အခန်း ၄၁၇
Vol. 28 Ch. 417
အခန်း(၄၁၇)
ဖန်ဆင်းခြင်းစွမ်းအား၏ အဓိက ဝိသေသလက္ခဏာမှာ အသက်ဓာတ်မွေးဖွားပေးခြင်း ဖြစ်သည်။ ယင်းက မြစ်အားလုံးကို ပင်လယ်ကြီးတစ်ခုအဖြစ် ပေါင်းစည်းပေးနိုင်သည်။ ယင်းက လွန်စွာ သိမ်မွေ့ညင်သာသည်။ သို့ဖြစ်၍ လိုအင်ဆန္ဒစွမ်းအားနှင့် မိစ္ဆာချီကို အတူတကွ ပေါင်းစပ်ပေးရန် အသင့်တော်ဆုံးက ဖန်ဆင်းခြင်းစွမ်းအား ဖြစ်သည်။
ယင်းက မိစ္ဆာကျင့်စဉ်သောင်းချီကို ဆင်ခြင်သုံးသပ်ပြီးနောက် သီရှီထျန်ရရှိလာသော အကြံဉာဏ်ဖြစ်သည်။ ထို့ကြောင့် သီရှီထျန်သည် ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို မကြောက်တော့ပေ။ ယင်းအစား သူက ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို ပိုပြီးမျှော်လင့်လာသည်။ ကောင်းကင်ဘုံကပ်ဘေးဒုက္ခ ပိုပြီးကြမ်းတမ်းလေ သူပိုပျော်လေ ဖြစ်၏။
လောကဖန်ဆင်းမှုစေတီ၏ ခုခံကာကွယ်ပေးမှုကြောင့် ကောင်းကင်ဘုံမိုးကြိုးထဲမှ အဖျက်စွမ်းအားက တိုက်ရိုက် ဖယ်ရှားခံလိုက်ရပြီး ဖန်ဆင်းခြင်းစွမ်းအားသာလျှင် စေတီထဲသို့ ဝင်ရောက်လာသည်။ ထို့နောက် ဖန်ဆင်းခြင်းစွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး မိစ္ဆာစံအိမ်ဆီသို့ ဦးတည်သွားသည်။
ထိုပြိုင်ဘက်ကင်းဧကရာဇ်ချီတစ်စက်က သူ၏ သုံးသပ်မှု မှန်ကန်ကြောင်း ဖော်ပြနေသည်။ ယင်းက အမှန်တကယ် အံ့ဖွယ်ကောင်းသည်။
“ ပြိုင်ဘက်ကင်းဧကရာဇ်ချီ… အဲ့ဒါက ပြိုင်ဘက်ကင်းဧကရာဇ်ချီပဲ… ငါဖန်တီးခဲ့တဲ့ မိုးမြေတုန်ဟီးပြိုင်ဘက်ကင်းဧကရာဇ်ကျမ်းစာက တကယ်ကျင့်ကြံနိုင်တယ်… အနှစ်လေးဆယ်အချိန်က အလဟဿမဖြစ်သွားဘူး ”
သီရှီထျန်က စိတ်လှုပ်ရှားသွားပြီး ဝမ်းသာပျော်ရွှင်သွားသည်။ သို့သော်လည်း သူ၏ စိတ်က တည်ငြိမ်နေဆဲပင်။ သူက ဖန်ဆင်းခြင်းစွမ်းအားကို ဆက်လက် လမ်းညွှန်ပေး၍ လိုအင်ဆန္ဒစွမ်းအားနှင့် မိစ္ဆာချီကို အတူတူ ပေါင်းစပ်လိုက်သည်။
ပထမအကြိမ် အောင်မြင်သွားပြီးနောက် ပြိုင်ဘက်ကင်းဧကရာဇ်ချီ ထွက်ပေါ်လာမှုက ပိုမိုမြန်ဆန်လာသည်။ ထို့ပြင် ဖန်ဆင်းခြင်းစွမ်းအားက အဆုံးမဲ့စွာ ရှိသည်။ ဤအခိုက်အတန့်မှာ သီရှီထျန်၏ ခန္ဓာကိုယ်ထဲမှ ကြာပန်းနက်က ယခင်ထက် နှစ်ဆပိုမြန်စွာ လှည့်ပတ်လာသည်။ ယင်းက မြန်ဆန်စွာ လှည့်ပတ်နေပြီး မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲမှ မိစ္ဆာချီကို ကြာပန်းနက်ထဲသို့ သွန်းလောင်းပေးနေသည်။ မိစ္ဆာချီသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အလျင်နှင့်အတူ လျော့နည်းသွားသည်။
လောကဖန်ဆင်းမှုစေတီအပြင်ဘက်တွင် မိုးကြိုးနှင့်လျှပ်စီးက စေတီကို အရူးအမူး ပစ်ခတ်နေသည်။ မိုးကြိုးသွားများက မိုးရေစက်များသဖွယ် စေတီပေါ်သို့ အဆက်မပြတ် ကျဆင်းနေသည်။ သို့သော်လည်း စေတီက မိုးကြိုးနှင့်လျှပ်စီးထဲမှ ဖန်ဆင်းခြင်းစွမ်းအားကို တိုက်ရိုက် ဆွဲထုတ်ကာ သီရှီထျန်၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးလိုက်သည်။
ကောင်းကင်ဘုံကပ်ဘေးဒုက္ခသည် ဒြပ်စင်ငါးမျိုးစလုံးကို တစ်လှည့်စီ ပစ်လွှတ်နေသည်။ ကပ်ဘေးဒုက္ခသည် တစ်ရက်ကြာမြင့်သွားသည်။
ထိုတစ်ရက်မှာ မိုးကြိုးသွားမည်မျှနှင့် လျှပ်စီးတန်းမည်မျှက စေတီကို ထိမှန်သွားကြောင်း မည်သူမှမသိနိုင်ပေ။ သို့တိုင်အောင် ယင်းက လောကဖန်ဆင်းမှုစေတီကို နည်းနည်းလေးမှ မပျက်စီးစေခဲ့ပေ။
“ ဝေါင်း ”
ဤအခိုက်အတန့်မှာ အချိန်ကြာမြင့်စွာ မျက်လုံးမှိတ်ထားသော ဧရာမကျားနက်က ရုတ်တရက် မျက်လုံးပြန်ဖွင့်လိုက်သည်။ သူက မြေကြီးပေါ်တွင် တိတ်တဆိတ် လဲလျောင်းနေရာမှ ဆတ်ခနဲ ရပ်လိုက်သည်။ ရွှေရောင်အလင်းတန်းနှစ်ခုက သူ၏ မျက်လုံးများထဲမှ ပျံသန်းထွက်လာသည်။ လောကဖန်ဆင်းမှုစေတီ၏ ပထမအထပ်က ရွှေရောင်ထွန်းလင်းသွားသည်။ နောက်အခိုက်အတန့်မှာ သူ၏ ဧရာမခန္ဓာကိုယ်က အရွယ်အစားကြီးမားသွားသည်။ အသက်ရှူချိန်အနည်းငယ်အတွင်းမှာ သူက မူလထက် နှစ်ဆပိုကြီးမားသွားသည်။
သူ၏ ခန္ဓာကိုယ်ပေါ်တွင် အနက်ရောင်အမွှေးများက ရေလှိုင်းများသဖွယ် လှုပ်ယမ်းနေသည်။ သူရပ်လိုက်သည့်အခိုက် အထွတ်အမြတ် ဩဇာအာဏာအရှိန်အဝါက သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ သူက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ ဤသည်မှာ အထွတ်အမြတ် ဧကရာဇ်တစ်ပါး ပြန်နိုးထလာသည့်အလားပင်။ လေဟာနယ်လှိုင်းများက သူ၏ ဘေးပတ်ဝန်းကျင်မှာ ပုံပျက်တွန့်လိမ်သွားသည်။
ကျားဟိန်းသံသည် ဆယ့်ငါးမိနစ်ခန့်ကြာသည်အထိ အဆက်မပြတ် ပဲ့တင်ထပ်နေသည်။ ထို့နောက် ကျားဟိန်းသံက တဖြည်းဖြည်း တိုးညင်းသွားသည်။ ရွှေရောင်အလင်းက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွန်းလင်းသွားသည်။ ထို့နောက် ဧရာမကျားခန္ဓာကိုယ်က ရုတ်တရက် ပျောက်ကွယ်သွားပြီး ကိုယ်လုံးတီး အမျိုးသားတစ်ယောက်က လေထဲမှာ ထွက်ပေါ်လာသည်။ သူ၏ မျက်နှာက တည်ကြည်ခန့်ညားသည်။ သူက ရုပ်ရည်ချောမောသူ မဟုတ်ပေ။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်က သာလွန်မြင့်မြတ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
သူ၏ နဖူးပေါ်တွင် ခရမ်းရောင်ဘုရင်အမှတ်အသား ရှိသည်။ ယင်းက မီးတောက်တစ်ခုနှယ် လှုပ်နေပြီး ကြီးမြတ်သောအရှိန်အဝါကို ဆက်မပြတ် ထုတ်လွှတ်နေသည်။
သူ၏ ကျောနောက်တွင် အနက်ရောင်ဆံရှည်က လေမတိုက်ဘဲ ဘယ်ညာယိမ်းနွဲ့နေသည်။ သူက ခေါင်းအစခြေအဆုံး မိစ္ဆာအရှိန်အဝါကို ထုတ်လွှတ်နေသည်။ ဤသည်မှာ သူက နတ်မိစ္ဆာတစ်ပါးဖြစ်သည့်အလားပင်။ သူ၏ ခန္ဓာကိုယ်၌ ကြွက်သားများရှိပြီး သူ၏ အသွေးအသားတစ်လက်မစီမှာ အံ့ဖွယ်ကောင်းသော သွေးချီစွမ်းအား ကိန်းအောင်းနေသည်။
“ မိုးမြေတုန်ဟီးပြိုင်ဘက်ကင်းဧကရာဇ်ကျမ်းစာရဲ့ ပထမအဆင့်က နောက်ဆုံးတော့ ပြီးမြောက်သွားပြီ ”
သီရှီထျန်သည် တုံ့ဆိုင်းမနေဘဲ အစွမ်းထက်အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ သူက လက်ဝှေ့ယမ်းလိုက်ပြီး အနက်ရောင်ဝတ်စုံကို ဝတ်ဆင်လိုက်သည်။ ရွှေရောင်နတ်ဘုရားအလင်းက သူ၏ မျက်လုံးထဲမှာ ရံဖန်ရံခါ လင်းလက်သွားသည်။ ယုံကြည်မှုရှိသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ပေါ်လွင်နေသည်။ သူက ညာလက်သီးကို ကျစ်ကျစ်ဆုပ်လိုက်သည်။
သူ၏ မျက်နှာက တည်ကြည်လေးနက်နေသည်။ သူက ပြောသည်။
“ မိုးမြေတုန်ဟီးပြိုင်ဘက်ကင်းဧကရာဇ်ကျမ်းစာကို ငါဖန်တီးနိုင်သွားပြီ… အခုကစပြီး ငါ့ကံကြမ္မာက ငါ့လက်ထဲမှာပဲ ”
သူက ခေါင်းမော့လိုက်ပြီး ဟင်းလင်းပြင်ကို ကြည့်လိုက်သည်။ သူ၏ အကြည့်က ဖော်မပြနိုင်အောင် အလွန်နက်ရှိုင်းသည်။ သူက အေးစက်စက် ပြောသည်။
“ သားရဲတစ်သောင်းဂိုဏ်း… ငါ့ကို စောင့်နေစမ်းပါ… ငါ ပထမဆုံး လုပ်မယ့်အရာက မင်းတို့ဂိုဏ်းကို အမြစ်ဖြတ်သုတ်သင်ပစ်ဖို့ပဲ… ငါ့အမေ အဆင်ပြေနေတယ်ဆိုရင်တော့ ကိစ္စမရှိဘူး… အဲ့လိုမဟုတ်ဘဲ ငါ့အမေ တစ်ခုခုဖြစ်သွားတယ်ဆိုရင်တော့ မင်းတို့တစ်ဂိုဏ်းလုံးကို တစ်ယောက်မကျန် သုတ်သင်ရှင်းလင်းပစ်မယ် ”
သူ၏ လေသံထဲမှာ ယုံကြည်မှုနှင့် သေချာမှု ရှိသည်။
သားရဲတစ်သောင်းဂိုဏ်းသည် သူ၏ နှလုံးသားထဲ၌ အမြဲတမ်း စိုက်ဝင်နေသော ဆူးတစ်ချောင်းဖြစ်သည်။ ထိုဆူးကို မြန်နိုင်သမျှမြန်မြန် သူနုတ်ပစ်ရမည်။ အတိတ်၌ သူ့အတွက် တောင်ကြီးတစ်တောင်နှယ် ကြီးမားခဲ့သော သားရဲတစ်သောင်းဂိုဏ်းက ဤအခိုက်အတန့်မှာ သူ့ကို နောက်ထပ် မခြိမ်းခြောက်နိုင်တော့ပေ။
သူက မိုးမြေတုန်ဟီးပြိုင်ဘက်ကင်းဧရာဇ်ကျမ်းစာ၏ ပထမအဆင့်ကိုသာ ကျင့်ကြံရသေးသော်လည်း လိုအင်ဆန္ဒစွမ်းအားနှင့် မိစ္ဆာချီတို့ အတူတကွ ပေါင်းစပ်သွားပြီး ပြိုင်ဘက်ကင်းဧကရာဇ်ချီ မွေးဖွားလာသည့်အခါ သူ၏ တိုက်ပွဲစွမ်းအားက ယခင်ထက် ဆယ်ဆမက ပိုပြီးသန်စွမ်းသွားသည်ဟု ရှင်းရှင်းလင်းလင်း ခံစားမိသွားသည်။
ပြိုင်ဘက်ကင်းဧကရာဇ်ချီက လိုအင်ဆန္ဒစွမ်းအားနှင့် မိစ္ဆာချီကို အစားထိုးသွားပြီး သူထိန်းချုပ်နိုင်သော စွမ်းအားဖြစ်လာသည်။ ထို့ပြင် သူက ဝမ်းနည်းခြင်းမိစ္ဆာသွေးကြောကိုလည်း အပြည့်အဝ ထိန်းချုပ်နိုင်သွားသည်။ ဝမ်းနည်းခြင်းမိစ္ဆာသွေးကြောထဲမှ ဝမ်းနည်းမှုက သူ့အပေါ် လုံးဝ မသက်ရောက်နိုင်တော့ပေ။ သူက ပင်လယ်ထဲမှ ငါးသဖွယ် ခံစားသွားရ၏။ မိစ္ဆာသွေးကြောတစ်ခုလုံးက သူ့အတွက် ဖွင့်လှစ်သွားသည်။
မိုးမြေကြားမှ ဝမ်းနည်းမှုစွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာသွေးကြောထဲသို့ ဒလဟော တိုးဝင်လာသည်။ မိစ္ဆာသွေးကြောက ဝေလငါးသဖွယ် ဝမ်းနည်းမှုစွမ်းအားကို အငမ်းမရ စုပ်ယူနေသည်။ မိစ္ဆာသွေးကြော၏ စုပ်ယူမှုအမြန်နှုန်းက ယခင်ကထက် အဆပေါင်းများစွာ ပိုမြန်သည်။ အတိတ်မှ မိစ္ဆာသွေးကြောက စမ်းချောင်းဖြစ်သည်ဆိုလျှင် ယခုအချိန်မှာ မိစ္ဆာသွေးကြောက မြစ်တစ်စင်းသဖွယ် ပြောင်းလဲသွားသည်။
လိုအင်ဆန္ဒစွမ်းအားအပေါ် မိစ္ဆာသွေးကြော၏ စုပ်ယူမှုအမြန်နှုန်းက ယခင်ကထက် အဆပေါင်းတစ်ရာ ပိုမြန်သွားသည်။
ထို့ပြင် ယင်းကို ထိန်းချုပ်ရန် သူ၏ စိတ်ကို အသုံးပြုရန် မလိုပေ။ မိစ္ဆာသွေးကြောသည် အပြင်လောကထံမှ လိုအင်ဆန္ဒစွမ်းအားကို သူ့ဘာသာ စုပ်ယူနိုင်သွားသည်။
လိုအင်ဆန္ဒစွမ်းအားသည် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီးလျှင် မိစ္ဆာသွေးကြောထဲမှာ အကြိမ်ရေအနည်းငယ် လှည့်ပတ်သွားပြီး မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲ ဝင်ရောက်သွားသည်။ မိစ္ဆာသန့်စင်ခြင်းမီးဖို၏ သန့်စင်ခံရပြီးလျှင် ဝမ်းနည်းမှုလိုအင်ဆန္ဒစွမ်းအားက ကြာပန်းနက်ထဲ ဝင်ရောက်သွားသည်။
ကြာပန်းနက်ထဲတွင် ကြာပန်းအစေ့နှင့်ဆင်တူသော အနက်ရောင်ပုလဲလုံးက ပျောက်ကွယ်သွားသည်။ ရွှေရောင်ခပ်ဖျော့ဖျော့ ပြိုင်ဘက်ကင်းဧကရာဇ်ချီက ကြာပန်းနက်၏ ဝမ်းနည်းခြင်းစိတ်ဆန္ဒအလွှာထဲမှာ ပြည့်နှက်နေသည်။ ယင်းက ဧကရာဇ်တစ်ပါး၏ အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ဝမ်းနည်းမှုလိုအင်ဆန္ဒစွမ်းအားက ကြာပန်းနက်ထဲသို့ ဝင်ရောက်သွားသည့်အခါ ပြိုင်ဘက်ကင်းဧကရာဇ်ချီအဖြစ် သန့်စင်ခံလိုက်ရသည်။
ဝမ်းနည်းမှုလိုအင်ဆန္ဒစွမ်းအားက ပြိုင်ဘက်ကင်းဧကရာဇ်ချီအမျှင်တန်းအဖြစ် ပြောင်းလဲသွားသည်။
ပြိုင်ဘက်ကင်းဧကရာဇ်ချီသည် ကြာပန်းနက်ထဲမှ ပြန်ထွက်လာပြီးလျှင် မိစ္ဆာသွေးကြောထဲမှာ လှည့်ပတ်စီးဆင်းသွားသည်။ ပြိုင်ဘက်ကင်းဧကရာဇ်ချီ ဖြတ်သန်းစီးဆင်းသွားသည့်နေရာတိုင်း ချီအမျှင်တန်းတစ်မျှင်က သူ၏ အသွေးအသားထဲသို့ ဝင်ရောက်သွားလိမ့်မည်။
ပြိုင်ဘက်ကင်းဧကရာဇ်ချီသည် အလွန်အဆင့်မြင့်သည်။ ယင်းက မိစ္ဆာချီထက် အဆပေါင်းများစွာ သာလွန်သည်။ ပြိုင်ဘက်ကင်းဧကရာဇ်ချီ သူ၏ အသွေးအသားထဲသို့ ဝင်ရောက်သွားသည့်အခါ သူ၏ ရုပ်ခန္ဓာကိုယ်က အလျှင်အမြန် သန်စွမ်းလာသည်။
တစ်ချိန်တည်းမှာ မိစ္ဆာသွေးကြောက ယခင်ကထက် ပိုကျယ်ပြောလာပြီး ပိုသန်စွမ်းလာသည်။ ယင်းကို ကြည့်လျှင် မိုးမြေတုန်ဟီးပြိုင်ဘက်ကင်းဧကရာဇ်ချီက မည်မျှသန်စွမ်းကြောင်း မြင်နိုင်ပေသည်။
“ ပထမအဆင့်က ပြီးပြည့်စုံသွားပြီ… ကြာပန်းနက် ပြီးပြည့်စုံဖို့ဆိုရင် စွမ်းအင်အနှစ်သာရကို ဆယ်စုနှစ်တစ်ခုကြာအောင် ငါစုဆောင်းရလိမ့်မယ်… အဆင့်တစ်ဆင့်တိုင်းအတွက် ပမာဏများပြားတဲ့ လိုအင်ဆန္ဒစွမ်းအားကို ငါလိုအပ်တယ်… တကယ်လို့ နောက်ထပ် လိုအင်ဆန္ဒနှစ်မျိုးကိုသာ ငါထိန်းချုပ်နိုင်သွားမယ်ဆိုရင် တတိယအဆင့်ကို ချိုးဖြတ်နိုင်လိမ့်မယ် ”
စက်ကရာက သူ့အောက်မှ မြေပြင်ကို ကြည့်လိုက်သည်။ သူက ဦးနှောက်ကို အလုပ်ပေးလိုက်ပြီး တွေးတောစဉ်းစားလိုက်သည်။
“ ဒါပေမဲ့ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေက တစ်ခါဖွင့်ရင် ငါးနှစ်ပဲ ကြာတယ်… အခု လေးနှစ်ကျော်ကုန်ဆုံးသွားပြီ… ငါးနှစ်ပြည့်ဖို့ သိပ်မလိုတော့ဘူး… နောက်ထပ် ဆက်ကျင့်ကြံနေဖို့ အဆင်မပြေဘူး… အရင်ဆုံး ပထမအဆင့် ပြိုင်ဘက်ကင်းဧကရာဇ်ချီနဲ့ နေသားကျအောင် ငါလုပ်ရမယ် ”
“ ပြိုင်ဘက်ကင်းဧကရာဇ်ချီကို ငါ့ရဲ့ ကိုယ်ပိုင်တိုက်ခိုက်ရေးစွမ်းအားထဲ ပေါင်းထည့်ရမယ်… အဲ့ဒါကို ငါသေချာကျွမ်းကျင်သွားတော့မှ ပထမအဆင့်ရဲ့ အထွတ်အထိပ်ကို တတ်လှမ်းပြီး ဒုတိယအဆင့်ကို ချိုးဖြတ်ရမယ်… အဲ့ဒါမှ ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်က ခိုင်မာမှာ ”
အလင်းရောင်က သူ၏ မျက်လုံးထဲမှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။ ပြိုင်ဘက်ကင်းဧကရာဇ်ကျမ်းစာကို သူမကျင့်ကြံမီ သူ၏ ခန္ဓာကိုယ်ထဲမှ ကြာပန်းနက်က လိုအင်ဆန္ဒစွမ်းအားအမြောက်အမြားကို စုဆောင်းထားခဲ့သည်။ အတိတ်တွင် ကြာပန်းနက်ထဲသို့ ဝင်ရောက်သွားခဲ့သော လိုအင်ဆန္ဒစွမ်းအားကို သူမထိန်းချုပ်နိုင်ခဲ့ပေ။ ထို့ကြောင့် လိုအင်ဆန္ဒစွမ်းအား အများကြီးကို စုဆောင်းထားလေ သူပိုပြီးသန်မာလေ ဖြစ်သည်။
ထို့ပြင် သူက လောကဖန်ဆင်းမှုစေတီထဲမှာ အနှစ်လေးဆယ်ကြာအောင် လိုအင်ဆန္ဒစွမ်းအားကို စုဆောင်းထားခဲ့သည်။ သို့ဖြစ်၍ ယခု သူ၏ ခန္ဓာကိုယ်ထဲမှာ ပမာဏများပြားသော စွမ်းအား ကိန်းအောင်းနေသည်။
အကယ်၍ သူသာ ဆန္ဒရှိမည်ဆိုလျှင် ပမာဏများပြားသော လိုအင်ဆန္ဒစွမ်းအားကို အသုံးပြု၍ ဒုတိယအဆင့် သို့မဟုတ် တတိယအဆင့်ထိပင် ချိုးဖြတ်နိုင်သည်။ သို့သော်လည်း သေချာဂရုတစိုက် စဉ်းစားပြီးနောက် သူက ထိုသို့မလုပ်ဆောင်ခဲ့ပေ။ မည်သို့ဖြစ်ပါစေ သူက ရှေးဟောင်းမိစ္ဆာကျင့်စဉ်အများအပြားကို ဖတ်ရှုထားသူဖြစ်သည်။
ထို့ကြောင့် ကျင့်ကြံခြင်းအခြေခံအုတ်မြစ် ခိုင်မာခြင်းက မည်မျှအရေးကြီးကြောင်း သူသိသည်။ ကျင့်ကြံခြင်းသည် တဇွတ်ထိုး လုပ်ဆောင်နိုင်သောအရာ မဟုတ်ပေ။ အခြေခံအုတ်မြစ်ခိုင်မြဲမှသာ နောက်ထပ် အဆင့်များကို တတ်လှမ်းနိုင်လိမ့်မည်။
ထို့ကြောင့် သူက သေချာစဉ်းစားပြီးနောက် နောက်ထပ် အဆင့်မတတ်တော့ရန် ဆုံးဖြတ်လိုက်သည်။ ယင်းအစား သူက ပထမအဆင့်ကို အုတ်မြစ်ခိုင်မာရန် ပြုလုပ်ပြီး သူ၏ တိုက်ခိုက်စွမ်းရည်ကို အသစ်တိုးပွားလာသော စွမ်းအားနှင့် နေသားကျစေမည်။ သူက အချိန်ကာလတစ်ခုအထိ ကျင့်ကြံခြင်းအခြေခံအုတ်မြစ် တည်ငြိမ်အောင် ပြုလုပ်လိမ့်မည်။
လောကဖန်ဆင်းမှုစေတီဖြင့်ဆိုလျှင် သူ့မှာ အချိန်အလုံလောက်မရှိမည်ကို စိုးရိမ်ရန် မလိုပေ။
“ ကောင်းပြီ… အခုချိန်မှာ ငါ့အတွက် အရေးကြီးဆုံးက ပထမအဆင့်ကို ချိုးဖြတ်ပြီးနောက် အသစ်တိုးပွားလာတဲ့ စွမ်းအားကို ပြန်ငြိမ်သက်အောင် ပြုလုပ်ဖို့ပဲ… တခြားကိစ္စတွေကို လောလောဆယ် ခေါင်းထဲကနေ ထုတ်ထားမယ် ”
မိုးမြေတုန်ဟီးပြိုင်ဘက်ကင်းဧကရာဇ်ကျမ်းစာကို အောင်မြင်စွာ ကျင့်ကြံနိုင်သွားပြီးနောက် သီရှီထျန်က စိတ်လက်ပေါ့ပါးသွားသည်။ နောက်ဆုံးမှာတော့ သူ့ပခုံးပေါ်မှ အလေးတုံးတစ်တုံးက ပျောက်ကွယ်သွားသည်။ သူစိတ်ဆုံးဖြတ်လိုက်သည့်အခါ နောက်တွန့်မနေတော့ပေ။ သူက စိတ်ဓာတ်ပြတ်သားသူ ဖြစ်သည်။ စိတ်ဆုံးဖြတ်ပြီးသားကိစ္စကို လွယ်လွယ်နှင့် ပြန်မပြင်ပေ။