အခန်း ၄၀၆
Vol. 28 Ch. 406
အခန်း(၄၀၆)
သီရှီထျန်သည် သူ့နှလုံးသားထဲ၌ ခါးသီးမှုကို ခံစားမိသွားသည်။ သူက သက်ပြင်းချလိုက်သည်။ တောင်ပိုင်းမြေရိုင်းဒေသထဲတွင် ချန်းရှီက သူ့အား မည်သို့လျစ်လျူရှုခဲ့ကြောင်း ပြန်တွေးလိုက်သည့်အခါ ရုတ်တရက် ခေါင်းကိုက်သွားသည်။ ကိုတိုမီက သူ့အပေါ် အမှန်တကယ် မေတ္တာသက်ဝင်ကြောင်း သူသိသည်။ သူက ယခင်ကထက် ပိုပြီးလွှမ်းမိုးဗိုလ်ကျလာပြီး ပိုပြီးသန်မာလာသည်။ သို့သော်လည်း စိတ်ခံစားချက်များက သူ၏ အားနည်းချက်ဖြစ်နေဆဲပင်။ သူက ခေါင်းယမ်းလိုက်သည်။
သူက သက်လတ်ပိုင်းအရွယ် ကွန်ဖြူးရှပ်ကျောင်းတော်သားကို လှည့်ကြည့်လိုက်သည်။ သတိပေးသော အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက စိတ်ဓာတ်ပြတ်သားစွာ ပြောသည်။
“ ခင်ဗျားက ရှင်းအာနဲ့ ဘယ်လိုပတ်သက်လဲ ကျုပ်မသိဘူး… ဒါပေမဲ့ ကျုပ်သိတာ တစ်ခုရှိတယ်… ကျုပ်ရဲ့ ကိစ္စတွေမှာ တခြားလူ ဝင်စွက်ဖက်ဖို့ မလိုဘူး ”
“ ဟား ဟား ဟား ”
ကွန်ဖြူးရှပ်ကျောင်းတော်သားက စိတ်မဆိုးသွားပေ။ ယင်းအစား သူက ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ သူက သူ့အရှေ့မှ ရတနာခုနစ်ခုကို သာမန်ကာလျှံကာ ကြည့်လိုက်သည်။ သူက လက်ဆန့်ထုတ်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ ဒီပေတံက ချစ်စရာကောင်းသားပဲ… အဲ့ဒါကို ရှင်းအာအပေါ် မင်းရဲ့ အချစ်သင်္ကေတလို့ ငါသဘောထားလိုက်မယ်… လက်ဆောင်ကို သူ့ကိုယ်စား ငါလက်ခံလိုက်မယ် ”
ထိုသို့ပြောပြီးနောက် ကွန်ဖြူးရှပ်ကျောင်းတော်သားသည် သီရှီထျန်၏ အမြင်ကိုပင် မမေးဘဲ သူ့ဘာသာ ဆုံးဖြတ်ချက်ချလိုက်သည်။ သူ၏ လုပ်ဆောင်မှုက လွန်စွာ ရုတ်တရက်ဆန်သည်။ သူ၏ စကားဆုံးသွားသည်နှင့် သူ့လက်က အစိမ်းရောင်သစ်သားပေတံကို ထိတွေ့သွားသည်။
ထိုသို့ထိတွေ့သွားသည့်အခိုက် ထွန်းလင်းတောက်ပသော အစိမ်းရောင်အလင်းက သစ်သားပေတံထံမှ ထွက်ပေါ်လာပြီး ကွန်ဖြူးရှပ်ကျောင်းတော်သားကို လွှမ်းခြုံသွားသည်။ အစိမ်းရောင်အလင်း၏ ဖုံးလွှမ်းမှုအောက်မှာ သစ်သားပေတံနှင့်အတူ ကွန်ဖြူးရှပ်ကျောင်းတော်သားက လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားသည်။
ရတနာသိုက်၏ စည်းမျဉ်းများအရ ရတနာကို ရွေးချယ်ပြီးလျှင် ဤနေရာမှ ချက်ချင်း မောင်းထုတ်ခံရလိမ့်မည်။ ထို့ကြောင့် ကွန်ဖြူးရှပ်ကျောင်းတော်သားက ရတနာသိုက်ထဲမှ ချက်ချင်း ဖယ်ရှားခံလိုက်ရသည်။
သီရှီထျန်သည် နေရာမှာ တိတ်တဆိတ် ရပ်နေသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး တွေးတောလိုက်သည်။
အချိန်အတန်ကြာပြီးနောက် သူ့မျက်လုံးထဲမှ ဇဝေဇဝါဖြစ်မှုက ပျောက်ကွယ်သွားသည်။ သူက သူ့အရှေ့မှ ရတနာသုံးခုကို ကြည့်လိုက်သည်။ သူက တုံ့ဆိုင်းမနေဘဲ သူ့ညာလက်ကို ဆန့်ထုတ်လိုက်သည်။ သူ့လက်က အလယ်မှ ယဇ်ပလ္လင်ကို ဆုပ်ကိုင်လိုက်သည်။
“ ဝီး ”
ထွန်းလင်းတောက်ပသော ခရမ်းရောင်အလင်းက ယဇ်ပလ္လင်ထံမှ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ တစ်ချိန်တည်းမှာ သူ၏ လက်ဖဝါးပေါ်မှ ကြာပန်းပုံရိပ်သည်လည်း အိမ်မက်ဆန်သော အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။
ကြာပန်းသည် အမှန်တကယ် အသက်ရှိနေသည့်အလား အောက်မေ့ရ၏။ ယင်းက အလွန်လှပသည်။ ခရမ်းရောင်အလင်းက သူ၏ ခန္ဓာကိုယ်နှင့် ယဇ်ပလ္လင်ကို ဖုံးလွှမ်းသွားသည်။
“ တကယ် အဲ့ဒါပဲ ”
ယင်းကို သီရှီထျန်မြင်သောအခါ သူက ဖော်မပြနိုင်အောင် ဝမ်းသာပျော်ရွှင်သွားသည်။ ယဇ်ပလ္လင်ကို သူထိလိုက်သည့်အခိုက် ထိုခံစားချက်က အလွန်ထင်ရှားသွားသည်။ ထို့ပြင် သူ့လက်ထဲမှ ကြာပန်းပုံရိပ်သည်လည်း ထွန်းလင်းတောက်ပလာသည်။ သို့ဖြစ်လေရာ ဤတစ်ကြိမ်တွင် သူ၏ ရွေးချယ်မှု မှန်ကန်ခဲ့ကြောင်း သူသိလိုက်သည်။ ထိုယဇ်ပလ္လင်သည် အမွေအနှစ်နှင့် ဆက်စပ်နေသည်။
သူဘာမှမတုံ့ပြန်နိုင်မီ ခရမ်းရောင်အလင်းအောက်မှာ သူ့ခန္ဓာကိုယ်က ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သွားသည်။ သူက အဝေးသို့ တည်နေရာပြောင်းရွှေ့ခံလိုက်ရသည်။ သို့သော်လည်း စက္ကန့်ပိုင်းလေးအတွင်းမှာ သူက အသိစိတ်ပြန်ရသွားသည်။
“ အမ်… ဒီနေရာက ဘယ်နေရာလဲ ”
သူ့အရှေ့မှ မြင်ကွင်းကို ကြည့်လိုက်သည့်အခါ သီရှီထျန်က အံ့ဩသွားသည်။ ဤသည်မှာ သူက မယုံကြည်နိုင်စရာကောင်းသော မြင်ကွင်းကို မြင်လိုက်ရသည့်အလားပင်။
သူ၏ အရှေ့မှာ အရွယ်အစားအလွန်ကြီးမားသော ခရမ်းရွှေစေတီတစ်ဆူ ရှိ၏။ စေတီမှာ အောက်ခြေမရှိပေ။ ယင်းက လေထဲမှာ မျောလွင့်နေသည်။ ယင်းက ပုံရိပ်ယောင်နန်းဆောင်တစ်ခုနှင့် ဆင်တူသည်။ မှော်ဆန်ပြီး အံ့ဖွယ်ထူးခြားသော အရှိန်အဝါက ခရမ်းရွှေစေတီထံမှ ထွက်ပေါ်နေသည်။ မည်သို့ကြည့်ပါစေ ယင်းက သာမန်စေတီမဟုတ်ကြောင်း သိနိုင်လိမ့်မည်။
အောက်ခြေမရှိသည့်တိုင်အောင် စေတီက အံ့ဖွယ်ထူးခြားနေဆဲပင်။ စေတီမှာ အထပ်ကိုးထပ် ရှိသည်။ ထို့ပြင် စေတီ၏ မျက်နှာပြင်ပေါ်မှာ မရေမတွက်နိုင်သော မှော်သင်္ကေတများ ရှိသည်။ ထူးဆန်းသော အဖြူရောင်ချိပ်တံဆိပ်များက စေတီ၏ ထောင့်တစ်ထောင့်စီမှာ တည်ရှိနေသည်။ လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်က စေတီထံမှ ထွက်ပေါ်နေသည်။
“ ဝီး ”
စေတီကြောင့် သီရှီထျန် အံ့ဩဆွံ့အနေစဉ် သူ့လက်ထဲမှ ယဇ်ပလ္လင်က ပြင်းထန်စွာ တုန်ယင်သွားပြီး သူ့လက်ထဲမှ ရုန်းထွက်သွားသည်။ ယဇ်ပလ္လင်က လေထဲသို့ မြှောက်တတ်သွားသည်။ ခရမ်းရွှေအလင်းရောင်က ယဇ်ပလ္လင်ပေါ်မှာ ထွက်ပေါ်လာသည်။
ယဇ်ပလ္လင်ပေါ်မှ မှော်သင်္ကေတများက ခရမ်းရွှေစေတီပေါ်မှ မှော်သင်္ကေတများနှင့် တစ်ပုံစံတည်းဆင်တူသည်။ ဤသည်မှာ ယဇ်ပလ္လင်နှင့် ခရမ်းရွှေစေတီက ဇစ်မြစ်တစ်ခုတည်းမှ ဆင်းသက်လာသည့်အလားပင်။ လေထဲသို့ ယဇ်ပလ္လင်ပျံတတ်သွားသည်နှင့် ခရမ်းရွှေစေတီက တုန်ယင်သွားသည်။ နူးညံ့သာ မြည်သံက အဆက်မပြတ် ပဲ့တင်ထပ်လာသည်။ ထို့နောက် အလွန်အားကောင်းသော ခရမ်းရောင်အလင်းက ဒီရေသဖွယ် အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့နှံ့သွားသည်။ ခရမ်းရောင်အလင်းအောက်မှာ စေတီနှင့် ယဇ်ပလ္လင်က တစ်ခုနှင့်တစ်ခု မြန်ဆန်စွာ ချဉ်းကပ်သွားကြသည်။ ယင်းတို့၏ အလျင်က အလွန်မြန်ဆန်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ ပစ္စည်းနှစ်ခုက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသည်။
ကျယ်လောင်သော မြည်သံက ပေါက်ကွဲထွက်လာသည်။ ခရမ်းရောင်အလင်းက အလွန်တောက်ပလေရာ သီရှီထျန်သည် မျက်စိမဖွင့်နိုင်ပေ။ ယင်းက အမှန်တကယ် အံ့ဖွယ်ကောင်းသည်။
“ ဘန်း ”
အချိန်အတန်ကြာပြီးနောက် အလွန်ကျယ်လောင်သော မြည်သံ ထွက်ပေါ်လာသည်။ သူ၏ ခြေထောက်အောက်မှ လျှို့ဝှက်ဆန်းကြယ်သော ကျွန်းစုက အဆက်မပြတ် တုန်ယင်သွားသည်။ ဤသည်မှာ ငလျင်အကြီးကြီး လှုပ်ခတ်နေသည့်အလားပင်။ ကံကောင်းစွာဖြင့် ထိုအခြေအနေက သိပ်မကြာပေ။ တစ်ခဏကြာပြီးနောက် ခရမ်းရောင်အလင်းက ဒီရေသဖွယ် ပျောက်ကွယ်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ခရမ်းရောင်အလင်းက ပျောက်ကွယ်သွားသည်။
သူ့အရှေ့၌ ထွက်ပေါ်လာသည်မှာ သာလွန်ထူးခြားသော ခရမ်းရွှေစေတီတစ်ဆူ ဖြစ်သည်။ စေတီသည် လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းအရှိန်အဝါနှင့် ဓမ္မတေးသံများကို ထုတ်လွှတ်နေသည်။ သာမန်လူများသည်ပင် ထိုစေတီထဲမှာ ကိန်းအောင်းနေသော အံ့ဖွယ်စွမ်းအားကို အာရုံခံနိုင်ကြသည်။ စေတီမှ ထုတ်လွှတ်နေသော ရှေးဟောင်းအရှိန်အဝါနှင့် ဓမ္မတေးသံများက အံ့ဖွယ်ထူးခြားသည်။
“ လက်စသတ်တော့ ငါယူလိုက်တဲ့ ရတနာက ယဇ်ပလ္လင်မဟုတ်ဘူး… စေတီရဲ့ အောက်ခြေပဲ… မထူးဆန်းတော့ပါဘူး ”
စေတီကို ကြည့်နေစဉ် သီရှီထျန်က တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားသည်။ သူ့အထင်က မမှားယွင်းပေ။ ယဇ်ပလ္လင်နှင့်ဆင်တူသော စင်မြင့်က အမှန်မှာ စေတီ၏ အောက်ခြေသာ ဖြစ်၏။ စေတီက အပိုင်းနှစ်ပိုင်းကွဲနေခြင်း ဖြစ်သည်။
ထို့ကြောင့် အစောနက သူမြင်လိုက်သော စေတီမှာ အောက်ခြေမဲ့နေခြင်း ဖြစ်သည်။ ယင်းက လေထဲမှာ တိုက်ရိုက် လွင့်မျောနေသည်။
“ လောကဖန်ဆင်းမှုစေတီ ”
စေတီပေါ်မှ မှော်သင်္ကေတများက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားပြီး ခရမ်းရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ သီရှီထျန်၏ စိတ်ထဲသို့ ဝင်ရောက်လာသည်။ ချက်ချင်းဆိုသလိုပင် စေတီ၏ နာမည်က သူ့စိတ်ထဲမှာ ထွက်ပေါ်လာသည်။
“ ခရက်… ”
လောကဖန်ဆင်းမှုစေတီက အနည်းငယ် တုန်ယင်သွားသည်။ ခရမ်းရောင်အလင်းက စေတီထံမှ ရုတ်တရက် ပျံ့နှံ့ထွက်လာသည်။ နောက်အခိုက်အတန့်မှာ ပထမအထပ်၏ ဂိတ်တံခါးက ပွင့်သွားသည်။
ကြည့်ရသည်မှာ ခရမ်းရောင်အလင်းက သူ့အား လောကဖန်ဆင်းမှုစေတီထဲသို့ လမ်းညွှန်ပေးနေသည့်အလားပင်။
ဘေးဘီကို သူကြည့်လိုက်သည့်အခါ ကျွန်းစုတစ်ခုလုံးကို ရှင်းလင်းစွာ မြင်သွားသည်။ သို့သော်လည်း ယခုအချိန်မှာ သူက ကျွန်းစုကို စိတ်မဝင်စားပေ။ သူ၏ မျက်လုံးထဲမှာ လောကဖန်ဆင်းမှုစေတီတစ်ခုတည်း ရှိသည်။ အကယ်၍ သူ့အထင်မမှားလျှင် ကောင်းကင်မိစ္ဆာ၏ အမွေအနှစ်က ထိုစေတီထဲမှာ ရှိလိမ့်မည်။
“ အနာဂတ်ဘုရင်… ကျေးဇူးပြုပြီး အလင်းရောင်နောက် လိုက်ပြီး စေတီထဲ ဝင်ပါ… ”
သီရှီထျန် တုံ့ဆိုင်းနေသည့်အချိန် သာယာငြိမ့်ညောင်းသော အသံက စေတီထံမှ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအသံထဲမှာ ဩဇာကြီးမြတ်မှုက သဘာဝအလျောက် ပါဝင်နေသည်။ ယင်းက သူ့အသံကြားရသူတိုင်းကို သူတို့၏ မသိစိတ်မှ သူ့စကားအတိုင်း လိုက်လံလုပ်ဆောင်နိုင်စေဟန် ရ၏။
“ ကောင်းပြီ ”
ယင်းကို သီရှီထျန် ကြားသည့်အခိုက် မသိစိတ်မှ သူ၏ ခြေထောက်ကို မြှောက်တင်လိုက်သည်။ သူက ခရမ်းရောင်အလင်းတန်း၏ လမ်းပြမှုနောက်သို့ လိုက်သွားတော့မည်။ သို့သော်လည်း သီရှီထျန်၏ စိတ်ခွန်အားက ထိုမျှအားမနည်းပေ။ နောက်အခိုက်အတန့်မှာ တစ်စုံတစ်ခုလွဲမှားနေကြောင်း သူသတိပြုမိသွားသည်။ ထို့ကြောင့် သူက လျှာကို ကိုက်လိုက်သည်။ နာကျင်မှုက သူ၏ စိတ်ကို ပြန်လည်ငြိမ်သက်သွားစေသည်။ ထို့ကြောင့် သူက ခြေလှမ်းလှမ်းနေခြင်းကို အမြန်ရပ်နိုင်သွားသည်။
“ မင်းဘယ်သူလဲ ”
သီရှီထျန်သည် သူ၏ ညာလက်ကို ဆန့်ထုတ်၍ သူ့ကျောနောက်မှ ကျားဝိညာဉ်ဓားမော့ကို ဆုပ်ကိုင်လိုက်သည်။ သတိထားမှုက သူ၏ တစ်ကိုယ်လုံး၌ ထွက်ပေါ်လာသည်။ ကြောက်ရွံ့သော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ထိုအသံက သူ၏ တစ်ကိုယ်လုံးကို ထိန်းချုပ်မှုကင်းလွတ်သွားစေမည်ဟု သူမမျှော်လင့်ထားပေ။
ထိုအသံပိုင်ရှင်သည် သေချာပေါက် ကျွမ်းကျင်ပညာရှင်တစ်ဦး ဖြစ်ရမည်။
“ အနာဂတ်ဘုရင်… နင့်မှာ စေတီထဲ ဝင်ရဲတဲ့ သတ္တိတောင်မရှိဘူးလား… အမွေအနှစ်လျှောက်လမ်းပေါ်မှာ နင်ဖြတ်ကျော်နိုင်ခဲ့တဲ့ ရဲစွမ်းသတ္တိက ဘယ်ပျောက်သွားတာလဲ ”
သာယာငြိမ့်ညောင်းသော ထိုအသံက မေးခွန်းမေးသည်။ ယင်းက မေးခွန်းသာ ဖြစ်သော်လည်း လေဟာနယ်တစ်ခုလုံးက ဤအခိုက်အတန့်မှာ လုံးဝ အေးခဲသွားသည်။ တင်းကျပ်မှုက အလွန်ပြင်းထန်လေရာ အသက်ရှူရခက်ခဲလာသည်။
စကားလုံးက ဥပဒေ ဖြစ်လာသည်။ သာမန်ကာလျှံကာ စကားတစ်ခွန်းက မိုးမြေတစ်ခုလုံး တုန်လှုပ်သွားစေမည့် စွမ်းအားကို ထုတ်လွှတ်ပေးသည်။ ထိုသို့စွမ်းအားသည် လောက၏ အထွတ်အထိပ်မှာ ရပ်တည်နေသော ပုဂ္ဂိုလ်များသာလျှင် ထုတ်လွှတ်ပေးနိုင်သောအရာ ဖြစ်၏။
“ ဟွန့်… ငါက ခွန်အားပဲရှိပြီး ဦးနှောက်မရှိတဲ့လူ မဟုတ်ဘူး… ရဲစွမ်းသတ္တိကို အသုံးပြုသင့်တဲ့နေရာမှာပဲ အသုံးပြုသင့်တယ်… ရဲစွမ်းသတ္တိကို မှားယွင်းတဲ့နေရာမှာ အသုံးပြုရင် အဲ့ဒါက ရဲစွမ်းသတ္တိမဟုတ်တော့ဘဲ ရူးမိုက်မှု ဖြစ်လာလိမ့်မယ်… တကယ်လို့ သေဖို့ ထိုက်တန်တဲ့ အခြေအနေမျိုးမှာဆိုရင် ငါက တုံ့ဆိုင်းမနေဘဲ အသေခံပစ်လိုက်မယ်… ငါက ငကြောက်မဟုတ်ဘူး… ဒါပေမဲ့ အခြေအနေကို စဉ်းစားသုံးသပ်နိုင်တဲ့ ဆင်ခြင်တုံတရား ငါ့မှာရှိတယ် ”
သီရှီထျန်က ပြတ်သားစွာ ပြောသည်။ ထို့နောက် သူက ကျားဝိညာဉ်ဓားမော့အား ဆုပ်ကိုင်ထားသော သူ့လက်ကို ပြန်ရုပ်သိမ်းလိုက်သည်။ သူက လေးနက်စွာ ပြောသည်။
“ တကယ်လို့ ငါ့အထင်မမှားရင် မင်းက လျှို့ဝှက်နယ်မြေရဲ့ အရှင်သခင် ကောင်းကင်မိစ္ဆာဖြစ်ရမယ် ”
စိုးရိမ်ကြောက်လန့်မှု ပျောက်ကွယ်သွားသည့်အခါ သူ့ဦးနှောက်က အမြန်အလုပ်လုပ်လာသည်။ ဤအခိုက်အတန့်မှာ သူ၏ အမူအရာက အလွန်တည်ငြိမ်နေသည်။
“ ကောင်းတယ်… နင်က ဘုရင်ဖြစ်ချင်တယ်ဆိုရင် သေချာပေါက် ဉာဏ်ပညာရှိရမယ်… နင်က ငါအထူးစီစဉ်ထားတဲ့ အမွေအနှစ်လျှောက်လမ်းကို ဖြတ်ကျော်နိုင်ခဲ့တဲ့လူ ပီသပါပေတယ်… စေတီထဲ ဝင်လာခဲ့ပါ… ငါ့မှာ နင့်ကို ဒုက္ခပေးချင်တဲ့ဆန္ဒ ရှိတယ်ဆိုရင် နင်အခုချိန်ထိ အသက်ရှင်နိုင်မှာမဟုတ်ဘူး… လျှို့ဝှက်နယ်မြေထဲမှာ နင်ရှိနေသေးသရွေ့ ငါနင့်ကို အတွေးတစ်ချက်နဲ့ ဖျက်ဆီးပစ်နိုင်တယ် ”
သာယာငြိမ့်ညောင်းသော အသံက ထပ်မံ ထွက်ပေါ်လာသည်။ ဤတစ်ကြိမ်၌ ယင်း၏ လေသံထဲမှာ အသိအမှတ်ပြုသော အရိပ်အမြွက် ပါရှိ၏။
စက်ကရာသည် နောက်ထပ် တုံ့ဆိုင်းမနေတော့ပေ။ သူက ခရမ်းရောင်အလင်း၏ လမ်းညွှန်မှုနောက်သို့ လိုက်သွားပြီး စေတီထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။ တစ်ဖက်လူပြောသော စကားက မမှားပေ။ တစ်ဖက်လူက စကားလုံးများကို မိုးမြေဥပဒေသအဖြစ် အသုံးပြုနိုင်သည်။ သို့ဖြစ်၍ အကယ်၍ တစ်ဖက်လူသာ သူ့ကို သတ်ချင်သည်ဆိုလျှင် တစ်ချက်တွေးလိုက်ရုံသာ လိုအပ်သည်။ ယခုအချိန်မှာ သူတုံ့ဆိုင်းနေဦးမည်ဆိုလျှင် သူက သူရဲဘောကြောင်သူအဖြစ် အမှန်တကယ် သတ်မှတ်ခံရလိမ့်မည်။ သူက ခြေလှမ်းကျဲကြီးများဖြင့် အရှေ့သို့ လျှောက်သွားသည်။ သူက ပထမအထပ်၏ ဂိတ်တံခါးကို အလွယ်တကူ ဖြတ်ကျော်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာ သူက စေတီထဲသို့ ဝင်ရောက်သွားသည်။