အခန်း ၄၁၃
Vol. 28 Ch. 413
အခန်း(၄၁၃)
မိစ္ဆာချီသည် မိုးမြေဝိညာဉ်စွမ်းအား၊ နေနှင့်လ၏ အနှစ်သာရများကို သန့်စင်ပြီးမှ ရရှိလာသောအရာ ဖြစ်သည်။ အခြားတစ်ဖက်မှာတော့ လိုအင်ဆန္ဒစွမ်းအားက သက်ရှိအားလုံး၏ နှလုံးသားထဲမှ စိတ်ခံစားချက်များထံမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
စွမ်းအားတစ်ခုက ဖြောင့်မတ်မှန်ကန်ပြီး တောက်ပသည်။ အခြားစွမ်းအားက နတ်ဆိုးဆန်ပြီး မှောင်မိုက်သည်။ ထိုနှစ်ခုက ယင်ယန်နှင့် ဆင်တူသည်။ ဆန့်ကျင်ဘက် စွမ်းအားနှစ်ခု အတူတကွ ပေါင်းစပ်သွားသည့်အခါ ပြိုင်ဘက်ကင်းဧကရာဇ်ချီ ဖွဲ့စည်းသွားလိမ့်မည်။ ပြိုင်ဘက်ကင်းဧကရာဇ်ချီသည် မိစ္ဆာချီနှင့် လိုအင်ဆန္ဒစွမ်းအားထက် ပိုပြီးအဆင့်မြင့်သော စွမ်းအားအသစ်တစ်မျိုး ဖြစ်သည်။ ယင်းကို ကြည့်လျှင် မိုးမြေတုန်ဟီးပြိုင်ဘက်ကင်းဧကရာဇ်ကျမ်းစာက မည်မျှအစွမ်းထက်ကြောင်း သိနိုင်လိမ့်မည်။ ယင်း၏ စွမ်းရည်များက အကန့်အသတ်မဲ့သည်။
သီရှီထျန်သည် ပြိုင်ဘက်ကင်းဧကရာဇ်ကျမ်းစာ ဖန်တီးသူအနေဖြင့် ထိုအကြောင်းကို ကောင်းမွန်စွာ နားလည်ထားသည်။ လိုအင်ဆန္ဒကို သူကျော်လွှားချင်သည်ဆိုလျှင် လိုအင်ဆန္ဒ၏ စမ်းသပ်မှုကို သူဖြတ်ကျော်ရလိမ့်မည်။ ယင်းကို ရှောင်တိမ်းနိုင်သော နည်းလမ်းမရှိပေ။
ထိုသို့အခြေအနေအတွက် သီရှီထျန်သည် တမူထူးခြားသော နှလုံးသားကျမ်းစာတစ်ခုကို ဖန်တီးခဲ့သည်။ ယင်းက လိုအင်ဆန္ဒများကို သူကျော်လွှားနိုင်စေရန် ကူညီပေးလိမ့်မည်။ ထို့ပြင် ယင်းက သူ၏ စိတ်ကို လိုအင်ဆန္ဒများ မကပ်တွယ်နိုင်စေရန် တားဆီးပေးလိမ့်မည်။ ယင်းကို ပြိုင်ဘက်ကင်းဧကရာဇ်နှလုံးသားကျမ်းစာဟု ခေါ်သည်။
သူ့မှာ ပြိုင်ဘက်ကင်းဧကရာဇ်တစ်ပါး၏ စိတ်အခြေအနေရှိသည်ဆိုလျှင် ဤလောကမှ အရာအားလုံးနှင့် မိုးမြေကို အထင်သေးရှုံ့ချစွာ သူငုံ့ကြည့်နိုင်လိမ့်မည်။ သူက သက်ရှိအားလုံး၏ အထက်မှာ ရပ်တည်နေသော ပြိုင်ဘက်ကင်းဧကရာဇ် ဖြစ်သည်။ သူက ဤလောက၏ အထွတ်အထိပ်တည်ရှိမှု ဖြစ်သည်။ သူက မိုးမြေကြား၌ အဆင့်အမြင့်ဆုံး တည်ရှိမှု ဖြစ်သည်။ မိုးမြေကြားမှ အရာအားလုံးနှင့် သက်ရှိအားလုံးသည် သူ၏ နှလုံးသားထဲမှာ မြူတစ်မှုန်ထက်မပိုပေ။ သက်ရှိအားလုံးကြားမှာ သူသာလျှင် အမြင့်မြတ်ဆုံး ဖြစ်သည်။
ယင်းက ပြိုင်ဘက်ကင်းဧကရာဇ်နှလုံးသားကျမ်းစာ၏ အဓိကအနှစ်သာရ ဖြစ်သည်။ ယင်းက မိုးမြေတုန်ဟီးပြိုင်ဘက်ကင်းဧကရာဇ်ကျမ်းစာ၏ အခြေခံအကျဆုံး အစိတ်အပိုင်း ဖြစ်သည်။ ထို့ကြောင့် သူဖန်တီးလိုက်သော ပြိုင်ဘက်ကင်းဧကရာဇ်ကျမ်းစာက နတ်ဘုရားများနှင့် တစ္ဆေများကို အော်ဟစ်ညည်းညူသွားစေသည်အထိ အစွမ်းထက်ရခြင်းပင်။
ထိုပြိုင်ဘက်ကင်းဧကရာဇ်နှလုံးသားကျမ်းစာဖြင့်ဆိုလျှင် လိုအင်ဆန္ဒများဖြင့် သူတွယ်ညိခံရမည်ကို စိုးရိမ်ရန် မလိုတော့ပေ။ သီရှီထျန်၏ ယုံကြည်ချက်က ထိုနှလုံးသားကျမ်းစာမှ ဆင်းသက်လာခြင်း ဖြစ်သည်။ နှလုံးသားကျမ်းစာဖြင့်ဆိုလျှင် သူက လိုအင်ဆန္ဒများကို ကျော်လွှားနိုင်ပြီး ယင်းကို သူ့ကိုယ်ပိုင်မိစ္ဆာချီနှင့် ပေါင်းစပ်နိုင်လိမ့်မည်။
ယင်းကို ကြည့်လျှင် ဤကျမ်းစာက မည်မျှအစွမ်းထက်ကြောင်း သိနိုင်ပေသည်။ ထို့ကြောင့် သာမန်ပုဂ္ဂိုလ်များက မိုးမြေတုန်ဟီးပြိုင်ဘက်ကင်းဧကရာဇ်ကျမ်းစာကို ကျင့်ကြံနိုင်လိမ့်မည် မဟုတ်ချေ။ နယ်မြေတစ်ခု၏ အရှင်သခင် သို့မဟုတ် မျိုးနွယ်စုတစ်ခု၏ ဧကရာဇ် သို့မဟုတ် အထွတ်အမြတ်ခေါင်းဆောင်များသာလျှင် ဤကျမ်းစာကို ကျင့်ကြံနိုင်ကြသည်။ ဤကျမ်းစာကို ကျင့်ကြံရန် တစ်စုံတစ်ယောက်ဆီမှာ ဧကရာဇ်နှလုံးသားရှိရမည်။ တစ်စုံတစ်ယောက်မှာ ဧကရာဇ်နှလုံးသားမရှိလျှင် သူတို့သည် ဤကျမ်းစာ၏ အဓိကအနှစ်သာရကို နားလည်နိုင်လိမ့်မည် မဟုတ်ချေ။ သာမန်ပုဂ္ဂိုလ်များက ဤကျမ်းစာကို အတင်းအဓမ္မ ကျင့်ကြံမည်ဆိုလျှင် အပေါ့ဆုံး သူတို့က ရူးသွပ်သွားပြီး အလွန်ဆုံး ခန္ဓာကိုယ်ပေါက်ကွဲသွားလိမ့်မည်။
ထို့ကြောင့် ပြိုင်ဘက်ကင်းဧကရာဇ်ကျမ်းစာသည် သူ့အတွက် သီးသန့်ဖန်တီးထားသော အစွမ်းထက်ကျင့်စဉ် ဖြစ်သည်။
“ ဟူး ”
သီရှီထျန်သည် ခြံဝန်းထဲသို့ မဝင်သွားပေ။ သူက ကြီးမြတ်ထည်ဝါသော ဧရာမကျားနက်တစ်ကောင်အဖြစ် လောကဖန်ဆင်းမှုစေတီထဲမှာ အသွင်ပြောင်းလဲသွားသည်။ သူ၏ နဖူးပေါ်ဝယ် ခရမ်းရောင်မီးတောက်က တအိအိလှုပ်ခတ်နေသည်။ အကန့်အသတ်မဲ့သော မိစ္ဆာဘုရင်အရှိန်အဝါက သူ့ထံမှ ထွက်ပေါ်နေသည်။ ဧရာမကျားနက်သည် မြေကြီးထဲမှာ လဲလျောင်းလိုက်ပြီး ဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်သည်။ သူက အသက်ရှူသွင်းရှူထုတ်ပြုလုပ်လိုက်သည်။ ထို့နောက် သူက မိစ္ဆာအာရုံကို သူ၏ ခန္ဓာကိုယ်ထဲသို့ စေလွှတ်လိုက်သည်။
သူ၏ အသက်ရှူသွင်းမှုထဲမှာ မိုးမြေဝိညာဉ်စွမ်းအား ပါဝင်နေသည်။
သူ့ခန္ဓာကိုယ်ပေါ်၌ အရေအတွက် တစ်သိန်းရှစ်ထောင်ရှိသော မွေးညင်းပေါက်များက တစ်ပြိုင်နက် ဖွင့်လှစ်သွားကြသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် အမွှေးအမျှင်အားလုံးက သံမဏိဆူးများသဖွယ် ထောင်မတ်သွားသည်။ ယင်းက သဘာဝဆန်သော ဆွဲဆောင်မှုကို ပေးသည်။
“ လိုအင်ဆန္ဒတွေက စုစုပေါင်း (၁၃)မျိုးရှိတယ်… အဲ့ဒီထဲမှာ (၃)မျိုးကို ငါကျွမ်းကျင်သွားပြီ… ဒါပေမဲ့ အဲ့ဒီ(၃)မျိုးက ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ အပြည့်အဝ မပေါင်းစပ်ရသေးဘူး… အခုချိန်မှာ တခြားကိစ္စတွေကို ငါယာယီမေ့ထားပြီး မိုးမြေတုန်ဟီးပြိုင်ဘက်ကင်းဧကရာဇ်ကျမ်းစာကို စတင်ကျင့်ကြံရမယ်… အတိတ်မှာတုန်းက ဝမ်းနည်းမှုမိစ္ဆာသွေးကြောကို အရင်ဆုံး ငါဖွဲ့စည်းခဲ့တယ်… ဒီတော့ ဝမ်းနည်းမှုကနေ ငါစတင်ရမယ်… အဲ့ဒါကို လိုအင်ဆန္ဒစွမ်းအားအဖြစ် ငါပြောင်းလဲရမယ်… ပြီးသွားရင် ဝမ်းနည်းမှုကို မိစ္ဆာချီနဲ့ ပေါင်းစပ်ပြီး ပြိုင်ဘက်ကင်းဧကရာဇ်ချီကို ပျိုးထောင်မယ် ”
သီရှီထျန်က စိတ်ထဲမှာ အမြန်တွေးလိုက်သည်။ မိုးမြေတုန်ဟီးပြိုင်ဘက်ကင်းဧကရာဇ်ကျမ်းစာ၏ စမှတ်က အလွန်မြင့်မားသည်။ ယင်းကို ကျင့်ကြံရန်အလို့ငှာ တစ်စုံတစ်ယောက်က ဦးစွာပထမ အမြူတေဓာတ်လုံးကို ဖွဲ့စည်းထားရမည်။ ထို့ပြင် ကျမ်းစာကို ကျင့်ကြံသည့်အခါ ယခင်ဖွဲ့စည်းထားသော မိစ္ဆာသွေးကြောကို ပြန်တည်ဆောက်ရလိမ့်မည်။ ဤနေရာတွင် မိစ္ဆာသွေးကြော ပြန်တည်ဆောက်ရမည်ဟူသော အဓိပ္ပာယ်က မိစ္ဆာသွေးကြောကို ဖျက်ဆီးပစ်ပြီး အသစ်ပြန်လည်ဖွဲ့စည်းရမည်ဟု မဆိုလိုပေ။ ယင်းအစား မိစ္ဆာသွေးကြော၏ စွမ်းအားကို အမှန်တကယ် ကျွမ်းကျင်ပိုင်နိုင်သွားခြင်းကို ရည်ရွယ်သည်။
ထိုသို့ကျွမ်းကျင်သွားသည့်အခါ သူက ပထမအကြိမ် မိစ္ဆာအမြူတေဓာတ်လုံး အသွင်သဏ္ဌာန်ပြောင်းလဲခြင်းအဆင့်သို့ တတ်လှမ်းသွားလိမ့်မည်။
သီရှီထျန်သည် ရှေးခေတ်မိစ္ဆာကျင့်စဉ်အများအပြားကို ဖတ်ရှုခဲ့သည်။ မြေကြီးအဆင့်နှင့် ကောင်းကင်အဆင့် မိစ္ဆာကျင့်စဉ်များတွင် မိစ္ဆာဘုရင်တစ်ပါးသည် ပထမအကြိမ် အမြူတေဓာတ်လုံး အသွင်သဏ္ဌာန်ပြောင်းလဲခြင်းအဆင့်သို့ တတ်လှမ်းရန်အလို့ငှာ စတုတ္ထမြောက် မိစ္ဆာသွေးကြောကို ဖွဲ့စည်းရန် မလိုအပ်ကြောင်း ရှာတွေ့သွားသည်။
တချို့မိစ္ဆာများသည် မိစ္ဆာသွေးကြောများကို ဖွဲ့စည်းပြီးသွားသည်နှင့်ချက်ချင်း နောက်တစ်ဆင့်သို့ တတ်လှမ်းကြသည်။ ယင်းက မှန်ကန်သော ရွေးချယ်မှုမဟုတ်ပေ။ မိစ္ဆာသွေးကြောများ၏ အစစ်အမှန်စွမ်းအားကို ကိုယ်တိုင်မတတ်ကျွမ်းသေးလျှင် နောက်တစ်ဆင့်သို့ မချိုးဖြတ်သင့်ပေ။
မိစ္ဆာသွေးကြောများကို အမှန်တကယ် နားလည်တတ်ကျွမ်းထားမှသာလျှင် ယင်းတို့၏ စွမ်းရည်အပြည့်အဝကို သူတို့ထုတ်လွှတ်နိုင်ကြလိမ့်မည်။
ဥပမာ သီရှီထျန်က လိုအင်ဆန္ဒမိစ္ဆာသွေးကြောကို ဖွဲ့စည်းထားစဉ် တခြားလူများက မိုးကြိုးမိစ္ဆာသွေးကြော သို့မဟုတ် သတ်ဖြတ်ခြင်းမိစ္ဆာသွေးကြော အစရှိသည်တို့ကို ဖွဲ့စည်းထားကြသည်။ သို့သော်လည်း ယင်းတို့၏ စွမ်းရည်ကို အမှန်တကယ် နားလည်တတ်ကျွမ်းချင်သည်ဆိုလျှင် သူတို့၏ ကျင့်ကြံခြင်းက မိစ္ဆာအမြူတေဓာတ်လုံး အသွင်သဏ္ဌာန်ပြောင်းလဲခြင်းနယ်ပယ်မှာ ရှိနေရမည်။ သို့မဟုတ်လျှင် သူတို့က မိစ္ဆာသွေးကြောများကို အပေါ်ယံသာ နားလည်ကြလိမ့်မည်။ မိစ္ဆာသွေးကြောများ၏ အစစ်အမှန်စွမ်းရည်ကို သူတို့ထုတ်လွှတ်နိုင်လိမ့်မည် မဟုတ်ချေ။ သူတို့က (၅၀)ရာခိုင်နှုန်း သို့မဟုတ် (၆၀)ရာခိုင်နှုန်းမျှသာ အစွမ်းထုတ်လွှတ်နိုင်ကြလိမ့်မည်။ သေးငယ်သော ကွာဟမှုကပင် သေခြင်းရှင်ခြင်းအခြေအနေကို အဆုံးအဖြတ်ပေးနိုင်သည်။
အကယ်၍ သီရှီထျန်က ယခင်သူဖွဲ့စည်းထားသော မိစ္ဆာသွေးကြောသုံးခုစလုံးကို အမှန်တကယ် နားလည်တတ်ကျွမ်းသွားမည်ဆိုလျှင် သူ၏ ကျင့်ကြံခြင်းက အမြူတေဓာတ်လုံး အသွင်သဏ္ဌာန်ပြောင်းလဲခြင်းနယ်ပယ်၏ အထွတ်အထပ်ဆီသို့ ရောက်ရှိသွားလိမ့်မည်။ နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းနိုင်မည်ဆိုလျှင် စတုတ္ထမြောက်မိစ္ဆာသွေးကြောကို သူဖွဲ့စည်းနိုင်ပြီး အစစ်အမှန်မိစ္ဆာဘုရင်တစ်ပါး ဖြစ်လာလိမ့်မည်။
ရှေးခေတ်တွင် မိစ္ဆာမျိုးနွယ်စုသည် ကျင့်ကြံခြင်းလမ်းစဉ်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ကြသည်။ သို့ဖြစ်၍ မိစ္ဆာကျင့်ကြံခြင်းလမ်းစဉ်က ပြီးပြည့်စုံသည်။ ထို့ကြောင့် ရှေးခေတ်မှာ မိစ္ဆာမျိုးနွယ်စုက ခရမ်းရွှေကုန်းမြေ၏ နံပါတ်တစ်မျိုးနွယ်စုဖြစ်ခဲ့သည်။ ရှေးခေတ်မှာ မိစ္ဆာများက မရေမတွက်နိုင်သော မျိုးနွယ်ခြားများကို လွှမ်းမိုးဖိနှိပ်ခဲ့သည်။ လူသားမျိုးနွယ်စု၏ ကျင့်စဉ်များသည်ပင် မိစ္ဆာကျင့်ကြံခြင်းလမ်းစဉ်မှ ဆင်းသက်လာခြင်း ဖြစ်၏။
အကယ်၍ ရှေးခေတ်၌ မိစ္ဆာမျိုးနွယ်စု၏ အမွေအနှစ်က ရုတ်တရက် မပြတ်တောက်သွားခဲ့လျှင် လူသားမျိုးနွယ်စုသည် ယခုကဲ့သို့ ခရမ်းရွှေကုန်းမြေကို သိမ်းပိုက်နိုင်လိမ့်မည် မဟုတ်ချေ။ မိစ္ဆာမျိုးနွယ်စုသည်လည်း ဤအခြေအနေအထိ နိမ့်ကျသွားလိမ့်မည် မဟုတ်ချေ။ မိစ္ဆာကျင့်စဉ်အများအပြားကို ဖတ်ရှုပြီးနောက် ရှေးခေတ်မှာ မိစ္ဆာမျိုးနွယ်စုက မည်မျှတန်ခိုးဩဇာကြီးထွားခဲ့ကြောင်း သီရှီထျန် နားလည်သွားသည်။
မိုးမြေတုန်ဟီးပြိုင်ဘက်ကင်းဧကရာဇ်ကျမ်းစာထဲမှာ မိစ္ဆာကျင့်စဉ်သုံးသောင်းကျော်၏ အဓိကအနှစ်သာရများ စုစည်းပါဝင်နေသည်။ အဆင့်နိမ့်ကျင့်စဉ်များတွင် မိစ္ဆာသွေးကြောများ မည်သို့ဖွဲ့စည်းရမည်ဖြစ်ကြောင်း ပါဝင်သော်လည်း မိစ္ဆာသွေးကြောများ၏ စွမ်းရည်များကို မည်သို့ကျွမ်းကျင်ပိုင်နိုင်အောင် ပြုလုပ်ရမည်ဖြစ်ကြောင်း မပါဝင်ပေ။ ထို့ကြောင့် ယင်းတို့က အဆင့်နိမ့်ကျင့်စဉ်များ ဖြစ်ကြသည်။ မြေကြီးအဆင့်နှင့် ကောင်းကင်အဆင့် မိစ္ဆာကျင့်စဉ်များထဲမှာတော့ ထိုအပိုင်းများ ပါဝင်သည်။
သီရှီထျန်သည် လောကဖန်ဆင်းမှုစေတီထဲမှာ လဲလျောင်းနေရင်း ပမာဏများပြားသော မိုးမြေဝိညာဉ်စွမ်းအားကို စုပ်ယူလိုက်သည်။ တစ်ချိန်တည်းမှာ သူ၏ စိတ်အာရုံက ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
သူ၏ ခန္ဓာကိုယ်ထဲမှ အခြေအနေသည် ပြစ်ချက်မဲ့သည်။ မိစ္ဆာသွေးကြော(၁၃)ခုစလုံးက သူ၏ ခန္ဓာကိုယ်ထဲမှာ ကြက်ခြေခတ်သဏ္ဌာန် စုဝေးနေသည်။ ယင်းတို့က သူ့ခန္ဓာကိုယ်ထဲမှ သွေးကြောဆုံမှတ်အားလုံးနှင့် ချိတ်ဆက်နေရုံသာမက သွေးချီနှင့်လည်း ပေါင်းစပ်နေသည်။
သို့သော်လည်း အကယ်၍ တစ်စုံတစ်ယောက်က သေချာစစ်ဆေးကြည့်မည်ဆိုလျှင် ထိုမိစ္ဆာသွေးကြော(၁၃)ခုထဲမှာ သုံးခုသာ ထွန်းလင်းတောက်ပနေကြောင်း သတိထားမိလိမ့်မည်။ ကျန်မိစ္ဆာသွေးကြော(၁၀)ခုက မှေးမှိန်နေသည်။
သန့်စင်သော အလင်းစီးကြောင်းတစ်ခုက မိစ္ဆာသွေးကြောသုံးခုထဲမှာ စီးဆင်းနေသည်။ တစ်ချိန်တည်းမှာ ယင်းတို့က သူ၏ ခန္ဓာကိုယ်ထဲမှာ ကိန်းအောင်းနေသော လိုအင်ဆန္ဒစွမ်းအားကို အမြဲမပြတ် စုပ်ယူနေသည်။ မိစ္ဆာသွေးကြောတစ်ခုစီက လိုအင်ဆန္ဒတစ်မျိုးစီကို ပိုင်ဆိုင်ထားသည်။
ကျန်မိစ္ဆာသွေးကြော(၁၀)ခုထဲမှာ သွေးချီက ရွေ့လျားစီးဆင်းနေသည်။ သို့သော်လည်း ယင်းတို့က သူ၏ ထိန်းချုပ်မှုအောက်မှာ မရှိပေ။ သို့သော်လည်း စတုတ္ထမြောက်မိစ္ဆာသွေးကြောထံတွင် မိစ္ဆာချီအမျှင်တန်းတစ်ခုက မိစ္ဆာသွေးကြော၏ အတားအဆီးကို အဆက်မပြတ် ချိုးဖြတ်နေသည်။
ဤသည်မှာ မိစ္ဆာချီက စတုတ္ထမြောက်မိစ္ဆာသွေးကြောကို ချိုးဖြတ်ဖွင့်လှစ်ချင်နေသည့်အလားပင်။
သီရှီထျန်သည် ခန္ဓာကိုယ်အတွင်းပိုင်းကို တစ်ခဏကြာ စစ်ဆေးပြီးနောက် သူ၏ မိစ္ဆာအာရုံကို သူ့နှလုံးသားထဲမှ မိစ္ဆာစံအိမ်ဆီသို့ စေလွှတ်လိုက်သည်။ မိစ္ဆာစံအိမ်၏ အတွင်းပိုင်းက အလွန်ခမ်းနားထည်ဝါသည်။ ပမာဏများပြားသော မိုးမြေဝိညာဉ်စွမ်းအားက ဤနေရာမှာ သိပ်သည်းနေသည်။ ထို့အတူ လိုအင်ဆန္ဒစွမ်းအားသည်လည်း ဤနေရာမှာ ရှိ၏။
မိစ္ဆာစံအိမ်၏ အလယ်ဗဟိုတွင် မိစ္ဆာန့်စင်ခြင်းမီးဖိုက လှည့်ပတ်နေသည်။
အကယ်၍ တစ်စုံတစ်ယောက်က အနီးကပ် သေချာကြည့်ရှုမည်ဆိုလျှင် မိစ္ဆာသန့်စင်ခြင်းမီးဖိုက မိစ္ဆာစံအိမ်နှင့်အတူ ကြီးမားသွားခဲ့ကြောင်း သတိထားမိလိမ့်မည်။ ယင်း၏ အရွယ်အစား တိုးချဲ့သွားသည့်အခါ မိစ္ဆာသန့်စင်ခြင်းမီးဖိုမှ ထုတ်လွှတ်သော ဆွဲငင်အားက ပိုပြီးအားကောင်းလာသည်။
မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲတွင် အနက်ရောင်မိစ္ဆာအရည်က မိစ္ဆာသန့်စင်ခြင်းမီးဖို၏ ထက်ဝက်ကျော်ခန့် ရှိနေသည်။ ယင်းက ရေကန်ငယ်တစ်ခုနှင့် ဆင်တူသည်။ ရေကန်၏ မျက်နှာပြင်ပေါ်တွင် အလွှာသုံးလွှာပါသော ကြာပန်းနက်တစ်ပွင့်က တိတ်တဆိတ် မျောလွင့်နေသည်။ ကြာပန်းနက်သည် ရေကန်ထဲမှာ မျောလွင့်နေရင်း မိစ္ဆာအရည်ကို စုပ်ယူနေသည်။
မိစ္ဆာအရည်ကို စုပ်ယူနေစဉ် ကြာပန်းနက်၏ အလယ်မှ အနက်ရောင်ပုလဲလုံးက ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းအတတ်အကျများကို ထုတ်လွှတ်နေသည်။ ကြာပန်းနက်၏ အပေါ်၌ ဧရာမအနက်ရောင်မိုးတိမ်တစ်ခု ရှိသည်။ မိုးတိမ်သည် အစဉ်အမြဲ တုန်ယင်နေသည်။ အနက်ရောင်အရည်အစက်များက မိုးတိမ်ထံမှ ကျဆင်းလာသည်။ သို့သော်လည်း ထိုအရည်စက်များက ရေကန်ပေါ်သို့ မကျသွားပေ။ ယင်းအစား အရည်စက်များက ကြာပန်းနက်အပေါ်သို့ တိုက်ရိုက် ကျဆင်းသွားသည်။
ကြာပန်းနက်သည် ထိုအရည်စက်များကို အငမ်းမရ စုပ်ယူနေသည်။ ယင်းက မည်သည့်အရည်စက်ကိုမှ အလဟဿ မဖြစ်စေပေ။
ထိုအရည်စက်များသည် လိုအင်ဆန္ဒစွမ်းအား၏ ဒြပ်ထည်စုဝေးမှုမှ ဖွဲ့စည်းသွားခြင်း ဖြစ်သည်။ ကြာပန်းနက်မှာ အလွှာသုံးလွှာရှိသည်။ အလွှာတစ်လွှာစီမှာ မတူညီသော စွမ်းအားနှင့် အရှိန်အဝါ ရှိသည်။
ယင်းတို့က ဝမ်းနည်းမှု၊ အရသာခံမှုနှင့် ပျော်ရွှင်မှုတို့ ဖြစ်ကြသည်။ လိုအင်ဆန္ဒတစ်မျိုးစီသည် အလွန်အမင်း ထူးခြားဆန်းကြယ်သည်။ သူတို့က ဇစ်မြစ်တူညီသော်လည်း တစ်ခုနှင့်တစ်ခု ကွဲပြားခြားနားသည်။ ယင်းတို့တစ်ခုစီက မိုးမြေဥပဒေသတစ်ခုစီကို ပိုင်ဆိုင်ထားကြဟန် ရ၏။
“ မင်းကို ရွေးချယ်လိုက်ပြီ… ဒီနေ့ ဝမ်းနည်းခြင်းကနေ စတင်မယ်… ပထမခြေလှမ်းကို ငါစလှမ်းမယ် ”
ကြာပန်းနက်ကို စိုက်ကြည့်လိုက်စဉ် ယုံကြည်မှုက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ အတိတ်မှာ သူက လိုအင်ဆန္ဒကို မဆင်မခြင် မထိတွေ့ဝံ့ချေ။ သို့သော်လည်း ဤအခိုက်အတန့်မှာ သူက လိုအင်ဆန္ဒကို ကြောက်မနေတော့ပေ။ သူက ကြိုမမြင်နိုင်သော အနာဂတ်ကို ရင်ဆိုင်ရန် အသင့်ဖြစ်နေသည်။ အဘယ့်ကြောင့်ဆိုသော် သူက အမွေအနှစ်လျှောက်လမ်းကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သောကြောင့် ဖြစ်သည်။ ထို့ပြင် ယခု သူ့ဆီမှာ ပြိုင်ဘက်ကင်းဧကရာဇ်ကျမ်းစာလည်း ရှိသည်။