← Chapters

အခန်း ၄၁၀

Vol. 28 Ch. 410

အခန်း ၄၁၀

Vol. 28 Ch. 410

အခန်း(၄၁၀)

ထိုရှေးဟောင်းစာအုပ်မှတဆင့် ရှေးခေတ်မိစ္ဆာမျိုးနွယ်စု၏ ကျင့်ကြံခြင်းက မည်မျှအံ့ဖွယ်ကောင်းကြောင်း သူနားလည်လိုက်သည်။

“ ဖတ် ”

သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး “ မဟာနေမင်းကျမ်းစာ ”ကို သူ့နေရာမှာသူ ပြန်ထားလိုက်သည်။ သူက နောက်ထပ် စာအုပ်တစ်အုပ်ကို ကောက်ယူလိုက်ပြီး ဖတ်ရှုလိုက်သည်။ ထို့နောက် သူက တိတ်တဆိတ် အံ့ဩသွားသည်။ အဘယ့်ကြောင့်ဆိုသော် စာအုပ်၏ နာမည်က “ ကောင်းကင်မိစ္ဆာနတ်ဘုရားကျင့်စဉ် ” ဖြစ်နေသောကြောင့်ပင်။ ယင်းက အတိတ်မှာ ပန်းမျိုးတစ်ရာချိုင့်ဝှမ်းထဲ၌ သူဖတ်ခဲ့ဖူးသော “ ကောင်းကင်မိစ္ဆာနတ်ဘုရားကျင့်စဉ် ”နှင့် အတူတူ ဖြစ်သည်။ သို့သော်လည်း ခြားနားမှုတစ်ခု ရှိ၏။ အတိတ်၌ သူဖတ်ခဲ့ဖူးသော “ ကောင်းကင်မိစ္ဆာနတ်ဘုရားကျင့်စဉ် ”က မပြည့်စုံပေ။ ယင်းက အထွတ်အထိပ် မြေကြီးအဆင့် ကျင့်စဉ်မျှသာ ဖြစ်သည်။ သို့သော် ယခု သူ့အရှေ့မှ “ ကောင်းကင်မိစ္ဆာနတ်ဘုရားကျင့်စဉ် ”က လုံးဝ ပြီးပြည့်စုံသည်။ ယင်းက ကောင်းကင်အဆင့် ကျင့်စဉ်ဖြစ်သည်။

“ ကောင်းကင်မိစ္ဆာနတ်ဘုရားကျင့်စဉ် ”သည် မိစ္ဆာသွေးကြော(၁၂)ခုကို ဖွဲ့စည်းပေးနိုင်ပြီး သတ်ဖြတ်ခြင်းစွမ်းအားကို ကျင့်ကြံစေနိုင်သည်။ အမြင့်ဆုံးအဆင့်ထိ ကျင့်ကြံနိုင်မည်ဆိုလျှင် နတ်ဘုရားများနှင့် တစ္ဆေများကိုပင် သတ်ဖြတ်နိုင်လိမ့်မည်။ ယင်းက သတ်ဖြတ်ခြင်းလမ်းစဉ်ကို လျှောက်လှမ်းရသော အထွတ်အထိပ်ကျင့်စဉ် ဖြစ်သည်။ ယင်း၏ စွမ်းအားက “ မဟာနေမင်းကျမ်းစာ ”ထက် လုံးဝ မလျော့ပေ။

“ ဟူး ”

သီရှီထျန်က သက်ပြင်းချလိုက်သည်။ သူက စိတ်ထဲမှာ ဝမ်းသာပျော်ရွှင်သွားသည်။

“ ခရမ်းလ… ခရမ်းလ… ”

သူက တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။

“ မင်းသေသွားပြီလား ရှင်နေသေးလား ငါမသိဘူး… ဒါပေမဲ့ မင်းငါ့ကို ပေးခဲ့တဲ့ လက်ဆောင်က အရမ်းတန်ဖိုးကြီးမားတယ်… ဒီရတနာတွေနဲ့ဆိုရင် အင်အားကြီးမားတဲ့ မိစ္ဆာတိုင်းပြည်တစ်ခုကို သေချာပေါက် ငါတည်ဆောက်နိုင်လိမ့်မယ် ”

သီရှီထျန်သည် ခရမ်းလ၏ အမွေအနှစ်ကို အလွန်စိတ်ကျေနပ်သည်။ ထိုရတနာများဖြင့်ဆိုလျှင် သူက အနာဂတ်မှာ သေချာပေါက် အထွတ်အထိပ်ဆီသို့ ရောက်ရှိလိမ့်မည်။ သူက ထိုရတနာများမရှိခင်ကပင် တစ်နေ့မှာ အထွတ်အထိပ်သို့ ရောက်ရမည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိသည်။ ယခု ထိုရတနာများရလာသည့်အခါ သူ၏ ယုံကြည်မှုက ပိုပြီးတိုးပွားလာသည်။ သူ၏ ဆုံးဖြတ်ချက်များက ပိုမိုပြတ်သားလာသည်။

သူက နောက်ထပ် ဆက်မပြောတော့ဘဲ တခြားရှေးဟောင်းစာအုပ်များကို လှန်လှောဖတ်ရှုလိုက်သည်။ စာအုပ်များကို သူပိုပြီးဖတ်ရှုလေ ရှေးခေတ်မိစ္ဆာမျိုးနွယ်စု၏ အင်အားကို သူပိုပြီးနားလည်လာလေ ဖြစ်၏။

တစ်ချိန်တည်းမှာ သူက မိစ္ဆာမျိုးနွယ်စု ရုတ်တရက် နိမ့်ကျသွားရခြင်းကို မယုံကြည်နိုင်ဖြစ်လာသည်။ အကယ်၍ ထိုသို့ပြိုင်ဘက်ကင်း မိစ္ဆာဘိုးဘေးများသည်ပင် ကျရှုံးသွားကြသည်ဆိုလျှင် သူတို့၏ ရန်သူက မည်မျှကြောက်စရာကောင်းလိုက်သနည်း။

ထိုမေးခွန်း၏ အဖြေကို သီရှီထျန် မစဉ်းစားနိုင်ပေ။

သူက ဆက်လက် ဖတ်ရှုလိုက်သည်။

“ ကောင်းကင်ပိုးကောင်အသွင်ပြောင်းလဲမှုကိုးမျိုး ”

“ သမုဒ္ဒရာမှောက်လှန်ကျမ်းစာ ”

“ ဒူဝံကြယ်မြေမိစ္ဆာအသွင်ပြောင်းလဲခြင်း ”

…..

ယင်းတို့အားလုံးက အတိတ်မှာ တစ်ခါမှ သူစိတ်ကူးမယဉ်ဖူးသော အထွတ်အမြတ် မိစ္ဆာကျင့်စဉ်များ ဖြစ်သည်။ သို့သော် ယနေ့ သူက ထိုကျင့်စဉ်များကို လွတ်လပ်စွာ ဖတ်ရှုနိုင်နေသည်။ အကယ်၍ သူက ထိုအကြောင်းကို တခြားလူများအား ပြောပြမည်ဆိုလျှင် သူတို့က သူ့စကားကို ယုံကြည်ကြလိမ့်မည် မဟုတ်ချေ။

သီရှီထျန်သည် ထိုသို့အခွင့်အရေးကောင်းကို မည်သို့လက်လွှတ်ခံမည်နည်း။ အမြူတေဓာတ်လုံးကို ဖွဲ့စည်းပြီးနောက် သူက ဆယ်နှစ် အစားမစားဘဲနေလျှင်ပင် မည်သည့်ပြဿနာမှ မရှိပေ။ ထို့ပြင် သူ့ဆီမှာ မျောက်မင်းဝိုင်ရှိသေးသည်။ မျောက်မင်းဝိုင်ဖြင့်ဆိုလျှင် သူပင်ပန်းနွမ်းနယ်သွားမည်ကို စိုးရိမ်ရန်မလိုပေ။

ဤအခိုက်အတန့်မှာ သူက မိစ္ဆာကျင့်စဉ်သုံးသောင်းကျော်ကို အာရုံစူးစိုက်လိုက်သည်။ သူက နှစ်ပေါင်းများစွာကြာအောင် ရေငတ်နေသော လူတစ်ယောက်နှယ် အသိပညာရေကို အငမ်းမရ သောက်သုံးနေသည်။ သူက ဗဟုသုတအားလုံးကို သူ၏ ဦးနှောက်ထဲသို့ ထည့်သွင်းလိုက်သည်။ ထို့ပြင် သူက မတူညီသော အတွေးအခေါ်များကို အတူတကွ ပေါင်းစပ်နိုင်ရန် ကြိုးစားသည်။

သူက အဆင့်အနိမ့်ဆုံး ဟွမ်အဆင့် ကျင့်စဉ်များမှ စတင်လုပ်ဆောင်သည်။ ထို့နောက် သူက ပိုပြီးအဆင့်မြင့်သော ကျင့်စဉ်များကို ရွေးချယ်လိုက်သည်။ သူက ကျင့်စဉ်ပင်လယ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် နစ်မြှုပ်ထားလိုက်သည်။ ကျင့်စဉ်များမှာ အဘယ်နည်း။ ယင်းတို့က ရှေးခေတ်မိစ္ဆာပညာရှင်များ၏ အသိပညာဗဟုသုတများ မဟုတ်ပါလော။ ထို့ကြောင့် ကျင့်စဉ်ပင်လယ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် နစ်မြှုပ်လိုက်သည့်အခါ သူက ရှေးခေတ်မိစ္ဆာပညာရှင်များ၏ အတွေးအခေါ်များနှင့် အယူအဆများကို နားလည်သဘောပေါက်သွားသည်။

သူက အဆုံးမဲ့သော အသိပညာဗဟုသုတများကို စုပ်ယူလိုက်သည်။

မိစ္ဆာမျိုးနွယ်စု၏ ကျင့်ကြံခြင်းလမ်းကြောင်းအပေါ် သူ၏ နားလည်သဘောပေါက်မှုက တဖြည်းဖြည်း ပိုရှင်းလင်းလာသည်။ တစ်ချိန်တည်းမှာ စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးအပေါ် သူ့ကိုယ်ပိုင်ဆင်ခြင်နားလည်မှုက စိတ်ထဲမှာ ထွက်ပေါ်လာသည်။ သူက ထိုဆင်ခြင်နားလည်မှုကို မရေမတွက်နိုင်သော ကျင့်စဉ်များထံမှ အသိပညာဗဟုသုတများဖြင့် ချင့်ချိန်နှိုင်းယှဉ်သည်။

စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးသည် အကန့်အသတ်မဲ့သော လိုအင်ဆန္ဒစွမ်းအားကို ကိုယ်စားပြုသည်။ ရှေးခေတ်ကာလမှစ၍ မျက်မှောက်ခေတ်ထိတိုင်အောင် လိုအင်ဆန္ဒစွမ်းအားကို ထိတွေ့ဝံ့သူများ အများကြီး မရှိပေ။

သို့သော်လည်း လိုအင်ဆန္ဒစွမ်းအားက မိုးမြေဝိညာဉ်စွမ်းအားနှင့် သဟဇာတမဖြစ်ကြောင်း ထင်ရှားသည်။ ထိုနှစ်ခုက ယင်ယန်ကဲ့သို့ အပြန်အလှန် ဆန့်ကျင်နေကြသည်။ ယင်းတို့၏ သီးခြားရပ်တည်မှုက မည်သည့်အခါမှ ပျောက်ကွယ်သွားမည် မဟုတ်ချေ။

သီရှီထျန်သည် မိုးမြေကြားမှ အဆုံးမဲ့သော လိုအင်ဆန္ဒစွမ်းအားကို မည်သို့အသုံးပြုရမည်ဖြစ်ကြောင်း အမြဲတမ်းလိုလို စဉ်းစားနေခဲ့သည်။ သက်ရှိများရှိနေသရွေ့ လိုအင်ဆန္ဒစွမ်းအားက မည်သည့်အခါမှ ကုန်ခမ်းသွားလိမ့်မည် မဟုတ်ချေ။ လိုအင်ဆန္ဒစွမ်းအားသည် မိုးမြေကြား၌ အကန့်အသတ်မဲ့သည်။

ထို့ကြောင့် သူက လိုအင်ဆန္ဒစွမ်းအားကို အသုံးပြု၍ မိစ္ဆာသွေးကြောများ ဖွဲ့စည်းရန် ရူးမိုက်စွာ ဆုံးဖြတ်ခဲ့ခြင်းပင်။ ထိုနည်းဖြင့်ဆိုလျှင် လိုအင်ဆန္ဒစွမ်းအားက သူ၏ ခန္ဓာကိုယ်နှင့် တစ်သားတည်းဖြစ်သွားလိမ့်မည်။ ယင်းတို့ကို ခွဲထုတ်ရန် မဖြစ်နိုင်ပေ။ တစ်ခုရှိသည်မှာ ထိုလမ်းကြောင်းကို ရွေးချယ်ပြီးလျှင် အနောက်ပြန်မလှည့်နိုင်ပေ။ ထိုလမ်းကြောင်းက အလွန်အန္တရာယ်များသည်။ ခြေတစ်လှမ်းမှားသွားသည်နှင့် အကန့်အသတ်မဲ့သော လိုအင်ဆန္ဒထဲမှာ အသိစိတ်ပျောက်သွားလိမ့်မည်။

အတိတ်၌ သူက ကုချင်းချိုင့်ဝှမ်းထဲမှာ ဝမ်းနည်းခြင်းစိတ်ခံစားမှု၏ သက်ရောက်မှုကြောင့် အသိစိတ်ပျောက်လုနီးပါး ဖြစ်သွားခဲ့သည်။ သူ၏ အသိစိတ်က ဝမ်းနည်းခြင်းထဲမှာ နစ်မြုပ်သွားခဲ့သည်။ ထိုအချိန်၌ သူသည် ထာဝရအသိစိတ်ပျောက်သွားရန် ခြေတစ်လှမ်းမျှသာ ဝေးကွာခဲ့သည်။

အကယ်၍ သူသာ အရေးကြီးအခိုက်အတန့်မှာ မြစိမ်းကုချင်းထံမှ အကူအညီကို မရရှိခဲ့လျှင် သူ၏ အသိစိတ်က အကန့်အသတ်မဲ့သော လိုအင်ဆန္ဒထဲမှာ ထာဝရ နစ်မြုပ်သွားလိမ့်မည်။ ယင်းကို ကြည့်လျှင် လိုအင်ဆန္ဒစွမ်းအားက မည်မျှကြောက်စရာကောင်းကြောင်း သိနိုင်သည်။

နောက်ပိုင်းတွင် အရှင်သခင်ကုရုံက စိတ်ခံစားချက်တစ်ရာမိစ္ဆာပုတီးစေ့ကို သူရင်ဆိုင်ကျော်လွှားနေသော ကပ်ဘေးဒုက္ခမိုးတိမ်ထဲသို့ ပစ်လွှတ်ခဲ့သည်။ ထိုအချိန်တွင် မိစ္ဆာသွေးကြော(၁၃)ခုစလုံးကို ဖွင့်လှစ်ရန်မှတပါး သူ့မှာ တခြားရွေးချယ်စရာမရှိခဲ့ပေ။

ထိုသို့လုပ်ဆောင်ခဲ့သည့်အတွက် သူ၏ အသိစိတ်က အကန့်အသတ်မဲ့သော လိုအင်ဆန္ဒထဲမှာ ထပ်မံ နစ်မြုပ်သွားခဲ့သည်။ ထိုအကြိမ်က ယခင်တစ်ခေါက်ထက် ပိုပြီးဆိုးဝါးသည်။

ချန်းရှီ၏ ထူးခြားမှုကြောင့်မဟုတ်လျှင် မြစိမ်းကုချင်းသည်ပင် သူ့ကို ကယ်တင်နိုင်လိမ့်မည် မဟုတ်ချေ။

လိုအင်ဆန္ဒစွမ်းအားကို သူထိတွေ့သည့်အခါတိုင်း သေလုနီးပါး အခြေအနေဖြင့် အမြဲတမ်း ရင်ဆိုင်ခဲ့ရသည်။ သို့သော်လည်း ထိုသို့အန္တရာယ်များမှုကြောင့် လိုအင်ဆန္ဒစွမ်းအားက မည်မျှအံ့ဖွယ်ကောင်းကြောင်း ရှင်းလင်းစွာ သူနားလည်သွားသည်။ လိုအင်ဆန္ဒစွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှု ဖြစ်သည်။ ယင်းက အသွားနှစ်ဖက်ပါသောဓား ဖြစ်သည်။ ယင်းကို ကောင်းမွန်စွာ အသုံးချမည်ဆိုလျှင် ရန်သူများကို သတ်ပစ်နိုင်လိမ့်မည်။ သို့မဟုတ်ဘဲ ကောင်းကောင်း အသုံးမချနိုင်လျှင် ဓားက ကိုယ့်ကို ပြန်လည်တိုက်ခိုက်လာလိမ့်မည်။ လိုအင်ဆန္ဒစွမ်းအားက မည်မျှကြောက်စရာကောင်းကြောင်း သူကိုယ်တိုင် လက်တွေ့ခံစားဖူးပြီးပြီ မဟုတ်ပါလော။

ယခု သူ၏ ခန္ဓာကိုယ်ထဲမှာ အလွှာသုံးလွှာ ကြာပန်းနက်တစ်ပွင့် ရှိသည်။ ကြာပန်းနက်၏ အလွှာတစ်လွှာစီက လိုအင်ဆန္ဒအမျိုးအစားတစ်ခုကို ကိုယ်စားပြုသည်။ ယင်းတို့ကို အမှန်တကယ် သူထိန်းချုပ်ချင်သည်ဆိုလျှင် လိုအင်ဆန္ဒများမှ ဖန်တီးထားသော စမ်းသပ်မှုများကို သူဖြတ်ကျော်ရလိမ့်မည်။ အကယ်၍ သူက စမ်းသပ်မှုများကို ဖြတ်ကျော်နိုင်မည်ဆိုလျှင် လိုအင်ဆန္ဒစွမ်းအားက သူ့ကိုယ်ပိုင်စွမ်းအား ဖြစ်လာလိမ့်မည်။

သို့သော်လည်း လိုအင်ဆန္ဒစွမ်းအားက အလွန်ထူးခြားသည်။ သို့ဖြစ်၍ သူက အဆင်သင့်မဖြစ်သေးဘဲ စမ်းသပ်မှုများကို မဖြတ်ကျော်ချင်ပေ။ အကယ်၍ သူက ခြေတစ်လှမ်းမှားသွားမည်ဆိုလျှင် အကန့်အသတ်မဲ့သော လိုအင်ဆန္ဒထဲမှာ နစ်မြုပ်သွားလိမ့်မည်။

ထိုအကြောင်းကြောင့် သူ၏ ကျင့်ကြံခြင်းက မပြည့်စုံပေ။

စမ်းသပ်မှုကို သူဖြတ်ကျော်သည့်အခါ မည်သို့ဖြစ်လာမည်ကို သီရှီထျန် မသိပေ။ သို့ဖြစ်၍ သူက ထိုကိစ္စကို လောလောဆယ် ဘေးချိတ်ထားသည်။ သူ့အရှေ့မှာ ရတနာတောင်ရှိနေသော်လည်း ယင်းကို သူအသုံးမပြုနိုင်ပေ။ ထိုခံစားချက်က အလွန်ဆိုးဝါးသည်။

“ ကျင့်စဉ်တစ်ခု ဖန်တီးရမယ်… ဒီတစ်ကြိမ်တော့ အချိန်ဘယ်လောက်ကြာပါစေ ငါ့ကိုယ်ပိုင်ကျင့်စဉ်တစ်ခု ဖန်တီးရမယ်… လိုအင်ဆန္ဒစွမ်းအားကို ငါထိန်းချုပ်နိုင်သွားတဲ့အခါ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းနဲ့ဆိုရင် ဘယ်သူ ငါ့ကို တားဆီးနိုင်မှာလဲ ”

ရူးမိုက်သော အတွေးက သီရှီထျန်၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ ကိုယ်ပိုင်ကျင့်စဉ်တစ်ခု ဖန်တီးချင်သော အတွေးက သူ့စိတ်ထဲမှာ အမြစ်တွယ်နေသည်။ ယင်းကို သူမဖယ်ရှားနိုင်ပေ။ အတိတ်မှာဆိုလျှင် ကိုယ်ပိုင်ကျင့်စဉ်တစ်ခု ဖန်တီးချင်သော သူ၏ အတွေးက လေထဲမှာ အိမ်ဆောက်နေခြင်းနှင့် မခြားပေ။ ကျင့်စဉ်တစ်ခု ဖန်တီးရန်အလို့ငှာ သူလိုအပ်နေသည်မှာ ကျင့်စဉ်များနှင့်ပတ်သက်သော အသိပညာဗဟုသုတများ ဖြစ်သည်။ ထိုအချိန်မှာ သူ၏ အခြေခံအုတ်မြစ်က အလွန်အားနည်းခဲ့သည်။

သို့သော်လည်း ယခုအခါမှာ အခြေအနေက ပြောင်းလဲသွားသည်။ အရေအတွက်များပြားသော မိစ္ဆာကျင့်စဉ်များက သူ့အရှေ့မှာ တောင်ကုန်းတစ်ခုနှယ် စုစည်းရှိနေသည်။ ထို့ပြင် သူ့မှာ လောကဖန်ဆင်းမှုစေတီ ရှိသည်။ အချိန်မည်မျှကြာမြင့်ပါစေ သူ့အတွက် ပြဿနာမဟုတ်တော့ပေ။

ထို့ကြောင့် ယခုအချိန်မှာ လိုအင်ဆန္ဒစွမ်းအားကို အခြေခံပြီး သူ့ကိုယ်ပိုင်ကျင့်စဉ်တစ်ခု ဖန်တီးရန်သည် လုံးဝမဖြစ်နိုင်သော အိမ်မက်တစ်ခုမဟုတ်တော့ပေ။

ဆုံးဖြတ်ချက်ပြတ်သားမှုနှင့်အတူ သီရှီထျန်၏ မျက်လုံးက ထွန်းလင်းတောက်ပလာသည်။ သူက ကျင့်စဉ်သုံးသောင်းကျော်ထဲမှာ အပြည့်အဝ စိတ်နှစ်ထားသည်။ ယခုအချိန်မှာ သူက တခြားမည်သည့်အရာကိုမှ မစဉ်းစားတော့ပေ။

လောကဖန်ဆင်းမှုစေတီ၏ စွမ်းရည်အရ အပြင်လောကမှာ တစ်ရက်က ဤနေရာ၌ ဆယ်ရက်နှင့် ညီမျှသည်။ ယင်းက သူ့အား အချိန်အများကြီး ပိုင်ဆိုင်စေသည်။ အချိန်မလုံလောက်မည်ကို သူစိတ်ပူနေရန် မလိုတော့ပေ။ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေတစ်ခုလုံးသည် ယခု သူ့လက်ခုပ်ထဲမှ ရေဖြစ်သွားသည်။

တစ်နှစ်…

နှစ်နှစ်…

သုံးနှစ်…

နောက်ဆုံးမှာ ဆယ်နှစ်ကုန်ဆုံးသွားသည်။ လောကဖန်ဆင်းမှုစေတီထဲတွင် သီရှီထျန်သည် ဆယ်နှစ်အချိန်ကို အသုံးပြု၍ ကျင့်စဉ်သုံးသောင်းကျော်ကို သူ၏ စိတ်ထဲမှာ မှတ်သားထားလိုက်သည်။ ကျင့်စဉ်အားလုံး၏ အချက်အလက်အားလုံးက သူ၏ စိတ်ထဲမှာ လွင့်မျောနေသည်။ နောက်အခိုက်အတန့်မှာ ဟွမ်အဆင့်မှစ၍ ကောင်းကင်အဆင့်အထိ ကျင့်စဉ်အားလုံးက သူ့စိတ်ထဲမှာ အတူတကွ ပေါင်းစပ်သွားသည်။

အတိတ်ဘဝမှာ သူက ပါရမီရှင်တစ်ယောက် ဖြစ်ခဲ့သည်။ ဤဘဝမှာလည်း ချွင်းချက်မဟုတ်ပေ။

သူက ဓာတ်ပုံမှတ်ဉာဏ်နှင့် မြင့်မားသော တွက်ချက်နိုင်စွမ်းကို အသုံးပြု၍ ကျင့်စဉ်များထံမှ အဓိကအနှစ်သာရများကို ဆွဲထုတ်ကာ ယင်းတို့အားလုံးကို အတူတကွ ပေါင်းစည်းလိုက်သည်။ ထိုနည်းဖြင့် သူက လိုအင်ဆန္ဒစွမ်းအား၏ လျှို့ဝှက်ဆန်းကြယ်မှုများကို တဖြည်းဖြည်း နားလည်သဘောပေါက်လာရန် ကြိုးစားနေသည်။

ဤအခိုက်အတန့်မှာ သီရှီထျန်က ဆေးမီးဖိုသဖွယ် ဖြစ်လာသည်။ မရေမတွက်နိုင်သော ကျင့်စဉ်များကို လိုအင်ဆန္ဒစွမ်းအားနှင့်အတူ ဆေးမီးဖိုထဲသို့ ပစ်ထည့်လိုက်သည်။ အချိန်သည်တော့ မီးတောက် ဖြစ်သည်။ မီးတောက်၏ လှုံ့ဆော်မှုအောက်မှာ ဆေးမီးဖိုထဲ၌ အရာအားလုံးက အတူတကွ ပေါင်းစည်းသွားသည်။

လောလောဆယ်တွင် လောကဖန်ဆင်းမှုစေတီအကြောင်း မပြောကြရအောင်။

ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေသည် တစ်ကြိမ်ဖွင့်လှစ်လျှင် ငါးနှစ်ကြာမြင့်သည်။ ထိုငါးနှစ်အတွင်းမှာ လျှို့ဝှက်နယ်မြေထဲမှ ရတနာများကို ကံစပ်သူများနှင့် စွမ်းအားရှိသူများသာ ပိုင်ဆိုင်နိုင်ကြလိမ့်မည်။ ရှေးဟောင်းတံတားပေါ်မှ ထိပ်ဆုံးဆယ်နေရာက လျှို့ဝှက်နယ်မြေထဲ၌ အကြီးမားဆုံး အခွင့်အလမ်း ဖြစ်သည်။ သို့သော်လည်း မရေမတွက်နိုင်သော ကျင့်ကြံသူများသည် သူတို့၏ အသက်ကို စတေး၍ လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်လာကြသည်။ ယင်းက မည်သည့်အကြောင်းကြောင့်နည်း။

All Chapters