အခန်း ၃၂၄
Vol. 33 Ch. 324
အခန်း (၃၂၄) ဟွမ်ဇီ ကြောက်လန့်တကြား ညတွင်းချင်း ထွက်ပြေးသွားခြင်း
"နည်းပြချန် တကယ်ပဲ ခင်ဗျားဖြစ်နေတာကိုး" ဟွမ်ဇီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ခင်ဗျားလည်း ပစ္စည်းလာဝယ်တာလား... လာလေ ကျွန်တော်လည်း ပိုက်ဆံရှင်းတော့မလို့... ခင်ဗျားအတွက်ပါ တစ်ခါတည်း ရှင်းပေးမယ်"
"ကျွန်တော့်ကို အားနာမနေပါနဲ့... ကိုယ့်လူတွေချည်းပဲကို"
"ရတယ် ရတယ် မလိုဘူး"
ချန်ဖုန်း၏ မျက်နှာကြီး မည်းမှောင်သွား၏။
အခြားအချိန်များစွာရှိသည့်အထဲမှ ဤနေရာရောက်မှ ဟွမ်ဇီနှင့် လာဆုံနေရသည်ကို သူ နားမလည်နိုင်ဖြစ်သွားသည်။ တစ်စုံတစ်ယောက် မြင်သွားမည်ကို စိုးရိမ်သည့်အလား သူ၏လက်ထဲတွင် ကိုင်ထားသော ပူစီနံနံ့ အမျိုးသမီးလစဉ်သုံးပစ္စည်းထုတ်ကို အလိုအလျောက် ဆုပ်ကိုင်ထားလိုက်ချေပြီ။
"ရပါတယ်ဗျာ... ကျွန်တော်တို့က ဒီလောက်တောင် ရင်းနှီးနေပြီပဲဟာကို"
ဟွမ်ဇီက ချန်ဖုန်း၏ လက်ထဲမှ ပစ္စည်းကို လှမ်းယူရန် ပြင်လိုက်စဉ် စကားဆက်ပြောနေလေသည်။
"ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်တော် ခင်ဗျားဖုန်းကိုသုံးပြီး ကောင်မလေးတစ်ယောက် Live လွှင့်နေတာကို လက်ဆောင်တွေ ပေးလိုက်သေးတယ်... ယွမ်သိန်းနဲ့ချီပြီး တစ်ခါတည်း ပေးပစ်လိုက်တာ"
"အဲဒါက ကျွန်တော့်ကို သူဌေးကြီးတစ်ယောက်ဖြစ်ရတဲ့ အရသာကို ခံစားသွားရစေတယ်"
"ဒီနေ့ ခင်ဗျားအတွက် ပိုက်ဆံရှင်းပေးရလို့ ကျွန်တော် ဘာမှမနစ်နာပါဘူး... ဒါကြောင့် ရှက်မနေပါနဲ့"
"..."ချန်ဖုန်း…
ဟွမ်ဇီအား ဟိုဘက်သို့ လွင့်စင်သွားအောင် ကန်ထုတ်ပစ်လိုက်ချင်စိတ်များကို ချန်ဖုန်း ထိန်းချုပ်ထားရပေသည်။ ဟွမ်ဇီ၏ လက်လှမ်းလာသည်ကို မြင်လိုက်ရချိန်တွင် သူက ဘေးဘက်သို့ အလျင်အမြန် ရှောင်တိမ်းလိုက်၏။
သို့သော် နောက်ခဏတွင် ဟွမ်ဇီက အယောင်ပြလိုက်ခြင်းသာ ဖြစ်ကြောင်း သူ သိလိုက်ရသည်။
‘သောက်ကျိုးတော့ နည်းပီ ဟ…’ ချန်ဖုန်းက စိတ်ထဲမှ ရေရွတ်လိုက်သည်။
ထို့နောက် ဟွမ်ဇီက လက်ကို လျှပ်တစ်ပြက် လှုပ်ရှားလိုက်ပြီး ချန်ဖုန်း၏ လက်ထဲမှ လစဉ်သုံးပစ္စည်းထုတ်ကို အမှန်တကယ် ဆွဲယူလိုက်လေပြီ။ သူတို့နှစ်ယောက်လုံးက တစ်ပြိုင်နက်တည်း အားစိုက်ဆွဲလိုက်မိသဖြင့် လစဉ်သုံးပစ္စည်းထုတ်ကြီး စုတ်ပြဲသွားတော့၏။ ထုပ်ပိုးထားသော အိတ်အတွင်းမှ အပိုင်းငယ်ငါးခုသည် မြေပြင်ပေါ်သို့ ချက်ချင်း ပြန့်ကျဲသွားပေသည်။
"ဟင်..."
ဟွမ်ဇီသည် ဤကဲ့သို့သော ရလဒ်မျိုး ထွက်ပေါ်လာလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့သဖြင့် အနည်းငယ် ရှက်ရွံ့စွာဖြင့် စကားဆိုလိုက်သည်။
"နည်းပြချန်... ကျွန်တော် တကယ် တမင်သက်သက် လုပ်တာမဟုတ်ပါဘူး... ခင်ဗျားအတွက် နောက်ထပ်တစ်ထုပ် ပြန်ဝယ်ပေးရင်ရော..."
သူ စကားပြောနေရင်း သူ၏လက်ထဲရှိ တစ်ဝက်တစ်ပျက် စုတ်ပြဲနေသော အိတ်ခွံကို လှမ်းကြည့်လိုက်၏။
"ဆူဖေး လစဉ်သုံးပစ္စည်း... အရှည် အထူ... နေ့လယ်ဘက်သုံး... ပူစီနံနံ့..."
"သောက်ကျိုးနည်း..."
"နည်းပြချန်... ခင်ဗျားက ဘာလို့ လစဉ်သုံးပစ္စည်း လာဝယ်နေတာလဲ... ပြီးတော့ ပူစီနံနံ့ကြီးကိုမှ..."
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ချက်ချင်း သိရှိသွားပြီး သူ၏ ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်သည်။
သို့သော် နောက်ကျသွားခဲ့ပြီဖြစ်ကာ ပတ်ဝန်းကျင်ရှိ လူတိုင်းက ချန်ဖုန်းအား ချက်ချင်း လှည့်ကြည့်လာကြပြီး သူသည် မျက်စိတစ်မှိတ်အတွင်းမှာပင် လူအများ၏ အာရုံစိုက်ရာ ဗဟိုချက် ဖြစ်သွားတော့၏။
ချန်ဖုန်း၏ မျက်နှာကြီး ပို၍ မည်းမှောင်သွားပေသည်။
‘ဒီခွေးကောင် ဟွမ်ဇီ…’ ချန်ဖုန်း စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ ‘အကူအညီမရတဲ့အပြင် ပြဿနာပဲ ရှာပေးနေတယ်…’
သူသည် မြေပြင်ပေါ်မှ လစဉ်သုံးပစ္စည်း ငါးခုကို အလျင်အမြန် ကောက်ယူလိုက်ပြီး စူပါမားကတ်ထဲမှ ထွက်ပြေးသွားတော့၏။ ပိုက်ဆံရှင်းဖို့ ကိစ္စကတော့ ဟွမ်ဇီ ရှင်းတာပဲ ခံလိုက်တော့မည်ဟု သူ ဆုံးဖြတ်လိုက်သည်။
"ကျွန်တော်..."
ဟွမ်ဇီ၏ နှုတ်ခမ်းများ တွန့်လိမ်သွားပြီး မိမိကိုယ်တိုင် ပြဿနာကို ပိုကြီးအောင် လုပ်မိသွားပြီလားဟု တွေးတောနေမိချေသည်။ သူသည် တိတ်ဆိတ်စွာပင် ဖုန်းကို ထုတ်ယူလိုက်ပြီး ကျန်းထျန်ရှန်းထံသို့ ခေါ်ဆိုလိုက်၏။
"ညွှန်ကြားရေးမှူးကျန်း... ကျွန်တော့်မှာ ဖြေရှင်းစရာ မိသားစုကိစ္စလေးတွေ ရှိနေလို့ ဆွေမျိုးတွေဆီ သွားလည်ဖို့ နှစ်ပတ်လောက် ခွင့်ယူချင်ပါတယ်... ဒီနေ့ စစ်ဘက်ဆိုင်ရာဌာနကို ပြန်မလာတော့ဘူး..."
‘အခုချက်ချင်း ဒီကနေ ထွက်ပြေးမှ ရတော့မယ်... အကယ်၍ နည်းပြချန်က စစ်ဘက်ဆိုင်ရာဌာနကို လာပြီး ပြဿနာရှာရင် ဘယ်လိုလုပ်မလဲ... ငါတော့ ထပ်ပြီး အနှိပ်စက်ခံရတော့မှာပဲ…’ ဟွမ်ဇီ စိတ်ထဲတွင် ရေရွတ်လိုက်သည်။
‘ဟုတ်တယ်... အရင်ဆုံး ပြေးထားမှပဲ…’
အိုယန်မိသားစု နေအိမ်သို့ ပြန်ရောက်ပြီးနောက် ချန်ဖုန်းက ဝယ်လာသော ပစ္စည်းများကို ရှန်ယန်ယန်ထံသို့ ပေးအပ်လိုက်သည်။ ထုပ်ပိုးထားသော အိတ်များအားလုံး ဖယ်ရှားခံထားရသည်ကို သတိပြုမိသွားသဖြင့် ရှန်ယန်ယန်က မနေနိုင်ဘဲ မေးမြန်းလိုက်၏။
"ဘာလို့ ဒီလိုကြီး ဖြစ်နေတာလဲ... အပြင်က အိတ်ခွံကရော ဘယ်ရောက်သွားတာလဲ..."
ချန်ဖုန်းက အစပိုင်းတွင် ဤကိစ္စကို ဖုံးကွယ်ထားရန် ရည်ရွယ်ခဲ့သော်လည်း ရှန်ယန်ယန်က ဆက်တိုက် မေးမြန်းနေသောကြောင့် ခုနက ဖြစ်ပျက်ခဲ့သမျှကို ပြောပြလိုက်ရတော့သည်။ ထိုအကြောင်းကို ကြားပြီးနောက် ရှန်ယန်ယန်က အားရပါးရ ရယ်မောလိုက်ပေ၏။
ဆယ်မိနစ်ခန့် ကြာပြီးနောက်။ ရှန်ယန်ယန်သည် ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။ သူမက ချန်ဖုန်း၏ လက်မောင်းကို ချိတ်တွယ်ကာ အပြင်ဘက်သို့ လမ်းလျှောက်ထွက်လာ၏။
"လမ်းနည်းနည်းလောက် သွားလျှောက်ရအောင်..."
"ချန်ဖုန်း... နင် ဒီတစ်ခါ စစ်မြေပြင်ကို ပြန်မသွားတော့ဘူး မဟုတ်လား..."
"လောလောဆယ်တော့ မသွားသေးဘူး..." ချန်ဖုန်းက ပြန်ဖြေလိုက်သည်။
"အင်း…”
ရှန်ယန်ယန်က ရုတ်တရက် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး သူမ၏ မျက်လုံးဝိုင်းကြီးများဖြင့် ချန်ဖုန်းအား စိုက်ကြည့်လိုက်ပေသည်။
"တိုက်ပွဲတွေ ပြီးသွားပြီလို့ နင်ပဲ ပြောထားတာ မဟုတ်ဘူးလား... ဟွာရှနိုင်ငံက အနိုင်ရသွားပြီဆို..."
"ဟုတ်တယ်... ဒါပေမဲ့ ငါ့ရဲ့ အမေက အသက်ရှင် နေနိုင်သေးတယ်...ငါ့အထင် အမေက နိုင်ငံခြားမှာ ရောက်နေနိုင်တယ်"
ချန်ဖုန်းက ခဏတာ တွေးတောလိုက်ပြီးနောက် စကားဆိုလိုက်၏။
"ငါ လောလောဆယ် စစ်မြေပြင်ကိုတော့ မသွားသေးဘူး... ဒါပေမဲ့ မကြာခင် နိုင်ငံခြားကိုတော့ သွားရနိုင်တယ်…အဲဒီအချိန်ကျရင် တခြားအဖွဲ့အစည်းတွေနဲ့ ပွတ်တိုက်မှုတွေကတော့ ရှောင်လွှဲလို့ရမှာ မဟုတ်ဘူး"
ရှန်ယန်းယန်း ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။
ရှန်ကွမ်ယွဲ့သည် စစ်ဘက်ဆိုင်ရာဌာနမှ စစ်သေနာပတိဖြစ်ပြီး ချန်ဖုန်းအား စစ်မြေပြင်တွင် ကူညီပေးနိုင်သော်လည်း သူမကမူ စီးပွားရေးပိုင်းတွင်သာ ကူညီပေးနိုင်ကြောင်းကို ရှန်ယန်းယန်း သိရှိထားပေ၏။ အခြားမည်သည့်ကိစ္စကိုမှ သူမ တကယ် မကူညီပေးနိုင်ခဲ့ချေ။ တစ်နေ့နေ့တွင် သူမလည်း ရှန်ကွမ်ယွဲ့ကဲ့သို့ ချန်ဖုန်း၏ အနီးတွင် အချိန်မရွေး လိုက်ပါခွင့်ရရန် မျှော်လင့်နေမိသည်။
"ငါ ဆုံးဖြတ်ပြီးသွားပြီ... ထျန်ဖုန်းလုပ်ငန်းစုကို ကမ္ဘာပေါ်မှာ အကြီးမားဆုံး လုပ်ငန်းစုကြီးဖြစ်လာအောင် လုပ်မယ်... ဒီနေ့ကစပြီး နင့်ကို ငါကပဲ ကျွေးမွေးစောင့်ရှောက်တော့မယ်... နင်က ငါ့ရဲ့ အချောင်ခိုတဲ့ ယောက်ျားလုပ်နေရုံပဲ"
“...”ချန်ဖုန်း
ရှန်ယန်ယန်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် နှုတ်ခမ်းထောင့်များကို တွန့်ကွေးလိုက်၏။ သူမသည် အခြားအရာများတွင် မတော်သော်လည်း စီးပွားရေးလောကတွင်မူ အလားအလာ ကောင်းများစွာ ရှိနေသေးသည်။
ရှန်ယန်းယန်းသည် မွန်းလွဲ နှစ်နာရီတိတိ ရောက်သည်အထိ ထွက်မသွားခဲ့ချေ။
ထိုအချိန်မှာပင် ချန်ဖုန်းထံသို့ ရွှီချင်းချန်ထံမှ ဖုန်းဝင်လာခဲ့သည်။ သူတို့နှစ်ဦး နောက်ဆုံးတွေ့ဆုံခဲ့သည်မှာ ပြည်နယ်မြို့တော်တွင်ဖြစ်ပြီး အချိန်အတန်ကြာ မတွေ့ဖြစ်ခဲ့သည်မှာ သေချာပေ၏။
အရင်က ချန်ဖုန်းသည် ရုပ်ရှင်နှင့် ရုပ်သံကုမ္ပဏီကို ရွှီချင်းချန်ထံသို့ စီမံခန့်ခွဲရန် လွှဲပြောင်းပေးထားခဲ့သည်။
လောလောဆယ်တွင် Wolf Warrior 3 ကို ရိုက်ကူးနေပြီး မည်မျှအထိ ခရီးရောက်နေပြီဖြစ်ကြောင်း သူ မသိရသေးချေ။
"ချန်ဖုန်း... အခု ဖုန်းပြောဖို့ အဆင်ပြေရဲ့လား..."
"ဘာဖြစ်လို့လဲ..." ချန်ဖုန်းက မေးလိုက်သည်။
ရွှီချင်းချန် တစ်စုံတစ်ရာ အခက်အခဲ ကြုံတွေ့နေရကြောင်းကို ချန်ဖုန်း အကဲခတ်မိလိုက်၏။
"အခု ကျွန်မတို့ Wolf Warrior 3 ကို ရိုက်ကူးနေတယ် မဟုတ်လား... ရှင်ပေးထားတဲ့ ဇာတ်ညွှန်းအရဆိုရင် ဒီရုပ်ရှင်က ဇာတ်ဝင်ခန်း အများကြီးကို ပြောင်းလဲရိုက်ကူးဖို့ လိုအပ်နေတယ်"
“တိုက်တိုက်ဆိုင်ဆိုင်ပဲ ဇာတ်ဝင်ခန်းအချို့ကို ရှန်ဟိုင်းမြို့ရဲ့ ရှန်ဟိုင်း ရုပ်ရှင်စတူဒီယို မှာ ရိုက်ကူးဖို့ အရာအားလုံးကို ကြိုတင်ပြင်ဆင်ထားပြီ ဒီနေ့ပဲ စတင်ရိုက်ကူးမလို့လေ…”
"ဒါပေမဲ့ အဲဒီ ရှန်ဟိုင်း ရုပ်ရှင်စတူဒီယို ပိုင်ရှင်က ကျွန်မတို့ရုပ်ရှင်ကို သဘောကျသွားပြီး ရင်းနှီးမြှုပ်နှံချင်တယ်လို့ ပြောလာတယ်... ကျွန်မက သဘောမတူလိုက်တော့ သူက ကျွန်မတို့ကို စတူဒီယိုထဲ ဝင်ပြီး ရိုက်ကူးခွင့် မပေးတော့ဘူး"
"ဒီလိုကိစ္စမျိုး တကယ်ဖြစ်နေတာလား..."
ချန်ဖုန်းလည်း အနည်းငယ် အံ့အားသင့်သွားရပေသည်။
‘ဒီလူတွေက ကုမ္ပဏီပိုင်ရှင်က ဘယ်သူဆိုတာကိုတောင် မသိကြဘူးလား... အရင်က ဟိုင်ထျန်ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံဖို့ ကြိုးစားခဲ့တဲ့ ပြည်နယ်မြို့တော်က သခင်လေးယွီတောင် အခု ထောင်ထဲ ရောက်နေပြီလေ... သေချင်တဲ့လူတွေ ရှိနေသေးတာပဲ…’ ဟု ချန်ဖုန်းက တွေးလိုက်သည်။
"ကျန်တာတွေ အားလုံးက အဆင်ပြေပါတယ်... အဓိကပြဿနာက ရိုက်ကူးရေးအဖွဲ့ထဲက သရုပ်ဆောင်တွေ အားလုံးရဲ့ အချိန်ဇယားတွေက ပြည့်နေတာပဲ"
အကယ်၍ ရက်အနည်းငယ်မျှ ကြန့်ကြာသွားပါက ကျန်ရှိနေသော ရိုက်ကူးရေး အချိန်ဇယားများ အလွန်ကျပ်တည်းသွားနိုင်ပြီး ရုပ်ရှင်၏ အရည်အသွေးကိုပါ ဆိုးရွားစွာ ထိခိုက်စေနိုင်ပေသည်။
"ချန်ဖုန်း... ငါတို့ အခု ဘယ်လိုလုပ်ကြမလဲ..."
"အခု ဘယ်ဇာတ်ဝင်ခန်းကို ရိုက်နေတာလဲ…” ချန်ဖုန်းက
မေးလိုက်သည်။
"နောက်ဆုံး ဖိုင်နယ်တိုက်ပွဲ ဇာတ်ဝင်ခန်းကို ရိုက်နေတာပါ... အဲဒီအခန်းက တင့်ကားတွေနဲ့ ရဟတ်ယာဉ်တွေ လိုအပ်တယ်... ရှန်ဟိုင်း ရုပ်ရှင်စတူဒီယိုက ပစ္စည်းတွေ အားလုံးက အချိုးအစားကျကျ ဖန်တီးထားတာပါ"
၎င်းသည် အစစ်အမှန်များနှင့် လုံးဝနီးပါး တူညီနေပြီး အသင့်တော်ဆုံးသော ရိုက်ကွင်းနေရာတစ်ခု ဖြစ်ပေ၏။ ဤနေရာကို ဒါရိုက်တာ ကိုယ်တိုင်က ရွှီချင်းချန်အား အကြံပြုထားခြင်း ဖြစ်သည်။
ရွှီချင်းချန်သည် နာမည်ကြီး အနုပညာရှင်တစ်ဦး ဖြစ်သော်လည်း ချန်ဖုန်းက ရုပ်ရှင်ကုမ္ပဏီကို သူမထံ လွှဲပြောင်းပေးလိုက်ချိန်မှစ၍ ကုမ္ပဏီ၏ ကိစ္စရပ်အားလုံးကို သူမ အပြည့်အဝ တာဝန်ယူ စီမံခန့်ခွဲနေခဲ့သည်။ အထူးသဖြင့် ကုမ္ပဏီ၏ ပထမဆုံးရုပ်ရှင် ရိုက်ကူးရေးအတွက် လုပ်ငန်းစဉ်တစ်ခုလုံး နီးပါးကို သူမကိုယ်တိုင် ကြီးကြပ်နေခဲ့ခြင်း ဖြစ်ပေသည်။
"အဲဒါ လွယ်ပါတယ်... အခုချက်ချင်း ကျိုတိုကို လာခဲ့ကြပါ... ဒီမှာ ရိုက်ကူးရေးအတွက် အဆင်ပြေမယ့် နေရာတစ်ခု ရှိတယ်"
ချန်ဖုန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ သူသည် ယခုအချိန်တွင် ရှန်ဟိုင်းသို့ သွားရန် ပျင်းရိနေပြီး မည်သို့ပင်ဖြစ်စေ ကျိုတို စစ်ဘက်ဆိုင်ရာဌာန တွင် တင့်ကားများနှင့် ရဟတ်ယာဉ်များ အဆင်သင့် ရှိနေပေသည်။
"ဪ... တကယ်လား..."
ရွှီချင်းချန်မှာ အံ့အားသင့်သွားပုံရသည်။ သူမသည် ကျိုတိုတွင် ဤကဲ့သို့သော နေရာမျိုးရှိကြောင်း တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့ချေ။ သို့သော် ချန်ဖုန်းကိုယ်တိုင်က ပြောလာမှတော့ သူမအနေဖြင့် အပြည့်အဝ ယုံကြည်လိုက်ပေ၏။
ဖုန်းချပြီးနောက် ရိုက်ကူးရေးအဖွဲ့အား ကျိုတိုသို့ သွားရောက်ရန် အလျင်အမြန် စီစဉ်လိုက်တော့သည်။ ထိုအချိန်တွင် ချန်ဖုန်းသည် စစ်ဘက်ဆိုင်ရာဌာနသို့ ရောက်ရှိနေပြီ ဖြစ်သည်။
"နည်းပြချုပ်ချန်... နန်းတော်သခင်ချန်..."
ကျန်းထျန်ရှန်းက ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လိုက်၏။ ချန်ဖုန်း၏ အဆင့်အတန်းသည် ယခုအခါ များစွာ ပြောင်းလဲသွားခဲ့ပြီဖြစ်ရာ အမြင့်မားဆုံးသော လေးစားမှုဖြင့် ဆက်ဆံရမည် ဖြစ်ပေသည်။
"ဟွမ်ဇီရော ဘယ်ရောက်နေလဲ... သူ့ကို မတွေ့မိပါလား..."
"သူ ဆွေမျိုးတွေဆီ သွားလည်ဖို့ဆိုပြီး ခွင့်ယူပြီး ပြန်သွားပြီ... ခွင့်လဝက် ယူသွားတာ"
ကျန်းထျန်ရှန်းမှာ အနည်းငယ် သိချင်စိတ် ဖြစ်ပေါ်သွားကာ ချန်ဖုန်းက ဘာကြောင့် ဟွမ်ဇီကို ရုတ်တရက် ဂရုစိုက် မေးမြန်းနေရသနည်းဟု တွေးနေမိချေသည်။