အခန်း ၈၇၁
Vol. 63 Ch. 871
အခန်း ၈၇၁ - ကောင်းကင်ဘုံ၏ မျက်နှာသာပေးခံရခြင်း၊ ကံကြမ္မာ၏ ကောင်းချီးပေးအပ်ခြင်း (အပိုင်း - ၃)
"အကယ်၍ အချိန်မီ မဖြေရှင်းနိုင်ဘူး ဆိုရင်တော့၊ ထိုက်ရွှိ နယ်ပယ်ကြီးရဲ့ ခြေရာကို နင်းသွားရလိမ့်မယ်။ ငါ အဲ့ဒါ စိုးရိမ်မိတယ်။"
လူသားအင်ပါယာဓား က လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
ဤမဟာ ကမ္ဘာကြီးသည်လည်း ထိုက်ရွှိ နယ်ပယ်ကြီး နှင့် တူညီသော ကံကြမ္မာဆိုးကို ရင်ဆိုင်ရမည်ဟု ၎င်း ကြိုတင် နိမိတ်ဖတ်မိနေလေသည်။ လက်ရှိအချိန်တွင် ဤနယ်ပယ်မှာ ၎င်း၏ အထွတ်အထိပ် ကာလသို့ ရောက်ရှိနေသည် ဆိုသော်ငြား၊ ညတွင်းချင်းပင် ပျက်စီး ယိုယွင်းသွားနိုင်ပေသည်။
မိုးထိအောင် မြင့်မားလှသော အဆောက်အအုံကြီး တစ်ခုကဲ့သို့ပင်၊ တည်ဆောက်ရန်အတွက် နှစ်ပေါင်းများစွာ အချိန်ယူရသော်ငြား၊ ဖျက်ဆီးပစ်ရန် အတွက်မူ မျက်စိတစ်မှိတ်စာ အချိန်လေးသာ လိုအပ်ပေသည်။
ဖျက်ဆီးခြင်း ဆိုသည်မှာ ဖန်တီးခြင်းထက် အမြဲတမ်း ပို၍ လွယ်ကူလှပေ၏။
"ဒါပေမယ့် ဒီထူးဆန်းတဲ့ တည်ရှိမှု တွေက ဒီအမျိုးသမီးကို ဘယ်လိုလုပ် ပစ်မှတ်ထားသွားတာလဲ။"
"ဒါက ကံကြမ္မာဇာတာ နဲ့များ သက်ဆိုင်နေမလား။"
"ဒီထူးဆန်းတဲ့ တည်ရှိမှု တွေက ကံကြမ္မာဇာတာ ပိုင်ဆိုင်ထားတဲ့ ကျင့်ကြံသူတွေကို အာရုံခံနိုင်တာလား။"
"ကံကြမ္မာဇာတာ ပိုင်ဆိုင်ထားတဲ့ ကျင့်ကြံသူတွေဟာ ထူးခြားပြီး ပြိုင်ဘက်ကင်းတဲ့ ပါရမီတွေ ရှိတယ် ဆိုတာကို သူတို့ သိနေလို့ စောစောစီးစီး အမြစ်ပြတ် သုတ်သင်ချင်နေကြတာလား။"
ကျန်းဖန်သည် သူ၏ မျက်လုံးများကို ကျဉ်းလိုက်၏။
သူ၏ ခန့်မှန်းချက်မှာ အမှန်တရားနှင့် အတော်လေး နီးစပ်နေပြီဟု သူ ခံစားလိုက်ရသည်။
ဤထူးဆန်းသော တည်ရှိမှုများတွင် ကံကြမ္မာဇာတာ ပိုင်ဆိုင်ထားသော ကျင့်ကြံသူများကို အာရုံခံနိုင်မည့် အထူး နည်းလမ်းတစ်ခု သေချာပေါက် ရှိနေရမည် ဖြစ်သည်၊ ထို့နောက် အခြားသော ကျင့်ကြံသူများကို ကြိုးကိုင်ခြယ်လှယ်ကာ ဤပါရမီရှင်များကို တစ်ယောက်ပြီး တစ်ယောက် လုပ်ကြံ သတ်ဖြတ်ပြီး အပြည့်အဝ အမြစ်ပြတ် သုတ်သင်ပစ်ရန် ကြိုးပမ်းနေကြခြင်း ဖြစ်ပေမည်။
အကယ်၍ ဤပါရမီရှင်များသာ ကျဆုံးသွားခဲ့မည် ဆိုပါက၊ ၎င်းမှာ ဤကမ္ဘာကြီး အတွက် စိတ်ကူးယဉ်၍ပင် မရနိုင်လောက်အောင် ကြီးမားလှသော ထိုးနှက်ချက်ကြီး တစ်ခု ဖြစ်လာပေလိမ့်မည်။
"ကျွန်မရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ် စီနီယာ။"
"ကျွန်မ နာမည် ယဲ့လင်လောင် ပါ။"
ထိုအချိန်တွင် သူ၏ ဘေးနားရှိ အမျိုးသမီး ဖြစ်သူ ယဲ့လင်လောင် က ကျန်းဖန်ကို သတိကြီးစွာဖြင့် ကြည့်လိုက်ပြီး၊ သူမ၏ ရင်တွင်း၌ အလွန်အမင်း စိုးရိမ် ပူပန်နေတော့သည်။
တစ်ဖက်လူက သူမ၏ ရှေ့မှောက်ရှိ ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံသူများကို သတ်ဖြတ်ပေးခဲ့သည် ဆိုသော်ငြား၊ သူမကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ ကယ်တင်ပေးခဲ့ခြင်း ဖြစ်သည်ဟု မဆိုလိုချေ။
အကယ်၍ ဤသူစိမ်းကသာ မကောင်းဆိုးဝါး ရည်ရွယ်ချက် တစ်ခုခု ရှိနေမည် ဆိုပါက သူမကို မျက်စိတစ်မှိတ် အတွင်းမှာပင် သတ်ဖြတ်ပစ်နိုင်ပေသည်။ သူမ၏ အသက်အန္တရာယ် ဘေးကင်းစေရေး အတွက်၊ ကောင်းမွန်သော သဘောထား အမြင် တစ်ခု ရရှိစေရန် သူမကိုယ်တိုင် ဦးဆောင်ပြီး ကြိုးပမ်းသင့်သည်ဟု သူမ ခံစားလိုက်ရသည်။
အကယ်၍ ထိုသို့ ပြုလုပ်လိုက်မည် ဆိုပါက၊ ယနေ့တွင် သူမ သေဆုံးရန် မလိုအပ်တော့ချေ။
"မင်း အဲဒီလောက်အထိ သတိထားနေစရာ မလိုပါဘူး။"
"မင်းကို ကယ်တင်ဖို့ အတွက် သီးသန့် ရည်ရွယ်ပြီး ငါ ဒီကို လာခဲ့တာပဲ။"
ကျန်းဖန်က ပွင့်လင်းစွာပင် ပြောလိုက်လေသည်။
"ကျွန်မကို ကယ်တင်ဖို့။ ဘာလို့လဲဟင်။"
ယဲ့လင်လောင် မှာ မှင်တက်သွားတော့သည်။
အဘယ်ကြောင့်ဆိုသော် သူမသည် ဤလျှို့ဝှက်ဆန်းကြယ်သော စီနီယာကို ယခင်က တစ်ခါမျှ မတွေ့ဖူးခဲ့သောကြောင့်ပင်။ သူမကို ကယ်တင်ရန်အတွက် အဘယ်ကြောင့် သူက အချိန်ကုန်ခံပြီး ရောက်လာရသနည်း။
သူမ၏ နောက်ခံ သမိုင်းကြောင်းနဲ့များ သက်ဆိုင်နေမလား။ သို့မဟုတ် သူမ၏ အဘွားဖြစ်သူနှင့် ဆက်နွှယ်နေမလား။
မျက်စိတစ်မှိတ် အတွင်းမှာပင် သူမ၏ စိတ်ထဲ၌ အတွေးပေါင်းများစွာ ထွက်ပေါ်လာတော့သည်။
"မင်းရဲ့ ပတ်ဝန်းကျင်က ဘယ်သူနဲ့မှ ငါ့မှာ ပတ်သက် ဆက်နွှယ်မှု မရှိဘူး။"
"မင်းကို ငါ ကယ်တင်ခဲ့ရတဲ့ အကြောင်းရင်းက ရိုးရှင်းပါတယ်။ မင်းက ထူးခြားပြီးတော့ ကယ်တင်ဖို့ တန်ဖိုးရှိလို့ပဲ။"
ကျန်းဖန်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန် အစီအစဉ် မရှိချေ။
"ကျွန်မက ထူးခြားတယ် ဟုတ်လား။"
ယဲ့လင်လောင် မှာ ပို၍ပင် ဝေခွဲမရ ဖြစ်သွားတော့သည်။ သူမသည် သာမန် အမျိုးသမီး ကျင့်ကြံသူ တစ်ဦးမျှသာ ဖြစ်ပြီး၊ အလှအပ အနည်းငယ် ရှိသည် ဆိုသော်ငြား ထူးခြား ထင်ရှားလှသည်တော့ မဟုတ်ချေ။ အကယ်၍ သူမ၏ ပါရမီသာ အမှန်တကယ် ထူးချွန် ပြောင်မြောက်ခဲ့မည် ဆိုပါက ယခုအချိန်တွင် နဝမအလွှာ ချီသန့်စင်ခြင်း အဆင့်၌သာ ရှိနေမည် မဟုတ်ချေ။
အကယ်၍ သူမ အနေဖြင့် ထပ်မံ ထိုးဖောက် ဝင်ရောက်နိုင်ခြင်း မရှိတော့ပါက တာအို အကယ်ဒမီ မှ ဘွဲ့ယူရတော့မည် ဖြစ်သည်။
အကယ်ဒမီ အတွင်းရှိ ပါရမီရှင်များမှာ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ပင် တက်လှမ်းသွားခဲ့ကြပြီ ဖြစ်သည်။
တချို့သော လူကြမ်းများဆိုလျှင် ရွှေရောင်အမြုတေအဆင့်သို့ပင် ရောက်ရှိနေကြပြီ ဖြစ်လေသည်။
"သာမန် ဟုတ်လား။"
ကျန်းဖန်က မျက်ခုံးတစ်ချက် ပင့်လိုက်သည်။
ယဲ့လင်လောင် သည် မိမိကိုယ်ကို အဘယ်ကြောင့် သာမန်ဟု ထင်မှတ်နေသနည်း ဆိုသည်ကို သူ နားလည်လေသည်။ ဖြစ်နိုင်ခြေ ရှိသည်မှာ သူမ၏ ကံကြမ္မာဇာတာ သက်ဝင်လာခြင်း မရှိသေးသောကြောင့်ပင်။
တချို့သော ကျင့်ကြံသူများမှာ ကံကြမ္မာဇာတာ ကို ပိုင်ဆိုင်ထားတတ်ကြသော်ငြား၊ အကယ်၍ အခွင့်အရေး တစ်ခုနှင့် မကြုံတွေ့ရပါက တစ်သက်လုံး သက်ဝင်လာမည် မဟုတ်ချေ။
ယဲ့လင်လောင် မှာလည်း ချွင်းချက် မဟုတ်ပေ။ သူမ၏ 'ငါတစ်ပါးတည်းသာလျှင် အမြင့်မြတ်ဆုံး' ဟူသော ကံကြမ္မာဇာတာ မှာ သက်ဝင်လာခြင်း မရှိသေးရာ ယခုအခါတွင် သူမမှာ သာမန် မိန်းကလေး တစ်ဦးမျှသာ ဖြစ်နေပေသည်။ သူမ၏ ကျင့်ကြံခြင်း ပါရမီမှာလည်း တော်တော်လေး ညံ့ဖျင်းလှပေသည်။
ကံကြမ္မာဇာတာ သက်ဝင်လာသည့် အချိန်ရောက်မှသာ သူမသည် ပြိုင်ဘက်ကင်း လမ်းစဉ် ပေါ်သို့ အမှန်တကယ် လျှောက်လှမ်းနိုင်မည် ဖြစ်လေသည်။
သေချာသည်မှာ ကံကြမ္မာဇာတာ များ မသက်ဝင်လာမီ ရန်သူများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသူများလည်း ရှိပေသည်။
မည်သို့ပင်ဆိုစေ၊ ကျင့်ကြံသူ တစ်ဦး၏ မဖော်ထုတ်ရသေးသော အလားအလာများက သူတို့ကို အားနည်းသူ တစ်ဦး အဖြစ်သာ ဆက်လက် ရှိနေစေမည် ဖြစ်သည်။
သို့သော် သူ၏ ရှေ့မှောက်ရှိ ဤမိန်းကလေး၏ 'ငါတစ်ပါးတည်းသာလျှင် အမြင့်မြတ်ဆုံး' ကံကြမ္မာဇာတာ ကို သက်ဝင်လာစေရန် သူ ကူညီပေးနိုင်ကောင်း ကူညီပေးနိုင်ပေလိမ့်မည်။
………..