အခန်း ၃၁၅
Vol. 32 Ch. 315
အခန်း (၃၁၅) ဝိုင်းရံပိတ်ဆို့ခြင်း
ဒက်... ဒက်... ဒက်...
ကျည်ဆန်များက ပြေးဝင်လာခဲ့၏။ ယင်းက ဧကရာဇ်အဆင့် ကျွမ်းကျင်သူ နှစ်ဦး၏ ရှေ့တိုးလာမှုကို ချက်ချင်း ရပ်တန့်သွားစေခဲ့သည်။
၎င်းတို့ မော့ကြည့်လိုက်ရာ ရဟတ်ယာဉ်ပေါ်တွင် ထိုင်နေသော လူသုံးဦးကို မြင်တွေ့လိုက်ရလေ၏။
"နောက်ဆုံးတော့ ငါတို့ အချိန်မီ ရောက်လာခဲ့ပြီပဲ..."
ဗိုလ်ချုပ် ကွမ်တယွီ က မြေပြင်ပေါ်တွင် ဖြစ်ပွားနေသော တိုက်ပွဲကို ကြည့်ရင်း သူ၏ မျက်ခုံးမှ ချွေးစက်များကို သုတ်ဖယ်လိုက်ပေသည်။ ကံကောင်းထောက်မစွာဖြင့် ၎င်းတို့ အချိန်မီ ရောက်ရှိလာခဲ့ခြင်းပင်။
ထိုသို့မဟုတ်ပါက စစ်သေနာပတိမှာ အန္တရာယ်ရှိနေပေလိမ့်မည်။ မီတာ ၁၀၀ နီးပါးရှိသော အမြင့်ကို ကြည့်ရင်း သူက မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ အောက်သို့ ခုန်ချလိုက်တော့၏။
သူ၏အနောက်ရှိ ဝမ်ထျယ်ချွေ နှင့် ကျီဟောက်ယွီ တို့လည်း ခုန်ချလိုက်ကြလေသည်။
အုန်း... အုန်း... အုန်း...
ဖုန်မှုန့်များ နေရာအနှံ့ လွင့်စဉ်သွား၏။ ကြီးမားလှသော ငလျင်တစ်ခု လှုပ်ခတ်သွားသကဲ့သို့ ဖြစ်သွားတော့သည်။
"ဦးလေးကွမ်... ဦးလေးဝမ်..."
ရှန်ကွမ်ယွဲ့၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့လေ၏။
ထိုသက်ကြီးရွယ်အို နှစ်ဦး ရောက်လာလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ချေ။ သူမက ၎င်းတို့ကို သိရှိပေသည်။ နှစ်ဦးစလုံးမှာ ဧကရာဇ်အဆင့် စွမ်းရည်ရှိသူများ ဖြစ်ကြ၏။
၎င်းတို့မှာ အသက်အရွယ် ကြီးရင့်လာပြီး လူလုံးထွက်ပြလေ့ သိပ်မရှိတော့ခြင်းသာ ဖြစ်ပေသည်။
သူမက ဗိုလ်ချုပ် ကွမ်တယွီ နှင့် ဝမ်ထျယ်ချွေ တို့ကို နောက်ဆုံးအကြိမ် မြင်တွေ့ခဲ့ရသည်မှာ လွန်ခဲ့သော ဆယ်နှစ်က ဖြစ်လေ၏။
စစ်ဘက်ဆိုင်ရာဌာန အကြီးအကဲက ထိုနှစ်ဦးကို တာဝန်တစ်ခု ပေးအပ်ခဲ့ပြီးနောက် ၎င်းတို့ကို တစ်ခါမျှ ပြန်မတွေ့ရတော့ချေ။
"ဟက်ဟက်... ယွဲ့လေး... မင်း ဒီလောက်တောင် ကြီးလာပြီလို့ ငါ မယုံနိုင်ဘူး..."
ဗိုလ်ချုပ် ကွမ်တယွီ က သဘောကျစွာ ခေါင်းညိတ်လိုက်၏။
ထို့နောက် သူက ဘေးရှိ ကျီဟောက်ယွီ ကို အလျင်အမြန် လက်ညှိုးထိုးပြကာ ပြုံးလျက် ပြောဆိုလိုက်သည်။
"ဒါက ကျီမိသားစုက ကျွမ်းကျင်သူ တစ်ယောက်ပဲ... ဟွာရှနိုင်ငံ ဒုက္ခရောက်နေတယ်လို့ ကြားတာနဲ့ သူက ကူညီဖို့ လာခဲ့တာလေ...ယွဲ့လေး... ကျန်တာတွေကို ငါတို့ အဘိုးကြီး သုံးယောက်ဆီ လွှဲထားလိုက်... မင်း အရင် အနားယူလိုက်ဦး..."
"မစ္စတာကျီ... အရမ်း ကျေးဇူးတင်ပါတယ်..."
ရှန်ကွမ်ယွဲ့က တစ်ဖက်လူအား ရိုသေလေးစားစွာ ပြောဆိုလိုက်ပေသည်။
ဤအချိန်၌ စစ်ဘက်ဆိုင်ရာဌာနကို ကူညီရန် ၎င်းတို့ ဝင်ရောက်လာခြင်းက ၎င်းတို့တွင် အမျိုးသားရေး တာဝန်သိစိတ် အချို့ ရှိနေသေးကြောင်း ပြသနေလေ၏။
သို့သော် ရှန်ကွမ်ယွဲ့ မသိသည်က ယခုအချိန်တင် ကျီဟောက်ယွီ ကိုယ်တိုင်ကလည်း အနည်းငယ် ဇဝေဇဝါ ဖြစ်နေခဲ့ကာ သူ၏ စိတ်ထဲတွင်လည်း ဤသို့ တွေးနေမိခြင်းပင်။
‘သူတို့က နိုင်ငံဆယ်ခု မဟာမိတ်တပ်ရဲ့ ဝိုင်းရံပိတ်ဆို့တာကို ခံနေရတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား’
‘ဧကရာဇ်အဆင့် ကျွမ်းကျင်သူ ဆယ်ယောက် ရှိတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား’
ထို့အပြင် နိုင်ငံဆယ်ခု မဟာမိတ်တပ်က ဧကရာဇ်အဆင့် စစ်သည်ဆယ်ဦးနှင့် မဟာဧကရာဇ်အဆင့် စစ်သည်တစ်ဦးတို့ကို စစ်ကူအဖြစ် ထပ်မံစေလွှတ်လိုက်ကြောင်း ကောလာဟလများလည်း ရှိနေသေး၏။
ဘာလို့ တိုက်ပွဲဖြစ်ပွားရာ နေရာက အဲဒီလို ပုံမပေါက်နေရတာလဲ။
စစ်ဘက်ဆိုင်ရာဌာနက လုံးဝ အခက်အခဲ မတွေ့နေရပါလား။ တကယ်တမ်းဆိုရလျှင် သူတို့က နိုင်ငံဆယ်ခု မဟာမိတ်တပ်ကိုတောင် လွှမ်းမိုးသွားမည့် အခြေအနေ ရှိနေသေးသည်။
‘စစ်ဘက်ဆိုင်ရာဌာနက အမြစ်ပြတ် ချေမှုန်းခံရတော့မယ်၊ စစ်သေနာပတိက အသတ်ခံရတော့မယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား ငါများ စစ်မြေပြင် မှားရောက်လာတာလား…’ဟု သူတွေးလိုက်၏။
"အစ်ကိုကျီ... အဲဒီမှာ ရပ်မနေနဲ့... ရန်သူတွေကို သတ်ကြစို့..."
ဗိုလ်ချုပ် ကွမ်တယွီ က သူ၏ ဧရာမပုဆိန်ကြီးကို အားပါပါဖြင့် ခုတ်ချလိုက်လေ၏။
ထို့နောက်မှ ကျီဟောက်ယွီ သတိဝင်လာပြီး ဝမ်ထျယ်ချွေ နှင့်အတူ လှုပ်ရှားလိုက်တော့သည်။
မျက်စိတစ်မှိတ်အတွင်း ဧကရာဇ်အဆင့် ကျွမ်းကျင်သူ နှစ်ဦးမှာ နောက်သို့ လွင့်စဉ်သွားခဲ့လေပြီ။
"ဧကရာဇ် သုံးပါး..."
ရန်သူ့ဘက်က ဧကရာဇ်နှစ်ဦးမှာ ထိတ်လန့်သွားပြီး စကားပင် မပြောနိုင်တော့ချေ။
သူတို့နှစ်ဦးသည် အချိန်အတော်ကြာ တိုက်ပွဲဝင်နေခဲ့ရပြီး သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် ဒဏ်ရာများမှာ သူတို့၏ အကောင်းဆုံး အခြေအနေနှင့် နှိုင်းယှဉ်၍ မရနိုင်တော့ချေ။
ပြီးတော့ အခု... သူတို့နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော ဧကရာဇ်အဆင့် ကျွမ်းကျင်သူ သုံးဦး ရောက်လာရုံသာမကဘဲ...
အဇူရာနန်းတော်၏ အကြီးအကဲသုံးဦး၊ ရွှမ်ဝူနှင့် အခြားသူများလည်း တိုက်ခိုက်မှုတွင် ပါဝင်လာကြလေ၏။ နေရာအနှံ့မှ ဝိုင်းရံခံလိုက်ရခြင်းပင်။
"သတ်..."
နိုင်ငံဆယ်ခု မဟာမိတ်တပ်မှ ဧကရာဇ်နှစ်ပါးမှာ ထွက်ပြေးရန် လမ်းစမရှိတော့ချေ။ တိုက်ပွဲဝင်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
"သတ်..."
ဗိုလ်ချုပ် ကွမ်တယွီ ကလည်း ဟိန်းဟောက်လိုက်၏။
"သူတို့ကို မြန်မြန် ရှင်းလိုက်စမ်း..."
“ဝုန်း…”
ကျွမ်းကျင်သူ ရှစ်ဦးက တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြလေသည်။
ဧကရာဇ် သုံးပါး၊ ဧကရာဇ်အဆင့်ဝက် သုံးဦးနှင့် ထိပ်တန်းပင်မနတ်ဘုရား နှစ်ဦးတို့ ပေါင်းစပ်လိုက်ခြင်းက ရန်သူနိုင်ငံမှ ဧကရာဇ်အဆင့် ကျွမ်းကျင်သူ နှစ်ဦးကို သတ်ဖြတ်ရန် အလွန် လွယ်ကူသွားစေခဲ့ပေ၏။
နိုင်ငံဆယ်ခု မဟာမိတ်တပ်မှ ဧကရာဇ်အဆင့် ကျွမ်းကျင်သူ နှစ်ဦးမှာ ပြန်လည်တိုက်ခိုက်ရန် အချိန်ပင်မရလိုက်ဘဲ လူရှစ်ဦး၏ ပေါင်းစပ်အင်အားကြောင့် လွှမ်းမိုးခံလိုက်ရပြီး ဒဏ်ရာရသွားကြတော့သည်။
နောက်ဆုံးတွင် ဗိုလ်ချုပ် ကွမ်တယွီ က တစ်ယောက်ကို ပုဆိန်ဖြင့် နှစ်ပိုင်းပိုင်းချလိုက်လေ၏။
နောက်တစ်ယောက်မှာမူ ကျီဟောက်ယွီ ၏ လက်သီးချက်ကြောင့် ရင်ဘတ် ပွင့်ထွက်သွားခဲ့ပေသည်။
ဝိုင်းရံပိတ်ဆို့မှုမှာ ငါးမိနစ်ခန့်သာ ကြာမြင့်ခဲ့၏။ နောက်ထပ် ဧကရာဇ်အဆင့် ကျွမ်းကျင်သူ နှစ်ဦး ဖယ်ရှားခံလိုက်ရလေပြီ။
ဗိုလ်ချုပ် ကွမ်တယွီ ဖြစ်စေ၊ ဝမ်ထျယ်ချွေ ဖြစ်စေ၊ ကျီဟောက်ယွီ ဖြစ်စေ။ ဧကရာဇ်အဆင့် တစ်ဦးကို ဤမျှ လွယ်ကူစွာ တစ်ခါမျှ မသတ်ဖြတ်ဖူးသကဲ့သို့ ဖြစ်နေပေ၏။
ဤနှစ်ဦး ဖယ်ရှားခံရပြီးနောက်။ ကျန်ရှိနေသော ရန်သူများမှာ လုံးဝ ကြောက်ရွံ့စရာ မလိုတော့ချေ။
စစ်ဘက်ဆိုင်ရာဌာနတွင် ခဲယမ်းမီးကျောက် အလုံအလောက်ရှိနေပြီး အဆက်မပြတ် ပစ်ခတ်နေကာ စစ်မြေပြင်ရှိ ရန်သူများကို မညှာမတာ ရိတ်သိမ်းနေခဲ့လေသည်။
"ရှောင်လန်..."
ရှန်ကွမ်ယွဲ့က ရှောင်လန်ကို မြေပြင်မှ အလျင်အမြန် ထူပေးလိုက်၏။
တစ်ဖက်လူမှာ နံရိုးအချို့ ကျိုးနေခဲ့ပေသည်။ အကယ်၍ ရှန်ကွမ်ယွဲ့သာ အချိန်မီ ဝင်မပါခဲ့ပါက ရှောင်လန် သေချာပေါက် သေဆုံးနေလောက်ပြီ ဖြစ်လေ၏။
"အစ်မယွဲ့... ကျွန်မ အဆင်ပြေပါတယ်..."
ရှောင်လန်က အရူးတစ်ယောက်လို ပြုံးလိုက်သည်။
နယ်စပ်၏ ဤဘက်ခြမ်းရှိ ပြဿနာကို ဖြေရှင်းပြီးသွားခဲ့လေပြီ။
ဧကရာဇ်အဆင့် ကျွမ်းကျင်သူများ၏ ရိုက်ခတ်မှု မရှိတော့သဖြင့် နိုင်ငံဆယ်ခု မဟာမိတ်တပ်၏ အရှိန်အဟုန်မှာ သိသိသာသာ အားနည်းသွားခဲ့ပေ၏။
အချို့လူများက လက်နက်ချရန်ပင် စဉ်းစားလာကြသည်။
ဤအချိန်၌ စစ်ဘက်ဆိုင်ရာဌာနသည် အခွင့်အရေးကို ဆုပ်ကိုင်ကာ ၎င်းတို့၏ အသာစီးရမှုကို အသုံးချ၍ ကျန်ရှိနေသော တိုက်လေယာဉ်များ၊ တင့်ကားများနှင့် ဒုံးပျံများ အားလုံးကို ထုတ်ယူလာခဲ့လေ၏။
"သခင်မလေးရှန်ကွမ်... အခု ဒီမှာ အရာအားလုံး အဆင်ပြေသွားပြီဆိုတော့... နန်းတော်သခင်ကို သွားကူညီကြရအောင်..."
အကြီးအကဲကြီးမှာ ချန်ဖုန်း၏ လုံခြုံရေးအတွက် အလွန် စိုးရိမ်နေခဲ့ပေ၏။
ချန်ဖုန်းက သူ၏ တိုက်လေယာဉ်များကို ဦးဆောင်ကာ နိုင်ငံဆယ်ခု မဟာမိတ်တပ်၏ ခဲယမ်းမီးကျောက် သိုလှောင်ရုံကို ဖျက်ဆီးပြီးကတည်းက သူ ထပ်မံပေါ်မလာတော့ချေ။
တိုက်လေယာဉ် အစင်းနှစ်ဆယ်ထဲမှာ ရှစ်စင်း ဖျက်ဆီးခံရကာ ဆယ့်နှစ်စင်းပဲ ပြန်လာနိုင်သည်။
ပြီးတော့ ရန်သူနိုင်ငံက ဧကရာဇ်ရှစ်ပါးထဲမှာ သုံးပါးပဲ ရောက်လာတာ ကျန်တဲ့ ငါးပါးက ချန်ဖုန်းကို ကိုင်တွယ်နေတာ ဖြစ်လောက်သည်။
နိုင်ငံဆယ်ခု မဟာမိတ်တပ်၏ တပ်စခန်းတွင် တိုက်ပွဲဖြစ်ပွားနေကြောင်းကို ၎င်းတို့ ဝေဝါးစွာ ကြားနေရပြီး ယင်းမှာ အဇူရာနန်းတော်သခင် ရှိနေသည့် နေရာဖြစ်ရမည်မှာ သေချာပေသည်
။
ရှန်ကွမ်ယွဲ့ ဖြေကြားရန် အခွင့်အရေး မရလိုက်ချေ။
ဝမ်ထျယ်ချွေ က မျက်မှောင်ကြုတ်လျက် ပြောဆိုလိုက်၏။
"နိုင်ငံဆယ်ခု မဟာမိတ်တပ်က ဧကရာဇ်ဆယ်ပါးနဲ့ မဟာဧကရာဇ်အဆင့် ကျွမ်းကျင်သူ တစ်ယောက်ကို စစ်ကူအဖြစ် ထပ်မံစေလွှတ်လိုက်တယ်ဆိုတဲ့ သတင်းကို ငါတို့ ရထားတယ်..."
"သူတို့ အစောကြီးကတည်းက ရောက်နေသင့်တာ... သူတို့ အခုထိ ပေါ်မလာသေးဘူးဆိုတော့ မင်းတို့ရဲ့ နန်းတော်သခင်ကို ပစ်မှတ်ထားနေတာလား..."
ရှန်ကွမ်ယွဲ့၏ မျက်နှာအမူအရာ ပြင်းထန်စွာ ပြောင်းလဲသွားကာ ပြောဆိုလိုက်လေ၏။
"ဦးလေးဝမ်၊ ဦးလေးကွမ်၊ မစ္စတာကျီ... ကျေးဇူးပြုပြီး ချန်ဖုန်းကို ကူညီပေးပါဦး...တကယ်လို့ ခန့်မှန်းတာသာ မှန်မယ်ဆိုရင် သူ့ဘက်မှာ လက်ရှိ ဧကရာဇ်ဆယ့်ငါးပါးနဲ့ မဟာဧကရာဇ်အဆင့် ကျွမ်းကျင်သူ တစ်ယောက် ရှိနေလောက်တယ်..."
"ချန်ဖုန်းက ဘာပဲဖြစ်ဖြစ် စစ်ဘက်ဆိုင်ရာဌာနရဲ့ နည်းပြချုပ်လေ... သူ့ကို ပြန်ခေါ်လာပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်...ရန်သူကို သတ်ဖို့ မရည်ရွယ်ဘူး... အသက်ကယ်ဖို့ပဲ လိုချင်တာ..."
"ကောင်းပြီလေ... ငါလည်း ဆယ်စုနှစ်တွေ အများကြီး အသက်ရှင်ခဲ့ပြီးပြီပဲ... စစ်မြေပြင်မှာ ရန်သူ အနည်းငယ် ထပ်သတ်ရတာ တန်ပါတယ်..."
"အဘိုးကြီးဝမ်... အဘိုးကြီးကျီ... သွားကြစို့..."
ဗိုလ်ချုပ် ကွမ်တယွီ မှာ တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေခဲ့ပေ၏။
"ကောင်းပြီလေ..."
ဝမ်ထျယ်ချွေ ဘာမှမပြောတော့ချေ။
ဤတိုက်ပွဲက ဤမျှ ကောင်းမွန်စွာ ပြီးဆုံးသွားခြင်းက အတော်လေး အထင်ကြီးစရာ ကောင်းလှပေသည်။
တကယ်လို့ အားလုံး အဆင်မပြေဘူးဆိုရင် နောက်ဆုတ်ရုံပေါ့။
ကျီဟောက်ယွီ က အနည်းငယ် တွန့်ဆုတ်နေခဲ့၏။
‘ဧကရာဇ်ဆယ့်ငါးပါးနဲ့ ဧကရာဇ်တာအိုအဆင့် ကျွမ်းကျင်သူ တစ်ယောက်တဲ့လား အဲဒီလောက် အားကောင်းတဲ့ လူစုကြီးလား ငါ့ရဲ့ အသက်ကိုတောင် ပေးရနိုင်တယ်…’
‘တော်ပြီကွာ...မထူးတော့ဘူး ဘာဖြစ်ဖြစ် ဖြစ်ချင်တာ ဖြစ်တော့…’ ဟု သူတွေး လိုက်တော့သည်။
ကျီဟောက်ယွီက သွားကို တင်းတင်းကြိတ်ကာ ပြောဆိုလိုက်သည်။
"သွားကြစို့... ရဟတ်ယာဉ်ကို တိုက်ရိုက် စီးသွားမယ်... လူကိုရှာတွေ့တာနဲ့ ချက်ချင်း ထွက်လာမယ်... အချိန်ဆွဲမနေနဲ့...ဒါ့အပြင် စစ်သေနာပတိက ပစ်ကူပေးဖို့ စီစဉ်ထားရမယ်နော်..."
"ပြဿနာမရှိပါဘူး..."
ရှန်ကွမ်ယွဲ့က အလျင်အမြန် စီစဉ်လိုက်ပေသည်။
၎င်းတို့ နောက်ဆုတ်သည်နှင့် တစ်ပြိုင်နက် စစ်ဘက်ဆိုင်ရာဌာနက ရန်သူများ လိုက်လံတိုက်ခိုက်ခြင်းမှ တားဆီးရန် အကြီးစားလက်နက်များကို အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ရမည် ဖြစ်လေ၏။
မကြာမီမှာပင် ဗိုလ်ချုပ် ကွမ်တယွီ နှင့် အခြားနှစ်ဦးတို့သည် ရဟတ်ယာဉ်ပေါ်သို့ တက်ကာ ရှေ့သို့ ပျံသန်းသွားကြတော့သည်။
တစ်ချိန်တည်းမှာပင်။
နိုင်ငံဆယ်ခု မဟာမိတ်တပ် တပ်စွဲထားရာ နေရာတွင်။
ခဲယမ်းမီးကျောက် သိုလှောင်ရုံမှာ ဗုံးကြဲခံလိုက်ရပြီး စစ်စခန်းတစ်ခုလုံး အပျက်အစီးများ ဖြစ်နေခဲ့ပေ၏။
ဤအချိန်၌ ချန်ဖုန်းသည် သူ၏ လက်ထဲတွင် ဓားကြီးကို ဆွဲယူထားလေသည်။
သူ၏အနီးတွင် လဲ့ယန်သာမက အစောပိုင်းက ပြေးဝင်လာခဲ့သော ပင်မနတ်ဘုရား ယန်ရီ နှင့် ယိုဟွန်း တို့လည်း ရှိနေကြပေ၏။
ဧကရာဇ်အဆင့် ကျွမ်းကျင်သူ ငါးဦးက ၎င်းတို့ကို ဝိုင်းရံထားပြီး သောင်းနှင့်ချီသော တပ်ဖွဲ့ဝင်များကလည်း ၎င်းတို့ကို ဝိုင်းရံထားကြသည်။
ချန်ဖုန်း အနေဖြင့် ထူးဆန်းသည်ဟု ခံစားရသည်မှာ... ဤဧကရာဇ်အဆင့် ကျွမ်းကျင်သူ ငါးဦးသည် သူ့ကို တိုက်ခိုက်နိုင်သင့်သော်လည်း သူတို့က အချိန်ဆွဲရန် တမင်သက်သက် ရည်ရွယ်ထားသကဲ့သို့ မတိုက်ခိုက်ဘဲ သူ့ကို ဝိုင်းရံထားခြင်းပင်။
‘သူတို့က စစ်ကူတွေကို စောင့်နေတာလား…’