← Chapters

အခန်း ၄၀၇

Vol. 28 Ch. 407

အခန်း ၄၀၇

Vol. 28 Ch. 407

အခန်း(၄၀၇)

သီရှီထျန် စေတီထဲ ဝင်ရောက်သွားသည့်အခိုက် ခရမ်းရောင်အလင်းက ရုတ်တရက် ပျောက်ကွယ်သွားသည်။ စေတီ၏ ထူးခြားဆန်းကြယ်မှုသည်လည်း ပျောက်ကွယ်သွားသည်။ စေတီက သာမန်ရိုးရှင်းသော စေတီတစ်ဆူအဖြစ် ပြန်ပြောင်းလဲသွားသည်။ စေတီက ထူးခြားသော်လည်း သေမျိုးလောကမှ စေတီများနှင့် အများကြီး မခြားနားပေ။

လောကဖန်ဆင်းမှုစေတီထဲသို့ သီရှီထျန် ဝင်ရောက်သွားသည့်အချိန် ရတနာသိုက်ထဲ၌ ငွေဆံရှည်နှင့် တခြားမိစ္ဆာဘုရင်များက စိတ်ကြိုက်ရတနာတစ်ခုကို လိုက်လံရှာဖွေနေကြသည်။ နေရာတိုင်းမှာ ပြည့်နှက်နေသော ရတနာများကြောင့် သူတို့က မိန်းမောသွားကြသည်။ ရတနာသိုက်က သူတို့ကို အမှန်တကယ် မျက်စိပွင့်နားပွင့်စေသည်။

သူတို့သည် ထိုမျှများပြားသော ရတနာများကို ယခင်က တစ်ခါမှ မမြင်ဖူးပေ။

သို့သော်လည်း ဤရတနာသိုက်ထဲ၌ သူတို့၏ အဓိကရည်ရွယ်ချက်ကို မေ့မသွားပေ။

အချိန်တစ်ခဏကြာ လမ်းလျှောက်ပြီးနောက် သူတို့က ဘေးဘီကို စတင်စစ်ဆေးကြည့်လိုက်ကြသည်။ သူတို့က ရတနာတစ်ခုကို မဆင်မခြင် မရွေးချယ်ကြပေ။ သူတို့က ကံစပ်သော ရတနာများကို ရှာဖွေရန် သေချာအလေးအနက် လုပ်ဆောင်နေကြသည်။ သို့သော်လည်း မိစ္ဆာဘုရင်အများစု၏ အကြည့်က ကျောက်စိမ်းပုလင်းများထံမှာ စွဲမြဲနေသည်။ ရှင်းလင်းစွာပင် သူတို့က မှော်ဆေးလုံးများကို အလွန်စိတ်ဝင်စားကြသည်။

လက်နက်အမျိုးမျိုးနှင့် ရတနာအမျိုးမျိုးက လွန်စွာ မျက်စိဖမ်းစားနိုင်စွမ်း ရှိ၏။ သို့သော်လည်း ယင်းတို့အပေါ်မှာ ချိပ်တံဆိပ်များ စည်းခတ်ထားသည်။ သို့ဖြစ်၍ မည်သည်က ရတနာကောင်းဖြစ်ပြီး မည်သည်က သာမန်ပစ္စည်းဖြစ်ကြောင်း ခွဲခြားရန် မလွယ်ကူပေ။ ရတနာများ၏ အဆင့်အတန်းနှင့် စွမ်းရည်ကို အမြင်သက်သက်ဖြင့် ဆုံးဖြတ်ရန် မဖြစ်နိုင်ပေ။ သို့ဖြစ်၍ ရတနာတစ်ခုကို မရွေးချယ်ခင် သေချာဂရုတစိုက် စဉ်းစားရလိမ့်မည်။ ဤစွန့်စားမှုက အလွန်ကြီးမားသည်။

ရတနာသိုက်ထဲသို့ ဝင်ရောက်ရန်သည် လွယ်ကူသောအလုပ် မဟုတ်ပေ။ သို့ဖြစ်၍ မည်သူမှ ရတနာသိုက်ထဲမှ စိတ်ပျက်စွာ ပြန်မသွားချင်ကြပေ။

ထို့ကြောင့် သူတို့က ရတနာများနှင့်် လက်နက်များကို ကြည့်ရုံသာ ကြည့်ကြသည်။ မည်သူမှ ယင်းတို့ကို မထိကြချေ။ မည်သို့ဖြစ်ပါစေ ဤရတနာသိုက်ထဲသို့ ဝင်ရောက်လာနိုင်ကြသော ပုဂ္ဂိုလ်များဆီမှာ ကိုယ်ပိုင်လက်နက်များနှင့် ဓမ္မရတနာများ ရှိထားပြီးပြီ မဟုတ်ပါလော။ ထို့ကြောင့် ချက်ချင်း အစွမ်းတိုးမြှင့်ပေးနိုင်သော ဆေးလုံးများက သူတို့အတွက် ပိုပြီးအရေးကြီးသည်။

ငွေဆံရှည်၊ သွေးနဂါးဘုရင်နှင့် တခြားမိစ္ဆာဘုရင်များသည် စင်တစ်ခု၏ အရှေ့မှာ တန်းစီရပ်နေကြသည်။ ထိုစင်ပေါ်မှာ ကျောက်စိမ်းပုလင်းများနှင့် ကျောက်စိမ်းကရားများ ရှိသည်။ ထိုစင်ပေါ်တွင် လက်နက်များနှင့် ဓမ္မရတနာများက အနည်းငယ်သာ ရှိသည်။ အများစုက မိုးမြေစိတ်ဝိညာဉ်ရတနာများ ဖြစ်ကြသည်။ ကျန်ပစ္စည်းများသည်တော့ အရည်အသွေးမြင့် ကျောက်စိမ်းပုလင်းများ ဖြစ်ကြသည်။

ကျောက်စိမ်းပုလင်းများကို စင်ပေါ်မှာ စီစီရီရီ ထားထားသည်။ အကြည့်တစ်ချက်ဖြင့်ပင် စင်ပေါ်မှာ ကျောက်စိမ်းပုလင်းတစ်ရာကျော်ရှိကြောင်း မြင်နိုင်ပေသည်။ ယင်းတို့က အမှန်တကယ် အရေအတွက်များပြားသည်။

“ ငွေဆံရှည်… သီရှီထျန်နဲ့ ဟိုရေခဲကောင်ကို စောစောက ငါသွားရှာခဲ့ပေမဲ့ မတွေ့ခဲ့ဘူး… ကြည့်ရတာ သူတို့က သူတို့လိုချင်တဲ့ ရတနာကို ရှာတွေ့သွားကြတဲ့ပုံပဲ… သူတို့က ရတနာသိုက်ထဲမှာ မရှိတော့ဘူး… မသေမျိုးကျင့်ကြံသူလေးယောက်လည်း မရှိတော့ဘူး… ကြည့်ရတာ ဒီရတနာသိုက်ထဲမှာ ငါတို့လေးယောက်ပဲ ကျန်တော့တယ် ထင်တယ် ”

ရှေတောင်ပံလင်းနို့ဘုရင်က လေးလေးနက်နက် ပြောသည်။

“ ဒီရတနာသိုက်ထဲမှာ မရေမတွက်နိုင်တဲ့ ရတနာတွေရှိပေမဲ့ ရတနာတစ်ခုကိုပဲ ရွေးချယ်နိုင်တယ်… ငါ့အမြင်မှာတော့ နောက်ထပ် အချိန်မဆွဲတော့တာ ကောင်းမယ်… ဆေးပုလင်း တစ်ယောက်တစ်ပုလင်းယူပြီး ဒီကနေ ထွက်သွားကြရအောင်… လီလီကျွန်းစုထဲမှာ မရေမတွက်နိုင်တဲ့ ရတနာတွေ ရှိသေးတယ်… အရင်တစ်ခေါက် ငါတို့ဝင်လာတုန်းက ဒဏ္ဍာရီလာ ကောင်းကင်ဘုံရေကန်ကို ရှာမတွေ့ခဲ့ဘူး… ဒီတစ်ကြိမ်တော့ အခွင့်အရေးကို နောက်ထပ် လွဲချော်လို့မရဘူး… ဒီကနေ ပြန်မထွက်ခင် ကောင်းကင်ဘုံရေကန်ထဲက သူတော်စင်ရေတချို့ကို ပြန်သယ်သွားရအောင်… အဲ့ဒါက ငါတို့ကလေးတွေအတွက် ကောင်းတယ် ”

“ မင်းပြောတာ မှန်တယ်… လီလီကျွန်းစုရဲ့ နေရာတိုင်းမှာ ရတနာတွေ ရှိတယ်… အတိတ်မှာ တစ်စုံတစ်ယောက်က လီလီကျွန်းစုက ရှေးခေတ်ကာလက ရတနာကျွန်းစုတစ်ခုဖြစ်တယ်လို့ ပြောခဲ့ဖူးတယ်… ဒီရတနာသိုက်ထဲက ရတနာတွေက တန်ဖိုးကြီးမားတာမှန်ပေမဲ့ လီလီကျွန်းစုထဲက ရတနာတွေကိုလည်း ငါတို့လျစ်လျူရှုထားလို့ မဖြစ်ဘူး ”

သွေးနဂါးဘုရင်က ပြုံးလိုက်ပြီး သူ့နှာခေါင်းကို လက်ချောင်းဖြင့် ပွတ်လိုက်သည်။

“ ဒီကျောက်စိမ်းပုလင်းတွေက အပေါ်ယံကြည့်မယ်ဆိုရင် အကုန်အတူတူပဲ… ကျောက်စိမ်းပုလင်းတွေကို ချိပ်ပိတ်ထားတာကြောင့် အထဲမှာ ဘာတွေပါလဲ ငါတို့မသိနိုင်ဘူး… ဒီလိုဆိုမှတော့ ဘာလို့တစ်ယောက်တစ်ပုလင်း ဒီအတိုင်း မယူတာလဲ… ဘယ်လိုဆေးလုံးရမလဲဆိုတာ ငါတို့ရဲ့ ကံပေါ်မှာ မူတည်လိမ့်မယ် ”

ယင်းကို ငွေဆံရှည်ကြားသောအခါ သူ၏ အမူအရာက မပြောင်းလဲသွားပေ။ သူက တစ်ခဏကြာ တွေးတောပြီးနောက် ခေါင်းညိတ်လိုက်သည်။

“ ကောင်းပြီ… ဆေးပုလင်းတွေအများကြီးပဲ ဒီစင်ပေါ်မှာ တင်ထားတယ်ဆိုတော့ ဒီဆေးပုလင်းတွေက သေချာပေါက် အဆင့်အတန်း မြင့်မားရမယ်… ဘယ်လိုဆေးပုလင်းကို ရွေးယူပါစေ အထဲက ဆေးလုံးတွေက တကယ်တန်ဖိုးကြီးမားလိမ့်မယ်… အားလုံးပဲ လွတ်လွတ်လပ်လပ် ရွေးယူကြပါ… ပြီးကျရင် လီလီကျွန်းစုပေါ်မှာ ရတနာရှာဖွေစွန့်စားခန်းဖွင့်ကြမယ်… ဒါနဲ့ ငါ့တူမလေးရော အခု အခြေအနေဘယ်လိုရှိနေလဲ မသိဘူး ”

နောက်ဆုံးစကားကို ပြောလိုက်စဉ် သိမ်မွေ့နူးညံ့သော အကြည့်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ချောမောလှပသော ကလေးမလေးကို သူစဉ်းစားလိုက်သည့်အခါ အပြုံးက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

သူက တူမလေးကို တစ်ယောက်တည်း ထားခဲ့မည်ဟု ဆိုခဲ့သော်လည်း အမှန်မှာ တူမလေးကို တစ်ခါမှ သူလျစ်လျူမရှုခဲ့ပေ။ ရှေးဟောင်းတံတားပေါ်မှာ သူတိုက်ခိုက်နေသည့်အချိန်မှာပင် သူ့အနောက်မှ တူမလေးကို အမြဲတစေ စောင့်ကြည့်နေခဲ့သည်။ ရှောင်ယုသည် အမြူတေဓာတ်လုံးဖွဲ့စည်းထားပြီးသော မိစ္ဆာဘုရင်တစ်ပါးကဲ့သို့ သန်မာသည်။ သို့သော်လည်း သူက ကြာပန်းစိမ်းဖြစ်ပြီး တိုက်ခိုက်ရေးအတွေ့အကြုံ ဘာမှမရှိပေ။ သူက တိုက်ပွဲများစွာကို ခက်ခက်ခဲခဲ ကျော်လွှားပြီးမှ အမြူတေဓာတ်လုံးကို ဖွဲ့စည်းနိုင်ခဲ့သော မိစ္ဆာဘုရင်များကို မယှဉ်နိုင်ပေ။ တခြားမိစ္ဆာဘုရင်များသည် ရှေးဟောင်းတံတားပေါ်၌ ဝိညာဉ်သန္ဓေတည်နယ်ပယ် မသေမျိုးကျင့်ကြံသူများနှင့် တိုက်ခိုက်နိုင်သည်အထိ သန်မာကြသည်။

သို့သော်လည်း ရှောင်ယုက အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူများနှင့်သာ ရင်ဆိုင်တိုက်ခိုက်နိုင်သည်။ ယခုကဲ့သို့ ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲမျိုးမှာ ရှောင်ယုနှင့် တခြားမိစ္ဆာဘုရင်များကြားမှ ကွာဟမှုက အလွန်ထင်ရှားလာသည်။

သူက ရှေးဟောင်းတံတားကို မဖြတ်ကျော်နိုင်ခဲ့သော်လည်း ယင်းက သူ့အတွက် အတွေ့အကြုံကောင်းတစ်ခု ဖြစ်ခဲ့သည်။

သူတို့အားလုံးက မိစ္ဆာဘုရင်များ ဖြစ်ကြသည်။ သို့ဖြစ်၍ သူတို့သည် ဆုံးဖြတ်ချက်ချပြီးသည်နှင့် တုံ့ဆိုင်းမနေကြပေ။ သူတို့တစ်ယောက်စီက လက်ဆန့်ထုတ်လိုက်ပြီး စင်ပေါ်မှ ကျောက်စိမ်းပုလင်းများကို တစ်ယောက်တစ်ပုလင်းစီ ယူလိုက်ကြသည်။ ကျောက်စိမ်းပုလင်းများကို လက်ထိလိုက်သည်နှင့် တောက်ပသော အလင်းရောင်က ပေါ်လျှိုးလာသည်။ နောက်အခိုက်အတန့်မှာ သူတို့အားလုံးက ရတနာသိုက်ထဲမှ မောင်းထုတ်ခံလိုက်ကြရသည်။

ရတနာသိုက်သည် မူလအခြေအနေအတိုင်း တဖန်တိတ်ဆိတ်ငြိမ်သက်သွားသည်။ နောင်နှစ်တစ်ထောင်ကြာသည်အထိ ဤနေရာဆီသို့ နောက်ထပ် လူဝင်နိုင်လာလိမ့်မည် မဟုတ်ချေ။ ရတနာသိုက်ထဲတွင် မရေမတွက်နိုင်သော ရတနာများက ထိုအတိုင်း ဆက်လက် ရှိနေသည်။

“ ခင်ဗျားက လျှို့ဝှက်နယ်မြေရဲ့ ပိုင်ရှင် ကောင်းကင်မိစ္ဆာအရှင်ဟုတ်တယ်မလား… ခင်ဗျား မသေသေးဘူးလား ”

ငွေဆံရှည်နှင့် တခြားလူများသည် သူတို့ဘာသာ ရွေးချယ်မှုပြုလုပ်ပြီးနောက် ရတနာသိုက်ထဲမှ တည်နေရာပြောင်းရွှေ့ခံလိုက်ရပြီး အပြင်လောကဆီသို့ ပြန်သွားကြသည်။ သို့သော် သီရှီထျန်သည်တော့ ခရမ်းရောင်အလင်း၏ လမ်းညွှန်မှုအောက်မှာ လျှို့ဝှက်ဆန်းကြယ်သော လောကဖန်ဆင်းမှုစေတီထဲသို့ ဝင်ရောက်သွားသည်။ စေတီထဲသို့ ဝင်ရောက်သွားပြီးနောက် သူ၏ အရှေ့မှ မြင်ကွင်းက ပြောင်းလဲသွားသည်။ သူက တခြားလောကဆီသို့ ဝင်ရောက်သွားသည့်အလား ခံစားမိသွားသည်။

သူက မာကျောသော မြေကြီးပေါ်သို့ ခြေချလိုက်သည်။ မြေဆီလွှာ၏ ရနံ့ကိုပင် သူခံစားမိသည်။ သူ၏ ဘေးပတ်ဝန်းကျင်မှ ရှုခင်းသည် ရှန်းနုန်ပန်းဥယျာဉ်နှင့် အတော်လေး ဆင်တူသည်။

ဤနေရာက သုံးမီတာ လေးမီတာမျှသာ ကျယ်ဝန်းသော နယ်မြေလွတ်တစ်ခု ဖြစ်သည်။ နယ်မြေလွတ်၏ အလယ်ဗဟို၌ တမူထူးခြားသော ခြံဝန်းတစ်ခုရှိ၏။ ခြံဝန်းထဲတွင် ပန်းပင်များ၊ သစ်ပင်များ ဝေဝေဆာဆာ ရှိသည်။ ယင်းက အလွန်အံ့ဖွယ်ကောင်းသည်။ ဤနေရာက အိမ်မက်တစ်ခုသဖွယ် အောက်မေ့ရသည်။

သို့သော် သီရှီထျန်ကို အဓိက အံ့ဩသွားစေသည်မှာ သူ့အရှေ့မှ ခြံဝန်းထဲမှာ မတ်တတ်ရပ်နေသော ပုံရိပ်ဖြစ်သည်။ ထိုပုံရိပ်က ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက် ဖြစ်သည်။ ထိုအမျိုးသမီးက သူ့ကို တည်ငြိမ်စွာ ကြည့်နေသည်။ ထိုအမျိုးသမီးက အလွန်ထူးဆန်းသည်။ သူ၏ မျက်နှာကို ဇာပဝါဖြင့် အုပ်ထားသော်လည်း သူ၏ အသွင်သဏ္ဍာန်က သာမန်သာဖြစ်ကြောင်း ထင်ရှား၏။ သူက လူလတ်တန်းစား မိသားစုတစ်ခုမှ သမီးပျိုလေးတစ်ယောက်နှင့် ဆင်တူသည်။ ပထမအကြိမ် ကြည့်လျှင် သူ့ထံမှ မည်သည့်ထူးခြားမှုကိုမှ ခံစားရလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ဒုတိယအကြိမ် ကြည့်သည့်အခါ သူ့အမြင်အာရုံက ဝေဝါးလာသည်။ တစ်ဖက်လူက အလွန်ချောမောလှပသည်ဟု သူခံစားမိသွားသည်။ ထပ်ခါထပ်ခါ ကြည့်လိုက်ပြီးနောက် တစ်ဖက်လူ၏ အသွင်သဏ္ဍာန်က သူ့စိတ်ထဲမှာ ဝေဝါးသွားသည်။

ဤသည်မှာ သူ့ဦးနှောက်က တစ်ဖက်လူ၏ အသွင်သဏ္ဍာန်ကို မမှတ်ထားနိုင်သည့်အလားပင်။

ထိုအမျိုးသမီးသည် ခန္ဓာကိုယ်အချိုးအစားပြေပြစ်သည်။ သူက မဝလွန်း မပိန်လွန်းပေ။ သူက ပြစ်ချက်မဲ့သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။

ယင်းက သူ့ကို ပိုပြီးဆွဲဆောင်မှုရှိစေသည်။

ထိုအမျိုးသမီးနှင့်ပတ်သက်၍ ထူးခြားချက်တစ်စုံတစ်ရာ ရှိ၏။ ယင်းက သူ့နှလုံးသားထဲ၌ နက်ရှိုင်းစွာ စွဲထင်ကျန်နေသည်။ ထိုထူးခြားချက်မှာ အမျိုးသမီး၏ နဖူးပေါ်မှ ခရမ်းရောင်လခြမ်းအမှတ်အသား ဖြစ်သည်။ နဖူးပေါ်မှာ လခြမ်းအမှတ်အသားရှိနေသော်လည်း ယင်းက သူ့အလှကို မပျက်စီးစေပေ။ ယင်းအစား ထိုအမှတ်အသားက သူ့ကို ပိုပြီးလျှို့ဝှက်ဆန်းကြယ်စေသည်။

“ ငါသေသွားပြီလို့ ဆိုနိုင်သလို ငါမသေသေးဘူးလို့လည်း ဆိုနိုင်တယ်… အနာဂတ်ဘုရင် နင်ငါ့ကို ခရမ်းလလို့ ခေါ်နိုင်တယ်… ငါက ကောင်းကင်မိစ္ဆာခရမ်းလ ”

အမျိုးသမီးသည် သူ၏ နှုတ်ခမ်းကို ဖွင့်ဟလိုက်ပြီး ဆွဲဆောင်မှုရှိသော အသံဖြင့် ပြောသည်။ သူ၏ အသံထဲမှာ ကြီးမြတ်မှု၊ ရင်းနှီးဖော်ရွေမှုနှင့် မထူးမခြားနား စိတ်ခံစားမှု အစရှိသည်တို့ ပါဝင်နေသည်။ ယင်းက သူ့အသံကို သာလွန်ထူးခြားစေသည်။

“ ကောင်းကင်မိစ္ဆာခရမ်းလလား ”

ယင်းကို ကြားလိုက်ရသောအခါ သီရှီထျန်၏ နှလုံးက ပရမ်းပတာ ခုန်မြည်သွားသည်။ ခရမ်းလပြောသော စကားကို သူပြန်စဉ်းစားလိုက်သည်။

‘ သေတာလည်းမဟုတ်ဘူး ရှင်တာလည်းမဟုတ်ဘူး… အဲ့ဒီစကားက ဘာအဓိပ္ပာယ်လဲ ’

ထိုစကား၏ အဓိပ္ပာယ်ကို သူနားမလည်သောကြောင့် ဇဝေဇဝါဖြစ်သွားသည်။

“ နင်စိတ်ရှုပ်နေဖို့ မလိုပါဘူး… ငါသေသွားပြီလို့ပြောရတာက အတိတ်မှာ ငါက အရမ်းပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာကို ရရှိခဲ့တယ်… ဒီလျှို့ဝှက်နယ်မြေကို ဖွင့်လှစ်ဖို့အတွက် ငါ့ခန္ဓာကိုယ်ထဲက နောက်ဆုံးလက်ကျန်စွမ်းအားကို အသုံးပြုခဲ့ရတယ်… နောက်ဆုံး ငါ့မှာ တခြားရွေးချယ်စရာမရှိတော့တဲ့အဆုံး ငါ့ကိုယ်ငါ ခရမ်းလအဖြစ် ပြောင်းလဲလိုက်ပြီး လျှို့ဝှက်နယ်မြေထဲက အကောင်တချို့ကို ဖိနှိပ်ခဲ့တယ် ”

“ အခု နင်မြင်နေရတာက ဒီနေရာမှာ ငါချန်ထားခဲ့တဲ့ မူလစိတ်ဝိညာဉ်အမျှင်တန်းတစ်မျှင်ပဲ… ငါက မိစ္ဆာမျိုးနွယ်စုကို ပြန်လည်ဦးမော့လာအောင် စွမ်းဆောင်ပေးနိုင်မယ့် ဘုရင်တစ်ပါး ထွက်ပေါ်လာမှာကို စောင့်ဆိုင်းနေခဲ့တာ… ငါ့အလုပ်ပြီးသွားတဲ့အခါ မူလစိတ်ဝိညာဉ်အမျှင်က သူ့ဘာသာ လွင့်ပြယ်သွားလိမ့်မယ် ”

ခရမ်းလသည် မူလစိတ်ဝိညာဉ်အမျှင် ပျောက်ကွယ်သွားမည့် ကိစ္စကို လုံးဝ မစိုးရိမ်ပေ။ သူက ယင်းကို သာမန်ကိစ္စအလား ပြောသည်။

သူ၏ မျက်လုံးများက ညကောင်းကင်ယံတွင် ချိတ်ဆွဲထားသော လစန္ဒာသဖွယ် ထွန်းလင်းတောက်ပသည်။ သူ၏ အေးချမ်းသော အကြည့်က သီရှီထျန်အပေါ်သို့ ကျရောက်လာသည်။ သူက အချိန်အတော်ကြာ အကဲခတ်ကြည့်ပြီးလျှင် ပြောသည်။

“ နင်က အမွေအနှစ်လျှောက်လမ်းကို အောင်အောင်မြင်မြင် ဖြတ်လျှောက်နိုင်ခဲ့တယ်… နင့်မှာ ဘုရင်တစ်ပါးဖြစ်လာနိုင်တဲ့ အရည်အချင်းတွေနဲ့ ပါရမီ ရှိတယ်… နင်က ယင်ယန်ကောင်းကင်တံတားကိုလည်း ဖြတ်ကျော်နိုင်ခဲ့တယ်… အဲ့ဒီအဓိပ္ပာယ်က နင်က အနာဂတ်မှာ အထွတ်အထိပ်ကို ရောက်နိုင်လိမ့်မယ်… နင်က ရတနာသိုက်ထဲမှာ လောကဖန်ဆင်းမှုစေတီကို ရှာဖွေနိုင်ခဲ့တယ်… ဒါကြောင့် နင့်မှာ ကံကြမ္မာကောင်းလည်း ရှိတယ်… နင့်မှာ ဆင်ခြင်တုံတရားနဲ့ အသိဉာဏ်လည်း ရှိတယ် ”

“ အဲ့ဒါကြောင့် နင်က ငါ့ရဲ့ အမွေအနှစ်ကို ဆက်ခံဖို့အတွက် အရည်အချင်းပြည့်မီတယ်… နင်က မိစ္ဆာမျိုးနွယ်စုကို အတိတ်တုန်းကလို ဘုန်းတန်ခိုးကြီးထွားလာအောင် ဦးဆောင်ပေးနိုင်လိမ့်မယ်… မဟုတ်ရင် ရှေးခေတ်တုန်းက မဟာကပ်ဘေး နောက်တစ်ကြိမ် ဆင်းသက်လာတဲ့အခါ ငါတို့မိစ္ဆာမျိုးနွယ်စုတစ်ခုလုံး မျိုးတုန်းပျောက်ကွယ်သွားလိမ့်မယ် ”

All Chapters