← Chapters

အခန်း ၃၁၃

Vol. 32 Ch. 313

အခန်း ၃၁၃

Vol. 32 Ch. 313

အခန်း (၃၁၃) ဩဇာကြီးမားသော မိခင်၊ သားကိုကာကွယ်ပေးသော ရူးသွပ်သူ

တပ်မှူး ဟာလေ က ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်၏။

"ဒီလိုဆိုမှတော့ မူလအစီအစဉ်အတိုင်း ဆက်လုပ်ကြတာပေါ့..."

ဧကရာဇ်အဆင့် ကျွမ်းကျင်သူ စစ်ကူဆယ်ဦးက စစ်မြေပြင်ဆီသို့ ရောက်လုနီးပါး ဖြစ်နေပြီဖြစ်ပြီး နောက်ထပ် မဟာဧကရာဇ်အဆင့် ကျွမ်းကျင်သူ တစ်ဦးကလည်း လာနေပြီ ဖြစ်လေသည်။

ဤတစ်ကြိမ်တွင် အဇူရာနန်းတော်သခင်နှင့် စစ်ဘက်ဆိုင်ရာဌာန၏ စစ်သေနာပတိတို့ သေချာပေါက် သေဆုံးရမည် ဖြစ်ပေ၏။

၎င်းတို့ သေဆုံးသွားသည်နှင့် တစ်ပြိုင်နက် တိုက်ပွဲက အောင်ပွဲခံနိုင်ပြီ ဖြစ်သည်။

‘စစ်သား သောင်းနဲ့ချီရဲ့ အသက်တွေ ရင်းပြီး ဒီလိုရလဒ်မျိုး ရလာတာ တန်တယ်လို့ ငါ ထင်တယ်...

ဒါမှန်တယ်...ဒီတစ်ကြိမ်မှာ နိုင်ငံဆယ်ခု မဟာမိတ်တပ်ထဲက နိုင်ငံတစ်နိုင်ငံစီက တပ်ဖွဲ့ဝင် ငါးသောင်းစီ ထည့်ဝင်ထားကြတာလေ…’ဟု တပ်မှူး ဟာလေ ကတွေးလိုက်၏။

၎င်းတို့၏ အမြင်တွင် လူငါးသောင်း၏ အသက်ကို ချန်ဖုန်းနှင့် ရှန်ကွမ်ယွဲ့တို့၏ အသက်များနှင့် လဲလှယ်ရခြင်းက တန်ဖိုးရှိသော အလဲအလှယ်တစ်ခု ဖြစ်နေဆဲပင် ဖြစ်လေ၏။

ဆီရိုနိုင်ငံ၏ တပ်မှူးက ခဏတာ တွန့်ဆုတ်နေပြီးနောက် မေးမြန်းလိုက်ပေသည်။

"ဟွာရှနိုင်ငံကို အနိုင်ယူပြီးသွားရင် ငါတို့ အန္တရာယ်ကင်းကင်း ထွက်သွားနိုင်ပါ့မလား..."

"အားလုံးပဲ စိတ်မပူကြပါနဲ့... ပေ့ကုန်းထန်ယွမ် က ချွင်းချက်တစ်ခုပါ... ငါက တခြားရွေးချယ်စရာ မရှိတော့လို့ သူ့ကို အရေးယူခဲ့ရတာပါ... မင်းတို့ကတော့ ကွာခြားပါတယ်..."

"မင်းတို့ အန္တရာယ်ကင်းကင်း ထွက်သွားနိုင်တာ သေချာတာပေါ့..."

တပ်မှူး ဟာလေ က ဖျော့တော့စွာ ပြုံးလျက် ပြောလိုက်၏။

တကယ်တမ်းတွင် သူသည် ပေ့ကုန်းထန်ယွမ်အား သတ်ဖြတ်ရန်အတွက် ကိုယ်ပိုင် အကြောင်းပြချက်များ ရှိနေခဲ့ခြင်း ဖြစ်ပေသည်။

တစ်ချိန်တုန်းက ပေ့ကုန်းထန်ယွမ်သည် ဝမ်လျန် အပါအဝင် ဧကရာဇ်အဆင့် ကျွမ်းကျင်သူ အများအပြားနှင့် ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ ဒါဇင်ကျော်တို့ကို ဟွာရှနိုင်ငံတွင်းသို့ စိမ့်ဝင်ကာ ဟွာရှနိုင်ငံ၏ စစ်ဘုရင်အား လုပ်ကြံသတ်ဖြတ်ရန် စီစဉ်ခဲ့လေ၏။

သူကိုယ်တိုင်လည်း ဤကိစ္စတွင် ပါဝင်ပတ်သက်နေခဲ့ပြီး ထိုအားကောင်းသော ပုဂ္ဂိုလ်များထဲတွင် မဟာလင်းယုန်နိုင်ငံမှ အချို့လည်း ပါဝင်နေခဲ့ပေသည်။

ယခုအခါ ပေ့ကုန်းထန်ယွမ် သေဆုံးသွားခဲ့လေပြီ။

ထိုအချိန်က ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို သိရှိသူ အလွန်နည်းပါးသွားပြီဖြစ်ရာ လက်တုံ့ပြန်ခံရမည်ကို စိုးရိမ်ပူပန်နေရန် မလိုအပ်တော့ချေ။

"ဒီလိုဆိုမှတော့ အစီအစဉ်အတိုင်း ဆက်လုပ်ကြတာပေါ့..."

ဆီရိုနိုင်ငံ၏ တပ်မှူးမှာ နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချလိုက်နိုင်တော့၏။

......

တစ်ချိန်တည်းမှာပင်။

စစ်မြေပြင်နှင့် ကီလိုမီတာ သုံးဆယ် အကွာအဝေး၌ သစ်တောတစ်ခု ရှိနေပေသည်။

နိုင်ငံဆယ်ခု မဟာမိတ်တပ်မှ စစ်ကူများသည် ဤနေရာကို ဖြတ်သန်းသွားရမည် ဖြစ်လေ၏။

ဤအချိန်၌ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် လမ်းဘေးရှိ ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်နေခဲ့သည်။

ထိုအမျိုးသမီးမှာ အသက်လေးဆယ်ခန့် ရှိပုံရပြီး သူမ၏ အသားအရေကို အလွန်ကောင်းမွန်စွာ ထိန်းသိမ်းထားကာ အလွန် ကျက်သရေရှိလှပေ၏။

သို့သော် ယခုအချိန်၌ သူမ၏ လက်ထဲတွင် သွေးများ ပေကျံနေသော ဓားမြှောင်တစ်လက်ကို ကိုင်ဆောင်ထားလေသည်။

မြေပြင်ပေါ်တွင် အလောင်းများ ပြန့်ကျဲနေပြီး အလောင်းဆယ်လောင်းခန့် ရှိနေပေ၏။

အသေအချာ ကြည့်ရှုလိုက်ပါက ဤသေဆုံးသူများသည် နိုင်ငံဆယ်ခု မဟာမိတ်တပ်မှ စစ်မြေပြင်သို့ စေလွှတ်လိုက်သော ဧကရာဇ်အဆင့် ကျွမ်းကျင်သူများ ဖြစ်ကြောင်း ရှင်းလင်းစွာ သိမြင်နိုင်ပေသည်။

ယခုအခါ ဧကရာဇ်အဆင့် ကျွမ်းကျင်သူ ဆယ်ဦးစလုံး သေဆုံးသွားခဲ့ပြီဖြစ်ပြီး တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်လေ၏။

ထိုစဉ် ရုတ်တရတ် အမျိုးသမီးက သူမ၏ ခေါင်းကို မော့ကာ အဝေးသို့ ကြည့်လိုက်ရာ သူမရှိရာဘက်သို့ အမျိုးသားတစ်ဦး ဖြည်းညင်းစွာ လျှောက်လာနေသည်ကို တွေ့လိုက်ရပေသည်။

မြေပြင်ပေါ်ရှိ အလောင်းများနှင့် အမျိုးသမီးကို မြင်လိုက်ရချိန်တွင် ထိုအမျိုးသား၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားခဲ့ပြီး ဝေဝါးသော အန္တရာယ် အငွေ့အသက်တစ်ခုကို ခံစားလိုက်ရလေ၏။

ယခုအခါ သူ၏ စွမ်းအားမှာ မဟာဧကရာဇ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ သူ့ကို ဤသို့သော အန္တရာယ် အငွေ့အသက်မျိုး ပေးစွမ်းနိုင်သူမှာ အလွန် နည်းပါးလှပေသည်။

သို့သော် သူ လုံးဝ ထိတ်လန့်သွားခြင်း မရှိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတစ်ခုစီတွင် မဟာဧကရာဇ်အဆင့် ကျွမ်းကျင်သူများမှာ အလွန် နည်းပါးသောကြောင့်ပင်။

လမ်းပေါ်တွင် ကျပန်းတွေ့ရသော အမျိုးသမီးတစ်ဦး၌ ဤကဲ့သို့သော စွမ်းရည်မျိုး ရှိနေမည်ဟု သူ မယုံကြည်နိုင်ပေ။

"မင်းက ဘယ်သူလဲ..."

အမျိုးသမီးက သူ့ကို မဖြေကြားဘဲ ဖြည်းညင်းစွာ မတ်တတ်ရပ်ကာ ပြန်မေးလိုက်၏။

"နင့်နာမည်က အာနိုး လား..."

"မင်းမှန်တယ်..."

အာနိုးက အေးစက်စွာ ပြောဆိုလိုက်သည်။

"ငါ့နာမည်ကို မင်းသိနေမှတော့ ငါက မဟာဧကရာဇ်အဆင့် ကျွမ်းကျင်သူဆိုတာကိုလည်း မင်းသိသင့်တယ်... ငါ့လမ်းကို ပိတ်ရပ်ဖို့ မင်းမှာ အသက်ဘယ်နှချောင်း ရှိနေလို့လဲ..."

အမျိုးသမီးက ပြုံးရင်း ပြန်ဖြေလိုက်၏။

"ငါ အခုလေးတင် ဘယ်ကပြန်လာလဲဆိုတာ နင်သိလား... ဆာကူရာနိုင်ငံက ပေ့ကုန်းမိသားစု ဆီကနေ ငါ ပြန်လာတာ... ပေ့ကုန်းမိသားစု တစ်ခုလုံးကို ငါ အခုလေးတင် အမြစ်ပြတ် ချေမှုန်းပစ်ခဲ့တာ..."

"ပြီးတော့ မြေပြင်ပေါ်က ဒီဧကရာဇ်အဆင့် အလောင်းဆယ်လောင်းကိုလည်း... ငါ သတ်ခဲ့တာပဲ..."

အာနိုး၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး သူ၏ အာရုံကြောစနစ် တစ်ခုလုံး ချက်ချင်း တင်းမာသွားလေတော့၏။

သူ၏ အငွေ့အသက်များကိုလည်း အပြည့်အဝ ထုတ်လွှတ်လိုက်ပြီး မည်သည့်အချိန်တွင်မဆို အစွမ်းကုန် တိုက်ခိုက်မှုတစ်ခုကို ပြုလုပ်နိုင်ရန် အသင့်ဖြစ်နေပေသည်။

အမျိုးသမီးက သူ့ကို ဂရုမစိုက်စွာဖြင့် တစ်ချက်ကြည့်လိုက်ပြီး ဆက်ပြောလိုက်၏။

"လွန်ခဲ့တဲ့ နှစ်ဆယ့်နှစ်နှစ်က ကိစ္စကို နင် မှတ်မိသေးလား..."

"မင်းက ဘယ်သူလဲ..."

အာနိုး၏ မျက်နှာအမူအရာ ပြင်းထန်စွာ ပြောင်းလဲသွားလေသည်။

အမျိုးသမီးက သက်ပြင်းချလျက် ပြောဆိုလိုက်၏။

"လွန်ခဲ့တဲ့ နှစ်ဆယ့်နှစ်နှစ်က ပေ့ကုန်းမိသားစုဟာ ဝမ်လျန် အပါအဝင် ဧကရာဇ်အဆင့် ကျွမ်းကျင်သူ ငါးယောက်နဲ့ ပင်မနတ်ဘုရား ဒါဇင်ကျော်ကို ဟွာရှနိုင်ငံတွင်းကို စိမ့်ဝင်စေပြီး ငါ့ယောက်ျားကို လုပ်ကြံသတ်ဖြတ်ခိုင်းခဲ့တယ်..."

"အဲဒီအချိန်တုန်းက ငါ့မှာ ကလဲ့စားချေဖို့ အင်အား မရှိခဲ့ဘူး... အခု ကလဲ့စားချေလည်း နောက်မကျသေးပါဘူး... မူလကတော့ ဒီကိစ္စကို ငါ့သားအတွက် ချန်ထားပေးမလို့ စီစဉ်ထားခဲ့တာ... ဒါပေမဲ့ အခု ပြန်စဉ်းစားကြည့်တော့ မချန်ထားတာ ပိုကောင်းမယ်..."

"ပေ့ကုန်းမိသားစုကို အခု အမြစ်ပြတ် ချေမှုန်းပြီးပြီဖြစ်သလို စစ်မြေပြင်ကို စေလွှတ်လိုက်တဲ့ ဧကရာဇ်အဆင့် ကျွမ်းကျင်သူ ဆယ်ယောက်ကိုလည်း ငါ သတ်ပစ်လိုက်ပြီ... နင်နဲ့ ပတ်သက်ပြီးတော့က အာနိုး..."

စကားပြောနေစဉ်မှာပင် သူမ၏ အကြည့်က ရုတ်တရက် ရောက်ရှိလာပြီး မျက်လုံးများထဲတွင် အဆုံးအစမရှိသော သတ်ဖြတ်လိုသည့် အငွေ့အသက်များ တောက်ပနေလေ၏။

"ငါ တကယ်ကို မယုံကြည်နိုင်ဘူး... အဲဒီအချိန်တုန်းက နင်ဟာ ဧကရာဇ်အဆင့် ကျွမ်းကျင်သူ တစ်ယောက်ပဲ ရှိသေးတာ... အခုတော့ မဟာဧကရာဇ်အဆင့် စွမ်းအားရှင်တစ်ယောက် ဖြစ်နေပြီပေါ့...ဒါကြောင့် နင် ဒီမှာပဲ နေခဲ့သင့်တယ်... စစ်မြေပြင်ကိုသွားပြီး ငါ့သားအတွက် ပြဿနာ မရှာနဲ့တော့..."

"မင်း... အိုယန်ဖေး..."

အာနိုး၏ ဆံပင်များပင် ထောင်မတ်သွားခဲ့ပေသည်။

ထိုအချိန်က အိုယန်ဖေးသည် အတော်လေး အားကောင်းခဲ့သည်ဟု ဆိုကြပြီး ယခုအခါ ဤဧကရာဇ်အဆင့် ကျွမ်းကျင်သူ ဆယ်ဦးကို သတ်ဖြတ်နိုင်စွမ်း ရှိနေလေပြီ။ သူမသည် သေချာပေါက် အသုံးမကျသူ တစ်ဦး မဟုတ်ချေ။

သူ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေခဲ့၏။ နှစ်ပေါင်းများစွာကြာအောင် အိုယန်ဖေး၏ သတင်းအစအနမျှ မကြားခဲ့ရဘဲ ယခုမှ အဘယ်ကြောင့် ရုတ်တရက် ပြန်လည်ပေါ်လာရသနည်း။

"မင်းက သူတို့ကို သတ်နိုင်တာနဲ့ပဲ ငါ့ကို သတ်နိုင်မယ်လို့ ထင်နေတာလား..."

အာနိုးက အားကောင်းသော သတ်ဖြတ်လိုသည့် အငွေ့အသက်များကို ထုတ်လွှတ်လိုက်သည်။

ထို့နောက် သူသည် အိုယန်ဖေးဆီသို့ မျက်စိတစ်မှိတ်အတွင်း ပြေးဝင်သွားပြီး တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် သတ်ဖြတ်ရန် ရည်ရွယ်ထားလေ၏။

"ဟက်ဟက်..."

အိုယန်ဖေးက ရုတ်တရက် ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။ သူမသည် ဝေဝါးသော ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားတော့၏။ သူမ ပြန်လည်ပေါ်လာချိန်တွင် အာနိုး၏ အနောက်ဘက် တည့်တည့်၌ ရပ်နေခဲ့ပေသည်။

ထိုအခိုက်အတန့်မှာပင် အာနိုးသည် သူ၏ လည်ပင်းကို ရုတ်တရက် ဆုပ်ကိုင်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားလေ၏။

လွန်ခဲ့သော ခဏလေးကပင် တစ်ဖက်လူက သူ၏ လည်ပင်းကို မည်သို့ ဖြတ်တောက်သွားသည်ကို သူ မမြင်တွေ့လိုက်ရချေ။

"မင်း... မင်း..."

"နင် အခု သေလို့ရပြီ..."

အိုယန်ဖေးက သူ၏ ခန္ဓာကိုယ်ကို ညင်သာစွာ တွန်းလိုက်ရာ ဒိုင်းခနဲ မြည်သံနှင့်အတူ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့၏။

အာနိုးသည် မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးကျယ်လျက် သေဆုံးသွားခဲ့လေသည်။ မဟာဧကရာဇ်အဆင့် ကျွမ်းကျင်သူ တစ်ဦး ဤမျှ လွယ်ကူစွာ သေဆုံးသွားလိမ့်မည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။

တစ်ဖက်လူသည် မကြာသေးမီကမှ မဟာဧကရာဇ်အဆင့်သို့ ရောက်ရှိလာသူ ဖြစ်နေလျှင်ပင်။

အိုယန်ဖေးသည် သူမ၏ ဓားမြှောင်ပေါ်ရှိ သွေးများကို သုတ်သင်လိုက်ပြီး စစ်မြေပြင်ရှိရာ အရပ်သို့ တစ်ချက်ကြည့်ကာ ထိုနေရာသို့ သွားရောက်လိုခဲ့ပေ၏။

သို့သော် ရုတ်တရတ် သူမ မျက်မှောင်ကြုတ်သွားခဲ့သည်။

"တောက်... သူတို့ ငါ့နောက်ကို ထပ်လိုက်လာပြန်ပြီ..."

ထို့နောက် သူမ၏ ခန္ဓာကိုယ် ယိမ်းနွဲ့သွားပြီး အလျင်အမြန် ထွက်ခွာသွားလေတော့၏။

သူမ ထွက်ခွာသွားပြီး မကြာမီမှာပင် အမျိုးသားတစ်ဦး ဤနေရာသို့ ရောက်ရှိလာခဲ့ပြီး မြေပြင်ပေါ်တွင် သေဆုံးနေသော အာနိုးနှင့် ဧကရာဇ်အဆင့် ကျွမ်းကျင်သူ ဆယ်ဦးကို မြင်တွေ့လိုက်ရကာ သူမနောက်သို့ ထပ်မံလိုက်လံသွားခဲ့ပေသည်။

......

ဧကရာဇ်အဆင့် ကျွမ်းကျင်သူ ဆယ်ဦး သေဆုံးသွားသည့် သတင်းသည် မဟာလင်းယုန်နိုင်ငံ၏ တပ်မှူး ဟာလေ ၏ နားထဲသို့ ချက်ချင်း ရောက်ရှိသွားခဲ့လေသောအခါ

သူ၏ မျက်နှာအမူအရာ ပြင်းထန်စွာ ပြောင်းလဲသွားခဲ့သည်။ အခြား နိုင်ငံများမှ တပ်မှူးများသည်လည်း ဤသတင်းကို ရရှိခဲ့ကြပေ၏။

အချိန်တိုအတွင်းမှာပင် ယခုလေးတင် တည်ငြိမ်သွားခဲ့သော မဟာမိတ်အဖွဲ့သည် နောက်တစ်ကြိမ် ယိမ်းယိုင်စပြုလာခဲ့လေသည်။

တပ်မှူး ဟာလေ က အလျင်အမြန် ပြောဆိုလိုက်သည်။

"အားလုံးပဲ စိတ်မပူကြပါနဲ့... အဲဒီလူဆယ်ယောက် ဘယ်လို သေသွားလဲဆိုတာ ငါတို့ အခုထိ မသိရသေးပါဘူး..."

"ဒါ့အပြင် ငါတို့ရဲ့ အစည်းအဝေးခန်းမက လုံးဝ လုံခြုံပါတယ်... သူတို့ ဒီကို အတင်းဝင်လာမှာကို ငါတို့က ကြောက်နေရမှာလား..."

"စစ်ကူတွေ မရှိရင်တောင်မှ စစ်မြေပြင်မှာ ဧကရာဇ်အဆင့် ကျွမ်းကျင်သူ ရှစ်ယောက် ရှိနေသေးတယ်လေ... ငါတို့ နိုင်ဖို့ အခွင့်အရေး ရှိနေသေးတယ်..."

"အဲဒီလိုပဲ ဖြစ်ဖို့ မျှော်လင့်ပါတယ်..."

ဆီရိုနိုင်ငံ၏ တပ်မှူးမှာ အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့၏။

ကိစ္စတွေက ဒီအခြေအနေအထိ ရောက်လာမှတော့ သူတို့ လုပ်နိုင်တာက အံကို တင်းတင်းကြိတ်ပြီး ရှေ့ဆက်သွားဖို့ပဲ ရှိတော့သည်။

“အရာအားလုံး အဆင်ပြေဖို့ပဲ မျှော်လင့်ပါတယ်…”

......

စစ်မြေပြင်တွင်။

ဤအချိန်၌ အခြေအနေမှာ အမြင့်မားဆုံး အဆင့်သို့ ရောက်ရှိနေခဲ့လေပြီ။

ချန်ဖုန်းနှင့် လဲ့ယန်တို့သည် ရန်သူ့တပ်များအတွင်း ဝင်ရောက်ဖျက်ဆီးနေကြပြီး စစ်ဘက်ဆိုင်ရာဌာနနှင့် အဇူရာနန်းတော်မှ ကျွမ်းကျင်သူများက အဆက်မပြတ် ဝင်ရောက်တိုက်ခိုက်နေကြပေ၏။

နယ်စပ်အနီးတွင် ရှိနေသော ရှန်ကွမ်ယွဲ့၏ အငွေ့အသက်များမှာ ပို၍ပို၍ အားကောင်းလာခဲ့လေသည်။

တိုက်လေယာဉ်များနှင့် တင့်ကားများကဲ့သို့သော အကြီးစားလက်နက်များသည် နိုင်ငံဆယ်ခု မဟာမိတ်တပ်မှ စစ်သည်များကို သတ်ဖြတ်နိုင်သော်လည်း ပင်မနတ်ဘုရားများနှင့် ဧကရာဇ်အဆင့် ကျွမ်းကျင်သူများကိုဆိုရင်တော့ အသုံးမဝင်လှချေ။

ယခုအချိနိတွင် ဧကရာဇ်အဆင့် ကျွမ်းကျင်သူ သုံးဦးက လုံခြုံရေးစည်းကို ဖောက်ထွက်သွားသည်ကို သူမ မြင်တွေ့လိုက်ရ၏။ ၎င်းတို့က သူမရှိရာ နေရာဆီသို့ ပြေးဝင်လာနေကြသည်။

ရှန်ကွမ်ယွဲ့က သူမ လက်ထဲရှိ စစ်သုံးဓားမြှောင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်ပေ၏။

“သူတို့ ရောက်လာပြီ…”

All Chapters