အခန်း ၄၁၂
Vol. 28 Ch. 412
အခန်း(၄၁၂)
တောင်ပိုင်းမြေရိုင်းဒေသထဲတွင်…
အရေအတွက်များပြားသော မသေမျိုးကျင့်ကြံသူများသည် အရိုးဖြူအင်းချပ်မှ ဖွဲ့စည်းသွားသော အစီအရင်နယ်နိမိတ်ထဲသို့ ဝင်ရောက်သွားကြသည်။ သူတို့က အရိုးခြောက်စစ်သည်တော်များနှင့် အပြင်းအထန် တိုက်ခိုက်နေကြသည်။ အရိုးဖြူဘုရင်ရှစ်ပါးသည်လည်း အဆင့်မြင့်ကျင့်ကြံသူများ၏ ဝိုင်းရံတိုက်ခိုက်ခြင်းခံနေကြရသည်။ တိုက်ခိုက်မှုများက တစ်ခုပြီးတစ်ခု ဆက်တိုက် ထွက်ပေါ်လာသည်။ တိုက်ပွဲသည် အလွန်အမင်း ပြင်းထန်သည်။ အစီအရင်အတွင်းမှ မရေမတွက်နိုင်သော အရိုးခြောက်စစ်သည်တော်များက သတ်ဖြတ်ခံလိုက်ကြရသည်။
အရိုးခြောက်စစ်သည်တော်များ၏ အဓိက အသက်ဓာတ်လုံးက သူတို့၏ ဦးခေါင်းခွံထဲမှ ဝိညာဉ်မီးတောက်ဖြစ်သည်။ ယင်းက သူတို့၏ ပင်မအသက်ဓာတ်လည်း ဟုတ်၏။ အရိုးခြောက်စစ်သည်တော်များ အသတ်ခံလိုက်ရသည့်အခါ သူတို့၏ ခန္ဓာကိုယ်က အပိုင်းပိုင်း ကွဲထွက်သွားပြီး ဝိညာဉ်မီးတောက်က လေဟာနယ်ထဲသို့ လွင့်စင်သွားလိမ့်မည်။ ထို့နောက် ဝိညာဉ်မီးတောက်သည် တခြားအရိုးများထံ ဦးတည်သွား၍ ခန္ဓာကိုယ်ကို ပြန်ဖွဲ့စည်းပြီး ဆက်လက် တိုက်ခိုက်လိမ့်မည်။ တစ်နည်းဆိုရသော် သူတို့က အလွယ်တကူ မသေဆုံးနိုင်ကြပေ။ သို့သော်လည်း သူတို့တစ်ခါသေဆုံးသွားတိုင်း ဝိညာဉ်မီးတောက်၏ အရွယ်အစားက သေးငယ်သွားသည်။ ဝိညာဉ်မီးတောက် လုံးဝ ပျောက်ကွယ်သွားသည့်အခါ သူတို့က အမှန်တကယ် သေဆုံးသွားကြလိမ့်မည်။
ဤနှစ်များမှာ မသေမျိုးကျင့်ကြံသူအမြောက်အမြားသည် အစီအရင်ထဲသို့ ဝင်ရောက်၍ အရိုးခြောက်စစ်တပ်ကို မရပ်မနား တိုက်ခိုက်ခဲ့ကြသည်။ အစီအရင်တစ်ခုလုံး မကျိုးပျက်သွားသရွေ့ အစီအရင်က အဆုံးမဲ့သော စွမ်းအားကို ဆက်လက် ထောက်ပံ့ပေးလိမ့်မည်။ ထို့ကြောင့် သုံးလေးနှစ် ကြာသွားသည့်တိုင် မိစ္ဆာအသင်္ချေချိုင့်ဝှမ်းက ဘေးကင်းနေဆဲပင်။ ယင်းကို ကြည့်လျှင် ထိုမှော်အင်းချပ်က မည်မျှအစွမ်းထက်ကြောင်း သိနိုင်ပေသည်။ အထွတ်အမြတ်ပုဂ္ဂိုလ်များ ကိုယ်တိုင်မရောက်လာသေးသရွေ့ အရိုးဖြူအင်းချပ်ကို ချိုးဖြတ်ရန် လွယ်ကူလိမ့်မည် မဟုတ်ချေ။
ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးတန်းများနှင့် မိုးကြိုးများသည်လည်း တောင်ပိုင်းမြေရိုင်းဒေသ၏ ကောင်းကင်ယံမှာ ထွက်ပေါ်လာသည်။ ဤသည်မှာ မိုးကြိုးနတ်ဘုရားက ဒေါသထွက်နေသည့်အလားပင်။
မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲတွင် ဝတ်စုံဖြူဝတ်ဆင်ထားသော ချန်းရှီသည် ကောင်းကင်ယံမှ အပြောင်းအလဲကို မော့ကြည့်လိုက်သည်။ အံ့ဩသောအကြည့်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ကိုယ့်ဘာသာ တီးတိုးရေရွတ်လိုက်သည်။
“ နတ်ဘုရားတွေနဲ့ တစ္ဆေတွေက အော်ညည်းနေတယ်… မိုးမြေမှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်နေတယ်… အဲ့ဒါက မိုးမြေတုန်လှုပ်စေမယ့် အထွတ်အမြတ်ရတနာတစ်ခု ဒါမှမဟုတ် နတ်ဘုရားအဆင့် အစွမ်းထက်ပညာရပ်တစ်ခု ပေါ်ထွန်းလာတဲ့ လက္ခဏာပဲ… မိုးမြေတုန်ဟီးပြိုင်ဘက်ကင်းဧကရာဇ်ကျမ်းစာတဲ့လား… အဲ့ဒါက ဘယ်လောက် အံ့ဖွယ်ကောင်းလို့ မိုးမြေတစ်ခုလုံးကို အခုလို ပြောင်းလဲစေရတာလဲ… အဲ့ဒီကျမ်းစာအကြောင်း ငါတစ်ခါမှ မကြားဖူးဘူး… မဟုတ်မှလွဲရော အဲ့ဒီကျမ်းစာက အခုမှ လောကမှာ ထွက်ပေါ်လာမှာလား ”
တစ်ခဏကြာပြီးနောက် သူ့မျက်နှာပေါ်မှာ မျှော်လင့်တမ်းတသော အမူအရာ ထွက်ပေါ်လာသည်။ သူက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။
‘ ဘယ်လို ပါရမီရှင်က မိုးမြေတုန်လှုပ်စေမယ့် အစွမ်းထက်ပညာရပ်တစ်ခုကို ဖန်တီးနိုင်တာလဲ မသိဘူး ”
ချန်းရှီသည် ရှေးဟောင်းပန်းမျိုးတစ်ရာနတ်သမီးထံမှ အမွေအနှစ်ကို ဆက်ခံထားသည်။ သို့ဖြစ်၍ မိုးမြေတစ်ခုလုံး ပြောင်းလဲစေနိုင်သော ပညာရပ်က မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း ရှင်းရှင်းလင်းလင်း သူသိသည်။ ထိုပညာရပ်ဖြင့်ဆိုလျှင် တစ်စုံတစ်ယောက်က ကျင့်ကြံခြင်းလမ်းစဉ်၏ အထွတ်အထိပ်သို့ သေချာပေါက် တတ်လှမ်းနိုင်လိမ့်မည်။ ရှေးခေတ်ကာလမှာပင် ထိုသို့ပညာရပ်ကို ဖန်တီးနိုင်သူများက လက်ဆယ်ချောင်းမပြည့်ပေ။
ကောင်းကင်အဆင့်ထက် ကျော်လွန်သွားသော ကျင့်စဉ်များသာလျှင် ထိုသို့ထိတ်လန့်ဖွယ်ကောင်းသော မိုးမြေအပြောင်းအလဲကို ဖြစ်ပေါ်စေနိုင်လိမ့်မည်။
“ ဘယ်မျိုးနွယ်စုက မိုးမြေတုန်လှုပ်စေမယ့် အစွမ်းထက်ပညာရပ်တစ်ခုကို ဖန်တီးနိုင်ခဲ့တာလဲ ငါမသိဘူး… တကယ်လို့ အဲ့ဒီလူက လူသားမျိုးနွယ်စုကဆိုရင်တော့… ”
ထိုသို့ပြောလိုက်စဉ် စိုးရိမ်ကြောင့်ကြသော အရိပ်အယောင်က ချန်းရှီ၏ မျက်ဝန်းထဲမှာ ထွက်ပေါ်လာသည်။
“ လူသားမျိုးနွယ်စုမှာ တာအိုဘိုးဘေးခြောက်ပါးနဲ့ ဗုဒ္ဓသုံးပါး ရှိပြီးပြီ… တကယ်လို့ နောက်ထပ် ပြိုင်ဘက်ကင်းပုဂ္ဂိုလ်တစ်ပါး ပေါ်ထွန်းလာမယ်ဆိုရင် ငါတို့ရဲ့ မိစ္ဆာမျိုးနွယ်စုကတော့… ”
ဝမ်းနည်းသော အမူအရာက ချန်းရှီ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက ဟင်းလင်းပြင်ကို ကြည့်လိုက်သည်။ လွန်ခဲ့သောနှစ်များတွင် ဤလောက၌ မုန်တိုင်းတစ်ခု လပေါင်းများစွာကြာအောင် တိုက်ခတ်နေခဲ့ကြောင်း သူမြင်ခဲ့သည်။ သို့သော် သူမြင်နေသည်မှာ မိုးရေတစ်ခုတည်း မဟုတ်ပေ။ သွေးလည်း ပါဝင်၏။
တောင်ပိုင်းမြေရိုင်းဒေသထဲမှ ထွက်ခွာရန် နည်းလမ်းမရှိသော်လည်း ဆိုးဝါးသော ခံစားမှုက သူ့နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ မိစ္ဆာမျိုးနွယ်စုက ကြီးမားသော အခက်အခဲတစ်ခုနှင့် ရင်ဆိုင်နေရကြောင်း သူခံစားမိသည်။
“ သီရှီထျန်… အခု ရှင်ဘယ်ရောက်နေလဲ ”
သူ၏ ဖြူဖွေးသော လက်ချောင်းများကြား၌ ပန်းနုရောင်ပွင့်ချပ်တစ်ချပ် ရှိသည်။ သူက ပွင့်ချပ်ကို ဆော့ကစားနေရင်း တွေးတောနေသည်။ ယခုကဲ့သို့ အခက်အခဲဖြစ်နေချိန်မှာ မုန်းစရာကောင်းသော ထိုပုံရိပ်က သူ့စိတ်ထဲသို့ ခဏခဏ ဝင်ရောက်လာသည်။
တစ်ချိန်တည်းမှာ ခရမ်းရွှေကုန်းမြေပေါ်မှ မသေမျိုးကျင့်ကြံခြင်းဂိုဏ်းများသည် ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေထံမှ ပျံ့လွင့်လာသော စကားသံကို ကြားသွားကြသည်။ ထိုစကားသံက မည်သည့်အဓိပ္ပာယ်နည်း။ ဂိုဏ်းများထဲမှ အဆင့်မြင့်ပုဂ္ဂိုလ်များမှလွဲ၍ တခြားလူများက ယင်းကို နားမလည်ကြချေ။
သို့သော်လည်း အချိန်တစ်ခုကြာပြီးနောက် ဂိုဏ်းများထဲမှ လက်ရွေးစင်ကျင့်ကြံသူများသည် အထက်ပုဂ္ဂိုလ်များထံမှ ညွှန်ကြားချက်ကို ရရှိသွားကြပြီး တောင်အောက်သို့ ဆင်းသွားကြသည်။ ဤသည်မှာ သူတို့က တစ်စုံတစ်ခုကို လိုက်လံရှာဖွေနေသည့်အလားပင်။
ဤတစ်ကြိမ် ဖြစ်ပေါ်ခဲ့သော ကောင်းကင်ဘုံနိမိတ်က ခရမ်းရွှေကုန်းမြေတစ်ခုလုံးကို လှုပ်ခတ်သွားစေသည်။
“ ဟား ဟား ဟား… ”
လောကဖန်ဆင်းမှုစေတီထဲတွင် စက်ကရာက ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူက ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ သူ၏ အမူအရာ၌ လွှမ်းမိုးဗိုလ်ကျမှုဖြင့် ပြည့်နှက်နေသည်။ အထွတ်အမြတ် ဩဇာအာဏာအရှိန်အဝါက သူ့ထံမှ ထွက်ပေါ်နေသည်။ သူ၏ မျက်လုံးထဲမှာ ဝမ်းသာပျော်ရွှင်သော အရိပ်အယောင်ရှိသည်။
“ ငါအောင်မြင်သွားပြီ… နောက်ဆုံးတော့ ငါ့ကိုယ်ပိုင်ကျင့်စဉ်တစ်ခု ဖန်တီးနိုင်သွားပြီ… မိုးမြေတုန်ဟီးပြိုင်ဘက်ကင်းဧကရာဇ်ကျမ်းစာ… အခုကစပြီး မင်းရဲ့ နာမည်အတိုင်း မိုးမြေကို သိမ်းပိုက်ဖို့နဲ့ သက်ရှိအားလုံးကို ဖိနှိပ်ဖို့ ငါ့နောက်လိုက်ချေ ”
သီရှီထျန်က ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ အချိန်အတန်ကြာပြီးနောက် သူက သတိပြန်ကပ်သွားသည်။ လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါက သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်သွားသည်။ သို့သော်လည်း သူ့နှလုံးသားထဲမှ ဝမ်းသာပျော်ရွှင်မှုကို မဖိနှိပ်နိုင်ပေ။
အနှစ်လေးဆယ်… ။
ပြိုင်ဘက်ကင်းဧကရာဇ်ကျမ်းစာကို ဖန်တီးရန် အနှစ်လေးဆယ် အချိန်ကြာမြင့်ခဲ့သည်။ ပထမဆယ်နှစ်တွင် သူက မရေမတွက်နိုင်သော မိစ္ဆာကျင့်စဉ်များကို သူ့စိတ်ထဲမှာ မှတ်သားခဲ့သည်။ သူက ယင်းတို့ကို မကျင့်ကြံသော်လည်း ဟွမ်အဆင့် မိစ္ဆာကျင့်စဉ်များကို နည်းနည်းချင်းစီ သုံးသပ်ခဲ့သည်။ အဓိကအချက်အလက်များကို သူ့ဦးနှောက်ထဲမှာ သိမ်းဆည်းခဲ့သည်။ သူက မရေမတွက်နိုင်သော မိစ္ဆာကျင့်စဉ်များထံမှ အနှစ်သာရများနှင့် သော့ချက်များကို အပြည့်အဝ နားလည်သွားခဲ့သည်။
သူက ဖြည်းဖြည်းချင်း အခြေခံအုတ်မြစ်ချခဲ့သည်။ အခြေခံအုတ်မြစ်ချပြီးနောက် သူက ပိုပြီးအဆင့်မြင့်သော မိစ္ဆာကျင့်စဉ်များကို ဆက်လက် ဆင်ခြင်သုံးသပ်ခဲ့သည်။ သူက မွေးရာပါဓာတ်ပုံမှတ်ဉာဏ်နှင့် ထက်မြက်သော ဦးနှောက်ကို အသုံးပြု၍ မိစ္ဆာကျင့်စဉ်များကို ထပ်ခါတလဲလဲ ဆင်ခြင်သုံးသပ်ခဲ့သည်။ သူက မိစ္ဆာကျင့်စဉ်များထဲမှ အရေးမပါသော အကြောင်းအရာများကို ဖယ်ရှားပြီး သူ့အတွက် လိုအင်သော အဓိကသော့ချက်များကို ဆွဲထုတ်ခဲ့သည်။
ထိုလုပ်ငန်းစဉ်က ဆယ်နှစ်ကြာမြင့်သွားသည်။ နောက်ထပ် အနှစ်နှစ်ဆယ်တွင် သူက စိတ်ခံစားချက်ခုနစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးကို ထိုမိစ္ဆာကျင့်စဉ်များနှင့် အတူတကွ ပေါင်းစပ်လိုက်သည်။ သူက ထိုနည်းလမ်းကို အသုံးပြု၍ သူ့ကိုယ်ပိုင်ကျင့်စဉ်တစ်ခုကို ဖန်တီးလိုက်သည်။ ထို့ပြင် သူက ကျင့်စဉ်တစ်ခု ဖန်တီးနေစဉ် လိုအင်ဆန္ဒစွမ်းအားကို ကိုယ်တိုင် တွေ့ကြုံခံစားလိုက်သည်။
နောက်ဆုံးမှာတော့ မိုးမြေတုန်ဟီးသွားစေမည့် ပြိုင်ဘက်ကင်းဧကရာဇ်ကျင့်စဉ်တစ်ခုကို သူဖန်တီးနိုင်သွားသည်။
အကယ်၍ သီရှီထျန်နေရာမှာ တခြားတစ်ယောက်သာဆိုလျှင် ထိုသူက အနှစ်လေးဆယ်မဆိုထားနှင့် အနှစ်တစ်ထောင် သို့မဟုတ် အနှစ်တစ်သောင်း အချိန်ယူမည်ဆိုလျှင်ပင် ထိုမျှအစွမ်းထက်သော ပြိုင်ဘက်ကင်းကျင့်စဉ်တစ်ခုကို ဖန်တီးနိုင်လိမ့်မည် မဟုတ်ချေ။ ယင်းက ကြွားဝါပြောခြင်း မဟုတ်ပေ။ ပြိုင်ဘက်ကင်းကျင့်စဉ်တစ်ခုကို ဖန်တီးရန်သည် အလွန်အမင်း ခဲယဉ်းသည်။
သီရှီထျန် ထိုသို့ဖန်တီးနိုင်ခဲ့ခြင်းမှာ သူ့အနောက်တွင် ကြီးမားသော အထောက်အပံ့များ ရှိနေသောကြောင့်ပင်။ ပထမဆုံးအထောက်အပံ့က ခရမ်းလ စုဆောင်းခဲ့သော မရေမတွက်နိုင်သည့် မိစ္ဆာကျင့်စဉ်များ ဖြစ်သည်။ ဒုတိယအထောက်အပံ့မှာ လိုအင်ဆန္ဒစွမ်းအား ဖြစ်သည်။ လိုအင်ဆန္ဒစွမ်းအားသည် အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး အံ့ဖွယ်ကောင်းသည်။ ရှေးခေတ်တွင် မည်သူမှ လိုအင်ဆန္ဒစွမ်းအားကို မထိဝံ့ကြချေ။
သို့သော်လည်း သီရှီထျန်က လိုအင်ဆန္ဒစွမ်းအားကို ကျင့်ကြံနိုင်ခဲ့ပြီး စိတ်ခံစားချက်ခုနစ်မျိုး၊ လိုအင်ဆန္ဒခြောက်မျိုးနှင့် သက်ဆိုင်သော မိစ္ဆာသွေးကြော(၁၃)ခုကို ဖွဲ့စည်းနိုင်ခဲ့သည်။ ထို့ပြင် သူ့မှာ မွေးရာပါဓာတ်ပုံမှတ်ဉာဏ်ရှိပြီး သူ၏ ဉာဏ်ရည်က အလွန်မြင့်မားသည်။
ထို့ပြင် အတိတ်၌ သူသည် အရိုးဖြူစွန့်ပစ်ကုန်းမြေထဲမှာ အထွတ်အထိပ်ပညာရှင်တစ်ဦး၏ စိတ်ခံစားချက်မျိုး ခံစားခဲ့ရသည်။ ထိုသို့အထောက်အပံ့များကြောင့်သာ သူက ပြိုင်ဘက်ကင်းကျင့်စဉ်တစ်ခုကို ဖန်တီးနိုင်ခဲ့ခြင်းပင်။
သို့တိုင်အောင် သူက ပြိုင်ဘက်ကင်းကျင့်စဉ်တစ်ခုကို ဖန်တီးရန်အလို့ငှာ အနှစ်လေးဆယ် အချိန်ယူခဲ့ရသည်။
သူဖန်တီးခဲ့သော မိုးမြေတုန်ဟီးပြိုင်ဘက်ကင်းဧကရာဇ်ကျမ်းစာက အလွန်အစွမ်းထက်သည်။ ယင်း၏ စွမ်းအားက နတ်ဘုရားများနှင့် တစ္ဆေများကို ငိုကြွေးသွားစေရန် စွမ်းဆောင်နိုင်သည်။
ပြိုင်ဘက်ကင်းဧကရာဇ်ကျမ်းစာကို အဆင့်(၁၃)ဆင့် ခွဲခြားထားသည်။ အဆင့်တစ်ဆင့်စီက စိတ်ခံစားချက်ခုနစ်မျိုး၊ လိုအင်ဆန္ဒခြောက်မျိုးနှင့် ဆက်စပ်နေသည်။ အဆင့်တစ်ဆင့်စီမှာ ပြိုင်ဘက်ကင်းစွမ်းအား ကိန်းအောင်းနေသည်။ နှောင်းပိုင်းအဆင့်များဆီသို့ ရောက်သွားလေ ကျင့်ကြံခြင်းစွမ်းအားက ပိုပြီးမြင့်မားလေ ဖြစ်သည်။ ယင်းက ကောင်းကင်အဆင့် ကျင့်စဉ်များထက် အများကြီး ပိုအစွမ်းထက်သည်။
ယင်း၏ စွမ်းအားကို အတိအကျခန့်မှန်းရန် မဖြစ်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ပြိုင်ဘက်ကင်းဧကရာဇ်ကျမ်းစာက ယေဘုယျအားဖြင့်သာ ပြီးပြည့်စုံသေး၏။ ယင်းက လုံးလုံးလျားလျား မပြည့်စုံသေးပေ။ တချို့အပိုင်းများတွင် အချောသတ်ပေးရန် လိုအပ်နေသေးသည်။ သူက လစ်ဟနေသော နေရာများကို ကျင့်ကြံနေရင်းမှ ဖြည့်ဆည်းသွားလိမ့်မည်။
“ အခု ငါ့မှာ ကိုယ်ပိုင်ကျင့်စဉ်တစ်ခု ရှိသွားပြီ… အခုချိန်က ကျင့်ကြံဖို့ အကောင်းဆုံး အချိန်ပဲ… မိစ္ဆာချီကို လိုအင်ဆန္ဒစွမ်းအားနဲ့ အပြည့်အဝ ပေါင်းစပ်နိုင်မှပဲ ပြိုင်ဘက်ကင်းဧကရာဇ်ချီကို ငါဖွဲ့စည်းနိုင်လိမ့်မယ်… လောကဖန်ဆင်းမှုစေတီထဲမှာ ငါရှိနေတာ အနှစ်လေးဆယ်ရှိသွားပြီ… အနှစ်လေးဆယ်စာ ငါစုဆောင်းထားခဲ့တဲ့ စွမ်းအားက ငါ့ကို နောက်တစ်ဆင့်ဆီ မြှင့်တင်ပေးနိုင်လောက်တယ် ”
သီရှီထျန်က အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ယခု ပြိုင်ဘက်ကင်းဧကရာဇ်ကျမ်းစာက ပြီးမြောက်သွားပြီဖြစ်လေရာ ကျင့်ကြံခြင်းကို သူစတင်ရလိမ့်မည်။ လွန်ခဲ့သော အနှစ်လေးဆယ်တွင် သူက လောကဖန်ဆင်းမှုစေတီထဲမှာ အလွန်ပေါကြွယ်ဝသော ဝိညာဉ်စွမ်းအားကို စုပ်ယူခဲ့သည်။ ထို့ပြင် သူက ဝိညာဉ်ဝိုင်ကို နေ့စဉ်မပြတ် သောက်သုံးခဲ့သည်။ ထို့ကြောင့် ယခု သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာချီက အလွန်သန်စွမ်းနေသည်။ နောက်တစ်ဆင့်သို့ တတ်လှမ်းရန်သည် သူ့အတွက်တော့ ဆုံးဖြတ်ချက်ချရန်သာ လိုအပ်သည်။
ယခု သူ့မှာ ကိုယ်ပိုင်ကျင့်စဉ်တစ်ခု ရှိသွားပြီဖြစ်သည်။ သူက မိုးမြေတုန်ဟီးပြိုင်ဘက်ကင်းဧကရာဇ်ကျမ်းစာ၏ နည်းလမ်းအတိုင်း လိုအင်ဆန္ဒစွမ်းအားနှင့် မိစ္ဆာချီကို ပေါင်းစပ်ရန် စိတ်အားထက်သန်နေသည်။ ထိုစွမ်းအားနှစ်ခု ပေါင်းစပ်သွားသည့်အခါ ပြိုင်ဘက်ကင်းဧကရာဇ်ချီ ဖွဲ့စည်းသွားလိမ့်မည်။ ထိုအခါ သူ၏ ကျင့်ကြံခြင်းစွမ်းအားက တစ်ဟုန်ထိုး တိုးတတ်သွားလိမ့်မည်။
မိုးမြေတုန်ဟီးပြိုင်ဘက်ကင်းဧကရာဇ်ကျမ်းစာက တမူထူးခြားသော ကျင့်စဉ်ဖြစ်သည်။ သို့သော်လည်း လိုအင်ဆန္ဒစွမ်းအားကို မိစ္ဆာချီနှင့် အတူပေါင်းစပ်ပြီး ပြိုင်ဘက်ကင်းဧကရာဇ်ချီကို ဖန်တီးရန်အလို့ငှာ ကျင့်ကြံသူသည် လိုအင်ဆန္ဒအမျိုးမျိုးမှ ဖြစ်ပေါ်လာသော စမ်းသပ်မှုများကို ဖြတ်ကျော်ရလိမ့်မည်။ ကျင့်ကြံသူသည် လိုအင်ဆန္ဒ၏ အစစ်အမှန်အဓိပ္ပာယ်ကို နားလည်ပြီး လိုအင်ဆန္ဒနှင့် တစ်သားတည်း ပေါင်းစည်းရလိမ့်မည်။ ထို့ပြင် သူက လိုအင်ဆန္ဒကို ကျော်လွှားရလိမ့်မည်။
အထက်ဖော်ပြပါအချက်များထဲတွင် ကျော်လွှားခြင်းက အဓိကသော့ချက် ဖြစ်သည်။
လိုအင်ဆန္ဒနှင့် ပေါင်းစည်းခြင်း၊ ကျော်လွှားခြင်းသည် အမှန်မှာ လိုအင်ဆန္ဒ၏ အစစ်အမှန်အဓိပ္ပာယ်ကို နားလည်သဘောပေါက်ခြင်းသာ ဖြစ်သည်။ လိုအင်ဆန္ဒများကို ကျော်လွှားနိုင်ခြင်းသည် နတ်ဘုရားသဖွယ်တည်ရှိမှု ဖြစ်သည်။ ယင်းက အလွန်အဆင့်အတန်းမြင့်မားပြီး တန်ခိုးဩဇာကြီးထွားသည်။ လိုအင်ဆန္ဒများကို ကျော်လွှားနိုင်သူသည် အဆုံးမဲ့သော လိုအင်ဆန္ဒထဲ နစ်မြုပ်သွားမည်ကို စိုးရိမ်ရန် မလိုပေ။ ထိုအခါ လိုအင်ဆန္ဒစွမ်းအားက သူ၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားလိမ့်မည်။
ထို့နောက် လိုအင်ဆန္ဒစွမ်းအားက မိစ္ဆာချီနှင့် အပြည့်အဝ ပေါင်းစပ်သွားလိမ့်မည်။