← Chapters

အခန်း ၃၂၅

Vol. 33 Ch. 325

အခန်း ၃၂၅

Vol. 33 Ch. 325

အခန်း (၃၂၅) ဈေးနှုန်း ယာယီတက်ခြင်း

‘ဪ... မင်းက တော်တော် မြန်မြန် ပြေးနိုင်တာပဲ…’ ဟု တွေးကာ…

ချန်ဖုန်းက ဟွမ်ဇီအား မလေးစားဘဲ မနေနိုင်အောင် ဖြစ်သွားရပေသည်။ ထိုကောင်က သူသည် စစ်ဘက်ဆိုင်ရာဌာနသို့ လာရောက်ကာ ပြဿနာရှာမည်ကို ကြိုတင်ခန့်မှန်းမိပြီး ကြိုတင်ထွက်ပြေးသွားခဲ့ခြင်း ဖြစ်၏။

"နည်းပြချုပ်ချန်... ဘာများ လိုအပ်တာ ရှိလို့လဲ..."

ကျန်းထျန်ရှန်းသည် ချန်ဖုန်းတွင် ရာထူးအဆင့်အတန်းများစွာ ရှိနေသောကြောင့် မည်သည့်အမည်ဖြင့် ခေါ်ဝေါ်ရမည်ကို မသေချာသဖြင့် ပို၍ သဘာဝကျသော နည်းပြချုပ်ချန် ဟူသည့် အမည်ဖြင့်သာ ခေါ်ဝေါ်ရန် ဆုံးဖြတ်လိုက်သည်။

"ကိစ္စတစ်ခုတော့ ရှိတယ်... ကျွန်တော့်မှာ ရုပ်ရှင်ကုမ္ပဏီတစ်ခု ရှိတယ်... အခု ရုပ်ရှင်တစ်ကား ရိုက်နေတာ..."

ချန်ဖုန်းက ဖြစ်ပျက်ခဲ့သမျှ အသေးစိတ်ကို ပြန်လည်ပြောပြလိုက်၏။

အစပိုင်းတွင် ကျန်းထျန်ရှန်းသည် တစ်ဖက်လူ အခက်အခဲ ကြုံတွေ့နေရသည်ဟု ထင်မှတ်ခဲ့သော်လည်း ရုတ်တရက် သူ၏လက်ဖြင့် စားပွဲကို ပြင်းထန်စွာ ရိုက်ချလိုက်ပေသည်။

"နည်းပြချုပ်ချန်... ဒါက သတင်းကောင်းပဲ ဒီရုပ်ရှင်က မင်းအတွက်တင် မကဘူး... ဟွာရှနိုင်ငံအတွက်လည်း အများကြီး အရေးပါလှတယ်"

"ဘာအဓိပ္ပာယ်လဲ..."

ချန်ဖုန်း အနည်းငယ် အံ့အားသင့်သွားရ၏။

"နည်းပြချန်... ငါတို့ ထိုင်ပြီး စကားပြောကြရအောင်..."

ကျန်းထျန်ရှန်းက ပြုံးရွှင်စွာဖြင့် သူ့အနီးရှိ ဆိုဖာပေါ်တွင် ထိုင်ရန် နေရာပေးလိုက်သည်။

"ဒီရုပ်ရှင်က မျိုးချစ်စိတ်ဓာတ်ကို မြှင့်တင်ပေးတယ်... အဲဒါက နိုင်ငံဆယ်ခု မဟာမိတ်တပ်တွေကို ငါတို့ အနိုင်ရခဲ့တဲ့ ကြီးကျယ်ခမ်းနားတဲ့ အောင်ပွဲနဲ့ အလွန်ကို ကိုက်ညီနေတယ်"

အကယ်၍ သူတို့က ဒီရုပ်ရှင်ကို သေချာ ပရိုမိုးရှင်းလုပ်ပြီး အခွင့်အရေးတစ်ခုအနေနဲ့ အသုံးပြုမယ်ဆိုရင် ဟွာရှနိုင်ငံအတွက် အကျိုးသက်ရောက်မှုက ကြီးမားလိမ့်မည်။ စိတ်ဓာတ်ခွန်အားများကို မြှင့်တင်ပေးနိုင်ရုံသာမက အမျိုးသားရေး စည်းလုံးညီညွတ်မှုကိုလည်း တိုးတက်စေနိုင်ပေသည်။

"ဒါ့အပြင် ဒီရုပ်ရှင်က နိုင်ငံခြားကို ပျံ့နှံ့သွားတာနဲ့ နိုင်ငံခြားအင်အားစုတွေနဲ့ တခြားနိုင်ငံတွေကို ငါတို့ ဟွာရှနိုင်ငံရဲ့ အင်အားကို သိရှိသွားစေလိမ့်မယ်"

ချန်ဖုန်း ရုတ်တရက် သဘောပေါက်သွားတော့သည်။

သူတို့က နိုင်ငံဆယ်ခုကို တိုက်ခိုက်ရာတွင် အနိုင်ရရှိခဲ့သော်လည်း နိုင်ငံခြားတွင် ပရိုမိုးရှင်းလုပ်ရန် ခက်ခဲမည်ဖြစ်ရာ ရုပ်ရှင်ကို အခွင့်အရေးတစ်ခုအဖြစ် အသုံးပြု၍ ဟွာရှနိုင်ငံ၏ အင်အားကို ပြသရန် ဖြစ်နိုင်ပေသည်။

တစ်ခါတစ်ရံတွင် သတင်းဆောင်းပါး သို့မဟုတ် မက်ဆေ့ချ်တစ်ခုသည် မျက်မြင်တွေ့ရှိရသည့် အရာလောက် အကျိုးသက်ရောက်မှု မရှိချေ။ ဓာတ်ပုံတစ်ပုံ၏ အမြင်အာရုံ သက်ရောက်မှုကသာ လူများကို အမှန်တကယ် ခံစားသိရှိနိုင်စေခြင်း ဖြစ်သည်။

ကျန်းထျန်ရှန်းသည် စကားပြောလေလေ ပို၍ စိတ်လှုပ်ရှားလာလေလေ ဖြစ်ပေ၏။

"ပြီးတော့ ငါတို့ စစ်ဘက်ဆိုင်ရာဌာနက လက်နက်တွေ အားလုံးကို ပြဿနာမရှိဘဲ အသုံးပြုလို့ရတယ်"

၎င်းတို့တွင် တင့်ကားအချို့နှင့် ရဟတ်ယာဉ်များလည်း ပါဝင်သည်။ သေချာသည်မှာ ကျည်အစစ်များအစား ကျည်အလွတ်များကို အစားထိုး အသုံးပြုမည်ဖြစ်ပြီး ဘေးကင်းလုံခြုံရေး လုပ်ထုံးလုပ်နည်းများကိုလည်း စံချိန်စံညွှန်းများနှင့်အညီ လိုက်နာဆောင်ရွက်သွားမည် ဖြစ်၏။

"ငါတို့ စစ်ဘက်ဆိုင်ရာဌာနက အဖွဲ့ဝင်တချို့ကလည်း ရုပ်ရှင်ထဲမှာ ကြေးစားစစ်သည်တွေအဖြစ် အကောင်းဆုံး သရုပ်ဆောင်ပေးနိုင်တယ်... နည်းပြချန် ဘယ်လိုထင်လဲ..."

"ရတာပေါ့..."

ချန်ဖုန်း၏ မျက်လုံးများ ရုတ်တရက် တောက်ပသွားတော့သည်။

သရုပ်ဆောင်တစ်ယောက် မည်မျှပင် တော်နေပါစေ စစ်သည်အစစ်တစ်ယောက်လောက် ကြေးစားစစ်သည်တစ်ဦးကို လက်တွေ့ကျကျ ပုံဖော်နိုင်မည် မဟုတ်ချေ။

‘ဝန်ကြီးကျန်းက ငါအတွက် ဇာတ်ပို့သရုပ်ဆောင်တွေကိုပါ ပြင်ဆင်ပေးထားတာပဲ…’ ဟု တွေးကာ ချန်ဖုန်းတစ်ယောက် ကျေနပ်နေတော့၏။

"ဒါ့အပြင် ဟွာရှအစိုးရကလည်း နောက်ထပ် ထွက်လာမယ့် ရုပ်ရှင်တွေအတွက် ကူညီပေးမှာဖြစ်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေကပါ ပရိုမိုးရှင်းလုပ်တဲ့ နေရာမှာ ကူညီပေးလိမ့်မယ်"

"ဟွာရှနိုင်ငံက တစ်ပြားတစ်ချပ်မှ လက်ခံမှာ မဟုတ်ဘူး... အမြတ်ငွေတွေ အားလုံးက မင်းအတွက်ပဲ... ငါ့ရဲ့ တစ်ခုတည်းသော တောင်းဆိုချက်က ဒီရုပ်ရှင်ကို ကမ္ဘာအနှံ့ ပရိုမိုးရှင်းလုပ်ပေးဖို့ပါပဲ"

ချန်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွား၏။ အကယ်၍ ဟွာရှနိုင်ငံက အပြည့်အဝ ထောက်ခံပေးပါက ထိုရုပ်ရှင်သည် ကမ္ဘာတစ်ဝန်းတွင် သေချာပေါက် အောင်မြင်သွားမည် ဖြစ်သည်။

ရုံဝင်ငွေအနေဖြင့် အနည်းဆုံး ဘီလီယံ ၁၀ လောက်တော့ ရရှိနိုင်ပေလိမ့်မည်။

ဘီလီယံ ၁၀ ဆိုသည်မှာ ချန်ဖုန်းအတွက် ငွေကြေးများစွာ မဟုတ်သော်လည်း မည်သို့ပင်ဖြစ်စေ သူ၏ လက်ရှိပိုင်ဆိုင်မှုသည် ဘီလီယံရာချီအထိ ရောက်ရှိနေပြီ ဖြစ်ပေသည်။ သို့သော် ဤကဲ့သို့သော အံ့မခန်း ရုံဝင်ငွေရရှိမှုသည် ရုပ်ရှင်နှင့် ရုပ်သံလောက၏ အမြင့်ဆုံးနေရာသို့ ရောက်ရှိသွားခြင်းပင် ဖြစ်ပေ၏။

"ကောင်းပြီ... ဒီအတိုင်းပဲ လုပ်ကြတာပေါ့"

ဤသတင်းသည် ချန်ဖုန်းအတွက် အလွန် ဝမ်းသာစရာကောင်းသော အံ့အားသင့်မှုတစ်ခု ဖြစ်ခဲ့သည်။

ရိုက်ကွင်းနေရာနဲ့ လက်နက်တွေ... အထောက်အကူပြုပစ္စည်းတွေနဲ့ အသုံးအဆောင်တွေ... ဇာတ်ပို့သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်စွမ်းရည်တွေ... ဤအရာအားလုံးသည် အထွတ်အထိပ်အထိ ရောက်ရှိနေပြီ ဖြစ်သည်။

ယခုအချိန်တွင် ဇာတ်ဆောင်နှစ်ဦး၏ သရုပ်ဆောင်စွမ်းရည်ပေါ်တွင်သာ မူတည်နေတော့၏။

ကျန်းထျန်ရှန်းက အချိန်ကို စစ်ဆေးကြည့်ကာ​ ပြောလိုက်သည်။

"ဟွမ်ဇီ သိပ်ဝေးဝေး ရောက်သေးမှာ မဟုတ်ဘူး... မင်းကို ကူညီပေးဖို့ သူ့ကို အခုချက်ချင်း ပြန်ခေါ်လိုက်မယ်... သူ့ခွင့်ကို လောလောဆယ် ဆိုင်းငံ့ထားလို့ရတယ်"

ထို့နောက် သူက ဖုန်းတစ်ကောခေါ်လိုက်ပေသည်။

ယခုအချိန်၌ ဟွမ်ဇီသည် လေယာဉ်လက်မှတ် ဝယ်ယူပြီးစီးကာ စစ်ဆေးရေးဂိတ်သို့ ဝင်ရောက်ရန် ပြင်နေစဉ် သူ၏ဖုန်း ရုတ်တရက် မြည်လာခဲ့၏။

"မင်းရဲ့ခွင့်ကို ဆိုင်းငံ့ထားလိုက်ပြီ... စစ်ဘက်ဆိုင်ရာဌာနကို အခုချက်ချင်း ပြန်လာခဲ့"

"ဘာ..."

ဟွမ်ဇီ လုံးလုံးလျားလျား အံ့အားသင့်သွားရတော့သည်။ သူ တစ်စုံတစ်ရာ မေးမြန်းနိုင်ခြင်း မရှိသေးမီမှာပင် တစ်ဖက်မှ ဖုန်းချသွားခဲ့ချေပြီ။

တစ်နာရီခန့် ကြာပြီးနောက်။

ရွှီချင်းချန်သည် ရိုက်ကူးရေးအဖွဲ့ကို ဦးဆောင်ကာ ချန်ဖုန်း ညွှန်ကြားထားသော နေရာသို့ ရောက်ရှိလာခဲ့သည်။

ထိုနေရာသည် စစ်ဘက်ဆိုင်ရာဌာန၏ လေ့ကျင့်ရေးစခန်း ဖြစ်သည်။ နေရာအကျယ်အဝန်းမှာ အလွန်ကြီးမားလှပြီး ဇာတ်ညွှန်းပါ ဇာတ်ဝင်ခန်းတစ်ခုအဖြစ် အလွယ်တကူ ပြင်ဆင်နိုင်ပေသည်။

ရွှီချင်းချန်နှင့် ဒါရိုက်တာ ဝူရှင်း တို့သည် ကွင်းပြင်ထဲရှိ တင့်ကားများနှင့် တန်းစီနေသော စစ်ဘက်ဆိုင်ရာဌာနမှ အဖွဲ့ဝင်များကို မြင်တွေ့လိုက်ရချိန်တွင် လုံးလုံးလျားလျား အံ့အားသင့်သွားကြတော့၏။

အထူးသဖြင့် ထိုစစ်ဘက်ဆိုင်ရာဌာနမှ အဖွဲ့ဝင်များ၏ မျက်နှာပေါ်တွင် သံမဏိသွေး စွမ်းအင်အငွေ့အသက်များ အပြည့်အဝ ရှိနေပေသည်။

ထိုစွမ်းအင်အငွေ့အသက်သည် အလွန်အမင်း အစွမ်းထက်လွန်းလှသဖြင့် ရိုက်ကူးရေးအဖွဲ့တစ်ခုလုံးပင် အနီးသို့ မကပ်ရဲကြချေ။

"မန်နေဂျာရွှီ... ဒီ... ဒီနေရာက ရှန်ဟိုင်း ရုပ်ရှင်စတူဒီယိုက နေရာထက် အဆတစ်ရာလောက် ပိုကောင်းတယ်... ပြီးတော့ အဲဒါတွေက လက်နက်အစစ်တွေပဲ..."

ဝါရင့် ဒါရိုက်တာတစ်ဦးအနေဖြင့် ဒါရိုက်တာ ဝူရှင်း၏ အမြင်အာရုံသည် အလွန်ထက်မြက်လှသည်။ သူ ဝင်ရောက်လာကတည်းက ဤနေရာသည် ဟွာရှအစိုးရပိုင် နေရာတစ်ခုဖြစ်ကြောင်းကို သူ သိရှိခဲ့သည်။ သာမန်လူများ လုံးဝ ဝင်ရောက်ခွင့်မရှိချေ။

ထို့အပြင်... ထိုတင့်ကားများနှင့် တန်းစီနေသော စစ်သည်များသည် အလှပြသက်သက် မဟုတ်သည်မှာ သေချာလှပေ၏။ ဤနည်းဖြင့် ရိုက်ကူးရေး ရလဒ်သည် သေချာပေါက် ပိုမို လက်တွေ့ကျလာမည် ဖြစ်သည်။

ရွှီချင်းချန်လည်း အလွန်အမင်း တုန်လှုပ်သွားရပေသည်။ သို့သော် ချန်ဖုန်း၏ နောက်ခံအဆင့်အတန်းကို တွေးမိလိုက်ချိန်တွင် အရာအားလုံး ရှင်းလင်းသွားတော့၏။

ပြီးခဲ့သည့်တစ်ခေါက် ကျိုတိုတွင် ချန်ဖုန်းနှင့်အတူ ရှိနေစဉ်က သူသည် စစ်ဘက်ဆိုင်ရာဌာနမှ နည်းပြတစ်ဦးဖြစ်ပြီး အဇူရာနန်းတော်၏ သခင် ဖြစ်ကြောင်း သူမ သိရှိခဲ့ရသည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းသည် အလွန်အမင်း အံ့မခန်းဖြစ်ပေ၏။

"အခုကစပြီး ဒီနေရာနဲ့ ဒီကလူတွေအားလုံးက မင်းရဲ့ စီစဉ်ညွှန်ကြားမှုအောက်မှာပဲ..."

သူ၏ရှေ့ရှိ ရွှီချင်းချန်အား ကြည့်ရင်း ချန်ဖုန်းက ခပ်ဖျော့ဖျော့ ပြုံးကာ ပြောလိုက်သည်။

ယနေ့တွင် ရွှီချင်းချန်သည် ဂျင်းဘောင်းဘီနှင့် အဖြူရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထား၏။ ရာသီဥတု ပူအိုက်လွန်းသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။ အင်္ကျီပေါ်မှ ကြယ်သီးနှစ်လုံးကို ဖြုတ်ထားသဖြင့် သူမ၏ အသွင်အပြင်မှာ ဆွဲဆောင်မှုအပြည့် ရှိနေပေသည်။

ရွှီချင်းချန်က နာရီကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

"အမျိုးသမီး ဇာတ်ဆောင်က မရောက်လာသေးဘူး..."

"ကျွန်မ ခုနလေးတင် သူမဆီ ဖုန်းဆက်ပြီး ရိုက်ကွင်းနေရာ ပြောင်းသွားတဲ့အကြောင်း ပြောလိုက်တယ်... သူမက သိပ်မပျော်တဲ့ပုံပဲ... တစ်ခါကျရင် ဗိုက်နာတယ်ပြောလိုက်... နောက်တစ်ခါကျရင် ကားပိတ်နေတယ်ပြောလိုက်နဲ့..."

( အများအမြင်မှာတော့ ချန်ဖုန်းက သူဌေးမို့ ဘေးလူတွေရှေ့မှာဆို ရွှီချင်းချန်က လေးစားမှုပြတဲ့အနေနဲ့ နင်/ငါ နဲ့မသုံးနှုန်းပါဘူး )

ချန်ဖုန်း ရုတ်တရက် မျက်မှောင်ကြုတ်သွားကာ မေးလိုက်၏။

"မင်းက အမျိုးသမီး ဇာတ်ဆောင် မဟုတ်ဘူးလား..."

"အာ..."

ရွှီချင်းချန်က သူ့ကို တိတ်တဆိတ် အကဲခတ်ကြည့်လိုက်ပြီး စကားဆိုလိုက်သည်။

"သူမက ကျွန်မထက် ပိုပြီး နာမည်ကြီးတယ်လေ... သူမကို အမျိုးသမီး ဇာတ်ဆောင်အဖြစ် ရိုက်ကူးတာက ရုံဝင်ငွေ အများကြီး ရဖို့ သေချာသွားစေနိုင်တယ်"

"ဒါ့အပြင် ကျွန်မက ဒီရုပ်ရှင်ကို အစကနေအဆုံးထိ ကြီးကြပ်နေရတာလေ... အကယ်၍ ကျွန်မ စိတ်အာရုံများသွားရင် သရုပ်ဆောင်တာကို ဖျက်ဆီးမိသွားမှာ စိုးရိမ်လို့ပါ"

"နည်းနည်းလောက် ထပ်စောင့်ကြည့်ရအောင်... သူ မကြာခင် ရောက်လာလောက်ပါတယ်"

"..."

ချန်ဖုန်းက ဘာမှ ဆက်မပြောတော့ချေ။ အစပိုင်းတွင် ရွှီချင်းချန် ကိုယ်တိုင် အမျိုးသမီး ဇာတ်ဆောင်အဖြစ် သရုပ်ဆောင်မည်ဟု သူ ထင်မှတ်ထားခဲ့သည်။

ရိုက်ကူးရေးအဖွဲ့ တစ်ခုလုံး ထိုနေရာတွင် စောင့်ဆိုင်းနေကြ၏။

တစ်နာရီနီးပါးခန့် စောင့်ဆိုင်းပြီးနောက် အမျိုးသမီး ဇာတ်ဆောင်က နောက်ဆုံးတွင် ပေါ်လာတော့သည်။ ထို့နောက် သူမက နေရာကို ရှာမတွေ့ကြောင်း ပြောလာသဖြင့် ရွှီချင်းချန်မှာ ရွေးချယ်စရာမရှိဘဲ သူမကိုယ်တိုင် အပြင်သို့ ထွက်ကြိုရတော့သည်။

မကြာမီ ကားနှစ်စီးသည် လေ့ကျင့်ရေးစခန်း၏ အဝင်ပေါက်သို့ မောင်းနှင်လာခဲ့သည်။

ထို့နောက် ခေတ်ဆန်ဆန် ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ကားပေါ်မှ ဆင်းလာပြီး သူမ၏ နောက်တွင် လက်ထောက် ဆယ်ဦးကျော်ခန့် လိုက်ပါလာခဲ့သည်။

သူမ၏ အမည်မှာ ဝမ်မန်းမန်း ပင်ဖြစ်၏။ သူမသည် ဖျော်ဖြေရေးလောကတွင် ဒုတိယအဆင့် ထိပ်တန်းအနုပညာရှင်တစ်ဦးဖြစ်ပြီး ထိပ်တန်းအဆင့်သို့ ရောက်ရှိလုနီးပါး ဖြစ်နေပြီဖြစ်သည်။

အကယ်၍ ဤရုပ်ရှင်သာ အောင်မြင်သွားပါက သူမအား ထိပ်တန်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်စေပြီး ထိပ်တန်းနေရာတွင် အလျင်အမြန် ခြေကုပ်ယူနိုင်စေမည် ဖြစ်ပေသည်။

"မန်းမန်း... ကျွန်မတို့ ရှင့်ကို စောင့်နေကြတာ... အခုချက်ချင်း ရိုက်ကူးရေး စကြရအောင်..."

ဝမ်မန်းမန်းက မတ်တတ်ရပ်လျက် တည်ငြိမ်စွာ စကားဆိုလိုက်၏။

"မန်နေဂျာရွှီ... ရှင်က ကျွန်မတို့ကို အမြဲတမ်း ဟိုပြေးဒီလွှား လုပ်ခိုင်းနေတာပဲ... ကျွန်မတို့ အခကြေးငွေ ကိစ္စကို ပြန်ပြီး ညှိနှိုင်းဖို့ လိုလိမ့်မယ်"

"မူလကပေးထားတဲ့ ပမာဏထက် နှစ်ဆတိုးပေးဖို့ ကျွန်မ မျှော်လင့်တယ်"

"ပြီးတော့ အခုကစပြီး ရိုက်ကူးရေး အချိန်ဇယားကို ကျွန်မရဲ့ အချိန်ဇယားပေါ်မှာပဲ အခြေခံရမယ်... ဒီနေ့ ကျွန်မမှာ ရိုက်ကူးရေးအတွက် နာရီဝက်ပဲ အချိန်ရှိတယ်... ခဏနေရင် ကျွန်မ သူငယ်ချင်းတွေနဲ့ နေ့လယ်စာ သွားစားဖို့ ချိန်းထားတယ်"

ထို့နောက် သူမက စာချုပ်တစ်စောင်ကို လှမ်းပေးကာ ပြောလိုက်သည်။

"ဒါက ပြင်ဆင်ထားတဲ့ စာချုပ်ပဲ... အကယ်၍ ရှင် သဘောတူမယ်ဆိုရင် ကျွန်မတို့ အခုချက်ချင်း ရိုက်ကူးရေး စလို့ရပြီ"

ရွှီချင်းချန်၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားတော့၏။ ဤသည်မှာ လမ်းတစ်ဝက်ရောက်မှ ဈေးနှုန်းကို ယာယီတိုးမြှင့် တောင်းဆိုလိုက်ခြင်းပင် ဖြစ်ပေသည်။

All Chapters