အခန်း ၄၁၄
Vol. 28 Ch. 414
အခန်း(၄၁၄)
သူက ကြာပန်းနက်ထဲမှ လိုအင်ဆန္ဒသုံးမျိုးနှင့် ထိတွေ့ရန် စိတ်အားထက်သန်နေသည်။ အထူးသဖြင့် ဝမ်းနည်းခြင်းစိတ်ခံစားမှု ဖြစ်သည်။ ယင်းကို သူကောင်းကောင်း နားလည်သည်။ အတိတ်၌ ကုချင်းချိုင့်ဝှမ်းထဲတွင် နှလုံးသားသန့်စင်ဗုဒ္ဓသီချင်း၏ အကူအညီအောက်မှာ သူ၏ စိတ်က ဝမ်းနည်းခြင်းနှင့် ဖြည်းဖြည်းချင်း သဟဇာတဖြစ်သွားသည်။
ထို့ကြောင့် မြစိမ်းကုချင်းမရှိလျှင်ပင် သူ၏ စိတ်က ဝမ်းနည်းခြင်းဖြင့် သက်ရောက်မခံရတော့ပေ။ ထိုအတွေ့အကြုံသည် လိုအင်ဆန္ဒ၏ စမ်းသပ်မှုကို သူ့အား ဖြတ်ကျော်နိုင်စေရန် ကြီးကြီးမားမား အထောက်အကူပေးလိမ့်မည်။
သီရှီထျန်က သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။ နောက်အခိုက်အတန့်မှာ သူ၏ အသိစိတ်က ကြာပန်းနက်ထဲမှာရှိသော ဝမ်းနည်းခြင်းအလွှာဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။ သူ၏ စိတ်အာရုံသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိသည်။ သူ၏ လုပ်ဆောင်မှုများမှာ ကြောက်ရွံ့မှုမပါပေ။
“ ရွှတ် ”
သီရှီထျန်၏ မိစ္ဆာအာရုံက ကြာပန်းနက်ထဲသို့ ဝင်ရောက်သွားသည့်အခါ မူလက ဖြည်းဖြည်းချင်း လှည့်ပတ်နေသော ကြာပန်းနက်က ရုတ်ချည်း ရပ်တန့်သွားသည်။ ထိုသို့ရပ်တန့်သွားသောကြောင့် ကြာပန်းနက်အောက်မှ အနက်ရောင်ရေကန်က အပြင်းအထန် လှုပ်ခတ်သွားသည်။ သို့သော်လည်း ရပ်တန့်မှုက တဒင်္ဂမျှသာ ဖြစ်၏။ မကြာမီ ကြာပန်းနက်က ပုံမှန်အတိုင်း ပြန်လှည့်ပတ်သွားသည်။
သို့သော်လည်း ထူးခြားချက်တစ်ခုအနေဖြင့် ဤတစ်ကြိမ်တွင် ကြာပန်းနက်သည် နာရီလက်တံကဲ့သို့ ဘယ်မှညာသို့ မလှည့်ပတ်တော့ပေ။ ယင်းအစား နာရီလက်တံပြောင်းပြန်လှည့်ပတ်ခြင်းအတိုင်း လှည့်ပတ်သွားသည်။
ထို့ပြင် ကြာပန်းနက်၏ လှည့်ပတ်မှုက အလွန်မြန်ဆန်သည်။ ကြာပန်းနက်၏ လှည့်ပတ်မှုအလျင်က အလွန်မြန်ဆန်လေရာ အနက်ရောင်ရေကန်ထဲတွင် ဝဲကတော့တစ်ခု ဖြစ်ပေါ်လာသည်။ ရေကန်က အပြင်းအထန် လှုပ်ခတ်နေသည်။ ကြာပန်းနက်က နေရာမှာ လှည့်ပတ်နေသည်။ မကြာမီ ကြာပန်းနက်က နတ်ဆိုးဆန်သော အနက်ရောင်အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။
“ ဝမ်းနည်းခြင်း… တိတ်ဆိတ်ခြင်း… ဘယ်သူက ငါ့ရဲ့ ဝမ်းနည်းမှုကို ဝေမျှခံစားနိုင်မှာလဲ… ”
“ သားဖြစ်သူက တာဝန်မကျေဘူး… အဖိုးဖြစ်သူက အားကိုးရာမဲ့နေတယ်… ဝမ်းနည်းစရာမကောင်းဘူးလား… ”
“ ဝမ်းနည်းဖို့ကောင်းတယ် ”
“ ကိုးဆယ့်ခြောက်ပါးရောဂါ စွဲနေတယ်… တစ်ယောက်တည်း အထီးကျန်နေတယ်… ဝမ်းနည်းစရာမကောင်းဘူးလား ”
“ ဝမ်းနည်းဖို့ကောင်းတယ် ”
… … …
သီရှီထျန်သည် အပြင်လောကမှာ မည်သို့ဖြစ်ပျက်နေကြောင်း မသိပေ။ အမှန်မှာ ယင်းကို သူသိလျှင်ပင် ယခုအချိန်မှာ ဂရုစိုက်နိုင်လိမ့်မည် မဟုတ်ချေ။ ယခု သူ၏ စိတ်အာရုံတစ်ခုလုံးက ကြာပန်းနက်ပေါ်မှာ အပြည့်အဝ ရှိနေသည်။ လိုအင်ဆန္ဒဘုံထဲသို့ သူဝင်ရောက်သွားသည်နှင့်ချက်ချင်း ဝမ်းနည်းဖွယ်ကောင်းသော သီချင်းတစ်ပုဒ်ကို ကြားလိုက်ရသည်။ သီချင်းကို သက်ရှိထောင်ပေါင်းများစွာက သံပြိုင်ရွတ်ဆိုနေကြသည်။ တစ်ယောက်က မေးခွန်းမေးစဉ် အခြားတစ်ယောက်က အဖြေပြန်ဖြေသည်။
ဝမ်းနည်းမှု၊ ဝမ်းနည်းမှု၊ ဝမ်းနည်းမှု…
ဤလောကတွင် ဝမ်းနည်းဖွယ်ကောင်းသော ကိစ္စများ အများကြီး ရှိသည်။ နှလုံးသားထဲမှ ဝမ်းနည်းမှုက မလုံလောက်ပေ။ ယင်းက နှလုံးသားထံ တည့်တည့် တိုးဝင်သွားသော ဝမ်းနည်းမှုဖြစ်ပြီး မည်သည့်အရာကမှ ယင်းကို မတားဆီးနိုင်ပေ။ တစ်စုံတစ်ယောက်က ဝမ်းနည်းမှုကို အာရုံစူးစိုက်လိုက်သည့်အခါ ဝမ်းနည်းစိတ်ဖြင့် သက်ရောက်ခံရလိမ့်မည်။
စက်ကရာသည် သူ၏ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူက ချောက်နက်တစ်ခု၏ အစွန်အဖျားမှာ မောက်မာထောင်လွှားစွာ ရပ်နေသည်။ ချောက်နက်ထဲတွင် အရေအတွက်များပြားသော ပုံရိပ်များရှိသည်။ သူတို့တစ်ယောက်စီက ဝမ်းနည်းမှုအရှိန်အဝါကို ထုတ်လွှတ်နေကြသည်။ မရေမတွက်နိုင်သော ပုံရိပ်များထံမှ ဝမ်းနည်းမှုအရှိန်အဝါက ပေါင်းစည်းသွားသည်။ ထိုအခါ ဖြေရှင်းရန် မလွယ်ကူသော ဝမ်းနည်းမှုမြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
ဝမ်းနည်းမှုကြောင့် ဖြစ်ပေါ်လာသော ပုံရိပ်များသည် သီရှီထျန်ကို မြင်သောအခါ ဝမ်းနည်းမှုသီချင်းကို သီဆိုလိုက်ကြသည်။ နောက်အခိုက်အတန့်မှာ သူတို့အားလုံးက သီရှီထျန်ဆီသို့ ပြေးသွားကြသည်။
ထိုပုံရိပ်များသည် ဝမ်းနည်းဖွယ်အတွေးများမှ ဖွဲ့စည်းသွားကြခြင်း ဖြစ်သည်။ သူတို့က သီရှီထျန်၏ ခန္ဓာကိုယ်ကို ထိတွေ့လိုက်သည်နှင့် ဝမ်းနည်းဖွယ်အတွေးများအဖြစ် ပြောင်းလဲသွားပြီး သီရှီထျန်၏ စိတ်ထဲသို့ ဝင်ရောက်သွားကြသည်။ အလွန်အားကောင်းသော ဝမ်းနည်းမှုက သီရှီထျန်၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ဖုံးလွမ်းသွားသည်။
ဝမ်းနည်းဖွယ်အတွေးများက သီရှီထျန်၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို စတင်ယိုယွင်းတိုက်စားလိုက်သည်။ သူတို့က သီရှီထျန်ကို ဝမ်းနည်းမှုအခြေအနေထဲသို့ ဆွဲသွင်းလိုက်ကြသည်။
“ ကောင်းတယ်… ကောင်းတယ်… ဒီဘုရင်ဖန်တီးထားတဲ့ ပြိုင်ဘက်ကင်းဧကရာဇ်နှလုံးသားကျမ်းစာက နှလုံးသားကို ရေခဲလို အေးစက်စေပြီး ဘာအတွေးမှ မစွန်းထင်နိုင်တဲ့ အန္တိမရေခဲနှလုံးသားမန္တရားနဲ့ နှိုင်းယှဉ်နိုင်မလား သိချင်တယ် ”
ယင်းကို မြင်သောအခါ သီရှီထျန်က အေးဆေးတည်ငြိမ်စွာ ပြောသည်။
“ ဧကရာဇ်တစ်ပါးရဲ့ နှလုံးသား ငါ့မှာ ရှိတယ်… ငါသည်သာ ဒီလောကရဲ့ အုပ်ချုပ်သူအရှင်သခင်ဖြစ်တယ်… ငါက မိုးကောင်းကင်ရဲ့ အထက်မှာ ရပ်တည်နေသူဖြစ်တယ်… ငါက သက်ရှိအားလုံးနဲ့ မျိုးနွယ်စုအားလုံးရဲ့ အထက်မှာ တည်ရှိတယ်… မိုးမြေရဲ့ အထက်မှာ ငါရှိတယ်… ငါ့မျက်လုံးထဲမှာ ဒီလောကထဲမှာရှိတဲ့ အရာအားလုံးက မြူတစ်မှုန်ထက်မပိုဘူး… ငါ့ရဲ့ ဧကရာဇ်နှလုံးသားကို ဘယ်လိုအရာကမှ မစွန်းထင်နိုင်သလို မတွယ်ညိနိုင်ဘူး… ငါက ပြိုင်ဘက်ကင်းတယ်… ငါ့နှလုံးသားက မြင့်မြတ်တယ်… ပြိုင်ဘက်ကင်းဧကရာဇ်နှလုံးသား… ပြိုင်ဘက်ကင်းဧကရာဇ်နှလုံးသား… ”
သီရှီထျန်က ပြိုင်ဘက်ကင်းဧကရာဇ်နှလုံးသားကျမ်းစာ၏ မန္တရားကို ရွတ်ဆိုလိုက်သည်။ သူရွတ်ဆိုလိုက်သော စကားလုံးတစ်လုံးစီမှာ ပြိုင်ဘက်ကင်းဧကရာဇ်တစ်ပါး၏ မောက်မာထောင်လွှားမှုနှင့် လွှမ်းမိုးဗိုလ်ကျမှု ကိန်းအောင်းနေသည်။ သူ့နှလုံးသားနှင့် စိတ်ဝိညာဉ်က ပြိုင်ဘက်ကင်းဧကရာဇ်တစ်ပါး၏ နှလုံးသားနှင့် စိတ်ဝိညာအဖြစ် ပြောင်းလဲသွားသည်။ သူက သက်ရှိအားလုံး၏ အထက်မှာ ရပ်တည်နေသော ဧကရာဇ်တစ်ပါး ဖြစ်သည်။
ပြိုင်ဘက်ကင်းဧကရာဇ်တစ်ပါး၏ မျက်လုံးထဲတွင် သူမှလွဲ၍ ကျန်အရာအားလုံးက အလွန်သေးနုတ်သည်။ စိတ်ခံစားချက်ခုနှစ်မျိုးနှင့် လိုအင်ဆန္ဒခြောက်မျိုးက မည်မျှလျှို့ဝှက်ဆန်းကြယ်ပါစေ သူ၏ လက်ခုပ်ထဲမှာသာရှိရမည်။ ယင်းတို့က သူ၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို မဖုံးလွှမ်းနိုင်ပေ။ ထို့ကြောင့် ဝမ်းနည်းမှုက သူ၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် တိုးဝင်လာနေသော်လည်း သူ့နှလုံးသားနှင့် စိတ်ဝိညာဉ်ကို မဖုံးလွှမ်းနိုင်ပေ။
ဤသည်မှာ သူ့နှလုံးသားနှင့် စိတ်ဝိညာဉ်မှာ အကာအကွယ်တစ်ခု ရှိနေသည့်အလားပင်။ ထိုအကာအကွယ်က ပြင်ပမကောင်းဆိုးဝါးများ မဝင်လာရန် ကာကွယ်ပေးသည်။
သီရှီထျန်သည် ဤအခိုက်အတန့်မှာ ပြိုင်ဘက်ကင်းဧကရာဇ်နှလုံးသားကျမ်းစာကို အသုံးပြု၍ သူ့နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ကာကွယ်လိုက်သည်။ သူက လိုအင်ဆန္ဒစွမ်းအားကို ခုခံတားဆီးရန် ပြိုင်ဘက်ကင်းဧကရာဇ်တစ်ပါး၏ နှလုံးသားကို အသုံးပြုလိုက်သည်။ သူ၏ နှလုံးသားထဲမှာ ဧကရာဇ်တစ်ပါး၏ မောက်မာထောင်လွှားမှုမှလွဲ၍ တခြားမည်သည့်အရာမှ မတည်ရှိနိုင်ပေ။ ထို့ကြောင့် ဝမ်းနည်းမှုအရှိန်အဝါက သူ့အား သက်ရောက်မှုမရှိပေ။
“ လာစမ်း… ဒီနေ့ ငါအရှင်က အကန့်အသတ်မဲ့ဝမ်းနည်းမှုကို နှိမ်နင်းဖြတ်ကျော်ပစ်မယ် ”
အချိန်အတော်ကြာပြီးနောက် အဆုံးမဲ့သော ဝမ်းနည်းမှုအရှိန်အဝါများက ပိုးခြည်မျှင်များအဖြစ် ပြောင်းလဲသွားသည်။ ဤအခိုက်အတန့်မှာ ဧရာမပိုးအိမ်တစ်ခုက သီရှီထျန်၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။ သူ၏ ခန္ဓာကိုယ်ကို မမြင်နိုင်ပေ။ ပိုးခြည်မျှင်က အလွန်ထူထဲသည်။ ယင်းကို ကြည့်လျှင် သီရှီထျန်အပေါ် မည်မျှများပြားသော ဝမ်းနည်းမှုအရှိန်အဝါများ တိုးဝင်နေကြောင်း မြင်နိုင်ပေသည်။ သို့သော်လည်း သီရှီထျန်က မစိုးရိမ်ပေ။
အမှန်မှာ ယင်းက သူလိုချင်သော ရလဒ် ဖြစ်သည်။
ပြိုင်ဘက်ကင်းဧကရာဇ်နှလုံးသားကျမ်းစာက အလွန်အစွမ်းထက်ပြီး သူ၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ပြင်ပမကောင်းဆိုးဝါးများ မဝင်လာစေရန် ကာကွယ်ပေးနိုင်သည်။ သို့သော်လည်း ယင်းက ဝမ်းနည်းမှုအခြေအနေကို သူကာကွယ်နိုင်ရုံမျှသာ ဖြစ်၏။ ဝမ်းနည်းမှုအခြေအနေကို သူကျော်လွှားနိုင်ခြင်း မဟုတ်သေးပေ။
ဝမ်းနည်းမှုကို သူ့ကိုယ်ပိုင်စွမ်းအားအဖြစ် အသုံးပြုချင်သည်ဆိုလျှင် ဝမ်းနည်းမှု၏ စစ်မှန်သောအဓိပ္ပာယ်ကို သူဆင်ခြင်နားလည်ရမည်။ သို့မှသာ ဝမ်းနည်းမှုစွမ်းအားက သူ့အပိုင်ဖြစ်လာလိမ့်မည်။
ယခုကဲ့သို့ မျက်စိစုံမှိတ် ကာကွယ်နေခြင်းက မထိရောက်ပေ။
သီရှီထျန်သည် ပြိုင်ဘက်ကင်းဧကရာဇ်နှလုံးသားကျမ်းစာထဲ၌ သူ့ကိုယ်သူ နစ်မြုပ်စေသည်။ ထို့နောက် သူက သူ့နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ကာကွယ်ထားသော အကာအကွယ်အလွှာပေါ်တွင် အပေါက်တစ်ခုဖွင့်လှစ်လိုက်သည်။ ထိုအခါ ဝမ်းနည်းမှုအရှိန်အဝါတစ်စွန်းတစ်စက သူ့နှလုံးသားနှင့် စိတ်ဝိညာဉ်ထဲသို့ ဝင်ရောက်လာသည်။ ရုတ်တရက်ဆိုသလို ကြီးမားသော အပြောင်းအလဲတစ်ခုက သူ့နှလုံးသားနှင့် စိတ်ဝိညာဉ်မှာ ဖြစ်ပေါ်လာသည်။ သူ၏ စိတ်အာရုံက လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်နေရာသို့ လွင့်မျောသွားသည်။
တောင်ခြေရွာလေးတစ်ရွာတွင် မိသားစုနှစ်ဆယ်ကျော် နေထိုင်ကြသည်။
ရွာထဲတွင် ခြံဝန်းကြီးတစ်ခု ရှိ၏။ ခြံဝန်းသည် ဟောင်းနွမ်းနေပုံပေါ်ပြီး အနည်းငယ် ယိုယွင်းပျက်စီးနေသည်။ ယင်းက လေဒဏ်မိုးဒဏ်ကို နှစ်ပေါင်းများစွာကြာအောင် ခံခဲ့ရကြောင်း ထင်ရှား၏။ ခြံဝန်းထဲမှာ သစ်သားအိမ်တစ်လုံး ရှိသည်။
ခြံဝန်းကို သစ်သားတုတ်ချောင်းများဖြင့် ခြံစည်းရိုးခတ်ထားသည်။ ခြံဝန်းထဲတွင် ကိုယ်တိုင်စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်ပင်တချို့ ရှိသည်။ သို့သော်လည်း ဟင်းသီဟင်းရွက်ပင်များသည် စိမ်းလန်းစိုပြည်မနေဘဲ ဝါကြင့်ကြင့်အရောင်ပြောင်းနေသည်။
“ အဟွတ်… အဟွတ်… ”
ရိုးရှင်းသော သစ်သားအိမ်လေးဆီမှာ ညှိုးမှိုင်မှုအငွေ့အသက် ဖြစ်ပေါ်နေသည်။ အိမ်ထဲတွင် အဖိုးအိုတစ်ယောက် ရှိသည်။ သူ၏ ခန္ဓာကိုယ်သည် လေတိုက်လျှင်ပင် လဲကျနိုင်သည်အထိ အလွန်ပိန်ပါးသည်။ သူ့မျက်နှာက ဖောရောင်နေပြီး ခဏခဏ ချောင်းဆိုးနေသည်။ သူက အပြင်းဖျားနေဟန် ရ၏။
သူ့ခန္ဓာကိုယ်ပေါ်မှာ ခြုံထားသော စောင်သည်ပင် အလွန်ပါးလွှာပြီး အဖာအထေးများဖြင့် ပြည့်နှက်နေသည်။ ဤခြံဝန်းထဲတွင် အသက်ဓာတ်နှင့်ပတ်သက်သော မည်သည့်အငွေ့အသက်မှ မရှိပေ။ အရာအားလုံးကို သေခြင်းတရားက ဖုံးလွှမ်းနေသည်။ သူ၏ ဘေးတွင် ဆူဖြိုးသော ကြွက်တစ်ကောင် ရှိသည်။ ကြွက်သည် အဖိုးအိုကို ကြည့်လျက် ခေါင်းယမ်းလိုက်သည်။ သူက အနောက်လှည့်၍ ထွက်သွားသည်။
“ ဘန်း ”
အဖိုးအိုက ချောင်းတဟွတ်ဟွတ် ဆိုးနေစဉ် အိမ်တံခါးက အတင်းအကျပ် ကန်ဖွင့်ခံလိုက်ရသည်။ ထို့နောက် ခန္ဓာကိုယ်ဝဖြိုးသော သက်လတ်ပိုင်းအမျိုးသားတစ်ဦးက အိမ်ထဲသို့ လျှောက်ဝင်လာသည်။ သူ့အနောက်တွင် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦး လိုက်ပါလာသည်။ အမျိုးသမီးသည် မျက်နှာခြယ်ဆေးမှုန့်ကို လိမ်းကျံထားသည်။ သူက အိမ်၏ ပတ်ဝန်းကျင်ကို အထင်သေးစွာ ကြည့်နေသည်။
ဤသည်မှာ သူက ရွံရှာစရာကောင်းသော အမှိုက်ပုံထဲသို့ ရောက်ရှိနေသည့်အလားပင်။ စက်ဆုပ်ရွံရှာမှုက သူ့မျက်နှာပေါ်မှာ ထင်ပေါ်နေသည်။
“ အဖိုးကြီး… ခင်ဗျားဘယ်လိုနေလဲ… ခင်ဗျားရဲ့ သားကို သမားတော်ပင့်ခိုင်းချင်သေးလား ”
သက်လတ်ပိုင်းအမျိုးသားသည် အိမ်ထဲသို့ ဝင်လာပြီးလျှင် ကုတင်ပေါ်မှာ လဲလျောင်းနေသော အဖိုးအိုကို ကြည့်လိုက်သည်။ သူက မျက်လုံးဝင်းလက်သွားပြီး စိတ်အားထက်သန်စွာ ပြောသည်။ သို့သော်လည်း စိတ်မသက်မသာဖြစ်မှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။
“ ဟွန့်… မင်းဘာလို့ပြန်လာတာလဲ… မင်းငါနဲ့ အဆက်အသွယ်ဖြတ်လိုက်ပြီ မဟုတ်ဘူးလား… စည်းစိမ်ချမ်းသာအတွက် လင်းမိသားစုထဲကို မင်း လက်ထပ်ဝင်ရောက်ခဲ့ပြီ မဟုတ်လား… ငါသေသွားရင်တောင် မင်းရဲ့ ဂရုစိုက်မှုကို မလိုဘူး… အဟွတ် အဟွတ်… ”
အဖိုးအိုက သက်လတ်ပိုင်းအမျိုးသားကို ကြည့်လိုက်သည်။ ဒေါသက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်နေသည်။ သူက စကားကို အမြန်ပြောလိုက်သောကြောင့် မောပန်းသွားပြီး ချောင်းတဟွတ်ဟွတ်ဆိုးသည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက လေတိုက်လျှင်ပင် လဲသွားနိုင်သည်အထိ အလွန်အားနည်းသည်။ သူက အချိန်မရွေး သေဆုံးသွားနိုင်ဟန် ရ၏။
ယင်းကို ကြားသောအခါ သက်လတ်ပိုင်းအမျိုးသား၏ အမူအရာက ပြောင်းလဲသွားသည်။ သူက နောက်ထပ် ညင်သာမနေတော့ဘဲ ရိုင်းစိုင်းစွာ ပြောသည်။
“ ဟွန့်… အဖိုးကြီး… ခင်ဗျားက ကျုပ်အကူအညီကို မလိုဘူးဆိုမှတော့ ကျုပ်ငွေကုန်သက်သာတာပေါ့… ဒီတစ်ကြိမ် ကျုပ်ရောက်လာတဲ့ ရည်ရွယ်ချက်ကို မဖုံးကွယ်တော့ဘူး… ကျုပ်တို့မိသားစုမှာ ဘိုးဘေးအစဉ်အဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ အမွေအနှစ်ရှိတယ်မလား… အခု ခင်ဗျားက သေခါနီးပြီဆိုတော့ ဘာလို့ ဘိုးဘေးအမွေအနှစ်ကို ကျုပ်ဆီ မလွှဲပြောင်းပေးတာလဲ… ခင်ဗျားသေသွားတဲ့အခါ နေရာကောင်းကောင်းရှာပြီး ကျုပ်မြေမြှုပ်ပေးပါမယ် ”
“ ခွေးကောင်… ထွက်သွားစမ်း ”
အဖိုးအိုက အလွန်ဒေါသထွက်သွားလေရာ မျက်နှာဖြူဖျော့သွားသည်။ သူက သက်လတ်ပိုင်းအမျိုးသားကို လက်ညှိုးငေါက်ငေါက်ထိုး၍ ကျိန်ဆဲလိုက်သည်။
“ သားမိုက်… မင်းက ငါတို့မိသားစုအပေါ် သစ္စာဖောက်ရုံတင်မကဘူး ဘိုးဘေးအမွေအနှစ်ကိုတောင် လာပြန်တောင်းရဲသေးတယ်… ဘိုးဘေးအမွေအနှစ်အကြောင်း မင်း လုံးဝမစဉ်းစားနဲ့… ဒီကနေ မင်းအမြန်ထွက်သွားစမ်း… မင်းမျက်နှာကို ငါလုံးဝမမြင်ချင်ဘူး ”
အဖိုးအိုသည် သူ့ဘေးမှ ရေဇလုံကို လှမ်းယူလိုက်ပြီး သက်လတ်ပိုင်းအမျိုးသားထံသို့ ပစ်ပေါက်လိုက်သည်။