အခန်း ၄၀၉
Vol. 28 Ch. 409
အခန်း(၄၀၉)
သီရှီထျန်က အလွန်စိတ်လှုပ်ရှားသွားသည်။ သူက ခရမ်းလပြောသော စကားတိုင်းကို သေချာဂရုတစိုက် နားထောင်သည်။ ဤတစ်ကြိမ် သူက အလွန်ကြီးမားသော မဟာကံကောင်းမှုနှင့် တွေ့ဆုံသွားသည်ဟု ခံစားမိသွားသည်။ သူရရှိခဲ့သော အရာများက တန်ဖိုးမဖြတ်နိုင်ပေ။
“ အမွေအနှစ်ကို နင့်ဆီ လွှဲပြောင်းပေးလိုက်ပြီ… နင် လျှို့ဝှက်နယ်မြေကနေ ထွက်သွားတဲ့အခါ ဒီလျှို့ဝှက်နယ်မြေတစ်ခုလုံးက လောကဖန်ဆင်းမှုစေတီထဲ ဝင်ရောက်သွားလိမ့်မယ်… လျှို့ဝှက်နယ်မြေထဲမှာ နင့်ကို ကူညီပေးဖို့ စောင့်နေကြတဲ့ မိစ္ဆာတွေ တစ်သန်းနီးပါးရှိတယ်… နင် အမွေအနှစ်ကို ဆက်ခံပြီးတာနဲ့ အဲ့ဒီမိစ္ဆာတွေရဲ့ ဘုရင်ဖြစ်လာလိမ့်မယ်… သူတို့က နင့်အပေါ်မှာ သစ္စာရှိကြလိမ့်မယ်… နင် သူတို့အပေါ် ကောင်းကောင်း ဆက်ဆံမယ်လို့ ငါမျှော်လင့်တယ်… လျှို့ဝှက်နယ်မြေထဲက ရတနာတွေလည်းပဲ လောကဖန်ဆင်းမှုစေတီထဲ ဝင်ရောက်သွားလိမ့်မယ်… နင့်ရဲ့ ကျင့်ကြံခြင်းအဆင့် မြင့်မားလာတဲ့အခါကျရင် အဲ့ဒါတွေကို ရရှိလိမ့်မယ်… အခုကစပြီး ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေက နောက်တစ်ကြိမ် ထပ်ဖွင့်လှစ်တော့မှာ မဟုတ်ဘူး ”
ခရမ်းလသည် စကားဆုံးအောင်ပြောပြီးသည်နှင့် သီရှီထျန်ကို လေးနက်စွာ ကြည့်လိုက်သည်။ သူက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး ပြောသည်။
“ ငါတို့ ထိပ်တွေ့ကြဦးမှာပါ… နောက်တစ်ခါ ငါနင့်ကို တွေ့တဲ့အခါ တကယ့်ဘုရင်တစ်ပါးဖြစ်နေဖို့ ငါမျှော်လင့်တယ် ”
ခရမ်းလက နားလည်ရခက်သော စကားကို ပြောသည်။ ထို့နောက် သူက သီရှီထျန်၏ အမေးကိုပင် မစောင့်ဘဲ မြန်ဆန်စွာ ဝေဝါးလာပြီး ပျောက်ကွယ်သွားသည်။ သူ့ခန္ဓာကိုယ်က ခရမ်းရောင်အလင်းစက်များအဖြစ် ပြန့်ကျဲသွားပြီး စက္ကန့်ပိုင်းလေးအတွင်းမှာ ဗလာနတ္ထိဖြစ်သွားသည်။ ဤသည်မှာ ခရမ်းလက ထိုနေရာမှာ တစ်ခါမှ မတည်ရှိခဲ့သည့်အလားပင်။
ယင်းကို မြင်သောအခါ သီရှီထျန်က မျက်မှောင်ကြုတ်လိုက်သည်။ အတွေးတစ်ခုက သူ့ခေါင်းထဲမှာ ထွက်ပေါ်လာသည်။
“ ကောင်းကင်မိစ္ဆာအရှင်ခရမ်းလ… သူတကယ်ပဲ မသေဘူးလား ”
ထိုအတွေးသည် သူ့ခေါင်းထဲမှာ ထွက်ပေါ်လာသည်နှင့် လွယ်လွယ်နှင့် မပျောက်ကွယ်ပေ။ ယင်းကို သူပိုပြီးစဉ်းစားလေလေ ပိုပြီးလျှို့ဝှက်ဆန်းကြယ်လေ ဖြစ်သည်။ အထူးသဖြင့် ခရမ်းလ၏ နောက်ဆုံးစကားမှာ နက်နဲသိမ်မွေ့သော အဓိပ္ပာယ်တစ်ခု ရှိနေဟန် ရ၏။
မဟုတ်မှလွဲရော… သူတကယ်မသေဘူးလား...
“ လျှို့ဝှက်နယ်မြေနဲ့ လောကဖန်ဆင်းမှုစေတီနဲ့ဆိုရင် အနှစ်တစ်ရာ မဟုတ်ဘူး ဆယ်နှစ်အတွင်းမှာ ကြောက်စရာကောင်းတဲ့ မိစ္ဆာတိုင်းပြည်တစ်ခုကို ငါဖန်တီးနိုင်လိမ့်မယ်… သားရဲတစ်သောင်းဂိုဏ်း… မင်းတို့ကို ငါ့ခြေဖဝါးအောက်မှာ ပြားပြားဖိထားနိုင်မယ့်နေ့က သိပ်မဝေးတော့ဘူး ”
စက်ကရာသည် ကောင်းကင်မိစ္ဆာအရှင်ခရမ်းလ၏ အခြေအနေကို သိပ်အလေးမထားပေ။ ခရမ်းရွှေကုန်းမြေမှာ လျှို့ဝှက်ဆန်းကြယ်မှုအမြောက်အမြား ရှိသည်။ သူက ဤလောကသို့ ယခုမှ ရောက်လာသူ ဖြစ်သည်။ သူမသိသေးသော အရာများ အများကြီး ရှိသည်။ ကောင်းကင်မိစ္ဆာအရှင်ခရမ်းလသည် ဤလောက၏ အထွတ်အထိပ်သို့ ရောက်ခဲ့သော ပညာရှင်တစ်ဦးဖြစ်သည်။ သူပြောခဲ့သော “ သေတာလည်းမဟုတ် ရှင်တာလည်းမဟုတ် ”ဟူသော စကား၏ အဓိပ္ပာယ်ကို နားမလည်သော်လည်း အကယ်၍ တစ်နေ့နေ့မှာ သူတို့ပြန်တွေ့ဆုံကြမည်ဆိုလျှင်…
လျှို့ဝှက်ချက်တချို့ကို သိရှိရန် သူအရည်အချင်းပြည့်မီသွားလိမ့်မည်ဟု သီရှီထျန် ယုံကြည်သည်။
ထို့ကြောင့် ယခုလောလောဆယ်တွင် သူက ကောင်းကင်မိစ္ဆာ၏ အမွေအနှစ်ကိုသာ အာရုံစိုက်လိုက်သည်။ ယခု သူက ဖော်မပြနိုင်အောင် ဝမ်းသာသွားသည်။ ကောင်းကင်မိစ္ဆာ ချန်ထားခဲ့သော အမွေအနှစ်က မိစ္ဆာမျိုးနွယ်စုတစ်ခုလုံး တဖန်မြင့်တတ်လာနိုင်အောင် စွမ်းဆောင်ပေးနိုင်သည်။ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေထဲမှ မိစ္ဆာမျိုးနွယ်စုသည် ဝိညာဉ်စွမ်းအား ကန့်သတ်ချက်ကြောင့် အဆင့်မချိုးဖြတ်နိုင်ကြပေ။ သူတို့အားလုံးက ဝိညာဉ်သားရဲနယ်ပယ်နှင့် မိစ္ဆာသားရဲနယ်ပယ်မှာ ရပ်တန့်နေကြသည်။
သူတို့က အမြူတေဓာတ်လုံးကို မဖွဲ့စည်းရသေးပေ။ ပါရမီအရှိဆုံး မိစ္ဆာများသည်ပင် ထို့အတူပင်။ အိမ်ရှင်မတစ်ယောက်က မည်မျှတော်ပါစေ ဆန်မရှိလျှင် ထမင်းချက်နိုင်မည် မဟုတ်ချေ။ အမြူတေဓာတ်လုံး မဖွဲ့စည်းရသေးသည့်အတွက် သူတို့၏ သက်တမ်းမှာ အကန့်အသတ် ရှိသည်။ လိပ်မျိုးနွယ်စုသည် နှစ်ပေါင်းထောင်ချီကြာအောင် အိပ်စက်နိုင်ကြသည်။ ထို့ကြောင့် သူတို့က စောင့်ဆိုင်းနိုင်ကြသည်။ သို့သော်လည်း မိစ္ဆာအများစုသည် ထိုမျှသက်တမ်းမရှည်ကြချေ။ အချိန်ကာလတစ်ခုကြာပြီးနောက် မိစ္ဆာများသည် ဘဝသက်တမ်းအဆုံးသို့ ရောက်ရှိသွားကြပြီး အုတ်ဂူထဲသို့ ဝင်ရောက်သွားကြသည်။
တစ်ခုကံကောင်းသွားသည်မှာ ဤလျှို့ဝှက်နယ်မြေထဲမှာ ခရမ်းလျှပ်စီးမိုး ရှိသည်။ ယင်း၏ တည်ရှိမှုကြောင့် မိစ္ဆာသားရဲတစ်သန်းခန့်က ဤနေရာမှာ အသက်ရှင်နိုင်ကြသည်။
မိစ္ဆာသားရဲတစ်သန်းသည် ခရမ်းလျှပ်စီးမိုး၏ ကောင်းချီးပေးမှုကို ရရှိထားကြသည်။ သူတို့က ဝိညာဉ်သားရဲနယ်ပယ်မှာပင် လူသားအသွင်သဏ္ဍာန်သို့ ပြောင်းလဲနိုင်ကြသည်။ ခရမ်းလျှပ်စီးမိုး၏ ကောင်းချီးကြောင့် သူတို့အားလုံးသည် အမြူတေဖွဲ့စည်းခြင်းနယ်ပယ်သို့ ရောက်သည်အထိ မည်သည့်အတားအဆီးမှမတွေ့ဘဲ ကျင့်ကြံနိုင်ကြသည်။ သူတို့ကို သိမ်းသွင်းနိုင်မည်ဆိုလျှင် လောကဖန်ဆင်းမှုစေတီထဲသို့ ထည့်၍ အချိန်ကာလတစ်ခုကြာအောင် ကျင့်ကြံစေမည်။
စေတီ၏ အချိန်ထိန်းချုပ်နိုင်မှုစွမ်းရည်အောက်မှာ သူတို့သည် တစ်နှစ်ကြာပြီးလျှင် အမြူတေဖွဲ့စည်းခြင်းနယ်ပယ်သို့ အမှန်တကယ် ချိုးဖြတ်နိုင်သွားကြလိမ့်မည်။ ထိုအခါကျလျှင် သီရှီထျန်သည် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် မိစ္ဆာအမြောက်အမြားကို သူ၏ လက်အောက်ငယ်သားများအဖြစ် ပိုင်ဆိုင်သွားလိမ့်မည်။ ထိုသို့အင်အားစုက မည်မျှကြောက်မက်ဖွယ်ကောင်းသနည်း။ ယင်းက ချဲ့ကားပြောဆိုခြင်း မဟုတ်ပေ။ တစ်ခုသိထားရမည်မှာ လျှို့ဝှက်နယ်မြေထဲမှာ ပိတ်မိနေသော မိစ္ဆာမျိုးနွယ်စုသည် နှစ်ပေါင်းထောင်ချီကြာအောင် ကျင့်ကြံခဲ့သူများ ဖြစ်ကြသည်။
လျှို့ဝှက်နယ်မြေ၏ ကန့်သတ်ချက်ကြောင့်မဟုတ်လျှင် သူတို့သည် အစောကြီးကတည်းက အမြူတေဖွဲ့စည်းနိုင်သွားပြီ ဖြစ်၏။ သူတို့၏ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်က အမြူတေဖွဲ့စည်းခြင်းနယ်ပယ်သို့ တတ်လှမ်းရန် လုံလောက်သည်။
လျှို့ဝှက်နယ်မြေ၏ ကန့်သတ်ချက်မရှိတော့လျှင် သူတို့၏ ပုန်းလျှိုးနေသော စွမ်းရည်က မီးတောင်တစ်ခုနှယ် ပေါက်ကွဲထွက်လာလိမ့်မည်။
အင်အားစုကြီးတစ်ခု ဖန်တီးရန် လိုအပ်သော အရာအားလုံးက သူ့အရှေ့မှာ ရှိနေသည်။ ကောင်းကင်မိစ္ဆာခရမ်းလက သူ့အတွက် အရာအားလုံးကို စီစဉ်ပေးခဲ့သည်။ လောကဖန်ဆင်းမှုစေတီထဲမှ အရာအများစုက ချိပ်ပိတ်ခံထားရသော်လည်း ယင်းက လောလောဆယ်သာ ဖြစ်၏။ သူအလုံအလောက် သန်မာလာသည့်အခါ ထိုချိပ်ပိတ်မှုများက ပျက်စီးသွားလိမ့်မည်။ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေနှင့် လောကဖန်ဆင်းမှုစေတီ၏ အကူအညီဖြင့်ဆိုလျှင် သူက တစ်ဟုန်ထိုး အင်အားကြီးမားလာလိမ့်မည်။
“ ဒါပေမဲ့ လျှို့ဝှက်နယ်မြေထဲက မိစ္ဆာတစ်သန်းကို လွှတ်ပေးမယ့်အချိန်ကို ငါသေချာရွေးချယ်ရမယ်… လောကဖန်ဆင်းမှုစေတီက အချိန်နဲ့လေဟာနယ်ကို ပြောင်းပြန်လှန်နိုင်ပြီး အချိန်ကို ထိန်းချုပ်နိုင်တယ်… ဒီမှာ ဆယ်ရက်က အပြင်မှာ တစ်ရက်နဲ့ ညီမျှတယ်… အဲ့ဒါကို ငါအခွင့်ကောင်းယူပြီး ဒီနေရာမှာ တံခါးပိတ်ကျင့်ကြံရမယ် ”
အတွေးများစွာက သီရှီထျန်၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ အတိတ်၌ သူအဓိက လိုအပ်နေသည့်အရာမှာ အချိန်ဖြစ်သည်။ ယခု လောကဖန်ဆင်းမှုစေတီက သူ၏ အားနည်းချက်ကို ပြင်ဆင်ပေးနိုင်လိမ့်မည်။ ထိုအခွင့်အရေးကို အသုံးမချလျှင် သူက လူမိုက်တစ်ယောက် ဖြစ်သွားလိမ့်မည်။
သူ့မှာ လုပ်ဆောင်ရမည့် ကိစ္စအများကြီး ရှိသည်။ ပထမဆုံး လုပ်ဆောင်ရမည့်ကိစ္စက သူ့ကိုယ်ပိုင်ကျင့်စဉ်တစ်ခု ဖန်တီးရန် ဖြစ်သည်။ သူကျင့်ကြံသော စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုး မိစ္ဆာသွေးကြောများက အလွန်အံ့ဖွယ်ထူးခြားပြီး လွှမ်းမိုးဗိုလ်ကျသည်။ ထို့ပြင် ကျင့်စဉ်များအပေါ် သူ၏ နားလည်သဘောပေါက်မှုက အလွန်သေးနုတ်သည်။ သူက ကျင့်စဉ်များကို ယေဘုယျအားဖြင့်သာ သိနားလည်သည်။ အတွေးအခေါ်များကို အတူတကွ မည်သို့ပေါင်းစပ်သင့်ကြောင်း မသိပေ။ ပြိုင်ဘက်ကင်းသော ကျင့်စဉ်တစ်ခု ဖန်တီးရန် အရေအတွက်များပြားသော ကျင့်စဉ်များကို သူမှီခိုအားထားရလိမ့်မည်။ အတိတ်မှာ ထိုသို့သူမလုပ်နိုင်ခဲ့ပေ။
သို့သော် ယခုအခြေအနေက အတိတ်မှာနှင့် ကွဲပြားသွားသည်။ သူ့အရှေ့မှာ အမျိုးအစားစုံလင်သော မိစ္ဆာကျင့်စဉ်များ ရှိနေသည်။ အကယ်၍ ယင်းတို့အားလုံးကို သူဖတ်ရှုပြီး ရရှိလာသော ဉာဏ်အလင်းများကို အတူတကွ ပေါင်းစပ်မည်ဆိုလျှင် ပြိုင်ဘက်ကင်းကျင့်စဉ်တစ်ခုကို သူဖန်တီးရန်မှာ မဖြစ်နိုင်သောအရာ မဟုတ်တော့ပေ။
“ ကျွီ ”
ခြံဝန်းထဲမှ အိမ်လေးက သိပ်မကြီးမားပေ။ ခြံဝန်း၏ အရှေ့မှာ အိမ်ရှိပြီး ကျန်နေရာများက မြေကွက်လပ်ဖြစ်သည်။ သီရှီထျန်က အရှေ့သို့ လျှောက်သွားပြီး တံခါးကို တွန်းဖွင့်လိုက်သည်။ ကျွီဟူသော မြည်သံနှင့်အတူ တံခါးပွင့်သွားသည်။ သူက အိမ်ထဲသို့ ဝင်ရောက်သွားသည်။ အိမ်ထဲသို့ ရောက်သည့်အခါ သူ၏ ပထမဆုံးအမြင်က အိမ်သည် လူနေရန်အတွက် မဟုတ်ပေ။ ယင်းအစား စာဖတ်ရန်အတွက် ဖြစ်သည်။ ယင်းက စာကြည့်ဆောင်တစ်ခုနှင့် ပိုပြီးဆင်တူသည်။
အိမ်ထဲမှာ စာအုပ်စင်များ ရှိသည်။ စာအုပ်စင်တစ်ခုပေါ်တွင် အမည်မသိပစ္စည်းဖြင့် ပြုလုပ်ထားသော ရှေးဟောင်းစာအုပ်များ ရှိသည်။ ထိုရှေးဟောင်းစာအုပ်များက အရောင်အဝါတချို့ကို မထင်မရှား ထုတ်လွှတ်နေသည်။ စာအုပ်အဖုံးပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော မိစ္ဆာမျိုးနွယ်စုစာလုံးများ ရှိသည်။ ထိုသို့ရှေးဟောင်းစာအုပ်များသည် အလွန်တန်ဖိုးကြီးမားသည်။ အချိန်၏ ယိုယွင်းတိုက်စားမှုသည်ပင် ထိုစာအုပ်များကို မဖျက်ဆီးနိုင်ပေ။ ယင်းတို့ကို နှစ်ပေါင်းသန်းချီကြာအောင် သိမ်းဆည်းထားနိုင်ပြီး နောင်မျိုးဆက်များထံ လက်ဆင့်ကမ်းပေးနိုင်သည်။
အပေါ်ယံကြည့်မည်ဆိုလျှင် ဤနေရာမှ ရှေးဟောင်းစာအုပ်များက အလွန်ရှုပ်ယှက်ခတ်နေသည်။ သို့သော် စာအုပ်စင်များကို ကျင့်စဉ်၏ အဆင့်အတန်းပေါ်မူတည်၍ သီးသန့်ခွဲခြားထားသည်။ စာအုပ်စင်တစ်ခုစီတွင် “ ကောင်းကင်၊ မြေကြီး၊ ရွှမ်နှင့် ဟွမ် ”ဟူ၍ အမှတ်အသားများ ရှိသည်။ အကြည့်တစ်ချက်ဖြင့်ပင် မည်သည့်စာအုပ်က မည်သည့်အဆင့်မှာရှိကြောင်း ခွဲခြားသိနိုင်ပေသည်။
သာမန်ကာလျှံကာ ကြည့်ရှုပြီးနောက် သီရှီထျန်၏ အကြည့်က အရိုးရှင်းဆုံး စာအုပ်စင်ပေါ်သို့ ကျရောက်သွားသည်။ ထိုစာအုပ်စင်ပေါ်တွင် ရှေးဟောင်းစာအုပ်ဆယ်အုပ်သာ ရှိသည်။ သို့သော်လည်း ထိုရှေးဟောင်းစာအုပ်များက မောက်မာထောင်လွှားသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ဤသည်မှာ ယင်းတို့က ဤစာကြည့်ဆောင်၏ ဘုရင်များ ဖြစ်သည့်အလားပင်။ စာအုပ်စင်ပေါ်တွင် ရေးသားထားသော မိစ္ဆာမျိုးနွယ်စုစာလုံးက အံ့အားသင့်ဖွယ်ကောင်းစွာ “ ကောင်းကင် ” ဖြစ်သည်။
“ ရှပ်… ရှပ်… ”
သူက အရှေ့သို့ အလျှင်အမြန် လျှောက်သွားပြီး ထိုစာအုပ်စင်၏ အရှေ့မှာ ရပ်လိုက်သည်။ သူက ဘယ်ဘက်အစွန်ဆုံးမှာရှိသော ရှေးဟောင်းစာအုပ်တစ်အုပ်ကို သာမန်ကာလျှံကာ ကောက်ယူလိုက်သည်။ မိစ္ဆာစာလုံးများက စာအုပ်ပေါ်မှာ တအိအိလှုပ်ရှားနေသည်။ သီရှီထျန် အာရုံစူးစိုက်လိုက်သည့်အခါ အသက်ဝင်နေသော မိစ္ဆာစာလုံးများက လေထဲသို့ မြှောက်တတ်သွားပြီး သူ၏ မျက်ခုံးနှစ်ခုကြားနေရာသို့ ဝင်ရောက်သွားသည်။
ချက်ချင်းဆိုသလိုပင် သီရှီထျန်က ထိုမိစ္ဆာစာလုံးများကို နားလည်သွားသည်။ ထိုမိစ္ဆာစာလုံးများက စာအုပ်၏ နာမည်ဖြစ်သည်။
ထိုရှေးဟောင်းစာအုပ်ကို “ မဟာနေမင်းကျမ်းစာ ”ဟု ခေါ်သည်။
စာအုပ်ကို လှန်လှောလိုက်ပြီး ဖတ်ရှုလိုက်သည့်အခါ သီရှီထျန်က ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ရှေးခေတ်မိစ္ဆာမျိုးနွယ်စု၏ စွမ်းအားက အမှန်တကယ် အံ့ဖွယ်ကောင်းသည်။
ဤမဟာနေမင်းကျမ်းစာသည် ကောင်းကင်အဆင့် မိစ္ဆာကျင့်စဉ်တစ်ခု ဖြစ်သည်။ ယင်းက မိစ္ဆာသွေးကြော(၁၂)ခုကို ဖွဲ့စည်းပေးနိုင်ပြီး နေ၏ အစစ်အမှန်ချီကို စုပ်ယူနိုင်သည်။ ထို့ပြင် မဟာနေမင်းကျမ်းစာက ခန္ဓာကိုယ်ထဲ၌ နေမီးလျှံတစ်မျိုးကို မွေးမြူပေးနိုင်သည်။ ကျမ်းစာ၏ အမြင့်ဆုံးအဆင့်ထိ ကျင့်ကြံနိုင်မည်ဆိုလျှင် တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်က နေလုံးကဲ့သို့ အသွင်သဏ္ဍာန်ပြောင်းလဲနိုင်ပြီး ကောင်းကင်ယံသို့ ပျံတတ်နိုင်လိမ့်မည်။ ယင်းက မီးဒြပ်စင်အထူးပြု ကောင်းကင်အဆင့် မိစ္ဆာကျင့်စဉ်တစ်ခု ဖြစ်သည်။ ကျမ်းစာထဲမှာ မီးဒြပ်စင်အထူးပြု ကျင့်ကြံခြင်းနည်းလမ်းများ၊ လျှို့ဝှက်အတတ်ပညာများ၊ တိုက်ခိုက်ရေးပညာရပ်များနှင့် နေမီးလျှံအသုံးပြုပုံ အစရှိသည်တို့ ပါဝင်သည်။ ယင်းက ပြီးပြည့်စုံသော ကောင်းကင်အဆင့် မိစ္ဆာကျင့်စဉ်ဖြစ်သည်။ အကယ်၍ ထိုကျင့်စဉ်ကိုသာ အပြင်လောကမှာ ထုတ်ပြလိုက်မည်ဆိုလျှင် မိစ္ဆာမျိုးနွယ်စုတစ်ခုလုံး အံ့ဩထိတ်လန့်သွားလိမ့်မည်။
“ ဘယ်လောက် လွှမ်းမိုးဗိုလ်ကျလိုက်တဲ့ ကျင့်စဉ်လဲ… ဒီကျင့်စဉ်ကို ဖန်တီးခဲ့တဲ့ မိစ္ဆာဘိုးဘေးက သေချာပေါက် အထွတ်အထိပ်ပညာရှင်တစ်ယောက် ဖြစ်ရမယ်… ခန္ဓာကိုယ်က နေလုံးအသွင် ပြောင်းလဲသွားတဲ့အခါ ကောင်းကင်က လောင်ကျွမ်းသွားပြီး ပင်လယ်သမုဒ္ဒရာက ခမ်းခြောက်သွားလိမ့်မယ်… အဲ့ဒီစာနဲ့တင် ဒီကျမ်းစာက ဘယ်လောက်အစွမ်းထက်လဲ သိနိုင်တယ် ”
သီရှီထျန်သည် ရှေးဟောင်းစာအုပ်ထံမှ အကြည့်ပြန်ရုပ်လိုက်သည်။ သူ၏ မျက်လုံးက ဝင်းလက်တောက်ပသွားသည်။ သူက မဟာနေမင်းကျမ်းစာကို အာရုံနှစ်၍ မဖတ်ရှုခဲ့ပေ။ သူက သာမန်ကာလျှံကာသာ ဖတ်ခဲ့သော်လည်း ဤကျင့်စဉ်က မိုးမြေတုန်လှုပ်စေနိုင်သော အံ့ဖွယ်ကျင့်စဉ်ဖြစ်ကြောင်း သိလိုက်သည်။ ထိုကျင့်စဉ်ထဲမှာ ဖော်ပြထားသော စွမ်းအားကို သူလိုချင်တပ်မက်သည်။ ကျင့်စဉ်ကို ပြီးမြောက်သွားသည့်အခါ တစ်စုံတစ်ယောက်က နေလုံးအသွင်သို့ ပြောင်းလဲနိုင်သွားလိမ့်မည်။ သူက အတွေးတစ်ချက်ဖြင့် ကောင်းကင်ကို လောင်ကျွမ်းပစ်ပြီး ပင်လယ်သမုဒ္ဒရာကို ခမ်းခြောက်စေနိုင်လိမ့်မည်။ ထိုသို့စွမ်းအားကို မည်သူက မလိုချင်ဘဲ နေမည်နည်း။