ ။

​မှန်ပေသည် ။ ချင်ဟွိုင်ရုက သူ မျက်စိကျထားသော သူဖြစ်သည် ။ ချင်ဟွိုင်ရုသည် ဤခြံဝင်းကြီးထဲသို့ ဝင်လာကတည်းက အလွန်ပင် လိမ္မာရေးခြား ရှိခဲ့၏ ။ ကျားကျန်းရှီ က မည်သို့ပင် ဆဲဆိုနေပါစေ သူမက အမြဲတမ်း အေးအေးဆေးဆေးပင် တုံ့ပြန်လေ့ရှိသည် ။

​ဤအချက်ကို ယီကျုံးဟိုင်က အလွန်သဘောကျ၏ ။ ထို့အပြင် ကျားမိသားစုတွင် ယခုအခါ မုဆိုးမ နှစ်ယောက်သာ ကျန်ရှိတော့၍ ရှာကျူးနှင့် ချင်ဟွိုင်ရုတို့ကို ညားအောင် လုပ်ပေးခြင်းက ကျားမိသားစုကို သွယ်ဝိုက်သော နည်းဖြင့် ကူညီပေးရာ ရောက်သည်ဟု သူခံစားမိသည် ။

ရှာကျူးက သူမ၏ ကလေးများကို ပြုစုပျိုးထောင်ရာတွင် ကူညီပေးမည်ဆိုလျှင် ချင်ဟွိုင်ရုလည်း အများကြီး သက်သာသွားပေမည် ။

​ရှာကျူး မည်သို့ ဖြစ်သွားနိုင်သည် ဆိုသည်ကိုတော့ သူ ဂရုမစိုက်ချေ ။ သူ ဂရုစိုက်သည်မှာ သူ၏ အိုစာမင်းစာ ပြုစုမည့်သူသာ ဖြစ်ပြီး ရှာကျူး နောင်တွင် ကလေးမရနိုင်တော့မည်ကို သူ ထည့်မစဥ်းစား ။

​ချင်ဟွိုင်ရု၏ ဟန်ဆောင်မှုက အလွန်အောင်မြင်သည်ဟု ဆိုရပေမည် ။ သူမက လိမ္မာရေးခြားရှိသော ဇနီး ။ မိခင်ကောင်းနှင့် ချွေးမကောင်း တစ်ယောက်အဖြစ် အမြဲတမ်း သရုပ်ဆောင်ခဲ့ရာ ဉာဏ်များသူ ယီကျုံးဟိုင်ပင်လျှင် အမှားအယွင်းကို မမြင်နိုင်ခဲ့ချေ ။

​သို့သော် အတုဖြစ်စေ အစစ်ဖြစ်စေ အချိန်ကြာမြင့်စွာ ဟန်ဆောင်နိုင်ပါက အတုပင်လျှင် အစစ်ဖြစ်လာနိုင်ပေသည် ။

​အဒေါ်ယီက ထိုစကားများကို ကြားလျှင် ပါးစပ်ဟသွားသော်လည်း ဘာမှ ဝင်မပြောရဲပေ ။ သူမက ဟဲယွီဆွေ မှားယွင်းသည်ဟု မထင်မိ ။ ထိုငွေများက ဟဲတာချင်း သူ့သမီးအတွက် ပို့ပေးထားခြင်းသာ ဖြစ်သည် ။

ရှာကျူး အလုပ်လုပ်လာသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး တစ်လ လစာလည်း မနည်းပေ ။ ထိုငွေလေးကို မျက်စိကျနေသည်မှာ အဓိပ္ပါယ်မရှိ ။ ယခုတော့ အိမ်ခွဲသည်အထိ ဖြစ်သွားရလေပြီ ။

​ယခုအချိန်အထိ သူမက ရှာကျူးတို့ မောင်နှမ အိမ်ခွဲခြင်းသည် ထောက်ပံ့ကြေးကြောင့်ဟုသာ ထင်နေဆဲဖြစ်သည် ။ သို့သော် မောင်နှမနှစ်ယောက် အိမ်ခွဲရသည့် အဓိက တရားခံမှာ သူမ၏ ယောက်ျားဖြစ်နေ၏ ။ ရှာကျူး ယခုလို ဖြစ်လာရခြင်းမှာ ဟဲမိသားစု၏ အကျင့်စရိုက်ကို ဆက်ခံထားခြင်းမှလွဲ၍ ကျန်သည်များမှာ ယီကျုံးဟိုင်၏ သွေးထိုးလှုံ့ဆော်မှုများကြောင့်သာ ဖြစ်သည် ။

​ကျားမိသားစု အိမ်တွင်..

​ကျားကျန်းရှီက စိတ်လှုပ်ရှားစွာဖြင့်..

​" ကောင်းလိုက်တာ.. ရှာကျူး နဲ့ ဟို ပစ္စည်းရှုံးတဲ့ကောင်မလေး ဟဲယွီဆွေ တို့ အိမ်ခွဲလိုက်ကြပြီ.. နောက်ဆိုရင် ရှာကျူးရဲ့ ပိုက်ဆံတွေ အကုန်လုံး ငါတို့အပိုင် ဖြစ်တော့မှာပဲ.. "

​ယနေ့ ရှာကျူးနှင့် ဟဲယွီဆွေတို့ အိမ်ခွဲသည့် သတင်းကို ကြားပြီးနောက် ကျားကျန်းရှီ တစ်နေကုန် စိတ်လှုပ်ရှားနေခဲ့သည် ။ ထိုငွေ ယွမ်ငါးရာဖြင့် သူမ စားသောက်ဆိုင်တွင် အကြိမ်ပေါင်းများစွာ သွားစားနိုင်ပေမည် ။ ငွေက သူမ အပိုင် ဟုတ် မဟုတ်ကို ဂရုမစိုက်ချေ ။ ရှာကျူး၏ အိမ်ဆိုသည်မှာ သူမ၏ အိမ်ပင် မဟုတ်ပါလော ။

​ချင်ဟွိုင်ရုသာ ထိုငွေကို ရလိုက်လျှင် သူမ ပြန်တောင်းယူနိုင်မည်ဟု ယုံကြည်ထား၏ ။ မပေးလျှင်လည်း ပြဿနာမရှိ ။ အိမ်ပေါ်က နှင်ချပြီး မိဘအိမ်သို့ ပြန်ခိုင်းလိုက်ရုံသာ ။ သူမ ဤသို့ ပြောလိုက်တိုင်း ချင်ဟွိုင်ရု အမြဲတမ်း အလျှော့ပေးခဲ့ရသည်ချည်းပင် ။

​သူမက ချင်ဟွိုင်ရုသည် မြို့ပေါ်က ဘဝကို မစွန့်လွှတ်နိုင်၍ဟု ထင်နေသော်လည်း တကယ်တမ်းတွင်မူ ချင်ဟွိုင်ရုက ကလေးများကြောင့်သာ သည်းခံနေခြင်းဖြစ်သည် ။ ကလေးများကြောင့်သာ မဟုတ်လျှင် ဤအဘွားကြီးအား သူမ သည်းခံနေမည် မဟုတ်ပေ ။

​ချင်ဟွိုင်ရုက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး..

​" သူတို့တွေ အိမ်မခွဲကြရင် ပိုကောင်းမယ်လို့ ကျွန်မကတော့ မျှော်လင့်တယ်.. "

​ကျားကျန်းရှီက မျက်မှောင်ကြုတ်၍..

​" ချင်ဟွိုင်ရု.. နင်က တကယ်ပဲ တုံးတာလား.. သူတို့သာ အိမ်မခွဲရင် ဟိုကောင်မလေး ဟဲယွီဆွေက ရှာကျူးဆီကနေ ပိုက်ဆံတွေ တောင်းသွားရင် ဘယ်လိုလုပ်မလဲ.. "

​" အမေ စဥ်းစားကြည့်လေ.. အဲ့ဒီငွေက တစ်ထောင်တောင် ရှိတာ.. သူတို့ မောင်နှမ နှစ်ယောက် တစ်ယောက်ကို ငါးရာစီ ရမှာ.. "

​ချင်ဟွိုင်ရု ၏ မျက်လုံးများတွင် ပါးနပ်မှုများ ဖြတ်ပြေးသွားပြီး..

​" သူတို့သာ အိမ်မခွဲကြရင် ကျန်တဲ့ ငါးရာကလည်း ကျွန်မတို့အိမ်အတွက် ဖြစ်လာနိုင်တာပဲ.. "

​" နင်ပြောတာလည်း ဟုတ်တာပဲ.. "

​ကျားကျန်းရှီက လက်ခုပ်တစ်ချက် တီးလိုက်သည် ။ ဟဲယွီဆွေ လက်ထဲက ငွေကို မည်သို့ ယူရမည်က ရှာကျူး အပေါ်တွင်သာ မူတည်နေ၏ ။ ငွေက ရှာကျူး လက်ထဲသို့သာ ရောက်လာလျှင် ချင်ဟွိုင်ရု၏ စွမ်းရည်ဖြင့် တောင်းယူရန်က အလွန်လွယ်ကူသော ကိစ္စဖြစ်သည် ။

​သို့သော်လည်း ချက်ချင်းပင် သူမက ခေါင်းခါ၍ သက်ပြင်းချလိုက်ပြီး..

​" အခုမှ ဘာပြောပြော နောက်ကျသွားပါပြီလေ.. သူတို့တွေ အိမ်ခွဲလိုက်ကြပြီပဲ.. "

​ချင်ဟွိုင်ရုသည် လက်ထဲမှ ပြောင်းဖူးပေါင်းကို စားပြီးသည်နှင့် မတ်တပ်ရပ်ကာ တံခါးအပြင်ဘက်သို့ ထွက်ရန် ပြင်လိုက်သည် ။

​ကျားကျန်းရှီက မကျေမနပ်ဖြင့်..

​" ချင်ဟွိုင်ရု.. နင် ဘယ်သွားမလို့လဲ.. "

​' ဒီငပျင်းမ.. ခဏနေရင် စားပွဲသိမ်းပြီး ပန်းကန်တွေ ဆေးရတော့မယ်ဆိုတာ မသိဘူးလား.. '

​" ရှာကျူးအိမ်မှာ လျှော်စရာ အဝတ်တွေ ရှိမလား ဒါမှမဟုတ် သန့်ရှင်းရေး လုပ်ပေးစရာ ရှိမလားဆိုပြီး သွားမေးကြည့်မလို့ပါ.. "

​ချင်ဟွိုင်ရုက ပြန်ဖြေလိုက်သည် ။

​" ကိုယ့်အိမ်က အလုပ်တောင် မပြီးသေးဘဲနဲ့.. ချင်ဟွိုင်ရု နင် ဘာလုပ်ချင်.. "

​ကျားကျန်းရှီ ပြောနေရင်း တစ်ဝက်တွင် ရုတ်တရက် ရပ်တန့်သွား၏ ။ သူမ တစ်ခုခုကို နားလည်သွားဟန်ဖြင့် ပါးစပ်ပိတ်သွားလေသည် ။

​သူမက တကယ်တုံးအသူတော့ မဟုတ်ပေ ။ ရှာကျူး၏ ငွေကို ရလိုလျှင် စကားအနည်းငယ် ပြောရုံဖြင့် မဖြစ်နိုင်မှန်း သူမ သိ၏ ။ ထို့ကြောင့် မျက်နှာလုပ်ရန် သွားရမည်ပင် ။ ချင်ဟွိုင်ရုကဲ့သို့ မိန်းမတစ်ယောက်သည် ဘာမှ ကြီးကြီးမားမား မလုပ်နိုင်ချေ ။ သန့်ရှင်းရေး လုပ်ပေးခြင်းနှင့် အဝတ်လျှော်ပေးခြင်း လောက်သာ တက်နိုင်ပေသည် ။

​ရှာကျူးလို ငတုံးကတော့ အလွယ်တကူ ကိုင်တွယ်၍ ရသည် ။ ချင်ဟွိုင်ရု ကိုယ်ဝန်ရှိနေသည်ကို မြင်လျှင် သူ့ကို အလုပ်လုပ်ခိုင်းရန် အားနာနေမည်မှာ အသေအချာပင် ။ ချင်ဟွိုင်ရုသည် သူမ၏ သွန်သင်မှုကို နှစ်ပေါင်းများစွာ ခံယူလာခဲ့ရ၍ သူမ၏ အနှစ်သာရ အချို့ကို အပြည့်အဝ သင်ယူထားပြီးဖြစ်ကြောင်း ဝန်ခံရပေမည် ။

​ထိုသို့ တွေးမိပြီးနောက် ကျားကျန်းရှီက လက်ကာပြလိုက်ပြီး..

​" နင် သွားလိုက်လေ.. ပြီးရင် ပန်းကန်တွေ ပြန်လာဆေးဖို့ မမေ့နဲ့အုံး.. "

​" သိပါပြီ.. "

​ချင်ဟွိုင်ရုက ခေါင်းညိတ်လိုက်ပြီး အိမ်အပြင်သို့ ထွက်လာခဲ့သည် ။ အိမ်ပေါက်ဝသို့ ရောက်သည်နှင့် သူမ၏ မျက်နှာပေါ်တွင် ရွံရှာမှုများ ပေါ်လာ၏ ။

​ဤအဘွားကြီးက တကယ်ကို ပျင်းရိလှသည် ။ အလုပ်တစ်ခုမှ မလုပ်ချင်သော်လည်း စားသည်ကတော့ လူတိုင်းထက် ပိုများနေ၏ ။ ကျားကျန်းရှီ တစ်နပ် စားသည့် ပမာဏက သူမနှင့် ရှောင်တန်တို့ တစ်နေကုန် စား၍ ရလောက်သည် ။

​ကျားဒုံရွှီ၏ အမှာစကားကြောင့် ကလေးများကို ကြီးပြင်းအောင် ပြုစုပျိုးထောင်ပေးရမည်သာ မဟုတ်လျှင် ဤဒုက္ခမျိုးကို သူမ သည်းခံနေမည် မဟုတ်ချေ ။

​ရှာကျူး၏ တံခါးရှေ့သို့ ရောက်လျှင် ချင်ဟွိုင်ရုက အတင်းအကျပ် အပြုံးတု ဖန်းတီးလိုက်ပြီး ရင်းနှီးနေသူ တစ်ယောက်လို အိမ်ထဲသို့ ဝင်သွားသည် ။

​အရက်ထိုင်သောက်နေသော ရှာကျူးသည် ချင်ဟွိုင်ရုကို မြင်လိုက်သည်နှင့် မျက်လုံးများ အရောင်လဲ့သွားပြီး အိမ်ခွဲလိုက်ရ၍ စိတ်ညစ်နေမှုများ ချက်ချင်း ပျောက်ကွယ်သွားကာ..

​" ညီမချင်.. ဘာ ကိစ္စ ရှိလို့လဲ.. "

​" နင်နဲ့ ယွီဆွေတို့ အိမ်ခွဲလိုက်တယ် ဆိုတာ ကြားလို့ စိတ်ပူပြီး လာခဲ့တာလေ.. "

​ချင်ဟွိုင်ရုက မကျေမနပ် ဖြစ်ချင်ယောင်ဆောင်၍ ပြောလိုက်သည် ။

​ရှာကျူးက စိတ်ညစ်နေသော်လည်း ပါးစပ်မှမူ..

​" ဟားဟား.. ဘာမှ မဖြစ်ပါဘူး.. ဒီနှစ်တွေထဲမှာ ကျေးဇူးကန်းတဲ့ မြေခွေးမလေး တစ်ကောင်ကို ကျွေးထားမိတယ်လို့ပဲ သဘောထားလိုက်တော့မှာပါ.. "

​" အင်းလေ.. နင့်ကိုလည်း သေချာ နားချလို့ မရပါဘူး.. ငါ လာခဲ့တာက နင့်မှာ လျှော်စရာ အဝတ်တွေများ ရှိမလား လာမေးတာ.. ရှိရင် ငါ တစ်ခါတည်း ယူသွားပြီး လျှော်ပေးမလို့.. "

​" အို.. ညီမချင်က ကိုယ်ဝန်ကြီးနဲ့ကို ငါက ဘယ်လိုလုပ်ပြီး ခိုင်းရဲမှာလဲ.. ကျေးဇူးအများကြီး တင်ပါတယ်ဗျာ.. "

​သူမ တွေးထားသည့်အတိုင်းပင် ရှာကျူးက မခိုင်းရက်ပေ ။

​ထို့နောက် ချင်ဟွိုင်ရုက ဟန်ဆောင်၍ ဂရုစိုက်စကား အနည်းငယ် ပြောပြီး ပြန်သွားခဲ့လေသည် ။

​ရှာကျူးကို အလုပ် ကူလုပ်ပေးစရာ မလိုသည့်အပြင် အမြင်ကောင်းလည်း ရလာခဲ့၏ ။

​ကြာပန်းဖြူ အဖြစ် ဟန်ဆောင်ရာတွင် ချင်ဟွိုင်ရု၏ စွမ်းရည်က တဖြည်းဖြည်း ပို၍ နက်ရှိုင်းလာသည်ဟု ဝန်ခံရပေမည် ။

All Chapters