အခန်း ၄၀၈
Vol. 28 Ch. 408
အခန်း(၄၀၈)
ခရမ်းလ၏ စကားကို ကြားသောအခါ သီရှီထျန်က မျက်မှောင်ကြုတ်လိုက်သည်။ သူက ခရမ်းလကို လေးလေးနက်နက် ကြည့်လိုက်သည်။ သူ့အရှေ့မှ အမျိုးသမီးက ခရမ်းလ၏ မူလစိတ်ဝိညာဉ်အမျှင်တန်းတစ်မျှင်သာဖြစ်ကြောင်း သူသိပြီးနောက် မည်သည့်ဖိအားမှ မခံစားရတော့ပေ။ သို့ဖြစ်၍ သူက စူးစမ်းလိုသော အမူအရာဖြင့် ပြောသည်။
“ ခရမ်းလ… ကျုပ်တစ်ခုမေးချင်ပါတယ်… ရှေးခေတ်မှာ ဘာဖြစ်ခဲ့တယ်ဆိုတာ ကျုပ်သိခွင့်ရှိမလား… ကျုပ်သိထားတာတော့ ရှေးခေတ်မှာ မိစ္ဆာမျိုးနွယ်စုက ဘုန်းတန်ခိုးအာဏာ ကြီးထွားခဲ့ပါတယ်… မိစ္ဆာမျိုးနွယ်စုက ခရမ်းရွှေကုန်းမြေရဲ့ ထိပ်တန်းမျိုးနွယ်စုတစ်ခု ဖြစ်ခဲ့ပါတယ်… ကျုပ်တို့ရဲ့ အထွတ်အထိပ်ကာလမှာ ဘယ်လိုကြောင့် အထွတ်အထိပ် မိစ္ဆာကျင့်ကြံသူတွေက ရုတ်တရက် ပျောက်ဆုံးသွားခဲ့တာပါလဲ… ဘယ်လိုမဟာကပ်ဘေးက ကျုပ်တို့ရဲ့ မိစ္ဆာမျိုးနွယ်စုကို အခုလို အင်အားဆုတ်ယုတ်သွားစေခဲ့တာပါလဲ ”
သီရှီထျန်က ခရမ်းလ၏ မျက်ဝန်းကို တည့်တည့်ကြည့်၍ လေးလေးနက်နက် ပြောသည်။ ရှေးခေတ်ကာလမှာ ဖြစ်ပျက်ခဲ့သော မဟာကပ်ဘေးက လောကတစ်ခုလုံးနှင့်သက်ဆိုင်နေသော လျှို့ဝှက်ချက်ကြီးဖြစ်မည်ဟု သူ့စိတ်ထဲမှာ ခံစားမိသည်။ ကံမကောင်းစွာပင် ထိုကိစ္စကို သူသေချာမသိခဲ့ရပေ။ မဒူဆာသည်ပင် ထိုအကြောင်းကို တစ်ခုနှစ်ခုမျှသာ သိသည်။ ရှေးခေတ်ကာလတွင် ဖြစ်ပျက်ခဲ့သော မဟာကပ်ဘေးက သူ့အတွက် မဖြေရှင်းနိုင်သော ပဟေဠိတစ်ခု ဖြစ်နေဆဲပင်။
ဤသည်မှာ ရှေးခေတ်ကာလနှင့် မျက်မှောက်ခေတ်ကာလကြားမှာ တစ်စုံတစ်ခု ပျောက်ဆုံးနေသည့်အလားပင်။ မတူညီသော ထိုအချိန်ကာလနှစ်ခုကို ချိတ်ဆက်ရန် မဖြစ်နိုင်ပေ။ ဖြစ်နိုင်သည်မှာ ဘိုးဘေးများသည် အကြောင်းအရင်းတချို့ကြောင့် ရှေးခေတ်အကြောင်း ပြောရန် တမင်ရှောင်ရှားနေကြသည်။ သို့သော်လည်း သီရှီထျန်သည် တစ်စုံတစ်ခု လွဲမှားနေကြောင်း အမြဲခံစားနေမိသည်။ ထို့ကြောင့် သူက ရှေးခေတ်အကြောင်း သိရန် အမြဲမပြတ် အခွင့်အရေးရှာနေခဲ့သည်။
“ ရှေးခေတ်… ”
ခရမ်းလ၏ မျက်ဝန်းထဲမှာ အတိတ်ကို လွမ်းဆွေးသတိရသော အကြည့် ထွက်ပေါ်လာသည်။ ယင်းက ပထမဆုံးအကြိမ် သူ၏ အမူအရာ ပြောင်းလဲသွားခြင်း ဖြစ်သည်။ ရှင်းလင်းစွာပင် သူက ရှေးခေတ်မှာ ဖြစ်ပျက်ခဲ့သော သမိုင်းကြောင်းအမှန်ကို သိရှိထားသည်။
သို့သော်လည်း အချိန်တစ်ခဏကြာပြီးနောက် ခရမ်းလက ညင်သာစွာ ခေါင်းယမ်းလိုက်သည်။
“ ရှေးခေတ်ကာလမှာ ဖြစ်ခဲ့တာတွေက အခုချိန် နင်သိထားသင့်တဲ့အရာ မဟုတ်ဘူး… ဒါပေမဲ့ လောကဖန်ဆင်းမှုစေတီရဲ့ ထိပ်ဆုံးအထပ်ဆီ နင်ဝင်ရောက်နိုင်တဲ့ တစ်နေ့ကျရင် နင်သိချင်တဲ့ အဖြေကို အဲ့ဒီမှာ ရှာတွေ့လိမ့်မယ်… ကောင်းပြီ… အဲ့ဒီအကြောင်း ဆက်မပြောရအောင်… ငါ့မှာ အချိန်အများကြီး မကျန်ရှိတော့ဘူး… အမွေအနှစ်အကြောင်း ငါနင့်ကို ပြောပြမယ်… ပြီးတော့ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေအကြောင်းရောပဲ ”
“ အမွေအနှစ်ကို ကျုပ်ဘယ်လိုဆက်ခံရမလဲ ”
ခရမ်းလက သူ့အား ရှေးခေတ်အကြောင်း မပြောပြချင်ကြောင်း သီရှီထျန် ရိပ်မိသောအခါ သူက တုံ့ဆိုင်းမနေဘဲ ပြောသည်။ သူက အနည်းငယ် နောင်တရသွားသော်လည်း ခရမ်းလက စိတ်ဓာတ်ပြတ်သားသူဖြစ်ကြောင်း သူသိသည်။ သူက နောက်ထပ် ဆက်မေးနေလျှင်ပင် အကြောင်းထူးလိမ့်မည် မဟုတ်ချေ။ သို့ဖြစ်၍ သူက ထိုကိစ္စကို သူ့နှလုံးသားထဲမှာသာ မြှုပ်နှံထားလိုက်သည်။
ထို့နောက် သူက အမွေအနှစ်အကြောင်း ပြောသည်။ ယခုအချိန်မှာ သူ့အတွက် အရေးကြီးဆုံးအရာက ကောင်းကင်မိစ္ဆာအရှင်ဆီမှ အမွေအနှစ်မဟုတ်ပါလော။ ထိုအမွေအနှစ်ဖြင့်ဆိုလျှင် သူ၏ အခြေခံအုတ်မြစ်က ပိုပြီးတောင့်တင်းခိုင်မာလာလိမ့်မည်။
မကြာသေးခင်က သူသည် ရတနာသိုက်ထဲမှ မရေမတွက်နိုင်သော ရတနာများကို မြင်တွေ့ခဲ့သည်။ ထို့ပြင် သူက ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေထဲမှာ ခရမ်းလျှပ်စီးမိုးရှိကြောင်း မြင်တွေ့ခဲ့သည်။ အကယ်၍ သူသာ ရတနာသိုက်ထဲမှ ရတနာများနှင့် ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေထဲမှာ ပုန်းအောင်းနေသော မိစ္ဆာများကိုသာ ပိုင်ဆိုင်သွားမည်ဆိုလျှင် သူ၏ အလုံးစုံအင်အားက ကြီးကြီးမားမား တိုးတတ်သွားလိမ့်မည်။ တစ်ချိန်တည်းမှာ သူ့ကိုယ်ပိုင်စွမ်းအားသည်လည်း တစ်ဟုန်ထိုး ထိုးတတ်သွားလိမ့်မည်။ သို့ဖြစ်၍ ကောင်းကင်မိစ္ဆာအရှင်၏ အမွေအနှစ်ကို မဖြစ်မနေ သူပိုင်ဆိုင်ရမည်။
“ အမွေအနှစ်က အဲ့ဒီမှာရှိတယ် ”
ခရမ်းလက ကျောက်စိမ်းသဖွယ် ဖြူဖွေးသော သူ့လက်ကို မြှောက်လိုက်ပြီး သူ့အနောက်မှ ခြံဝန်းဆီသို့ ညွှန်ပြလိုက်သည်။ သူက အေးဆေးတည်ငြိမ်စွာ ပြောသည်။
“ အဲ့ဒီအိမ်ထဲမှာ မိစ္ဆာမျိုးနွယ်စုရဲ့ မိစ္ဆာကျင့်စဉ် (၃၆၅၀၀)ခု ရှိတယ်… မိစ္ဆာမျိုးနွယ်စုရဲ့ ကျင့်စဉ်အားလုံးက အဲ့ဒီအိမ်ထဲမှာ ရှိတယ်လို့ ဆိုနိုင်တယ်… ကောင်းကင်ဘုံအဆင့်ကျင့်စဉ် ဆယ်ခု၊ မြေကြီးအဆင့်ကျင့်စဉ် (၃၃၀၀)ခု၊ ရွှမ်အဆင့်ကျင့်စဉ် (၉၀၀၀)နဲ့ ဟွမ်အဆင့်ကျင့်စဉ် (၂၄၁၉၀)ခု ရှိတယ်… ဒါ့အပြင် ကျင့်ကြံခြင်းနဲ့သက်ဆိုင်တဲ့ ရှေးဟောင်းစာအုပ်တွေ စုစုပေါင်း (၃၀၀၀)အုပ် ရှိတယ်… အခုကစပြီး လောကဖန်ဆင်းမှုစေတီနဲ့ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေထဲက မိစ္ဆာအားလုံးက နင့်ရဲ့ အပိုင်ဖြစ်သွားပြီ ”
“ ဘာပြောတယ် ”
သီရှီထျန်က အံ့ဩမှင်သက်သွားသည်။ သူက အလွန်ထိတ်လန့်သွားလေရာ သူ့မျက်လုံးက ပြူးကျယ်သွားသည်။ ခရမ်းလ၏ စကားများကို သူပိုပြီးနားထောင်လေ ပိုပြီးအံ့ဩရလေ ဖြစ်သည်။ မိစ္ဆာမျိုးနွယ်စု၏ မိစ္ဆာကျင့်စဉ်သုံးသောင်းကျော်က အိမ်ထဲမှာ ရှိသည်။ ယင်းက မည်သည်ကို ဆိုလိုသနည်း။ ယင်းက မည်မျှအံ့ဖွယ်ကောင်းသော ရတနာဖြစ်သနည်း။
ထို့ပြင် ဤလောကဖန်ဆင်းမှုစေတီနှင့် လျှို့ဝှက်နယ်မြေထဲမှ မိစ္ဆာအားလုံးက သူ့အပိုင်ဖြစ်လာလိမ့်မည်။ သို့သော်လည်း ယင်းကို သူမအံ့ဩပေ။ သူဆက်ခံရမည့် အမွေအနှစ်ထဲမှာ ယင်းတို့ပါဝင်လိမ့်မည်ဟု သူခန့်မှန်းထားပြီးသား ဖြစ်သည်။
သို့သော်လည်း အရေအတွက်ထိုမျှများပြားသော မိစ္ဆာကျင့်စဉ်များကို သူပိုင်ဆိုင်နိုင်မည်ဟု တစ်ခါမှ မတွေးဖူးပေ။ ထိုအမွေအနှစ်က သူမျှော်လင့်ထားသည်နှင့် အနည်းငယ် ကွဲပြားနေသည်။
အစက သူမျှော်လင့်ထားသည်မှာ ခရမ်းလ၏ ကျင့်စဉ်နှင့် မှတ်ဉာဏ်များကို သူအမွေဆက်ခံရလိမ့်မည်။ သို့သော်လည်း အရေအတွက်သောင်းချီသော မိစ္ဆာကျင့်စဉ်များနှင့် ရှေးဟောင်းစာအုပ်များကို သူအမွေဆက်ဆံရလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူက စိတ်မပျက်သွားပေ။ ယင်းအစား သူက အလွန်ဝမ်းသာသွားသည်။
“ လက်စသတ်တော့ ခရမ်းလရဲ့ အမွေအနှစ်က ငါတစ်ယောက်တည်းအတွက် မဟုတ်ဘူးကို… အဲ့ဒါက မိစ္ဆာမျိုးနွယ်စုတစ်ခုလုံးအတွက်ပဲ ”
သီရှီထျန်သည် ခရမ်းလ၏ ဆိုလိုရင်းအဓိပ္ပာယ်ကို သေချာနားလည်သည်။ ခရမ်းလ၏ အမွေအနှစ်ထဲမှာ အရေအတွက်သောင်းချီသော မိစ္ဆာကျင့်စဉ်များ ရှိသည်။ ယင်းတို့ထဲမှာ မိစ္ဆာမျိုးနွယ်ဝင်အားလုံး၏ ကျင့်စဉ်နည်းလမ်းများ ပါဝင်သည်။ ခရမ်းလက သူ့အား မိစ္ဆာမျိုးနွယ်ဝင်အားလုံးထံ ထိုကျင့်စဉ်များကို လက်ဆင့်ကမ်းပေးစေလိုသည်။
လူသားမျိုးနွယ်စုသော်လည်းကောင်း မိစ္ဆာမျိုးနွယ်စုသော်လည်းကောင်း အင်အားကြီးမားချင်သည်ဆိုလျှင် ကျင့်စဉ်များကို သေချာပေါက် လိုအပ်လိမ့်မည်။ မျိုးနွယ်စုတစ်စု၏ အခြေခံအုတ်မြစ်ထဲမှာ ကျင့်စဉ်များက မပါမဖြစ် ပါဝင်သည်။ မိစ္ဆာမျိုးနွယ်စု အင်အားကြီးမားချင်သည်ဆိုလျှင် အစွမ်းထက် ကျင့်စဉ်များကို သေချာပေါက် လိုအပ်လိမ့်မည်။ အကယ်၍ သူ့မှာသာ ထိုမျှများပြားသော မိစ္ဆာကျင့်စဉ်များရှိမည်ဆိုလျှင် မိစ္ဆာမျိုးနွယ်စု အင်အားကြီးလာရန် အမြန်ဆုံး စွမ်းဆောင်ပေးနိုင်လိမ့်မည်။ ယင်းက သူ၏ အခြေခံအုတ်မြစ်ကို ပိုပြီးသန်စွမ်းစေလိမ့်မည်။
ပိုပြီးအံ့ဖွယ်ကောင်းသည့်အရာမှာ ထိုကျင့်စဉ်များထဲတွင် ကောင်းကင်အဆင့်ကျင့်စဉ်က စုစုပေါင်း ဆယ်ခုရှိသည်။ ယင်းက ‘ ရေငတ်နေစဉ် ရေတွင်းထဲ ပြုတ်ကျခြင်း ’နှင့် ဆင်တူသည်။
အတိတ်၌ သူသည် ပန်းမျိုးတစ်ရာချိုင့်ဝှမ်းထဲမှာ မိစ္ဆာမျိုးနွယ်စု၏ ကျင့်စဉ်တချို့နှင့် ရှေးဟောင်းစာအုပ်တချို့ကို ဖတ်ရှုခဲ့သည်။ ထိုသို့ဖတ်ရှုပြီးနောက် သူ၏ အသိပညာဗဟုသုတများက တိုးပွားသွားသည်။
ထို့ကြောင့် ရှေးခေတ်ကာလတွင် မိစ္ဆာမျိုးနွယ်စု၏ မိစ္ဆာကျင့်စဉ်များကို ကောင်းကင်အဆင့်၊ မြေကြီးအဆင့်၊ ရွှမ်အဆင့်နှင့် ဟွမ်အဆင့်ဟူ၍ အဆင့်လေးဆင့်ခွဲခြားထားကြောင်း သူသိသွားသည်။ ကောင်းကင်အဆင့်က အမြင့်ဆုံးဖြစ်ပြီး ဟွမ်အဆင့်က အနိမ့်ဆုံးဖြစ်သည်။ အတိတ်၌ သီရှီထျန် ကျင့်ကြံခဲ့သော “ ကျားဟိန်းသံကျင့်စဉ် ”သည် ဟွမ်အဆင့်ကျင့်စဉ်တစ်ခုသာ ဖြစ်၏။ ပန်းမျိုးတစ်ရာ ချိုင့်ဝှမ်းထဲမှာ သူမြင်တွေ့ခဲ့သော “ ကောင်းကင်ဘုံနတ်မိစ္ဆာကျင့်စဉ် ”သည် အထွတ်အထိပ် မြေကြီးအဆင့် ကျင့်စဉ်တစ်ခု ဖြစ်သည်။ ယင်းက ကောင်းကင်အဆင့်သို့ မရောက်ရှိပေ။
ယင်းကို ကြည့်ခြင်းအားဖြင့် ကောင်းကင်အဆင့် မိစ္ဆာကျင့်စဉ်တစ်ခုက မည်မျှတန်ဖိုးကြီးမားကြောင်း သိနိုင်ပေသည်။
သီရှီထျန်က အံ့ဩမှင်သက်နေသော်လည်း ခရမ်းလက သူ့စကားကို မရပ်ခဲ့ပေ။ သူက စကားတစ်ခွန်းပြီးတစ်ခွန်း ပြောသည်။
သီရှီထျန်သည် ခရမ်းလ၏ စကားများကို ဂရုတစိုက် နားထောင်သည်။ သူက တစ်စုံတစ်ခု လွတ်သွားမည်ကို စိုးရိမ်နေသည်။
ပထမဆုံးအနေနှင့် လောကဖန်ဆင်းမှုစေတီက အလွန်အံ့ဖွယ်ကောင်းသည်။ ယင်းက ခရမ်းလ၏ တန်ဖိုးအကြီးမားဆုံးရတနာ ဖြစ်သည်။ လောကဖန်ဆင်းမှုစေတီဆီမှာ မည်သည့်တိုက်ခိုက်စွမ်းရည်မှ ခုခံကာကွယ်မှုမှ မရှိပေ။
သို့သော်လည်း ခရမ်းလ၏ ရှင်းပြမှုကို နားထောင်ပြီးနောက် လောကဖန်ဆင်းမှုစေတီက မည်မျှတန်ဖိုးကြီးမားကြောင်း သီရှီထျန် နားလည်သွားသည်။ သူ၏ မျက်လုံးက လင်းလက်တောက်ပသွားသည်။
ဝမ်းသာပျော်ရွှင်မှုက သူ၏ မျက်နှာပေါ်မှာ မဖုံးနိုင်မဖိနိုင် ထွက်ပေါ်လာသည်။ သူက အလွန်စိတ်လှုပ်ရှားသွားပြီး ကိုယ့်ဘာသာ တီးတိုးရေရွတ်လိုက်သည်။
“ လောကဖန်ဆင်းမှုစေတီ… ခရမ်းလဆီက ငါရခဲ့တဲ့ ရတနာတွေထဲမှာ မင်းက တန်ဖိုးအကြီးမားဆုံးကို… စေတီက အချိန်နဲ့လေဟာနယ်ကို ပြောင်းပြန်လှန်နိုင်ပြီး အချိန်ကို ထိန်းချုပ်နိုင်မယ်လို့ ငါမမျှော်လင့်ထားဘူး… အဲ့ဒါက ကောင်းကင်ဘုံကို ဖီဆန်နိုင်တဲ့ ရတနာပဲ… စေတီရဲ့ စွမ်းရည်နဲ့ဆိုရင် ငါ့ရဲ့ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းနဲ့ မိစ္ဆာမျိုးနွယ်စုက အချိန်တိုလေးအတွင်းမှာ အင်အားကြီးမားလာလိမ့်မယ် ”
လောကဖန်ဆင်းမှုစေတီ၏ စွမ်းရည်များကို ကြားပြီးနောက် သူက အလွန် အံ့အားသင့်သွားသည်။ ယင်းက မိစ္ဆာကျင့်စဉ်သုံးသောင်းကျော်ထက်ပင် ပိုပြီးတန်ဖိုးကြီးမားသည်။ ယင်းက ကောင်းကင်ဘုံကို ဖီဆန်နိုင်သော အထွတ်အမြတ်ရတနာ ဖြစ်သည်။ ယင်းကို လောကဖန်ဆင်းမှုစေတီဟု နာမည်ပေးခဲ့ခြင်းက မထူးဆန်းတော့ပေ။
မည်သို့ကြောင့်နည်း။
အကြောင်းအရင်းမှာ လောကဖန်ဆင်းမှုစေတီက မိုးမြေတုန်လှုပ်စေနိုင်သော အံ့ဖွယ်စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ လောကဖန်ဆင်းမှုစေတီ၏ အဓိကစွမ်းရည်က အချိန်နှင့်လေဟာနယ်ကို ပြောင်းပြန်လှန်နိုင်ခြင်း၊ အချိန်ကို ထိန်းချုပ်နိုင်ခြင်း ဖြစ်သည်။
စေတီ၏ ပထမအထပ်ကို ဥပမာအဖြစ် ယူနိုင်သည်။ တစ်စုံတစ်ယောက်က စေတီထဲသို့ ဝင်ရောက်သွားမည်ဆိုလျှင် စေတီထဲမှ အချိန်စီးဆင်းမှုက အပြင်လောကမှ အချိန်စီးဆင်းမှုနှင့် ကွဲပြားသွားလိမ့်မည်။ အပြင်လောကမှာ တစ်ရက်က စေတီထဲ၌ ဆယ်ရက်နှင့် ညီမျှသည်။ တစ်နည်းဆိုရသော် စေတီထဲ၌ ဆယ်နှစ်အချိန်ကုန်ဆုံးသွားမည်ဆိုလျှင်ပင် အပြင်လောကမှာ တစ်နှစ်သာ အချိန်ကုန်ဆုံးလိမ့်မည်။
သို့ဖြစ်လေရာ လောကဖန်ဆင်းမှုစေတီက မည်မျှအံ့ဖွယ်ကောင်းကြောင်း တွေးကြည့်နိုင်သည်။ ယင်းက အမှန်တကယ်ပင် ကောင်းကင်ဘုံကို ဖီဆန်နိုင်သော အထွတ်အမြတ်ရတနာ ဖြစ်သည်။ သီရှီထျန်အတွက် အရေးတကြီး လိုအပ်နေသည့်အရာက မည်သည်နည်း။ ယင်းက အချိန်မဟုတ်ပါလော။ အချိန်က သူ့အတွက် မလုံလောက်ကြောင်း အမြဲတမ်း သူခံစားနေမိသည်။ သူ့မှာ လုပ်ဆောင်ရမည့် ကိစ္စအများကြီး ရှိသည်။ သို့သော်လည်း အချိန်က သူ့အတွက် မလုံလောက်ပေ။
သူက နှစ်ပေါင်းများစွာကြာအောင် တံခါးပိတ်ကျင့်ကြံချင်ပြီး သူ၏ အခြေခံအုတ်မြစ်ကို ခိုင်ခိုင်မာမာ တည်ဆောက်ချင်သည်။ ထို့ပြင် ထျန်းအင်ပါယာရတနာသေတ္တာ၏ ပဟေဠိကိုလည်း သူဖြေရှင်းချင်သည်။ ထိုကိစ္စများသည် အချိန်ခဏလေးအတွင်း မပြီးမြောက်နိုင်ပေ။ ထိုအတွက် အချိန်အကြာကြီး သူယူရလိမ့်မည်။
သူတည်ဆောက်ထားသော မိစ္ဆာအသင်္ချေချိုင့်ဝှမ်းသည် အလွန်အားနည်းသည်။ အမြူတေဓာတ်လုံးဖွဲ့စည်းပြီးသော မိစ္ဆာကျင့်ကြံသူက ချိုင့်ဝှမ်းထဲမှာ သူတစ်ယောက်တည်း ရှိသည်။ သူ၏ လက်အောက်တွင် မိစ္ဆာသားရဲငါးကောင် ရှိသည်။ ကျန်သက်ရှိများသည်တော့ ဝိညာဉ်သားရဲများနှင့် သာမန်တိရိစ္ဆာန်များ ဖြစ်ကြသည်။
ထိုသို့အင်အားစုက အလွန်အားနည်းသည်။ အကယ်၍ သူသာ ထိုသို့အင်အားစုဖြင့် သားရဲတစ်သောင်းဂိုဏ်းကို သွားရောက်တိုက်ခိုက်မည်ဆိုလျှင် ယင်းက ကြက်ဥဖြင့် ကျောက်ဆောင်ကို ပေါက်နေခြင်းနှင့် ဆင်တူသွားလိမ့်မည်။
သီရှီထျန်က မျောက်မင်းဝိုင်ကို အသုံးပြု၍ မိစ္ဆာအသင်္ချေချိုင့်ဝှမ်း၏ အလုံးစုံအင်အားကို မြှင့်တင်ခဲ့သော်လည်း ယင်းက မလုံလောက်သေးပေ။ တချို့ကိစ္စများကိုတော့ မိုးမြေစိတ်ဝိညာဉ်ရတနာများဖြင့် မဖြေရှင်းနိုင်ပေ။ သူတို့တကယ်လိုအပ်နေသည်မှာ အချိန်ဖြစ်သည်။ အကယ်၍ သူ့မှာသာ အချိန်အလုံအလောက်ရှိမည်ဆိုလျှင် မိစ္ဆာအသင်္ချေချိုင့်ဝှမ်းက သားရဲတစ်သောင်းဂိုဏ်းကို ရင်ဆိုင်နိုင်သော မိစ္ဆာအင်အားစုကြီးတစ်ခု ဖြစ်လာလိမ့်မည်။ ယင်းကို သူမသိထားခြင်း မဟုတ်ပေ။
မိုးမြေစိတ်ဝိညာဉ်ရတနာများကို သူရှာဖွေနိုင်သော်လည်း အချိန်သည် သူထိန်းချုပ်နိုင်သောအရာ မဟုတ်ပေ။ သို့ဖြစ်၍ သူက သက်ပြင်းချရုံသာ တတ်စွမ်းခဲ့သည်။
သို့သော်လည်း ယခုအခါ အခြေအနေက လုံးဝ ပြောင်းလဲသွားသည်။ လောကဖန်ဆင်းမှုစေတီကို သူပိုင်ဆိုင်သွားသည့်အခါ အချိန်စီးဆင်းမှုက သူ့လက်ခုပ်ထဲမှရေ ဖြစ်သွားလိမ့်မည်။ အပြင်လောကမှာ တစ်နှစ်က စေတီထဲ၌ ဆယ်နှစ်အချိန်နှင့် ညီမျှသည်။ ယင်းကို ကောင်းကောင်း သူအသုံးချနိုင်မည်ဆိုလျှင် စေတီက သူ၏ အနာဂတ်တိုးတတ်မှုမှာ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာလိမ့်မည်။
အစောပိုင်းအဆင့်တွင် ယင်းက အချိန်ကို ထိန်းချုပ်နိုင်သော နတ်ဘုရားရတနာတစ်ခု ဖြစ်လိမ့်မည်။ အနာဂတ်တွင် ယင်းက အထွတ်အမြတ်ပညာရှင်များကို မွေးထုတ်ပေးနိုင်သော သတ်ဖြတ်ခြင်းရတနာတစ်ခု ဖြစ်လာလိမ့်မည်။
ထို့ပြင် ယင်းက ပထမအထပ်သာ ရှိသေး၏။ တခြားအထပ်များဆီသို့ သူတတ်လှမ်းနိုင်သည့်အခါ အချိန်ကွာခြားမှုက ပိုပြီးကြီးမားလာလိမ့်မည်။ သို့သော်လည်း ခရမ်းလ၏ ပြောစကားအရ သူ၏ လက်ရှိစွမ်းရည်သည် ဒုတိယအထပ်သို့ တတ်လှမ်းရန် မလုံလောက်သေးပေ။