← Chapters

အခန်း ၄၂၀

Vol. 28 Ch. 420

အခန်း ၄၂၀

Vol. 28 Ch. 420

အခန်း(၄၂၀)

“ ဝုန်း ”

ထိုအခိုက်အတန့်မှာ လျှို့ဝှက်နယ်မြေ၏ ဟင်းဟင်းပြင်ပေါ်တွင် ကျယ်လောင်သော မြည်သံ ထွက်ပေါ်လာသည်။

မီးခိုးလှိုင်းကျွန်းစုပေါ်သို့ ပြန်သွားခြင်း… ။

မရေမတွက်နိုင်သော လျှပ်စီးတန်းများက မိုးရေစက်များသဖွယ် ကျဆင်းလာသည်။ လျှပ်စီးတန်းတစ်ခု မပျောက်ကွယ်သွားမီ နောက်ထပ်လျှပ်စီးတန်းဒါဇင်ခန့် ထွက်ပေါ်လာသည်။ မိုးခြိမ်းသံများက တစ်သံနှင့်တစ်သံ ချိတ်ဆက်သွားပြီး အဆက်မပြတ် ပဲ့တင်ထပ်သွားသည်။ ကောင်းကင်ယံ၌ လျှပ်စီးက ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားသည်။ လျှပ်စီးတန်းများက အဆုံးမဲ့စွာ ကျဆင်းလာနေလေရာ ထိုမြင်ကွင်းက အလွန်ချောက်ချားဖွယ်ကောင်း၏။ အကယ်၍ ဤနေရာမှာ ရှိနေသည်က သေမျိုးများသာဆိုလျှင် သူတို့က မြေကြီးပေါ်မှာ ချက်ချင်း ဒူးထောက်၍ ကောင်းကင်ကို အရိုအသေပေးကြလိမ့်မည်။

“ ဂျိန်း… ဂျိန်း… ဂျလိန်း… ”

ကောင်းကင်ယံ၌ မိုးခြိမ်းသံများ အဆက်မပြတ် မြည်ဟိန်းနေသည်။ ထို့နောက် အရွယ်အစားကြီးမားသော လေဟာနယ်ဝဲကတော့တစ်ခုက ဟင်းလင်းပြင်ပေါ်မှာ တဖန် ထွက်ပေါ်လာသည်။ ယင်းက ဟင်းလင်းပြင်ထဲမှ မရေမတွက်နိုင်သော လျှပ်စီးတန်းများကို ဝါးမျိုလိုက်သည်။ ဝဲကတော့က ပြိုင်ဘက်ကင်းသော ကောင်းကင်ဘုံအင်အားကို ထုတ်လွှတ်နေသည်။ ယင်းက ဖော်မပြနိုင်အောင် အလွန်ကျယ်ပြောပြီး အံ့ဖွယ်ကောင်းသည်။

“ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေက ငါးနှစ်ပဲ ဖွင့်လှစ်တယ်… အခု ငါးနှစ်ပြည့်သွားပြီဆိုတော့ အပြင်လောကဆီ ပြန်သွားဖို့ အချိန်ကျပြီ ”

ငွေဆံရှည်က သူ၏ ဦးခေါင်းထက်မှ လေဟာနယ်ဝဲကတော့ကို ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ ကြောက်ရွံ့သောအမူအရာ စိုးစဉ်းမျှ မရှိပေ။ သူက လေးနက်စွာ ပြောသည်။

“ ငါးနှစ်ပဲ ကြာသွားတယ်ဆိုပေမဲ့ ဘာကြောင့်မှန်းမသိဘူး ငါ့စိတ်တွေ လေးလံနေတယ်… ကြည့်ရတာ ဆိုးဝါးတဲ့ ကိစ္စတစ်ခုခု ဖြစ်လာတော့မယ့်ပုံပဲ ”

သူ၏ မျက်လုံးထဲမှာ စိုးရိမ်ပူပန်သော အကြည့်ရှိသည်။

“ ငွေဆံရှည်… မင်းလည်းပဲ အဲ့ဒါကို ခံစားမိတယ်လား ”

ယင်းကို ကြားသောအခါ သွေးနဂါးဘုရင်က မျက်ခုံးပင့်တင်လိုက်သည်။ သူက အံ့ဩစွာ ပြောသည်။

“ ဒီကိုရောက်လာတဲ့ ပထမနှစ်ကတည်းက ဆိုးဝါးတဲ့ ခံစားမှုကို ငါရနေခဲ့တာ… စိတ်သက်တောင့်သက်သာမရှိမှုကို ငါခံစားရတယ်… ကပ်ဘေးတစ်ခု မကြာခင် ကျရောက်လာတော့မယ့်အတိုင်းပဲ… အဲ့ဒီအချိန်တုန်းက ငါက အဲ့ဒါကို ပုံရိပ်ယောင်တစ်ခုလို့ပဲ သဘောထားခဲ့တယ်… အများကြီး အလေးအနက်မထားခဲ့ဘူး… မင်းလည်းပဲ အဲ့ဒါကို သတိထားမိလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး ”

ထိုအခိုက်အတန့်မှာ သွေးနဂါးဘုရင်က ရိုင်းစိုင်းကြမ်းကြုတ်သော အရှိန်အဝါကို သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်ရုပ်သိမ်းလိုက်သည်။ သူ၏ မျက်နှာက ရှားရှားပါးပါး တည်ကြည်လေးနက်နေသည်။

မဟာမိစ္ဆာဘုရင်ဖြစ်လာသည့် ပုဂ္ဂိုလ်များက မည်သို့သာမန်ဖြစ်နိုင်မည်နည်း။ သူတို့တစ်ယောက်စီက အများထက် သာလွန်ထူးခြားသူများ ဖြစ်ကြသည်။ အကယ်၍ တစ်ယောက်တည်းက ယင်းကို ခံစားမိသည်ဆိုလျှင် ယင်းက ပြဿနာကြီး မဟုတ်နိုင်ပေ။ သို့သော်လည်း ယခု သူတို့အားလုံးက စိတ်မသက်မသာဖြစ်မှုကို ခံစားမိကြသည်။ ဤသည်မှာ အလွန်ဆိုးဝါးသော ပြဿနာကြီးတစ်ခု ဖြစ်ပေါ်လာတော့မည့်ဟန် ရသည်။ ယင်းက သူတို့မမျှော်လင့်ထားသောအရာ ဖြစ်လိမ့်မည်။

“ ဟုတ်တယ်… ငါရောပဲ ခံစားမိတယ် ”

အမြဲတမ်းလိုလို နှုတ်ဆိတ်နေသော ပိုင်ဇီယန်သည်ပင် ဝင်ပြောသည်။

“ ဖြစ်နိုင်တာက ခရမ်းရွှေကုန်းမြေမှာ ကိစ္စကြီးတစ်စုံတစ်ရာ ဖြစ်ပေါ်လာတော့မှာလား ”

ငွေဆံရှည်သည် ဟင်းလင်းပြင်ကို လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည်။ သူ၏ မျက်ခုံးနှစ်ခုကြားနေရာမှာ စိုးရိမ်ပူပန်သော အရိပ်အယောင် ရှိ၏။

“ ဖြစ်နိုင်တယ် ”

ရွှေတောင်ပံလင်းနို့ဘုရင်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

“ ရွှတ်… ရွှတ်… ”

သူတို့စကားပြောနေသော်လည်း ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေ၏ ထွက်ပေါက်ဖွင့်လှစ်မှုက ရပ်တန့်မနေပေ။ ဝဲကတော့က အဆက်မပြတ် လှည့်ပတ်နေသည်။ မျက်စိတစ်မှိတ်အတွင်းမှာ အလွန်အားကောင်းသော ဆွဲငင်အားက ဝဲကတော့ထံမှ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ ကောင်းကင်ဘုံအလင်းထောင့်တိုင်များက မိုးကောင်းကင်ပေါ်မှ ကျဆင်းလာကြပြီး ကောင်းကင်နှင့် မြေကြီးကို ချိတ်ဆက်ပေးလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာ လီလီကျွန်းစုတစ်ခုလုံးကို အလင်းထောင့်တိုင်များက ဖုံးအုပ်သွားသည်။ မသေမျိုးကျင့်ကြံသူများသော်လည်းကောင်း မိစ္ဆာများသော်လည်းကောင်း သူတို့အားလုံးက အလင်းထောင့်တိုင်များဖြင့် ဖုံးလွှမ်းခံလိုက်ကြရသည်။ မည်သည့်မျိုးနွယ်စုဖြစ်နေပါစေ လီလီကျွန်းစုပေါ်မှာ သူတို့ရှိနေသရွေ့ အလင်းထောင့်တိုင်များ၏ ဖုံးလွှမ်းမှုအောက်မှ မလွတ်မြောက်နိုင်ပေ။ မကြာမီ အလင်းထောင့်တိုင်းများထဲ၌ အလွန်အားကောင်းသော စုပ်ယူအား ထွက်ပေါ်လာသည်။

ကျင့်ကြံခြင်းစွမ်းအား ချိပ်ပိတ်ခံထားရသော မိစ္ဆာများနှင့် မသေမျိုးကျင့်ကြံသူများသည် ထိုစုပ်ယူအားကို မခုခံနိုင်ကြချေ။ သူတို့အားလုံးက အလင်းထောင့်တိုင်များမှတဆင့် လေဟာနယ်ဝဲကတော့ထဲသို့ စုပ်ယူခံလိုက်ကြရသည်။

မီးခိုးလှိုင်းကျွန်းစုပေါ်မှာ သူတို့ဝင်ရောက်လာခဲ့သည့်ပုံစံအတိုင်း ဤအခိုက်အတန့်မှာ သူတို့အားလုံးက ချက်ချင်း ပျောက်ကွယ်သွားကြသည်။ ငွေဆံရှည်နှင့် တခြားမိစ္ဆာဘုရင်များသည် မည်သည့်ခုခံမှုကိုမှ မပြုလုပ်ကြချေ။ အလင်းထောင့်တိုင်များ၏ ဆွဲငင်မှုအောက်မှာ သူတို့အားလုံးက လေဟာနယ်ဝဲကတော့ထဲသို့ ဝင်ရောက်သွားကြသည်။

“ နောက်ဆုံးတော့ အချိန်ကျပြီ ”

လျှို့ဝှက်နယ်မြေထဲမှ အပြောင်းအလဲသည် သီရှီထျန်၏ မျက်စိအောက်မှ မပုန်းကွယ်နိုင်ပေ။ အိမ်ထဲ၌ တင်ပျဉ်ခွေလျက် တရားထိုင်နေသော သီရှီထျန်က ရုတ်တရက် မျက်လုံးပြန်ဖွင့်လိုက်သည်။ ထို့နောက် သူက မတ်တတ်ထရပ်လိုက်သည်။ အလွန်စူးရှပြီး လွှမ်းမိုးဗိုလ်ကျသော နတ်ဘုရားအလင်းတန်းက သူ၏ မျက်လုံးများထဲမှ ထွက်ပေါ်လာသည်။

သူက ဟင်းလင်းပြင်ကို ကြည့်လိုက်လေသည်။ ဤသည်မှာ သူ့အကြည့်က စေတီ၏ အကာအကွယ်ကို ထိုးဖောက်သွားပြီး အပြင်ဘက်မှ မြင်ကွင်းဆီသို့ ကျရောက်သွားသည့်အလားပင်။

သီရှီထျန်သည် ကောင်းကင်မိစ္ဆာအရှင်ခရမ်းလထံမှ အမွေအနှစ်ကို ဆက်ခံပြီးနောက် လောကဖန်ဆင်းမှုစေတီနှင့် သူ့ကြားမှာ အံ့ဖွယ်ကောင်းသော ဆက်သွယ်မှုတစ်ခုရှိသွားသည်ဟု ရှင်းလင်းစွာ ခံစားမိသွားသည်။ သူက လောကဖန်ဆင်းမှုစေတီကို အလွယ်တကူ ထိန်းချုပ်နိုင်သည်။ သူက စေတီကို သူ၏ ခန္ဓာကိုယ်ထဲမှာလည်း သိမ်းဆည်ထားနိုင်သည်။

သို့သော်လည်း ထူးဆန်းသည်မှာ လောကဖန်ဆင်းမှုစေတီကို သူစုပ်ယူနိုင်ပြီး စေတီ၏ စွမ်းရည်အားလုံးကို အသုံးပြုနိုင်သော်လည်း လောကဖန်ဆင်းမှုစေတီက သူ့အတွက် အကာအကွယ်အလွှာတစ်ခုကို ချန်ထားသေးကြောင်း သူခံစားမိသည်။ ယင်းကို နတ်ဆိုးကုချင်းနှင့် ကျားဝိညာဉ်ဓားမော့ကဲ့သို့ သူ၏ အသွေးအသားနှင့် တိုက်ရိုက် မပေါင်းစပ်နိုင်ပေ။

သို့သော်လည်း သူသေချာစဉ်းစားလိုက်သည့်အခါ ယင်းက ယုတ္တိရှိကြောင်း နားလည်သွားသည်။ မည်သို့ဖြစ်ပါစေ သူက လောကဖန်ဆင်းမှုစေတီ၏ ပထမအလွှာကိုသာ အသုံးပြုနိုင်သေး၏။ သူက စေတီကို အပြည့်အဝ မထိန်းချုပ်နိုင်သေးပေ။

“ ထားလိုက်ပါ… တစ်နေ့နေ့ကျရင် လောကဖန်ဆင်းမှုစေတီက ငါ့ရဲ့ ထိန်းချုပ်မှုအောက်ကို လုံးလုံးလျားလျား ရောက်လာပါလိမ့်မယ်… အခု ပြိုင်ဘက်ကင်းဧကရာဇ်ချီကို အပြည့်အဝ ငါတတ်ကျွမ်းသွားပြီ… ဓမ္မရတနာအဖြစ် ဆင့်ကဲပြောင်းလဲသွားတဲ့ ဒုစရိုက်ခုနစ်ပါးနတ်ဆိုးကုချင်းနဲ့လည်း ရင်းနှီးကျွမ်းဝင်သွားပြီ… ဓားမော့ပညာရပ်ကိုလည်း ငါလျစ်လျူမရှုခဲ့ဘူး… ဒါ့အပြင် ငါ့ကိုယ်ငါ ကာကွယ်ပေးနိုင်မယ့် ရတနာတချို့ကို ငါပိုင်ဆိုင်သွားပြီ… လျှို့ဝှက်နယ်မြေထဲကနေ ငါထွက်သွားတဲ့အခါ ပင်လယ်ထဲ ငါးလွှတ်လိုက်သလို ဘယ်သူ ငါ့ကို တားဆီးနိုင်မှာလဲ ”

သီရှီထျန်က စကားတစ်လုံးချင်းစီကို စိတ်ဓာတ်ပြတ်သားစွာ ပြောသည်။ သူ၏ လေသံအရ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိကြောင်း ထင်ရှားသည်။ ကောင်းကင်မိစ္ဆာအရှင်ခရမ်းလ၏ ရတနာများကို ပိုင်ဆိုင်သွားပြီးနောက် သူ၏ အင်အားက သိသိသာသာ တိုးတတ်သွားသည်။ တောင်ပိုင်းမြေရိုင်းဒေသဆီသို့ သူပြန်ရောက်သည့်အခါ သူ့ကိုယ်ပိုင်အင်အားစုက တစ်ဟုန်ထိုး အင်အားကြီးမားသွားလိမ့်မည်။

သူက အတွေးတစ်ခက်နှင့်အတူ လောကဖန်ဆင်းမှုစေတီ၏ အပြင်ဘက်မှာ ပြန်ပေါ်လာသည်။ သီရှီထျန်က စေတီကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ ညာလက်ကို ဆန့်ထုတ်လိုက်သည်။ မူလက အရွယ်အစားအလွန်ကြီးမားသော စေတီက ရုတ်တရက် အပြင်းအထန် တုန်ယင်သွားသည်။ ခရမ်းရောင်နတ်ဘုရားအလင်းက စေတီ၏ မျက်နှာပြင်ပေါ်မှာ ထွက်ပေါ်လာသည်။ နောက်အခိုက်အတန့်မှာ စေတီက အလျှင်အမြန် ကျုံ့သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ စေတီက လက်ဖဝါးအရွယ်ခန့် သေးငယ်သွားသည်။ ထို့နောက် စေတီက သူ၏ လက်ဖဝါးထံ ကျဆင်းလာသည်။

သီရှီထျန်က စေတီကို ကိုင်ထားရင်း ဟင်းလင်းပြင်ကို ကြည့်လိုက်သည်။

ဟင်းလင်းပြင်ပေါ်မှာ ဧရာဝဲကတော့တစ်ခုရှိကြောင်း သူမြင်သည်။ ထို့ပြင် မရေမတွက်နိုင်သော ကောင်းကင်ဘုံအလင်းထောင့်တိုင်များက မိုးကောင်းကင်ပေါ်မှ ကျဆင်းလာနေကြောင်း ရှင်းလင်းစွာ သူမြင်သည်။ မိစ္ဆာများဖြစ်စေ ကျင့်ကြံသူများဖြစ်စေ သူတို့အားလုံးက ကောင်းကင်ဘုံအလင်းထောင့်တိုင်များမှတဆင့် လေဟာနယ်ဝဲကတော့ထဲသို့ ဝင်ရောက်သွားကြသည်။ နောက်ခိုက်အတန့်မှာ သူတို့က လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားကြသည်။

သီရှီထျန်သည် လျှို့ဝှက်နယ်မြေနှင့် ဆက်သွယ်မှုတစ်ခု တည်ဆောက်ထားပြီးပြီ ဖြစ်၏။ သို့ဖြစ်၍ ထိုလေဟာနယ်ဝဲကတော့က ခရမ်းရွှေကုန်းမြေထံ ဦးတည်နေကြောင်း ရှင်းလင်းစွာ သူအာရုံခံနိုင်သည်။

သို့သော်လည်း လေဟာနယ်ဝဲကတော့က နေရာနှစ်နေရာကို ခွဲပို့နေသည်။ တစ်နေရာက မြောက်ပိုင်းအမှောင်ကျွန်းစုဖြစ်ပြီး အခြားတစ်နေရာက မီးခိုးလှိုင်းကျွန်းစု ဖြစ်သည်။ ရှင်းလင်းစွာပင် မိစ္ဆာများနှင့် မသေမျိုးကျင့်ကြံသူများက တစ်နေရာတည်းမှာ အတူတူ မထွက်ပေါ်လာကြချေ။

လေဟာနယ်ဝဲကတော့၏ စုပ်ယူမှုအမြန်နှုန်းက အလွန်အံ့ဖွယ်ကောင်းသည်။ စက္ကန့်ပိုင်းလေးအတွင်းမှာ ကျွန်းစုပေါ်မှ သက်ရှိအများအပြားက စုပ်ယူခံလိုက်ကြရသည်။ ယခု ကျွန်းစုပေါ်မှာ အများကြီး မကျန်ရှိတော့ပေ။

ထိုမြင်ကွင်းကို မြင်သောအခါ သီရှီထျန်က ခေါင်းညိတ်လိုက်သည်။ သူက လေးနက်စွာ ပြောသည်။

“ အခုချိန်က ကောင်းကင်မိစ္ဆာအရှင်ခရမ်းလ ပြောထားတဲ့ နည်းလမ်းအတိုင်း ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေကို လောကဖန်ဆင်းမှုစေတီထဲ ထည့်သွင်းရမယ့်အချိန်ပဲ ”

သူက တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်သည်။ သူက ဘယ်လက်ကို လှုပ်ယမ်းလိုက်သည်။ ထိုအခါ စေတီက လေထဲသို့ မြှောက်တတ်သွားသည်။ တစ်ချိန်တည်းမှာ သူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ လောကဖန်ဆင်းမှုစေတီ… မြစ်အားလုံးနဲ့ လောကလျှို့ဝှက်နယ်မြေတွေ ငါ့ရဲ့ စေတီထဲ ဝင်ရောက်စေ… ”

သူက လက်နှစ်ဖက်ကို လှုပ်ရှားလိုက်ပြီး ချိပ်တံဆိပ်လက်ဟန်များကို ဆက်တိုက် ဖွဲ့စည်းလိုက်သည်။ ချိပ်တံဆိပ်သင်္ကေတများက လေထဲသို့ ပျံသန်းသွားပြီး စေတီနှင့် ထိတွေ့သွားသည်။

“ ဘန်း ”

စေတီက ပြင်းထန်စွာ တုန်ယင်သွားပြီး ကျယ်လောင်သော မြည်သံကို ထုတ်လွှတ်လိုက်သည်။ နောက်ခိုက်အတန့်မှာ ခရမ်းရောင်နတ်ဘုရားအလင်းက စေတီထံမှ ဒီရေသဖွယ် ပေါ်လျှိုးလာသည်။ နတ်ဘုရားအလင်းအောက်မှာ လျှို့ဝှက်ဆန်းကြယ်သော မှော်အဆောင်များက ဟင်းလင်းပြင်ထဲမှာ ထူးဆန်းစွာ ထွက်ပေါ်လာသည်။ မှော်အဆောင်များက လျှို့ဝှက်နယ်မြေ၏ အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့နှံ့သွားပြီး တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားသည်။ တစ်ချိန်တည်းမှာ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေက ပြင်းထန်စွာ တုန်ယင်သွားသည်။

လေဟာနယ်တစ်ခုလုံးက ဖရိုဖရဲ ဖြစ်သွားသည်။

မိုးမြေက တုန်လှုပ်သွားသည်။

“ ဟား ဟား ဟား… ငါစောင့်မျှော်နေတဲ့ နေ့က နောက်ဆုံးတော့ ရောက်လာပြီ… ကောင်းကင်ပိုးကောင်မိစ္ဆာဘိုးဘေး… ငါတို့တွေ အပြင်လောကက နေရောင်ကို နောက်တစ်ကြိမ် ပြန်မြင်နိုင်တော့မယ်… အရူးမ ခရမ်းလက ငါတို့ကို လိမ်မပြောခဲ့ဘူး… အမွေဆက်ခံသူက တကယ်ကြီး ထွက်ပေါ်လာတယ်… ကောင်လေး… ဒီလျှို့ဝှက်နယ်မြေကို မြန်မြန် သိမ်းလိုက်စမ်းပါ… ဒီမှာ တစ်ရက်လေးတောင် ငါဆက်မနေချင်တော့ဘူး ”

လျှို့ဝှက်နယ်မြေ၏ အနက်ပိုင်းထဲတွင် အသံတစ်သံ ထွက်ပေါ်လာသည်။

“ ဟွမ်ချွမ်းမိစ္ဆာဘိုးဘေး… လွတ်လပ်မှုအနံ့ကို ငါခံစားမိတယ်… ဒီနေ့အတွက် နှစ်ပေါင်းဘယ်လောက်ကြာအောင် ငါတို့စောင့်ဆိုင်းခဲ့ရလဲ… နောက်ဆုံးတော့ ငါတို့စောင့်မျှော်နေတဲ့နေ့ ရောက်လာပြီ… ငါတို့ရဲ့ ကိုယ်တွင်းကမ္ဘာက ပြိုကွဲပျက်စီးခါနီးနေပြီး ငါတို့ကိုယ်ထဲက ဝိညာဉ်ချီက ခမ်းခြောက်ခါနီးနေပြီ… ဒါပေမဲ့ ဒီအကျဉ်းထောင်ကနေ ငါတို့လွတ်မြောက်သွားမယ်ဆိုရင် အနှစ်တစ်ထောင်အတွင်းမှာ ငါတို့ရဲ့ စွမ်းအားကို ပြန်ရရှိနိုင်လိမ့်မယ် ”

ကောင်းကင်မိစ္ဆာဘိုးဘေးက စိတ်လှုပ်ရှားစွာ ပြောသည်။

သူတို့ကို ဖိနှိပ်ထားသော ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေက အပြင်းအထန် လှုပ်ခါနေကြောင်း ရှင်းလင်းစွာ သူတို့အာရုံခံမိကြသည်။ လျှို့ဝှက်နယ်မြေက မတည်မငြိမ်ဖြစ်လာသည်။ ယခင်က သူတို့ကို အလုံပိတ်ထားခဲ့သော နေရာထဲသို့ ဝိညာဉ်ချီတစ်စွန်းတစ်စ ဝင်ရောက်လာနေကြောင်း ခံစားမိသွားကြသည်။

All Chapters